News @ M-Media

Tag: indonesia

  • အကြမ်းဖက်တိုက်ဖျက်ရေး အစ္စလာမ့်မဟာမိတ်ဌာနချုပ်သို့ အင်ဒိုစစ်တပ် သွားရောက်လေ့လာ

    အကြမ်းဖက်တိုက်ဖျက်ရေး အစ္စလာမ့်မဟာမိတ်ဌာနချုပ်သို့ အင်ဒိုစစ်တပ် သွားရောက်လေ့လာ

    အောက်တိုဘာ ၂၄၊ ၂၀၁၉
    M-Media

    -အင်ဒိုနီးရှားစစ်တပ်က အကြမ်းဖက်တိုက်ဖျက်ရေး ကျောင်းသားတွေဟာ ဆော်ဒီအာရေဗျနိုင်ငံ ဂျစ်ဒါမြို့မှာရှိတဲ့ အကြမ်းဖက်တိုက်ဖျက်ရေး အစ္စလာမ့်မဟာမိတ်အဖွဲ့ (IMCTC) ဌာနချုပ် ကို မနေ့က သွားရောက်ပြီး အဖွဲ့ရဲ့လုပ်ငန်းတွေကို လေ့လာခဲ့တယ်လို့ သိရပါတယ်။

    ကျောင်းသားတွေကို IMCTC အဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်ချုပ် မိုဟာမက် ဘင် စအစ် အလ်-မိုဂ်ဟီဒီက လက်ခံတွေ့ဆုံ ရှင်းလင်းခဲ့ပါတယ်။

    IMCTC ဟာ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး၊ အစွန်းရောက်အယူဝါဒ တိုက်ဖျက်ရေးကို ပညာရေး၊ မီဒီယာ၊ ဘဏ္ဍာရေး၊ စစ်ရေးနည်းလမ်းတွေ စသဖြင့် နည်းလမ်းပေါင်းစုံအသုံးပြုကာ တိုက်ဖျက်နေပြီး အသေးစိတ်အချက်အလက်တွေကို ဗိုလ်ချုပ် အလ်-မိုဂ်ဟီဒီက ရှင်းပြခဲ့ပါတယ်။

    အကြမ်းဖက်တိုက်ဖျက်ရေး အစ္စလာမ့်မဟာမိတ်အဖွဲ့ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ အဖွဲ့ဝင် ၃၄ နိုင်ငံနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်မှာတော့ ၄၁ နိုင်ငံအထိ ရှိလာပြီဖြစ်ပါတယ်။ အကြမ်းဖက်တိုက်ဖျက်ရေးအတွက် အဖွဲ့နိုင်ငံတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်နေပြီး အဖွဲ့ကို ပါကစ္စတန်စစ်တပ် အကြီးအကဲဟောင်း ရဟီးလ်ရှရစ်ဖ်က ကွပ်ကွဲပါတယ်။

    IMCTC အဖွဲ့ရဲ့ ရည်ရွယ်ချက်ဟာ အစ္စလာမ့်တန်ဖိုးတွေ၊ လွတ်လပ်ရေး၊ ညှိနှိုင်းပူးပေါင်းရေး စတာတွေအပေါ် အခြေခံပြီး နိုင်ငံတကာ ဥပဒေ၊ စည်းကမ်းနဲ့ သတ်မှတ်ချက်တွေအတိုင်း လုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ ဗိုလ်ချုပ် အလ်-မိုဂ်ဟီဒီက အင်ဒိုနီးရှားကျောင်းသားတွေကို ထည့်သွင်း ရှင်းလင်းခဲ့ပါတယ်။

    Ref: Arab News

  • အတိုက်အခံခေါင်းဆောင်ကို အင်ဒိုသမ္မတက ကာကွယ်ရေးဝန်ကြီးခန့်

    အတိုက်အခံခေါင်းဆောင်ကို အင်ဒိုသမ္မတက ကာကွယ်ရေးဝန်ကြီးခန့်

    အောက်တိုဘာ ၂၃၊ ၂၀၁၉
    M-Media

    သမ္မတဝီဒိုဒို၏ အစိုးရအဖွဲ့

    -ဧပြီလက ဒုတိယအကြိမ် သမ္မတရွေးကောက်ပွဲမှာ ခါးသီးတဲ့ပြိုင်ဘက် ဖြစ်ခဲ့သူ ပရာဘို၀ို ဆူဘီယန်တိုကို အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ဒီကနေ့မှာ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပါတယ်။

    ဆူဘီယန်တိုဟာ ဝီဒိုဒိုရဲ့ ပထမဆုံး သမ္မတသက်တမ်းမှာ အတိုက်အခံခေါင်းဆောင် ဖြစ်ခဲ့ပြီး ဝီဒိုဒိုကို ၂ ကြိမ်တိုင်တိုင် ရှုံးနိမ့်ခဲ့သူလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ပြန်လည်အနိုင်ရပြီး ၆ လအ‌ကြာ ဒီကနေ့ အမျိုးသားနဲ့ အမျိုးသမီး ၃၄ ဦးပါဝင်တဲ့ အစိုးရအဖွဲ့ကို မိတ်ဆက်ခဲ့ရာမှာ ဆူဘီယန်တိုက ကာကွယ်ရေးဝန်ကြီးအဖြစ် ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

    “ဒီရာထူးနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ သိပ်ပြောစရာမလိုဘူးလို့ ယုံကြည်တယ်။ ကျွန်တော်သိတာထက် သူက ပိုသိပါတယ်” လို့ ဆူဘီယန်တိုကို ခန့်အပ်မှုနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

    ဆူဘီယန်တိုကတော့ တိုင်းပြည်ရဲ့ နောက်ဆုံးအခြေအနေကို လေ့လာပြီး ချက်ခြင်း တာဝန်ထမ်းဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဧပြီလရွေးကောက်ပွဲကို ဝီဒိုဒိုအစိုးရက စနစ်တကျ လိမ်လည်ပြီး လုပ်ခဲ့တယ်ဆိုတဲ့သတင်းတွေ ထွက်ခဲ့တာကြောင့် ရွေးကောက်ပွဲနောက်ပိုင်းမှာ ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီး အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ပါတယ်။

    ဒီအဖြစ်အပျက်တွေဖြစ်ပွားပြီးနောက် ဝီဒိုဒိုနဲ့ ဆူဘီယန်တိုတို့ဟာ လူမြင်ကွင်းမှာ ပိုမိုနွေးထွေးစွာ ဆက်ဆံလာခဲ့ပါတယ်။ ဝီဒိုဒိုက ဆူဘီယန်တိုဟာ သူ့ရဲ့ အကောင်းဆုံးသူငယ်ချင်းဖြစ်တယ်လို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့သလို ဆူဘီယန်တိုကလည်း Gerindra ပါတီက သူနဲ့ အခြားတစ်ယောက်ကို အစိုးရမှာ တာဝန်ထမ်းဆောင်ဖို့ ဝီဒိုဒိုက ကမ်းလှမ်းခဲ့တယ်လို့ တနင်္လာနေ့မှာ ဖွင့်ဟပြောကြားခဲ့ပါတယ်။

    ဝီဒိုဒိုရဲ့ အစိုးရသစ်မှာ တိုင်းပြည်အတွင်းက ထင်ရှားကျော်ကြားတဲ့ လုပ်ငန်းရှင်တွေ၊ ပညာတတ်တွေ တော်တော်များများ ပါဝင်လာခဲ့ပါတယ်။

    Ref: Aljazeera

  • အင်ဒိုနီးရှားတွင် အင်အားပြင်းငလျင်လှုပ်၊ ၁ ဦးသေ

    အင်ဒိုနီးရှားတွင် အင်အားပြင်းငလျင်လှုပ်၊ ၁ ဦးသေ

    ဇူလိုင် ၁၅၊ ၂၀၁၉
    M-Media

    -အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းမှာ မနေ့ညပိုင်းက အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၁ ဦးသေဆုံးခဲ့ပြီး နေအိမ်တွေ၊ အဆောက်အဦးတွေ ပျက်စီးဆုံးရှုံးမှု ရှိခဲ့တယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။

    နော့သ်မာလူကူပြည်နယ် မြို့တော် တာရ်နာတီရဲ့ အရှေ့တောင်ဖက်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ဒီငလျင်ဟာ ပြင်းအား ၇.၃ မဂ္ဂနီကျု ရှိပါတယ်။ ငလျင်ဗဟိုချက်နဲ့ နီးတဲ့ ဆောက်သ်ဟာလ်မာဟီရာ ခရိုင်မှာတော့ နေအိမ်၊ အဆောက်အဦးပေါင်း ၁၆၀ လောက် ပြိုကျခဲ့ပါတယ်။ သေဆုံးသူဟာ
    အမျိုးသမီးဖြစ်ပြီး နေအိမ်ပြိုကျစဉ် အပျက်အစီးတွေ ပိမိခဲ့တာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

    ငလျင်ကြောင့် ဆူနာမီဖြစ်နိုင်ခြေ မရှိပေမယ့် နောက်ဆက်တွဲငလျင်တွေကို ကြောက်ရွံ့တဲ့အတွက် ပြည်သူတွေဟာ စာသင်ကျောင်းတွေ၊ အစိုးရအဆောက်အဦးတွေနဲ့ ဗလီတွေမှာ သွားရောက်လိုလှုံနေကြပါတယ်။

    နော့သ်မာလူကူပြည်နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်တုန်းကလည်း ပြင်းအား ၆.၉ မဂ္ဂနီကျုရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး သေဆုံးဒဏ်ရာရမှု၊ ကြီးကြီးမားမား ထိခိုက်ပျက်ဆီးမှုတွေ မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့နှစ်က ဆူလာဝေစီပြည်နယ် ပါလူမြို့ကိုဗဟိုပြုတဲ့ ပြင်းအား ၇.၅ မဂ္ဂနီကျု ငလျင်ကြောင့် လူ ၂၂၀၀ ကျော် သေဆုံးခဲ့ပြီး၊ တစ်ထောင်လောက် ပျောက်ဆုံးခဲ့ပါတယ်။

    ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့က ဆူမားတြားကျွန်းမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၉.၁ မဂ္ဂနီကျု ငလျင်ကြောင့် အိန္ဒိယသမုဒ္ဒရာက ဒေသတစ်ဝှမ်း လူပေါင်း ၂ သိန်း ၂ သောင်းကျော် သေဆုံးခဲ့ပြီး အင်ဒိုနီးရှားက ၁ သိန်း ၇ သောင်းလောက် ပါဝင်ခဲ့ပါတယ်။

    Ref: CNA

  • ရွေးကောက်ပွဲရလဒ်ကို မကျေနပ်၍ ဂျကတာတွင် ဆန္ဒပြမှုဖြစ်၊ ၆ ဦးသေဆုံး

    ရွေးကောက်ပွဲရလဒ်ကို မကျေနပ်၍ ဂျကတာတွင် ဆန္ဒပြမှုဖြစ်၊ ၆ ဦးသေဆုံး

    မေ ၂၃၊ ၂၀၁၉
    M-Media

    ဆန္ဒပြမှုမြင်ကွင်းတစ်ခု

    -သမ္မတ ဂျိုကိုဝီဒိုဒို အနိုင်ရရှိတဲ့ ရွေးကောက်ပွဲရလဒ်ကို မကျေနပ်တဲ့အတွက် အင်ဒိုနီးရှားမြို့တော် ဂျကာတာမှာ ပြည်သူတွေရဲ့ ဆန္ဒပြမှုဟာ ၂ ရက် ရှိလာပြီဖြစ်ပြီး ရဲတပ်ဖွဲ့ရဲ့ နှိမ်နှင်းမှုအတွင်း သေဆုံး၊ ဒဏ်ရာရမှုတွေလည်း ရှိနေပါတယ်။

    လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဆန္ဒပြသူတွေက ခဲလုံးတွေ၊ မီးရှူးမီးပန်းတွေနဲ့ ပစ်ဖောက်မှုရှိသလို၊ ရဲတွေကလည်း မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆံတွေနဲ့ ပြန်လည်ပစ်ခတ်တာ၊ မီးသတ်ပိုက်တွေနဲ့ ထိုးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    ဂျကာတာရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အာဂို ယူဝိုနိုက ဆန္ဒပြပွဲကို ငွေကြေးပေး လုပ်ခိုင်တာဖြစ်ပြီး ဖမ်းဆီးထားသူ ၂၅၇ ဦးက တစ်ချို့မှာ ပိုက်ဆံအပြည့်ပါတဲ့ စာအိတ်တွေ တွေ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    “သူတို့ကို ဆန္ဒပြဖို့ ခိုင်းစေခဲ့တာဖြစ်ပြီး အစီအစဉ်ချ လုပ်ဆောင်ခဲ့ကြောင်း သံသယရှိသူတွေက စစ်ကြောမှုမှာ ဖြေကြားခဲ့ပါတယ်။ ငွေကြေးပေးပြီး လုပ်ခိုင်းတဲ့လူကို ကျွန်တော်တို့ စုံစမ်း ရှာဖွေနေပါတယ်”

    ဂျကာတာမြို့တော်ဝန် အနီစ် ဘက်စ်ဝီဒန်က ဆန္ဒပြမှု ပထမရက်အတွင်း လူ ၆ ဦး သေဆုံးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ အင်ဒိုနီးရှား မီဒီယာတွေကတော့ ဒဏ်ရာရသူ ၃၅၀ ကျော်လောက် ရှိတယ်လို့ ဖော်ပြခဲ့ကြပါတယ်။

    ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဂျိုကို ဝီဒိုဒိုက ပြိုင်ဘက် ပရာဘိုဝို ဆူဘီယန်တိုကို အနိုင်ရရှိခဲ့တယ်လို့ အင်္ဂါနေ့မှာ အင်ဒိုနီးရှားရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဆူဘီယန်တိုက ဒီရလဒ်ကို လက်မခံနိုင်ဘဲ တရားရုံးမှာ ရင်ဆိုင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ သူဟာ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲမှာလည်း ရွေးကောက်ပွဲ ရလဒ်အတွက် တရားရုံးတက်ခဲ့ပေမယ့် ဂျိုကိုဝီကို ရှုံးနိမ့်ခဲ့ပါတယ်။

    ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိခဲ့တယ်လို့ ဆူဘီယန်တိုကို ထောက်ခံသူတွေက ပြောကြားခဲ့ပေမယ့် အင်ဒို ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေနဲ့ လေ့လာစောင့်ကြည့်သူတွေက ဒီပြောဆိုမှုတွေကို ပယ်ချခဲ့ပါတယ်။

    Ref: Aljazeera

  • အင်ဒိုနီးရှားရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို အနိုင်ရ

    အင်ဒိုနီးရှားရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို အနိုင်ရ

    မေ ၂၁၊ ၂၀၁၉
    M-Media

    -ကမ္ဘ္ဘာ တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားရဲ့ ဧပြီလ ၁၇ ရက်နေ့ ရွေးကောက်ပွဲမှာ သ မ္မတ ဂျိုကို ဝီဒိုဒိုက အနိုင်ရရှိသွားတယ်လို့ အာဏာပိုင်တွေက ဒီကနေ့မှာ ကြေငြာလိုက်ပြီး အတိုက်အခံဘက်ကတော့ မဲလိမ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

    ဂျိုကိုဝီနဲ့ ဒုတိယသမ္မတလောင်း မာရုဖ်အေမင်တို့ဟာ ထောက်ခံမဲ ၅၅.၅ ရာခိုင်နှုန်းအထိ ရရှိခဲ့တာဖြစ်ပြီး ဂျိုကိုဝီအနေနဲ့ ဒုတိယမြောက် သမ္မတသက်တမ်းကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

    လူဦးရေ သန်းပေါင်း ၂၆၀ ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ မဲပေးသူ အရေအတွက်က ၁၅၄ သန်းရှိပြီး စုစုပေါင်း ၈၅.၆ သန်းက ဂျိုကိုဝီကို မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။ မဲရေတွက်မှုနဲ့ပတ်သက်လို့ အငြင်းပွားမှုတွေ၊ ဆန္ဒပြမှုတွေ ရှိခဲ့ပြီး ရလဒ်ကို ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့မှာ ရုတ်တရက် ကြေငြာခဲ့တာပါ။

    ရွေးကောက်ပွဲမှာ အသက် ၅၇ နှစ်အရွယ် ဝီဒိုဒိုသာ အနိုင်ရမယ်လို့ ခန့်မှန်းမှုတွေ ရှိခဲ့ပါတယ်။ အသက် ၆၇ နှစ်အရွယ်ရှိပြီး စစ်ဗိုလ်ချုပ်ဟောင်းလည်းဖြစ်တဲ့ အတိုက်အခံ သမ္မတလောင်း ပရာဘိုဝို ဆူဘီယန်တိုက မဲလိမ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိတယ်လို့ ပြောကြားခဲ့ပြီး လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ ရှိလာလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

    ဆူဘီယန်တိုဟာ ၂၀၁၄ ခုနှစ်ကလည်း ဝီဒိုဒိုကို ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး တရားရုံးအထိ တက်ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အခုတစ်ကြိမ်မှာ ရွေးကောက်ပွဲ ရလဒ်ကို တရားဝင် ကန့်ကွက်မလားဆိုတာ မသိရသေးပါဘူး။

    ရွေးကောက်ပွဲရလဒ် ထွက်ပေါ်အပြီး ဖြစ်လာမယ့် နိုင်ငံရေးဆန္ဒထုတ်ဖော်မှုတွေမှာ ဗုံးဖောက်ခွဲဖို့ စီစဉ်ထားသူတွေ အပါအ၀င် IS သံသယရှိသူ တော်တော်များများကို ဖမ်းဆီးခဲ့တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့က သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိ မြို့တော် ဂျကာတာမှာ လုံခြုံရေး တပ်ဖွဲ့ဝင်ပေါင်း ၂၃၀၀၀ လောက် ချထားပြီး ရွေးကောက်ပွဲ ကော်မရှင်ရုံး ပတ်လည်ကိုလည်း
    အဆီးအတားတွေ ချထားပါတယ်။

    Ref: CNA