News @ M-Media

Tag: indonesia

  • ရခိုင်အရေး သမိုင်းဝင် ဘိုရိုဘုဒေါရ်ဘုရားတွင် ဆန္ဒပြရန်စီစဉ်မှု အင်ဒိုနီးရှား ခွင့်မပြု

    ရခိုင်အရေး သမိုင်းဝင် ဘိုရိုဘုဒေါရ်ဘုရားတွင် ဆန္ဒပြရန်စီစဉ်မှု အင်ဒိုနီးရှား ခွင့်မပြု

    စက်တင်ဘာ ၆၊ ၂၀၁၇
    M-Media

    – မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေ ဖိနှိပ်ခံရမှုကို ဆန့်ကျင်ဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ ဂျာဗားကျွန်းအလယ်ပိုင်းက ဘိုရိုဘုဒေါရ် ဘုရားကြီးမှာ ဆန္ဒပြဖို့ စီစဉ်မှုကို ခွင့်ပြုသွားမှာ မဟုတ်ဘူးလို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

    ၉ ရာစုက တည်ထားပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ အမှတ်သညာလည်းဖြစ်တဲ့ ဒီဘုရားကြီအနီးမှာ အစ္စလာမ်အဖွဲ့တွေဟာ သောကြာနေ့မှာ ဆန္ဒပြဖို့ စီစဉ်ထားကြတာပါ။

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် ဆက်ဆံမှုနဲ့ပတ်သက်ပြီး အင်းနီးရှားနဲ့ မလေးရှားတို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။

    “ဘိုရိုဘုဒေါရ်ဘုရားမှာ ပြုလုပ်မယ့် လုပ်ရပ်ကို ကျွန်တော်တို့ ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဒါဟာ အင်ဒိုနီးရှားရဲ့ သမိုင်းအမွေအနှစ်သာမကဘဲ ကမ္ဘာ့ သမိုင်းအမွေအနှစ်လည်း ဖြစ်ပါတယ်။ အင်ဒိုနီးရှားအစိုးရက ရိုဟင်ဂျာပြဿနာအတွက် ဆောင်ရွက်ပြီးဖြစ်တာကြောင့် ဒီကိစ္စအတွက် ဆန္ဒပြစရာ မလိုပါဘူး” လို့ အင်ဒိုရဲတပ်ဖွဲ့အကြီးအကဲ တီတို ကာရ်နာဗီယန်က ပြောကြားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်က သွေးထွက်သံယိုမှုတွေကို ရပ်တန့်ဖို့အတွက် အင်ဒိုနိးရှားနိုင်ငံခြားရေးဝန်ကြီး မာဆူဒီဟာ တနင်္လာနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ခေါင်းဆောင်ပိုင်း ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မာဆူဒီဟာ အင်္ဂါနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။

    ဘိုရိုဘုဒေါရ်ဘုရားရှေ့မှာ ဆန္ဒပြဖို့ စီစဉ်သူကတော့ အင်ဒိုနီးရှားရဲ့ ဘာသာရေး သည်းခံနိုင်မှုကို ပြသတဲ့အနေနဲ့ ဘုရားနားမှာ ငြိမ်းချမ်းစွာ ဆန္ဒပြကြမှာဖြစ်တယ်လို့ ဆိုပါတယ်။

    “ဘိုရိုဘုဒေါရ်ဘုရားဟာ ဘာသာရေးသည်းခံမှုရဲ့ အံ့ချီးဖွယ် အမှတ်ညာဖြစ်ပါတယ်။ ဒီဘုရားကြီးဟာ မွတ်စလင်အများစုရှိရာနိုင်ငံမှာ ရှိနေပေမယ့် လုံခြုံအေးချမ်းနေတယ်ဆိုတာ ကမ္ဘာကြီးကို ပြချင်တာပါ။ ဒီမှာ ဘုန်းကြီးတွေလည်း အန္တရာကင်းနေပါတယ်” လို့ အေနန် အီမာမူဒင်က ပြောကြားခဲ့ပါတယ်။

    Ref: CNA

  • အင်ဒိုနီးရှားရှိမြန်မာသံရုံး ဓာတ်ဆီဗုံးဖြင့် တိုက်ခိုက်ခံရ

    အင်ဒိုနီးရှားရှိမြန်မာသံရုံး ဓာတ်ဆီဗုံးဖြင့် တိုက်ခိုက်ခံရ

    စင်တက်ဘာ ၃၊ ၂၀၁၇
    M-Media

    ဂျကာတာမြို့ရှိ မြန်မာသံရုံး

    – ဂျကာတာမှာရှိတဲ့ မြန်မာသံရုံးဟာ ဒီနေ့မနက်အစောပိုင်းမှာ ဓာတ်ဆီဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရပြီး မီးလောင်မှု အနည်းငယ်ဖြစ်ပွားခဲ့တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားကြောင်း Reuters သတင်းဌာနက ဖော်ပြပါတယ်။

    လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ကမ္ဘာ့ အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ အင်ဒိုနီးရှားနိုင်ငံမှာ တင်းမာမှုတွေ မြင့်တက်နေတဲ့အချိန် ဒီလို တိုက်ခိုက်မှုမျိုး ဖြစ်လာတာဖြစ်ပါတယ်။

    သံရုံးနောက်ဖက်လမ်းမှာ ပတ္တယောင်လှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးဟာ ဒေသစံတော်ချိန် ဒီနေ့မနက် ၂ နာရီ ၃၅ မှာ သံရုံးရဲ့ ဒုတိယထပ် မီးလောင်နေတာကို တွေ့ရှိခဲ့ပြီးတဲ့နောက် သံရုံးကို စောင့်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ကို သတင်းပေးပို့ခဲ့တယ်လို့ ဂျကာတာရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    မီးညှိမ်းခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဟာ မီးစာတပ်ထားတဲ့ ဘီယာပုလင်းအကွဲကို တွေ့ရှိခဲ့ပြီး သံသယရှိသူဟာ MPV ကားနဲ့ အခင်းဖြစ်ပွားရာနေရာကနေ ထွက်ပြေးသွားတယ်လို့ ကြေငြာချက်က ဆိုပါတယ်။

    လက်ရှိမှာ ဒီအဖြစ်အပျက်အတွက် စုံစမ်းစစ်ဆေးမှုပြုလုပ်နေတယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အာဂို ယူဝိုနိုက ပြောကြားခဲ့ပါတယ်။ တိုက်ခိုက်မှုနောက်ကွယ်က လှုံ့ဆော်မှုကိုတော့ ရဲတပ်ဖွဲ့က မသိရှိသေးပါဘူး။

    မနေ့က တက်ကြွလှုပ်ရှားသူအချို့ဟာ သံရုံးရှေ့မှာ ဆန္ဒပြမှုတစ်ခု ပြုလုပ်ခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်ဆုကို ရုပ်သိမ်းဖို့ တောင်းဆိုခဲ့ကြပါတယ်။

    ဒီနေ့မနက်ပိုင်းမှာလည်း ဂျကာတာမြို့လယ်ကောင်မှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး ရိုဟင်ဂျာ မွတ်စလင်တွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာနဲ့ပတ်သက်လို့ ဖြေရှင်းရေးမှာ အင်ဒိုနီးရှားအစိုးရက တက်တက်ကြွကြွပါဝင်ဖို့ အစ္စလာမ့်မစ်အဖွဲ့အစည်းတွေက လူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုခဲ့ကြပါတယ်။

    Ref: Reuters

  • အမျိုးဘာသာစောင့်ရှောက်ရေးအမည်ခံ အစွန်းရောက်အဖွဲ့ကို အင်ဒိုအစိုးရက တရားဝင်ပယ်ဖျက်

    အမျိုးဘာသာစောင့်ရှောက်ရေးအမည်ခံ အစွန်းရောက်အဖွဲ့ကို အင်ဒိုအစိုးရက တရားဝင်ပယ်ဖျက်

    ဇူလိုင် ၁၉၊ ၂၀၁၇
    M-Media

    HTI အဖွဲ့၏ ဆန္ဒထုတ်ဖော်မှုတစ်ခု

    – ဘာသာသာသနာစောင့်ရှောက်မည်ဆိုသည့် သဘောထားတင်းမာသော အစ္စလာမ့်မစ်အဖွဲ့ Hizb ut-Tahrir Indonesia (HTI) ၏ တရားဝင်ရပ်တည်မှုကို အင်ဒိုနီးရှားအစိုးက ပယ်ဖျက်လိုက်ပြီး ထိုအဖွဲ့အား ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

    ဥပဒေနှင့် လူအခွင့်အရေးဆိုင်ရာ ၀န်ကြီးဌာနမှ အထွေထွေဥပဒေ စီမံခန့်ခွဲရေး ညွှန်ကြားရေးမှူးချုပ် ဖရက်ဒီဟာရစ်က ယနေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အစိုးရအနေဖြင့် တိုင်းပြည်တည်ထောင်သည့် အခြေခံမူဖြစ်သော ‘လူမျိုးစုံသဟဇာတဖြစ်ရေး အယူအဆကို ထိန်းသိမ်းရန်’ နှင့် ‘တစ်ပြည်ထောင် အင်ဒိုနီးရှားသမ္မတနိုင်ငံဖြစ်ဆိုသည့် ညီညွတ်မှုကို ထိန်းသိမ်းရန်’ အဆိုပါ HTI အဖွဲ့၏ တရားဝင်ရပ်တည်မှုကို ပယ်ဖျက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Hizb ut-Tahrir အဖွဲ့မှာ နိုင်ငံအတွင်း လူများစုကိုးကွယ်ရာ ဘာသာတရားဖြစ်သော အစ္စလာမ်ဘာသာကို အစိုးရက ကာကွယ်စောင့်ရှောက်ရန်နှင့် အစ္စလာမ့်ဥပဒေများကို နိုင်ငံ၏ ပြစ်မှုဆိုင်ရာဥပဒေများတွင် ထည့်သွင်းရန် တောင်းဆိုနေသည့်အဖွဲ့ဖြစ်သည်။

    တိုင်းပြည်၏ အခြေခံဥပဒေ၊ အယူအဆများနှင့် မကိုက်ညီသည့် အဖွဲ့အစည်းများကို ပိတ်ပင်ရန် ရည်ရွယ်သည့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တစ်ခုကို ပြီးခဲ့သည့် သီတင်းပတ်၌ သမ္မတ ဂျိုကိုဝီဒိုဒိုက လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း ယခုဆောင်ရွက်ချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

    ဖရဒ်ဒီက HTI ၏ တရားဝင်ရပ်တည်မှုကို ပယ်ဖျက်ခြင်းမှာ တစ်ဖက်သက်ဆုံးဖြတ်ချက်မဟုတ်ဘဲ အစိုးရ၏ နိုင်ငံရေး၊ ဥပဒေရေးနှင့် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆွေးနွေးမှု၏ ရလဒ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အင်ဒိုနီးရှား၏ ဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာ ၀န်ကြီးဌာနမှာ နိုင်ငံအတွင်းရှိ အသင်းအဖွဲ့များ၊ ပြည်သူအခြေပြုအဖွဲ့များအတွက် ခွင့်ပြုချက်ပေးရသည့် ဌာနဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများနှင့် မညီညွတ်ပါက ပယ်ဖျက်ခွင့်လည်း ရှိနေသည်။

    HTI က ၎င်းတို့မှာ အင်ဒိုနီးရှား၏ လူမျိုးစုံသဟဇာဖြစ်ရေး အယူအဆကို လေးစားသည်ဟုဆိုသော်လည်း အဖွဲ့၏ မြေပြင်လုပ်ငန်းများမှာ ထိုအယူအဆနှင့် ဆန့်ကျင်နေကြောင်း၊ အစိုးရ၏ ယခုဆုံးဖြတ်ချက်ကို ထိုအဖွဲ့အနေဖြင့် ဥပဒေအကြောင်းအရ တုန့်ပြန်နိုင်ကြောင်း ဖရက်ဒီက ထည့်သွင်းပြောဆိုခဲ့သည်။

    HTI မှာ ပြီးခဲ့သည့်တစ်ပတ် သမ္မတ ဂျိုကိုဝီဒိုဒို ထုတ်ပြန်သည့်အမိန့်ကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။

    Ref: CNA

  • ဘာသာရေးခုတုံးလုပ်နေသည့် အဖွဲ့များကို ပိတ်ပင်မည့် အမိန့်တစ်ခု အင်ဒိုထုတ်ပြန်

    ဘာသာရေးခုတုံးလုပ်နေသည့် အဖွဲ့များကို ပိတ်ပင်မည့် အမိန့်တစ်ခု အင်ဒိုထုတ်ပြန်

    ဇူလိုင် ၁၂၊ ၂၀၁၇
    M-Media

    ဂျကတာအုပ်ချုပ်ရေးမှူးဟောင်း တရုတ်လူမျိုး ခရစ်ယာန်ဘာသာဝင် Ahok အား အစ္စလာမ်ဘာသာကို စော်ကားသည်ဟုဆိုကာ ဆန္ဒပြနေစဉ်

    – အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်သည်ဟု ယူဆရသည့် အဖွဲ့များကို အာဏာပိုင်များက တားမြစ်ပိတ်ပင်နိုင်သည့် အမိန့်အသစ်တစ်ခုကို အင်ဒိုနီးရှားသမ္မတ ဂျိုကို ၀ီဒိုဒိုက ထုတ်ပြန်လိုက်သည်ဟု သိရသည်။

    တနင်္လာနေ့တွင် သမ္မတက လက်မှတ်ထိုးခဲ့သည့် အဆိုပါအမိန့်မှာ လူထုအခြေပြု အဖွဲ့အစည်းများနှင့် ပတ်သက်၍ ကိုင်တွယ်ဆောင်ရွက်ရန် လက်ရှိကျင့်သုံးနေသည့် ဥပဒေကို ပြင်ဆင်ချက်ဖြစ်သည်။

    အမျိုးသားလုံခြုံရေးဆိုင်ရာ တာဝန်ရှိသူ ၀ီရန်တိုက ယခုအမိန့်မှာ အမျိုးသားလုံခြုံရေးကို ထိန်းသိမ်းရန်နှင့် အင်ဒိုနီးရှားနိုင်ငံ တည်တံ့ရေး ရိုးရိုးသားသား ရည်ရွယ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “အစိုးရက ထင်ရာမြင်ရာလုပ်တာမျိုး မဟုတ်သလို အစ္စလာမ့်လူထုအခြေပြုအဖွဲ့တွေကို တိုက်ခိုက်တာလည်း မဟုတ်ပါဘူး” ဟု ၀ီရန်တိုက ပြောကြားခဲ့သည်။

    အမိန့်တွင် မည်သည့်အဖွဲ့စည်းများကို ပိတ်ပင်မည်ဟု သီးခြားမဖော်ပြထားဘဲ အမိန့်ကို အခြေခံကာ တရားရေးဝန်ကြီးဌာနက ဆုံးဖြတ်ပိုင်ခွင့် ရှိမည်ဖြစ်သည်။

    နယူးယောက်အခြေစိုက် Human Rights Watch အဖွဲ့က ထိုဆောင်ရွက်ချက်ကို ရှုတ်ချခဲ့ပြီး လွတ်လပ်စွာ အသင်းအဖွဲ့ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာဖော်ပြခွင့်ကို ဆိုးဆိုးရွားရွား ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း နိုင်ငံ၏ အကြီးဆုံး အစ္စလာမ်ဘာသာရေးအဖွဲ့ နဒ်လာသွလ် အိုလမာက အစိုးရ၏ ထိုအမိန့်ကို ကြိုဆိုခဲ့သည်။

    ထိုအမိန့် အသက်ဝင်ပါက အင်ဒိုနီးရှားတွင် အစ္စလာမ့်ဥပဒေ ပြဌာန်းရန်နှင့် ခလီဖာနိုင်ငံတစ်ခုဖြစ်ရန် လှုံ့ဆော်နေသည့် Hizbut Tahrir အဖွဲ့မှာ တားဆီးပိတ်ပင်ခြင်း ခံရနိုင်သည်။

    အစိုးရကမူ ထိုအဖွဲ့၏ လုပ်ရပ်များက နိုင်ငံ၏ ဘာသာရေးမနွယ်သော အုပ်ချုပ်ရေးအယူအဆနှင့် ကိုက်ညီခြင်းမရှိဘဲ လူ့အဖွဲ့အစည်းတွင် သွေးကွဲမှုကို ဖြစ်စေမည်ဟုဆိုကာ မေလက ပိတ်ပင်ရန် စီစဉ်ခဲ့သည်။

    Hizbut Tahrir အဖွဲ့က သမ္မတ၏ ယခုအမိန့်ကို ရှုတ်ချခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး၏ သုံးသပ်ဆုံးဖြတ်မှုကို ရရှိရန် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အင်ဒိုနီးရှားရှိ ဘာလီအပန်းဖြေကျွန်းတွင် ခွေးသားများကို ကြက်သားဟု လိမ်ရောင်းနေ

    အင်ဒိုနီးရှားရှိ ဘာလီအပန်းဖြေကျွန်းတွင် ခွေးသားများကို ကြက်သားဟု လိမ်ရောင်းနေ

    ဇွန် ၂၂၊ ၂၀၁၇
    M-Media

    – အင်ဒိုနီးရှားနိုင်ငံရဲ့ နာမည်ကျော်အပန်းဖြေမြို့ ဘာလီမှာ ခွေးသားတွေကို ကြက်သားအဖြစ် ရောင်းချတာမျိုးရှိနေပြီး အဲဒီကို သွားရောက်လည်ပတ်တဲ့သူတွေကလည်း မသိဘဲ စားလိုက်တာမျိုးတွေ ရှိတယ်လို့ သတင်းတွေ ထွက်လာပါတယ်။

    တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Animals Australia က ဘာလီကျွန်းက စားသောက်ဆိုင် ၇၀ ၀န်းကျင်လောက်နဲ့ လမ်းဘေး အစားအသောက် ရောင်းတဲ့ဆိုင်တွေဟာ ခွေးတွေကို သတ်ပြီး ကြက်သားအဖြစ် ရောင်းနေကြတယ်လို့ ဆိုပါတယ်။

    ခွေးတွေဟာ လစ်လျူရှုခံထားရပြီး သစ်သီးခြင်းတွေ ဒါမှမဟုတ် ဆန်အိတ်တွေနဲ့ ပိတ်လှောင်ခံထားရကာ ညဘက်ရောက်ရင် ခြေထောက်တွေကို ကြိုးချည်၊ ပါးစပ်ကို တိပ်နဲ့ပိတ် အသတ်ခံနေရတယ်လို့ ဒီအဖွဲ့ရဲ့ တရားဝင် ၀ဘ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

    Animals Australia လှုပ်ရှားမှု ဒါရိုက်တာ လင်ဝှိုက်က ဘာလီမှာ ခွေးနဲ့ တစ်ခြားတိရစ္ဆာန်တွေကို သတ်တာဟာ ဥပေဒနဲ့ ဆန့်ကျင်ပေမယ့် ခွေးသားစားတာကိုတော့ ပိတ်ပင်ထားခြင်းမရှိကြောင်း၊ ခရီးသွားတွေဟာ ဆာတေး ကြက်အမှတ်နဲ့ စားသုံးနေကြကြောင်း ABC သတင်းဌာကို ပြောကြားခဲ့ပါတယ်။

    ဒီအဖွဲ့ဟာ ဘာလီရဲ့ ခွေးကုန်ကူးမှု လုပ်ငန်းအတွင်း ထိုးဖောက်ဝင်ရောက်ပြီး ပြုလုပ်ခဲ့တဲ့ လျှို့ဝှက်စုံးစမ်းမှု ရလဒ်ကို အခြေခံကာ ဒီလိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

    ခွေးသားလုပ်ငန်းမှာ ပါဝင်သူတွေဟာ ခွေးတွေကို ခိုးတာ၊ အမဲလိုက်တာ၊ အဆိပ်ခတ်သတ်ဖြတ်တာတွေ လုပ်တယ်လို့လည်း ဒီအဖွဲ့က ပြောပါတယ်။

    New South Wales Poisons Information Centre ရဲ့ ဒါရိုက်တာဖြစ်သူ ဒေါက်တာ အန်ဒရူး ဒေါ်ဆန်က ခွေးသားစားသူတွေဟာ အော့အန်တာ၊ ကြွက်သားတွေနာကျင်တာနဲ့ အသက်ရှုရခက်ခဲတာ စတဲ့ ပြဿနာတွေ ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref : Alarabiya