News @ M-Media

Tag: indonesia

  • အင်ဒိုနီးရှားတွင် နှာခေါင်းစည်းမတပ်သူများကို အသုဘအတွက် ကျင်းတူးခိုင်း

    အင်ဒိုနီးရှားတွင် နှာခေါင်းစည်းမတပ်သူများကို အသုဘအတွက် ကျင်းတူးခိုင်း

    စက်တင်ဘာ ၁၉၊ ၂၀၂၀
    M-Media

    -အင်ဒိုနီးရှားနိုင်ငံက ဒေသတစ်ချို့မှာ အာဏာပိုင်တွေက အပြင်ထွက်တဲ့အခါ နှာခေါင်စည်း မတပ်တဲ့သူတွေကို အသုဘအတွက် ကျင်းတူးခိုင်းတဲ့ ပြစ်ဒဏ်မျိုး ပေးနေပါတယ်။

    အင်ဒိုနီးရှားနိုင်ငံမှာ Covid-19 ကူးစက်မှု၊ သေဆုံးမှု အရေအတွက်ဟာ အခုအချိန်အထိ မြင့်တက်နေဆဲပါ။ ပြန့်နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် တင်းကြပ်တဲ့ စည်းမျဥ်းစည်းကမ်းတွေကိုလည်း အစိုးရက ထုတ်ပြန်ထားပါတယ်။

    အရှေ့ဂျာဗားက ကျယ်ရမီဆိုတဲ့ ဒေသမှာတော့ အပြင်ထွက်တဲ့အခါ နှာခေါင်းစည်းမတပ်သူတွေကို အာဏာပိုင်တွေက မှတ်သားလောက်တဲ့ ပြစ်ဒဏ်မျိုး ပေးနေပါတယ်။

    ဒါကတော့ ကိုဗစ်ကြောင့် ကွယ်လွန်သွားသူတွေကို မြှုပ်နှံဖို့အတွက် ကျင်းတူးခိုင်းတာပါ။
    ကျယ်ရမီဒေသအကြီးအကဲ ဆူယိုနိုက သူတို့ဒေသမှာ အသုဘကျင်းတူးသူ နည်းနေတာကြောင့် ဒီစိတ်ကူးမျိုးရခဲ့ပြီး၊ ဒီလိုပြစ်ဒဏ်ပေးမှုဟာ စည်းကမ်းလိုက်နာဖို့ တွန်းအားတစ်ခု ဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

    နှာခေါင်းစည်းမတပ်သူတွေဟာ ကျင်းတူရုံ တူးပေးရတာဖြစ်ပြီး အသုဘချရာမှာတော့ မပါ၀င်ရပါဘူး။

    ဒီပြစ်ဒဏ်အပြင် ဒဏ်ငွေဆောင်ခိုင်းတာ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေကို သန့်ရှင်းရေးလုပ်ခိုင်းတာ၊ ဒိုက်ထိုးခိုင်းတာ စတဲ့ ပြစ်ဒဏ်မျိုးတွေလည်း ပေးတယ်လို့ ဆူယိုနိုက ဆိုပါတယ်။

    Ref: CNN

  • ဆေးပစ္စည်း လိုအပ်ချက်၏ ၇၀ ရာခိုင်နှုန်းကို ပြည်တွင်း၌ ထုတ်လုပ်ရန် အင်ဒိုနီးရှား စီစဉ်

    ဆေးပစ္စည်း လိုအပ်ချက်၏ ၇၀ ရာခိုင်နှုန်းကို ပြည်တွင်း၌ ထုတ်လုပ်ရန် အင်ဒိုနီးရှား စီစဉ်

    ဩဂုတ် ၂၆၊ ၂၀၂၀
    M-Media

    အင်ဒိုနီးရှား ဆေးရုံတစ်ခုမှ မြင်ကွင်း

    -ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုမှာ ကိုယ့်အားကိုယ်ကိုးနိုင်ရေးအတွက် ဆေးဘက်ဆိုင်ရာပစ္စည်း ၇၀ ရာခိုင်နှုန်းကို ပြည်တွင်းမှာပဲ ထုတ်လုပ်ဖို့ ရည်မှန်းဆောင်ရွက်နေတယ်လို့ အင်ဒိုနီးရှားက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    လက်ရှိ အင်ဒိုနီးရှားဟာ ကျန်းမာရေးနဲ့ စားနပ်ရိက္ခာ ဖူလှုံရေးမှာ နိုင်ငံရပ်ခြားက တင်သွင်းတဲ့ ပစ္စည်းတွေကို မှီခိုနေရတာပါ။

    ဆေးဝါးပစ္စည်း ၉၀ ရာခိုင်နှုန်းကို နိုင်ငံရပ်ခြားကနေ တင်သွင်းနေရတဲ့အတွက် ပြည်တွင်မှာပဲ ထုတ်လုပ်နိုင်အောင် စီစဉ်နေတယ်လို့ ရေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ကြီး လူဟတ် ပန်ဂျိုင်တန်က မနေ့က မီဒီယာတစ်ခုကို ပြောကြားခဲ့ပါတယ်။

    “ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေရဲ့ ၇၀ ရာခိုင်နှုန်းကို အင်ဒိုနီးရှာမှာပဲ ထုတ်လုပ်နိုင်အောင် ပစ်မှတ်ထား ဆောင်ရွက်နေပါတယ်”

    Covid-19 ဒဏ်ကို ခံစားနေရတဲ့ အင်ဒိုနီးရှားမှာ အခြေခံ ဆေးဝါပစ္စည်းတွေ မပြည့်မစုံဖြစ်တဲ့ ပြဿနာကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

    သမ္မတ ဂျိုကို ဝီဒိုဒိုက မိမိတို့ဟာ တစ်လအတွင်း PPE ဝတ်စုံ ၁၇ သန်းလောက်ကို ထုတ်လုပ်နိုင်စွမ်း ရှိလာပြီလို့ ဇွန်လမှာ ပြောကြားခဲ့ပါတယ်။ ဒါဟာ နိုင်ငံအတွင်း လိုအပ်တဲ့ အရေအတွက် ၅ သန်းထက် ပိုများတဲ့ ပမာဏလည်း ဖြစ်ပါတယ်။ အင်ဒိုနီးရှား အင်ဂျင်နီယာအဖွဲ့ တစ်ခုကလည်း စျေးသက်သာတဲ့ အသက်ရှုစက်ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။

    ဝန်ကြီး ပန်ဂျိုင်တန်က စားနပ်ရိက္ခာ ထုတ်လုပ်ရာမှာလည်း အင်ဒိုနီးရှားဟာ ကိုယ့်အားကိုယ်ကိုးနိုင်ဖို့ လိုအပ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှရဲ့ စီးပွားရေးအကြီးမားဆုံးနိုင်ငံ ဖြစ်ပါတယ်။

    Ref: CNA

  • ရမ်ဇာန်ဥပုသ်လတွင် လူသန်းချီ နေရပ်ပြန်သည့် ဓလေ့ကို အင်ဒိုနီးရှားက ပိတ်ပင်မည်

    ရမ်ဇာန်ဥပုသ်လတွင် လူသန်းချီ နေရပ်ပြန်သည့် ဓလေ့ကို အင်ဒိုနီးရှားက ပိတ်ပင်မည်

    ဧပြီ ၂၁၊ ၂၀၂၀
    M-Media

    -အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမ်ဇာန်ဥပုသ်လမှာ လူသန်းချီ ရွာပြန်တဲ့ ဓ​လေ့ထုံးတမ်းကို အခုနှစ်မှာ တားမြစ်သွားမှာဖြစ်ပြီး ကိုဗစ်ပြန့်နှံ့မှု တားဆီးရေးအတွက် ဖြစ်တယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    အင်ဒိုနီးရှားမှာ Covid-19 ကြောင့် သေဆုံးသူအရေအတွက်ဟာ ၅၉၀ လောက် ရှိနေပြီး ဒါဟာ အရှေ့အာရှမှာ တရုတ်ပြီးရင် အများဆုံး ဖြစ်ပါတယ်။

    လူဦးရေ သန်း ၂၆၀ ကျော်ရှိပြီး အများစုက အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြတဲ့ အင်ဒိုနီးရှားမှာ ရမ်ဇာဥပုသ်လရောက်တိုင်း ဝါကျွတ်အီးဒ်ပွဲတော်ကို ဆင်နွှဲဖို့အတွက် မြို့ကြီးတွေကနေ လူသန်းနဲ့ချီ နေရပ်ပြန်လေ့ရှိပြီး ဒီဓလေ့ကို ‘မူဒစ်’ လို့ ခေါ်ပါတယ်။

    ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ဒီလို လူသန်းနဲ့ချီ ရွေ့လျားသွားလာမှုကြောင့် Covid-19 ဗိုင်းရပ်စ် အကြီးအကျယ် ကူးစက်စေလိမ့်မယ်လို့ သတိပေးခဲ့ထားပါတယ်။

    သမ္မတ ဝီဒိုဒိုက အခုနှစ်မှာ ဒီဓလေ့ကို ပိတ်ပင်သွားမယ်လို့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

    “မူဒစ်ကို ပိတ်ပင်ဖို့ ကျွန်တော် ဆုံးဖြတ်ချက် ချပြီးပါပြီ။ ဒါ့ကြောင့် ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ လိုအပ်ပါတယ်”

    ဒီပိတ်ပင်မှုဟာ လာမယ့်သောကြာနေ့မှာ စတင်သက်ရောက်ဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ် ရမ်ဇာန်ဥပုသ်လမှာ အင်ဒိုနီးရှားပြည်သူ ၁၉.၅ သန်းလောက် ခရီးသွားခဲ့​ကြတာပါ။

    အခုနှစ်မှာသာ ဒီလိုခွင့်ပြုခဲ့ရင် လူသန်းချီ ဗိုင်းရပ်စ်ကူးစက်မယ့်အနေအထား ရှိနေပြီး ပိတ်ပင်လိုက်မယ်ဆိုရင် ကူးစက်မှု ၇ သိန်း ၅ သောင်းလောက် လျှော့ချနိုင်မယ်လို့ ပြီးခဲ့တဲ့တစ်ပတ် အင်ဒိုနီးရှားတက္ကသိုလ်က ပြုလုပ်တဲ့ သုတေသနမှာ တွေ့ခဲ့ရပါတယ်။

    Ref: CNA

  • ပြည်သူများ အိမ်တွင်နေစေရေး သူရဲခြောက်သည့်နည်းလမ်းကို အင်ဒိုနီးရှား အသုံးပြု

    ပြည်သူများ အိမ်တွင်နေစေရေး သူရဲခြောက်သည့်နည်းလမ်းကို အင်ဒိုနီးရှား အသုံးပြု

    ဧပြီ ၁၃၊ ၂၀၂၀
    M-Media

    -ကိုရိုနာဗိုင်းရပ်စ်ပြန့်နှံ့နေတဲ့ အခုကာလအတွင်း ပြည်သူတွေ အိမ်ထဲမှာ နေထိုင်ဖို့အတွက် အင်ဒိုနီးရှားက ရွာတစ်ရွာမှာ သရဲခြောက်တဲ့ နည်းလမ်းကို အသုံးပြုလာပြီး အတော်အသင့် အောင်မြင်မှုရနေပါတယ်။

    ဂျာဗားကျွန်းက ကေပူဆိုတဲ့ရွာမှာဖြစ်ပြီး ပိတ်ဖြူဖတ်ထားကာ မျက်နှာကို ပေါင်ဒါတွေလိမ်းထားတဲ့ သရဲတွေဟာ ညဘက်ဆိုရင် ရွာမှာ လှည့်ပတ်နေတာဖြစ်ပါတယ်။

    “ကြောက်လန့်စရာကောင်းတဲ့ သရဲကို အသုံးပြုပြီး လူတွေကို အိမ်ထဲမှာနေအောင် ဖန်တီးထားတာ ဖြစ်ပါတယ်” လို့ ရွာရဲ့ ကာလသားခေါင်း Anjar Pancaningtyas က ပြောကြားခဲ့ပါတယ်။

    သူတို့အဖွဲ့ဟာ ရဲတွေနဲ့ပူးပေါင်းပြီး ဒီနည်းလမ်းကို အခုလအစောပိုင်းမှာ စတင်အကောင်အထည်ဖော်တာပါ။ သရဲတွေကို တစ်နေရာထဲမှာထိုင်စေတဲ့ အစပိုင်းက လူတွေဟာ စူးစမ်းလိုစိတ်နဲ့ လာရောက်ကြည့်ရှုကြတာကြောင့် မအောင်မြင်ခဲ့ပါဘူး။

    နောက်ပိုင်းမှာတော့ ခုန်ဆွခုန်ဆွနဲ့ ရွာကိုလှည့်ပတ်နေတဲ့စနစ်ကို ကျင့်သုံးခဲ့ပြီး အောင်မြင်မှုလည်း ရရှိခဲ့ပါတယ်။ သရဲယောင်ဆောင်ဖို့အတွက် ရွာကလူတွေဟာ အလှည့်ကျ စေတနာ့ဝန်ထမ်း တာဝန်ယူပေးကြတာ ဖြစ်ပါတယ်။

    အင်ဒိုနီးရှားနိုင်ငံမှာ မနေ့ကအထိ Covid-19 ကူးစက်သူ ၄၂၄၁ ဦးရှိပြီး သေဆုံးသူက ၃၇၃ ဦး ရှိပါတယ်။ ဒါဟာ တရုတ်နိုင်ငံပြီးတဲ့နောက် အာရှမှာ သေဆုံးမှုနှုန်း အများဆုံးလည်း ဖြစ်ပါတယ်။

    လက်ရှိ မြို့တော်ဂျကာတာမှာ ရွေ့လျားသွားလာမှု ကန့်သတ်မိန့် ထုတ်ပြန်ထားပေမယ့် တစ်နိုင်ငံလုံးမှာ ဒီအမိန့် ထုတ်ပြန်မှာမဟုတ်သေးဘူးလို့ သမ္မတ ဂျိုကိုကို ဝီဒိုဒိုက ပြောကြားထားပြီး၊ ပြည်သူတွေအနေနဲ့ အိမ်မှာသာနေဖို့ လူစုလူဝေးမလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    Ref: Reuters

  • အာဆီယံဒေသတွင် ကိုဗစ်ကူးစက်မှု၊ သေဆုံးမှု မြင့်တက်နေဆဲ

    အာဆီယံဒေသတွင် ကိုဗစ်ကူးစက်မှု၊ သေဆုံးမှု မြင့်တက်နေဆဲ

    ဧပြီ ၇၊ ၂၀၂၀
    M-Media

    (ဓာတ်ပုံ – ဂျကာတာမြို့တွင် အမျိုးသမီးတစ်ဦး ပိုးသတ်ခန်းမှ ထွက်လာစဉ်)

    မလေးရှားတွင် ဗိုင်းရပ်စ်အများအပြားကူးစက်သည့် နေရာ ၂ ခု ထပ်ပေါ်လာ

    လူစုလူဝေးလုပ်မှုကြောင့် ဆာရာဝပ်ပြည်နယ် ကူချင်းမြို့နဲ့ ဆီလန်ဂေါပြည်နယ် ဘန်ဒါဘာရူဘန်ဂီမြို့တို့မှာ ဗိုင်းရပ်စ်ဆက်တိုက်ကူးစက်တဲ့ နေရာ ၂ ခု ထပ်ဖြစ်လာတယ်လို့ မလေးရှားက မနေ့မှာ ကြေငြာခဲ့ပါတယ်။ ​

    ကူချင်းမြို့မှာ ခရစ်ယာန်ဘုရားကျောင်းက ဝတ်ပြုဆုတောင်းတဲ့ လူစုလူဝေးကြောင့်ဖြစ်ပြီး၊ ဘန်ဒါဘာရူး ဘန်ဂီမှာတော့ မင်္ဂလာဧည့်ခံပွဲကြောင့် ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ထပ်မံကူးစက်သူအရေအတွက် ၁၇၀ ရှိခဲ့ပြီး တစ်ဦး သေဆုံးခဲ့တဲ့အတွက် မလေးရှားမှာ စုစုပေါင်း သေဆုံးသူ ၆၃ ဦး၊ ကူးစက်သူ ၃၉၆၃ ဦး ရှိလာတာပါ။ ပြန်လည်ကောင်းမွန်သူ အရေအတွက်ကတော့ ၁၃၂၁ ဦး ရှိပါတယ်။

    သွားလာမှု ကန့်သတ်မိန့်ကို ဖိလစ်ပိုင်က ဧပြီလကုန်အထိ သက်တမ်းတိုး

    လူနေထူထပ်ရာ လူဇွန်ကျွန်းမှာ တံခါးပိတ်ထားမှု၊ လှုပ်ရှားသွားလာမှု ကန့်သတ်မိန့် ထုတ်ပြန်ထားမှုကို ဖိလစ်ပိုင်က ဧပြီလ ၃၀ ရက်နေ့အထိ သက်တမ်းတိုးလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၁ လလောက် အရင်ကတည်းက မြို့တော် မနီလာမှာ သွားလာမှုကန့်သတ်မိန့်ကို ဖိလစ်ပိုင်က ထုတ်ပြန်ထားတာပါ။

    ထိုင်းနိုင်ငံတွင် ကူးစက်သူ ထပ်မံမြင့်တက်

    ထိုင်းနိုင်ငံမှာ ဒီကနေ့ ထပ်မံကူးစက်သူ အရေအတွက် ၃၈ ဦးရှိခဲ့ပြီး သေဆုံးသူ ၁ ဦး ရှိပါတယ်။ ဒါ့ကြောင့် စုစုပေါင်း သေဆုံးသူ ၂၇ ဦးနဲ့၊ ကူးစက်သူ ၂၂၅၈ ဦး ရှိလာတာပါ။ အဲဒီအထဲမှာ ပြန်လည်ကောင်းမွန်သူက ၈၂၄ ဦး ရှိပါတယ်။ ထိုင်းနိုင်ငံဟာ လက်ရှိမှာ အရေးပေါ်အခြေအနေ ကြေငြာထားပြီး မြို့တော်ဘန်ကောက်အပါအဝင် ဒေသတစ်ချို့မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

    အာဆီယံတွင် အင်ဒိုနီးရှားက ကိုဗစ်ကြောင့်သေဆုံးသူ အများဆုံးနိုင်ငံ ဖြစ်လာ

    အင်ဒိုနီးရှားနိုင်ငံမှာတော့ ကိုဗစ်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၀၉ ဦးအထိ ရှိလာပြီး အာဆီယံမှာ သေဆုံးမှုအများဆုံးနိုင်ငံ ဖြစ်လာပါတယ်။

    ကူးစက်မှုကတော့ ၂၄၉၁ ဦး ရှိနေတာပါ။ ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး ဖြစ်နေတဲ့ လူနေထူထပ်ရာ မြို့တော်ဂျကာတာ အစိုးရက သွားလာလှုပ်ရှားမှု ပိုမိုကန့်သတ်နိုင်မယ့် အခွင့်အာဏာ တောင်းခံမှုကို ဗဟိုအစိုးရက ဒီကနေ့မှာ ခွင့်ပြုခဲ့ပါတယ်။

    ရောဂါနဲ့ပတ်သက်ပြီး လူနာတွေက​ လိမ်လည်ပြောဆိုတာ၊ ဆေးဝါးနဲ့ အကာအကွယ် မပြည့်စုံမှုတာတွေကြောင့် အင်ဒိုနီးရှားမှာ ဆရာဝန်တွေအပါအဝင် ကျန်းမာရေးဝန်ထမ်း သေဆုံးမှုဟာ ၂၄ ဦးအထိ ရှိလာခဲ့ပါတယ်။

    Ref: CNA