News @ M-Media

Tag: indonesia

  • အင်ဒိုမွတ်စလင် တရားဟောဆရာတစ်ဦး ခရစ်ယာန်သာသနာကို စော်ကားမှုဖြင့် အမှုဖွင့်ခံထားရ

    အင်ဒိုမွတ်စလင် တရားဟောဆရာတစ်ဦး ခရစ်ယာန်သာသနာကို စော်ကားမှုဖြင့် အမှုဖွင့်ခံထားရ

    ဒီဇင်ဘာ ၂၇၊ ၂၀၁၆
    M-Media

    indo-3
    အမှုဖွင့်ခံထားရသည့် ဟာဘစ် ရီဇစ် ရှီဟဘ်

    – အင်ဒိုနီးရှားရှိ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တစ်ဦးမှာ ခရစ်ယာန်ဘာသာကို စော်ကားမှုဖြင့် ရဲစခန်းတွင် အမှုဖွင့်ခံထားရသည်ဟု သိရသည်။

    အစ္စလာမ်သာသနာ ကာကွယ်စောင့်ရှောက်သူများ တပ်ဦး (FPI) အဖွဲ့ ခေါင်းဆောင် ဟာဘစ် ရီဇစ် ရှီဟဘ်ဖြစ်ပြီး အင်တာနက်တွင် ပြန့်နှံ့ခဲ့သည့် ၎င်း၏ မိန့်ခွန်းတွင် ခရစ်ယာန်သာသနာကို စော်ကားသည့် ပြောကြားမှု ပါဝင်သည်ဟုဆိုကာ အင်ဒိုနီးရှား ကက်သလစ်ကျောင်းသားများအသင်း PMKRI မှ အမှုဆောင်များက ဂျကာတာရဲတပ်ဖွဲ့ထံ ယမန်နေ့က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

    “ဘုရားသခင်က (ယေရှုကို) မွေးတယ်ဆိုရင် ၀မ်းဆွဲသည်က ဘယ်သူဖြစ်မလဲ” ဟု ရှီဟဘ်က ၎င်း၏ မိန့်ခွန်းတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုဗီဒီယိုကို လွှင့်တင်ခဲ့သူနှင့် ထိုပြောကြားမှုအား Instagram စာမျက်နှာတွင် ပြန်လည်ရေးသားခဲ့သူ ၂ ဦးမှာလည်း အမှုတွဲတွင် ပါဝင်သည်။

    “အင်ဒိုနီးရှားနိုင်ငံသားအားလုံးဟာ အခြားဘာသာတရားတွေရဲ့ ကိုယ်ရေးကိုယ်တာတွေကို စွက်ဖက်တာမျိုး မလုပ်ဘဲ မတူကွဲပြားမှုကို လေးစားသင့်တယ်ဗျ။ ခရစ်ယာန်ဘာသာတရားအကြောင်းကို ခရစ်ယာန်တွေကသာ ပိုသိတာပါ။ ဘာမှမသိတဲ့လူက ပါးစပ်ပိတ်ထားတာ ပိုကောင်းပါတယ်” ဟု PMKRI မှ ဥက္ကဌဖြစ်သူ အန်ဂျလီယက် ၀ါကီ ကာကိုက ပြောကြားခဲ့သည်။

    ထို့ပြင် ရှီဟဘ်၏ ထိုပြောကြားမှုအတွက် ခရစ်ယာန်တစ်ယောက်ဖြစ်သည့် မိမိအနေဖြင့် နာကျင်အရှက်ရမိသည်ဟုလည်း ၎င်းက ဆိုသည်။

    ရှီဟ်ဘ်မှာ ရာဇ၀တ်မှုဆိုင်ရာပုဒ်မ ၁၅၆(က) ကို ချိုးဖောက်သည်ဟု စွပ်စွဲခံထားရပြီး ပြစ်မှုထင်ရှားပါက အမြင့်ဆုံးထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်သည်။

    Ref : Jakarta Post

  • ခရစ်ယာန်ပွဲတော်ရက်တွင် ဗုံးခွဲရန် ကြံစည်ထားသူများကို အင်ဒိုက အသေပစ်ခတ်ဖမ်းဆီး

    ခရစ်ယာန်ပွဲတော်ရက်တွင် ဗုံးခွဲရန် ကြံစည်ထားသူများကို အင်ဒိုက အသေပစ်ခတ်ဖမ်းဆီး

    ဒီဇင်ဘာ ၂၂၊ ၂၀၁၆
    M-Media

    indo-2

    – ခရစ္စမတ်နှင့် နှစ်သစ်ကူးအကြိုညများတွင် အသေခံဗုံးခွဲရန် ကြံစည်ထားသည်ဟု သံသယရှိ ၃ ဦးကို အသေဖမ်းဆီးနိုင်ခဲ့သည်ဟု အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    ဂျကာတာမြို့ဆင်ခြေဖုံးတွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် စီးနင်းမှုအတွင်း အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ထိုကဲ့သို့ အသေဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုအဖြစ်အပျက်မှာ အင်ဒိုရဲတပ်ဖွဲ့က ၂ ပတ်အတွင်း အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်ထားမှု နှစ်ခုကို ဖော်ထုတ်ရှင်လင်းနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

    ရဲတပ်ဖွဲ့ကမူ IS ကို အားပေးထောက်ခံသော အဆိုပါ သံသယရှိသူ ၃ ဦးမှာ ယာဉ်ထိန်းရဲရုံးတစ်ခုရှိ အရာရှိများကို ဓားဖြင့်ထိုးကာ လူထုကြားထဲ၌ လက်လုပ်ဗုံးအကြီးစားတစ်ခုကို ဖောက်ခွဲရန် ကြံစည်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    “အသေခံဗုံးခွဲဖို့ ကြံစည်တာပါ။ နှစ်တိုင်း ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲတော်တို့ဟာ အသေခံဗုံးခွဲသမားတွေ ပစ်မှတ်ထားရာ ဖြစ်နေပါတယ်” ဟု အင်ဒိုရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရစ်ဝမ်တိုက ပြောကြားခဲ့သည်။

    စီးနင်းမှုအတွင်း ဗုံး ၅ လုံးကို တွေ့ရှိခဲ့ရပြီး၊ ရစ်ဝမ်တိုကမူ သံသယရှိသူတစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်ဟု ပြောကြားခဲ့သည်။

    ဂျကာတာရှိ သမ္မတအိမ်တော်နှင့် ဂျဗာကျွန်းရှိ အမည်မဖော်ပြသည့် နေရာတို့အား ပစ်မှတ်ထားတိုက်ခိုက်ရန် ကြံစည်ခဲ့သည့် အနည်းဆုံး လူ ၁၄ ဦးကို စစ်ကြောနေသည်ဟု ယခုတစ်ပတ်စောပိုင်းတွင် အင်ဒိုရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ယခုဖော်ထုတ်နိုင်သည့် အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်မှု နှစ်ခုစလုံးတွင် အမျိုးသမီး အသေခံဗုံးခွဲရေးသမားများလည်း ပါဝင်သည်။

    Ref: Aljazeera

  • ခရစ္စမတ်တွင် ခရစ်ယာန်ဘုရားကျောင်းများကို အင်ဒိုမွတ်စလင်လူငယ်များ ကာကွယ်ပေးမည်

    ခရစ္စမတ်တွင် ခရစ်ယာန်ဘုရားကျောင်းများကို အင်ဒိုမွတ်စလင်လူငယ်များ ကာကွယ်ပေးမည်

    ဒီဇင်ဘာ ၂၁၊ ၂၀၁၆
    M-Media

    ch

    – နိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ ဘာသာရေးအရ သည်းမခံနိုင်မှုတွေဟာ လူနည်းစုရဲ့ စနက်ဖြစ်တယ်ဆိုတာ ပြသဖို့နဲ့ အင်ဒိုပြည်သူတွေဟာ ဘာသာလူမျိုး မခွဲခြားဘဲ လူနည်းစုတွေကို ကာကွယ်စောင့်ရှောက်ပေးတဲ့ အစဉ်အလာကို ထိန်းသိမ်းဖို့အတွက် မွတ်စလင်လူငယ်အဖွဲ့ဟာ ခရစ္စမတ်ပွဲတော် ကာလအတွင်းမှာ ခရစ်ယာန်ဘုရားကျောင်းတွေကို ကာကွယ်စောင့်ရှောက်ဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။

    ကမ္ဘာပေါ်က လွတ်လပ်တဲ့ အကြီးဆုံး အစ္စလာမ်ဘာသာရေးအဖွဲ့အစည်း Nahdlatul Ulama (NU) ရဲ့ လူငယ်အဖွဲ့က Banser က စီစဉ်တာဖြစ်ပြီး ခရစ္စမတ်အကြိုနဲ့ ခရစ္စမတ်နေ့တွေမှာ နိုင်ငံတစ်ဝှမ်းက ခရစ်ယာန်ဘုရားကျောင်းတွေတစ်ဝိုက် တပ်ဖြန့်ချထားကာ ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။

    လူနည်းစုကို ကာကွယ်ပေးမယ့် အဲဒီလှုပ်ရှားမှုမှာ အင်ဒိုမွတ်စလင် သောင်းနဲ့ချီ ပါဝင်မှာဖြစ်ပြီး NU ရဲ့ အရှေ့ဂျာဗားအဖွဲ့ခွဲကတော့ မွတ်စလင်လူငယ်ပေါင်း ၄၁၀၀ ဟာ ခရစ်ယာန်ဘုရားကျောင်းတွေကို ကာကွယ်ပေးဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “အရှေ့ဂျာဗား ၃၈ မြို့က ဌာခွဲ ၄၁ ခုမှာ တစ်ဖွဲ့ကို ၁၀၀ လောက်က သူတို့ဒေသတစ်ဝိုက် စောင့်ရှောက်ပေးကြမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ရဲတပ်ဖွဲ့နဲ့ ဘုရားကျောင်း လုံခြုံရေးကို ကူညီပေးဖို့ စုစုပေါင်း ၄၁၀၀ လောက် ရှိနေပါတယ်။ သူတို့အားလုံး စေတနာ့ဝန်ထမ်းတွေပါ။ ငွေကြေးလုံးဝမပေးရပါဘူး” လို့ NU အဖွဲ့က တာဝန်ရှိသူ ရူဒီ ထရီ ၀ါဟစ်က ပြောကြားခဲ့ပါတယ်။

    ခရစ်ယာန်တွေရဲ့ ပွဲတော်အချိန်မှာ တိုင်းပြည်က ခရစ်ယာန်လူနည်းစုတွေကို ကာကွယ်စောင့်ရှောက်ပေးတဲ့ ဒီလူပ်ရှားမှုကို NU က နှစ်စဉ်နှစ်တိုင်း ဆောင်ရွက်တာ ဖြစ်ပါတယ်။

    အခုနှစ်မှာလည်း အရှေ့ဂျာဗားအပြင် နိုင်ငံတစ်ဝှမ်းက NU ဌာနခွဲတွေက ဒီလို ကာကွယ်ပေးဖို့ ကတိပြုခဲ့ပါတယ်။

    အရှေ့ကလီမန်တန် NU ဌာနခွဲကတော့ ခရစ်ယာန်ညီအစ်ကိုတွေကို ကာကွယ်ပေးရေး လှုပ်ရှားမှုမှာ အဖွဲ့ဝင်ပေါင်း ၅၀၀၀ လောက် ပါဝင်မယ်လို့ ကြေငြာခဲ့ပါတယ်။

    “ဒါဟာ ဘာသာရေးအရ သည်းခံမှုတစ်မျိုးပါ။ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေ ဘုရားဝတ်ပြုချိန်မှာ လုံခြုံမှု၊ သက်တောင့်သက်သာဖြစ်မှုကို ခံစားရစေဖို့လည်း ဖြစ်ပါတယ်။ ဘုရားကျောင်းတွေကို စောင့်ရှောက်ပေးတာဟာ ကျွန်တော်တို့ နှစ်စဉ်လုပ်နေကြအလုပ်ပါ” လို့ အရှေ့ ကလီမန်တန် Benser ဌာနခွဲက အတွင်းရေးမှူး ဟာရ်မန် အေ ဟာဆန်က ပြောကြားခဲ့ပါတယ်။

    အင်ဒိုမွတ်စလင်တွေရဲ့ ဒီလို ကာကွယ်ပေးမှုအတွင်းမှာ အသက်စတေးခဲ့ရတဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့ပါတယ်။

    ၂၀၀၀ ခုနှစ် ခရစ္စမတ်အကြိုညမှာ အရှေ့ဂျာဗား Eben Haezar ဘုရားကျောင်းကို စောင့်ကြပ်နေတဲ့ မွတ်စလင်လူငယ်အဖွဲ့ထဲက အသက် ၂၅ နှစ်အရွယ် ရီယန်တိုဟာ ဘုရားကျောင်းရှေ့က မသင်္ကာတဲ့ အထုပ်တစ်ထုပ်ကို တွေ့ရှိခဲ့ပြီးနောက် သွားရောက်ကြည့်ရှုခဲ့ပြီး ဗုံးဖြစ်နေတာကို တွေ့တဲ့အချိန် ၀တ်ပြုသူတွေကို အချိန်မီ သတိပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူကတော့ ဒီဗုံးကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။

    အင်ဒိုလုံခြုံရေးတပ်ဖွဲ့တွေကလည်း ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလတွေမှာ ဘုရားကျောင်းတွေ၊ အကြမ်းဖက်သမားတွေက ပစ်မှတ်ထားနိုင်တဲ့နေရာတွေမှာ လုံခြုံရေးတိုးမြှင့်ဖို့ ဆောင်ရွက်နေပါတယ်။

    Rref : Jakarta.coconuts

  • ရခိုင်ပြည်နယ်သို့ အကူအညီပေးပို့ရန် ကိုဖီအန်နန်နှင့် အင်ဒိုသမ္မတို့ ဆွေးနွေး

    ရခိုင်ပြည်နယ်သို့ အကူအညီပေးပို့ရန် ကိုဖီအန်နန်နှင့် အင်ဒိုသမ္မတို့ ဆွေးနွေး

    ဒီဇင်ဘာ ၉၊ ၂၀၁၆
    M-Media

    widodo

    – အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုမှာ ယမန်နေ့က ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အန်နန်နှင့် ဘာလီ၌ တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်ရှိ မွတ်စလင်များအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

    ၉ ကြိမ်မြောက် ဘာလီ ဒီမိုကရေစီဖိုရမ် တရားဝင် မကျင်းပခင် ၎င်းတို့နှစ်ဦးမှာ နာရီဝက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

    ရခိုင်ပြည်နယ်အကြံပေးအဖွဲ့၏ အကြီးအကဲဖြစ်သူ အန်နန်မှာ ထိုတွေ့ဆုံမှုအတွင်း ရခိုင်ပြည်နယ်ရှိ ပဋိပက္ခဖြစ်ပွားရာ ဒေသသို့ ၎င်းသွားရောက်ခဲ့သည့် ခရီးစဉ်မှ တွေ့ရှိခဲ့မှုများကို ရှင်းပြခဲ့ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းများကို ခံစားနေရသူများအား ကူညီရေး အလျင်အမြန်ဆောင်ရွက်ရန် နိုင်ငံများကို အကြံပြုခဲ့သည်။

    “အင်ဒိုနီးရှားဟာ ရိုဟင်ဂျာပြည်သူတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို မကြာခင် ပေးပို့သွားမှာပါ။ အထူးသဖြင့် အစားအသောက်နဲ့ အိမ်ယာတွေလို ပစ္စည်းတွေအတွက် လိုအပ်တာတွေ ပြင်ဆင်ဖို့ သက်ဆိုင်ရာ ၀န်ကြီးတွေကို ကျွန်တော် ညွှန်ကြားထားပါတယ်” ဟု အင်ဒိုသမ္မတက တွေ့ဆုံမှုအပြီးတွင် ပြောကြားခဲ့သည်။

    အင်္ဂါနေ့က မြန်မာနိုင်ငံသို့ လာရောက်ကာ ရခိုင်ပြည်နယ်အရေး ဆွေးနွေးခဲ့သည့် အင်ဒိုနိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီက အင်ဒိုအစိုးရအနေဖြင့် ရခိုင်ပြည်နယ်ရှိ ထိခိုက်ခံစားရသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးပို့ရန်အတွက် အလျင်အမြန် ဆောင်ရွက်မှုကို ကျေးဇူးတင်ကြောင်း ကိုဖီအန်နန်က ပြောကြားခဲ့သည်ဟု ဆိုသည်။

    “ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး နယ်ပယ်တွေမှာ စွမ်းအားမြှင့်တင်မှု ဆောင်ရွက်ပေးခြင်းအားဖြင့် ကျွန်မတို့ဟာ မြန်မာနိုင်ငံကို ရေရှည်ကူညီသွားမှာပါ။ ဒီအစီအစဉ်တွေကို ကျွန်မတို့ စတင်နေပြီး ဒါက သိပ်အရေးကြီးတာကြောင့် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

    ၂ ရက်တာ ကျင်းပပြုလုပ်မည့် ဘာလီ ဒီမိုကရေစီဖိုရမ်သို့ နိုင်ငံပေါင်း ၉၄ နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များ၊ အဖွဲ့အစည်းများအပြားမှ လေ့လာသူများ တက်ရောက်မည်ဖြစ်ပြီး ဒီမိုကရေစီ၊ ဘာသာရေးသည်းခံမှု၊ ဗဟုဝါဒနှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းရေး စသည်တို့ကို ဆွေးနွေးသွားမည်ဖြစ်သည်။

    Ref: The Jakarta Post

  • ရခိုင်ပြဿနာအတွက် စိုးရိမ်ပြီး၊ ကူညီဖြေရှင်းပေးမည်ဟု အင်ဒိုပြော

    ရခိုင်ပြဿနာအတွက် စိုးရိမ်ပြီး၊ ကူညီဖြေရှင်းပေးမည်ဟု အင်ဒိုပြော

    ဒီဇင်ဘာ ၈၊ ၂၀၁၆
    M-Media

    indo-4
    အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တနို အလ်ပီ မာဆူဒီ

    – ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြဿနာများအတွက် မိမိတို့နိုင်ငံက စိုးရိမ်မှုများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အသိပေးခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနို အလ်ပီ မာဆူဒီက ပြောကြားလိုက်သည်။

    ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သက် ပွင့်ပွင့်လင်းလင်းဆွေးနွေးရန်အတွက် မြန်မာအစိုးရက အင်ဒိုနီးရှားကို ဖိတ်ခေါ်ခဲ့ပြီးနောက် နိုင်ငံခြားရေးဝန်ကြီး မာဆူဒီမှာ အင်္ဂါနေ့တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။

    “ရခိုင်ပြည်နယ်က အခြေအနေနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားက စိုးရိမ်မှုတွေ ရှိနေတယ်ဆိုတာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံပြောကြားခဲ့ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

    အောက်တိုဘာ ၉ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နယ်ခြားစောင့်စခန်းများ တိုက်ခိုက်ခံရပြီးနောက်ပိုင်း မြန်မာစစ်တပ်မှ ထိုဒေသတွင် ပြုလုပ်သော စစ်ဆင်ရေး၌ ဒေသခံမွတ်စလင်များအပေါ် ကျူးလွန်မှုများ ရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး စစ်တပ်ကမူ ငြင်းဆိုခဲ့သည်။

    အာဆီယံအသိုင်းအ၀ိုင်းက ထိုကိစ္စနှင့်ပတ်သက်၍ နှုတ်ဆိတ်နေသော်လည်း သံတမန်ရင်းမြစ်တစ်ခုက အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့များမှာ ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ဆွေးနွေးမှုပြုလုပ်ရန် ရှိနေသည်ဟု ပြောကြားခဲ့သည်။

    အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အာရ်မာနာသာ နာဆီရ်ကမူ ၎င်းတို့ဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့မှာ ရခိုင်ကိစ္စအတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

    “အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက ရခိုင်ပြည်နယ်မှာ အလုံးစုံဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးကို လျင်လျင်မြန်မြန်ဆောင်ရွက်ဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ အလေးထား ပြောကြားခဲ့ပါတယ်”

    ထို့ပြင် မွတ်စလင်လူနည်းစုများ အပါအ၀င် ရခိုင်ပြည်နယ်ရှိ ပြည်သူအားလုံးအတွက် လူ့အခွင့်ရေးကို ဆက်လက် အလေးထားသွားမည်ဟု မျှော်လင့်ကြောင်းလည်း အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ နာဆီရ်ကမူ ဒေါ်အောင်ဆန်းစုကြည်ကလည်း မာဆူဒီ၏ မှတ်ချက်ကို အပြုသဘောဆောင်ကာ တုန့်ပြန်ခဲ့သည်ဟု ထည့်သွင်း ပြောဆိုခဲ့သည်။

    ကူညီမည်

    အင်ဒိုနီးရှား၏ ဒုတိယသမ္မတ ဂျူဆုဖ် ကာလာက ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင်များ ထိခိုက်ခံစားနေရသည့် ပြဿနာကို ဖြေရှင်းရန်အတွက် ကူညီသွားမည်ဟု အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

    “မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စဖြစ်ပေမယ့် အင်ဒိုနီးရှားက ကောင်းမွန်တဲ့အဖြေတစ်ခုကို ရှာဖွေစေချင်တာကတော့ အမှန်ပါပဲ။ (ပြည်သူတွေ) ကောင်းဖို့အတွက် အင်ဒိုနီးရှားက ကာယ၊ ဉာဏအကူအညီတွေ ပေးချင်သလို၊ အဖြေတစ်ခု ရှာဖို့အတွက်လည်း မြန်မာနိုင်ငံကို ကူညီချင်ပါတယ်”

    ထို့ပြင် ဒုတိသမ္မတက နိုင်ငံခြားရေးဝန်ကြီးဌာနက သံတမန်ပိုင်းဆိုင်ရာ ချဉ်းကပ်မှုကိုလည်း ချီးကျူးခဲ့ကာ အင်ဒိုနီးရှားအနေဖြင့် ဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးပို့သွားမည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    “သူတို့တွေ စိုးရိမ်နေတဲ့ကိစ္စမျိုး ဖြစ်မလာအောင် အင်ဒိုနီးရှားက ကူညီသွားမှာပါ”

    Ref: Antar News, Jakarta Post