News @ M-Media
Tag: indonesia
  • ယနေ့လှုပ်ခတ်သည့် အင်ဒိုနီးရှားငလျင် လူအသေအပျောက် များနိုင်
    ယနေ့လှုပ်ခတ်သည့် အင်ဒိုနီးရှားငလျင် လူအသေအပျောက် များနိုင်
    ဒီဇင်ဘာ ၇၊ ၂၀၁၆
    M-Media
    indo
    – အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းရှိ အာချေးပြည်နယ်တွင် အင်အားပြင်းငလျင်တစ်ခု ယနေ့မနက် အစောပိုင်းတွင် လှုပ်ခတ်ခဲ့သောကြောင့် လူသေဆုံးမှုများ ရှိသည်ဟု သိရသည်။
    မြေတိမ်ပိုင်းတွင် လှုပ်ခတ်ခဲ့ပြီး ပြင်းအား ၆.၅ မဂ္ဂနီကျုရှိ အဆိုပါငလျင်ကြောင့် သေဆုံးသူဦးရေမှာ လက်ရှိတွင် ၉၂ ဦးအထိ ရှိလာပြီဖြစ်ပြီး အပျက်အဆီးများကြားတွင် ပိတ်မိနေသူများလည်း အများအပြားရှိနေသည်။ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီကမူ ငလျင်ကြောင့် ၇၈ ဦး ဆိုးဆိုးဝါးဝါး ဒဏ်ရာရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။
    အာချေးပြည်နယ် ပီဒီခရိုင် အကြီးအကဲ အိုက်ယွဘ် အဘတ်စ်ကမူ ၎င်း၏ ဒေသအတွင်း လူရာချီ ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦးများစွာ ပြိုကျ ပျက်ဆီးခဲ့သည်ဟု ဆိုသည်။
    လက်ရှိတွင် ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားခြင်းမရှိသေးဘဲ၊ ဒေသတွင်း အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီကမူ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီဟု ပြောကြားခဲ့သည်။ အပျက်အဆီးများကြားတွင် ပိတ်မိနေသူများ ရှိနေ၍ သေဆုံးသူအရေအတွကမှာ မြင့်တက်လာဖွယ် ရှိသည်။
    Ref: Aljazeera
  • အင်ဒိုလေဆိပ်တစ်ခု အာရှ၏ အဖြန့်ကျက်နိုင်ဆုံး လေဆိပ်အဖြစ် မှတ်တမ်းဝင်
    အင်ဒိုလေဆိပ်တစ်ခု အာရှ၏ အဖြန့်ကျက်နိုင်ဆုံး လေဆိပ်အဖြစ် မှတ်တမ်းဝင်
    ဒီဇင်ဘာ ၅၊ ၂၀၁၆
    M-Media
    jakatar
    – အင်ဒိုနီးရှားနိုင်ငံရှိ Soekarno-Hatta အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အာရှပိစိဖိတ်တွင် အဆက်အသွယ် အဖြန့်ကျက်နိုင်ဆုံး လေဆိပ်အဖြစ် သတ်မှတ်ခံခဲ့ရသည်။
    ခရီးသွားလာမှုဆိုင်ရာ လေ့လာမှုကုမ္ပဏီ OAG က ပြီးခဲ့သည့် တစ်ပတ်အတွင်း ထုတ်ပြန်ခဲ့သည့် အညွှန်းကိန်း Megahub Index တွင် အာရှရှိ အဖြန့်ကျက်နိုင်ဆုံး ထိပ်တန်းလေဆိပ် ၁၀ ခုစာရင်း၌ ဂျကာတာရှိ Soekarno-Hatta လေဆိပ်မှာ ၅၆၆ ဖြင့် ထိပ်ဆုံး၌ ရှိနေခြင်းဖြစ်သည်။
    ဂျပန်ရှိ Haneda လေဆိပ်ကမူ ၄၁၈ ဖြင့် ဒုတိယရ၊ သြစတေးလျမှ ဆစ်ဒနီလေဆိပ်က ၃၈၉ ဖြင့် တတိယနေရာတွင် အသီးသီး ရှိနေသည်။
    လာမည့် ၅ နှစ်အတွင်း ကန်ဒေါ်လာ ၂၂.၂ ဘီလီယံ အကုန်အကျခံကာ အဓိက ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ရှိနေခြင်းက ထိုကဲ့သို့ အသိအမှတ်ပြုခံရမှု၏ အကြောင်းအရင်းတစ်ရပ်ဟု Soekarno-Hatta လေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထိုပြုပြင်ပြောင်းလဲမှုမှာ ကြငယ်ငါးပွင့်အဆင့်နှင့် နိုင်ငံတကာ အဓိက transit ပြလုပ်ရာ လေဆိပ်တစ်ခု ဖြစ်လာရန် ရည်ရွယ်ခြင်းဖြစ်သည်။
    လေကြောင်းအဆက်အသွယ် အများဆုံးပြုလုပ်နိုင်သည့် ကမ္ဘာ့ လေဆိပ် ၅၀ စာရင်းတွင် Soekarno-Hatta လေဆိပ်မှာ အဆင့် ၇ နေရာတွင် ရှိနေပြီး၊ လေကြောင်းသွားလာမှု အများဆုံးအချိန်တွင် အဆိုပါ လေဆိပ်မှာ ၆ နာရီအတွင် လေယာဉ်အ၀င်အထွက် အကြိမ်ပေါင်း ၄၀၀၀၀ ကျော်ကို ၀န်ဆောင်မှုပေးရကာ ခရီးသည်များကို ခရီးစဉ်ပေါင်း ၇၁ ခုကို ပို့ဆောင်ပေးရသည်။
    Ref: The Jakartapost
  • တိုင်းတစ်ပါးယဉ်ကျေးမှု လွှမ်းမိုးခြင်းကို ဆန့်ကျင်ကာ ဒေသမှုပြု အစ္စလာမ်ဖြစ်ရေး အင်ဒိုနီးရှား ဦးတည်လာ
    တိုင်းတစ်ပါးယဉ်ကျေးမှု လွှမ်းမိုးခြင်းကို ဆန့်ကျင်ကာ ဒေသမှုပြု အစ္စလာမ်ဖြစ်ရေး အင်ဒိုနီးရှား ဦးတည်လာ
    ဒီဇင်ဘာ ၄၊ ၂၀၁၆
    M-Media
    indo-2
    ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်နေသော အင်ဒိုမွတ်စလင် အမျိုးသမီးများ
    – အင်ဒိုနီးရှားရှိ အကြီးဆုံး အစ္စလာမ့်ရေးရာအဖွဲ့ဖြစ်သော နဟ်ဒ်လာသွလ် အိုလမာ ( Nahdlatul Ulama – NU) မှာ သောကြာဒေသနာများ၊ ပွင့်လင်းဆွေးနွေးပွဲများမှတစ်ဆင့် အင်ဒိုနီးရှားမှုပြု အစ္စလာမ်သာသနာ သဘောတရားများ ဖြစ်ထွန်းလာရေး ရည်ရွယ်ဆောင်ရွက်လျက် ရှိနေ၏။
    ‘အင်ဒိုကျွန်းဆွယ်မှ အစ္စလာမ်’ ဟု အဓိပ္ပါယ်ရသည့် အစ္စလာမ် နူဆန်တာရာ (Islam Nusantara) အယူအဆက အင်ဒိုနီးရှားမှာ အရှေ့အလယ်ပိုင်း နိုင်ငံများနှင့် ယဉ်ကျေးမှုအရ ကွဲပြားခြားနားပြီး၊ မိမိတို့ယဉ်ကျေးမှုကို ခြုံငုံမိသော ကိုယ်ပိုင် အစ္စလာမ့်ဖွင့်ဆိုချက်ကို လိုက်နာသည်သင့်ဟု ထောက်ပြခဲ့သည်။ အလယ်အလတ်ကြပြီး၊ ထိုင်းရင်းသားယဉ်ကျေးမှုများ၊ အမျိုးသမီးအခွင့်အရေးတို့ကို အထောက်အပံ့ဖြစ်စေသော ဖွင့်ဆိုချက်မျိုး ဖြစ်သည်။ အဖွဲ့ဝင် သန်း ၄၀ ရှိသည့် နဟ်ဒ်လာသွလ် အိုလမာအဖွဲ့က မိမိတို့နှင့် အစွန်းရောက်ဝါဒအကြား မည်သို့မှ မသက်ဆိုင်ဟုလည်း ဆိုသည်။
    “အရှေ့လယ်ပိုင်းနဲ့နွယ်နေတဲ့ အခက်အခဲတွေထဲက တစ်ခုက သူတို့မှာ ကြီးကျယ်တဲ့ သမိုင်းကြောင်း ရှိတာပါပဲ။ ဒါ့ကြောင့် လူတွေက ဒီသမိုင်းကြောင်းကို အားမကျဘဲ မနေနိုင်ကြပါဘူး။ ကံကောင်းတာတစ်ခုက ကျွန်တော်တို့မှာ ဒီလိုအစွဲမျိုး သိပ်မရှိတာပါ။ ကမ္ဘာတစ်ဝှမ်းက ကျန်တဲ့ မွတ်စလင်လူ့အဖွဲ့အစည်းတွေအနေနဲ့ မိမိတို့ရဲ့ လူ့အဖွဲ့အစည်းနဲ့ ယဉ်ကျေးမှုအသိုက်ဝန်းရဲ့ အနေအထားအစစ်အမှန်နဲ့ အဆက်မပြတ်ဖို့၊ လူမှုဆက်ဆံရေးဓလေ့ကို ထိန်းသိမ်းထားဖို့၊ နိုင်ငံရပ်ခြားက အယူအဆတွေကြောင့် အဲဒါတွေကို မစွန့်လွှတ်ဖို့အတွက် Islam Nusantara အယူအဆကို မြှင့်တင်နေတဲ့ ကျွန်တော်တို့က တိုက်တွန်းပါတယ်” ဟု NU အဖွဲ့မှ အထွေထွေအတွင်းရေးမှူး ယဟ်ယာ ချိုလီလ် စတာကွတ်ဖ်က ပြောကြားခဲ့သည်။
    (Islam Nusantara ဆိုသည်မှာ အစ္စလာမ်သာသာနာ၏ စစ်မှန်သော သွန်သင်မှုများဖြစ်သည့် ငြိမ်းချမ်းရေး၊ သည်းခံရေး၊ တစ်ဖက်သားအပေါ် လေးစားမှုရှိရေးနှင့် မိမိတို့နှင့်၏ ယဉ်ကျေးမှုကို ထိန်းသိမ်းရေးကို အဓိကထားသည့် အယူအဆမျိုးဖြစ်သည်။)
    ဆော်ဒီအာရေဗျတွင် ၀ါဟာဘီဝါဒ ပေါ်ထွက်လာမှုကို တုန့်ပြန်ရန်နှင့် နိုင်ငံအတွင်း အစ္စလာမ်သာသနာကို ခေတ်မီအောင် ဆောင်ရွက်ရန်အတွက် စွန်နီမွတ်စလင်အဖွဲ့ဖြစ်သည့် UN ကို ၁၉၂၆ ခုနှစ်တွင် တည်ထောင်ခဲ့သည်။
    နိုင်ငံ၏ သန်းပေါင်း ၂၅၀ သော လူဦးရေတွင် အစ္စလာမ်ဘာသာဝင် ၈၈ ရာခိုင်နှုန်းနီးပါးရှိပြီး၊ ၁၉၅၀ ပြည့်နှစ်များက အစွန်းရောက် သူပုန်ထမှုတစ်ခု ပေါ်ပေါက်ခဲ့ကာ အဖွဲ့ခေါင်းဆောင်ကို ကွပ်မျက်လိုက်ပြီးနောက်ပိုင်းတွင် ထိုသူပုန်ထမှု အဆုံးသတ်သွားခဲ့သည်။ သို့သော်လည်း အစ္စလာမ့်နိုင်ငံတစ်ခုဖြစ်အောင် ငြိမ်းချမ်းစွာကြိုးပမ်းလာမှုများကို အင်ဒိုနီးရှားက ထပ်မံ ရင်ဆိုင်လာခဲ့ရသည်။
    သမ္မတဟောင်း ဆူဟာတို၏ အာဏာရှင် သက်တမ်း ၃၂ နှစ်တွင်း မွတ်စလင်တက်ကြွလှုပ်ရှားသူများမှာ အကြီးအကျယ် နှိပ်ကွပ်ခံခဲ့ရသည်။ သို့သော်လည်း ၁၉၉၀ ပြည့်နှစ်နှောင်းပိုင်း စီးပွားရေး ခက်ခဲကြပ်တည်းနေသည့်အချိန် ဒီမိုကရေစီစတင်ခဲ့သည့် ကာလမှစ၍ အဆိုပါ တက်ကြွလှုပ်ရှားမှုက တစ်ကျော့ပြန် ပေါ်ပေါက်လာခဲ့သည်။
    ထိုပေါ်ထွက်လာမှုက အဘူ ဘာကာရ် ဘရှီးရ်ကဲ့သို့ စစ်သွေးကြွများ တိုင်းပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်မှုကို ဖြစ်စေခဲ့ပြီ ‘အစ္စလာမ်ခေါင်းစဉ်တပ် အကြမ်းဖက်ဝါဒ’ လည်း ထပ်မံပြန့်နှံ့လာခဲ့သည်။ ထိုနောက်ပိုင်း ၁၀ စုနှစ်တစ်ခုအတွင်း ဂျကာတာနှင့် နာမည်ကျော် အပန်းဖြေကျွန်း ဘာလီတို့တွင် ဆက်တိုက် ဖြစ်ပွားခဲ့သည့် ဗုံးခွဲမှုများကြောင့် လူပေါင်း ၂၉၀ ကျော် သေဆုံးခဲ့သည်။
    ယခင်က မွတ်စလင်နှင့် လူနည်းစုခရစ်ယာန်များ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြသည့် နိုင်ငံ၏ အကြီးဆုံး ကျွန်များဖြစ်သော မူလူကူနှင့် ဆူလာဝေစီတို့တွင် လူ့အဖွဲ့အစည်းအတွင်း ကြောက်စရာကောင်းသည့် သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် လူထောင်ကျော် သေဆုံးခဲ့လေသည်။
    အဆိုပါ သွေးထွက်သံယိုမှုများကို နောက်ဆုံးတွင် ထိန်းချုပ်နိုင်ခဲ့သော်လည်း အစွန်းရောက်အကြမ်းဖက်ဝါဒနှင့် ပတ်သက်၍ ရုန်းကန်ရမှုများကတော့ ဆက်ရှိနေခဲ့ပြီး အင်ဒိုနီးရှား၏ ဘာသာရေးသည်းခံနိုင်မှုဂုဏ်ပုဒ်ကို ထိခိုက်နိုင်စေမည့် ခြိမ်းခြောက်မှုအပေါ် အစ္စလာမ့်ဓမ္မပညာရှင်က စိုးရိမ်လာခဲ့ကာ စိတ်ငြိမ်းအေးရာ ရှာဖွေမှုကို တိုးမြှင့်ဆောင်ရွက်လာခဲ့သည်။
    အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာပေါ်တွင် အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ နိုင်ငံဖြစ်သော်လည်း နိုင်ငံအတွင်းရှိ အစ္စလာမ့်ဓမ္မဆရာများနှင့် ပညာရှင်များကတော့ ၎င်းတို့မှာ အစ္စလာမ်သာသနာသန္ဓေတည်ရာဒေသမှ မဟုတ်သောကြာင့် အရှေ့အလယ်ပိုင်းရှိ ဓမ္မပညာရှင်များရှေ့တွင် သိမ်ငယ်မှုကို ခံစားနေရသည်။
    အရှေ့အလယ်ပိုင်းနိုင်ငံအများစုက စစ်ပွဲများ၊ ပဋိပက္ခများနှင့် လုံးပန်းနေရသည့် ယခုအချိန်တွင်တော့ NU နှင့် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်း မိုဟာမက်ဒီယာ (Muhammadiyah) တို့မှာ ငြိမ်းချမ်းသော အယူဝါဒဖြစ်သည့် အစ္စလာမ်၏ မူရင်းသရုပ်သကန်မှာ ပျက်ဆီးသွားခဲ့ပြီဟု ကျယ်ကျယ်လောင်လောင် ပြောလာကြသည်။
    အင်ဒိုနီးရှားတွင် ခရစ်ယာန်များနှင့် အဟ်မဒ်ဒီယာအယူဝါဒ နောက်လိုက်များမှာ ပစ်မှတ်ထား၍ တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ သို့သော် အရှေ့အလယ်ပိုင်းမှ အကွဲအပြဲများကြောင့် သဘောထားတင်းမာသည့် စွန်နီအုပ်စုများနှင့် နိုင်ငံ၏ လူနေအထူထပ်ဆုံး ဂျာဗားကျွန်းအရှေ့ပိုင်းတွင် အဓိကနေထိုင်သည့် ရှီအာလူနည်းစုများအကြား မယုံကြည်မှု၊ အမုန်းတရားများကလည်း နက်ရှိုင်းလာခဲ့သည်။
    တင်းကြပ်သည့် သဘောထားဖြင့် ချဉ်းကပ်မည့်အစား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန် အဓိကသော့ချက်က ဥက္ကဌဟောင်း အဘ်ဒူလ် ရဟ်မန် ၀ါဟစ် အပါအ၀င် လေးစားကြည်ညိုဖွယ်ကောင်းသည့် ယခင်ခေါင်းဆောင်ဟောင်းများ၏ သဘောထားများတွင် တွေ့ရသည်ဟု NU က ယုံကြည်နေသည်။
    “အင်ဒိုနီးရှားက မွတ်စလင်တွေအနေနဲ့ သူတို့ရဲ့ ယုံကြည်မှုကို ကျင့်သုံးတဲ့နေရာမှာ Islam Nusantara အယူအဆကို ငြိမ်းချမ်းရေး၊ မတူကွဲပြားစွာညီညွတ်မှု၊ သည်းခံမှုနဲ့ ထူးခြားမှု သင်္ကေတ လက္ခဏာအဖြစ် လက်ခံသင့်ပါတယ်” ဟု ပဋိပက္ခအဖြေရှာရေး ကျွမ်းကျင်သူဖြစ်ပြီး အာချေးမှ ဘာသာတရားကိုင်းရှိုင်းသူ မူဖီဇာ မိုဟာမက်က ပြောကြားခဲ့သည်။ အာချေးပြည်နယ်မှာ ဗဟိုအစိုးရကို ဆန့်ကျင် သူပုန်ထခဲ့သည့် သမိုင်းကြောင်းရှိခဲ့ပြီး ရှရီအာ ဥပဒေကို ကျင့်သုံးသည့် တစ်ခုတည်းသော အစိတ်အပိုင်းလည် ဖြစ်သည်။
    “အစ္စလာမ်က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ၀င်ရောက်စွက်ဖက်တာမျိုး လက်သင့်မခံတဲ့ အင်ဒိုနီးရှားဟာ မွတ်စလင်ကမ္ဘာမှာ သည်းခံနိုင်မှုအရှိဆုံး တိုင်းပြည်တစ်ခုအဖြစ် အမြဲတမ်း ရပ်တည်ခဲ့ပြီး၊ ရိုးရာယဉ်ကျေးမှုကို ဘာသာတရားကနေ ခွဲထုတ်လို့ မရဘူးဆိုတဲ့ အယူအဆကို လက်ခံထားတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ဒီလို သမိုင်းနဲ့ချီ ခိုင်မာတဲ့ ရပ်တည်ချက်တွေနဲ့ပဲ ဒီတိုင်းပြည်ကို ဖွဲ့စည်းတည်ဆောက်ထားတာ ဖြစ်ပါတယ်” ဟု မူဖီဇာက ထည့်သွင်းပြောဆိုခဲ့သည်။
    Transparncy International မှ နိုင်ငံတကာ ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ နာတာလီယာ ဆိုဘဂ်ဂျိုတွင်လည်း ထိုကဲသို့ အယူအဆမျိုး ရှိသည်။
    “Islam Nusantara အယူအဆက အင်ဒိုနီးရှားရဲ့ ကြွယ်ဝတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ၊ ပွင့်လင်းမှု၊ လူ့အဖွဲ့အစည်းတိုင်းကို လက်ခံမှုနဲ့ ပါဝင်နိုင်မှုလို သမိုင်းနဲ့ချီပြီးရှိခဲ့တဲ့ လူ့အဖွဲ့အစည်းရဲ့ ဓလေ့တွေကို ရောင်ပြန်ဟပ်စေပါတယ်” ဟု သူမက ပြောကြားခဲ့သည်။
    အစ္စလာမ်သာသနာမှာ အင်ဒိုနီးရှားသို့ ကုန်သွယ်မှုဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး ဓားမိုး၍ ရောက်လာခြင်းမဟုတ်ဟုလည်း နာတာလီယာက ထောက်ပြခဲ့သည်။ အစ္စလာမ်သာသနာမရောက်မီက အင်ဒိုနီးရှားပြည်သူများမှာ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ တိုင်းရင်းသားများ၏ ယုံကြည်မှုများ၊ ဒဿနများဖြင့် ထိတွေ့ခဲ့ကြပြီး အဆိုပါယုံကြည်မှုများမှ အယူအဆများမှာ ယခုအချိန်အထိ တိုင်းပြည်၏ လူ့အဖွဲ့အစည်းတွင် ခိုင်ခိုင်မာမာ ကိန်းဝပ်နေဆဲဖြစ်သည်ဟုလည်း သူမက ဖွင့်ဟခဲ့သည်။
    “ဒါ့ကြောင့်ပဲ တမန်တော်မိုဟာမက်ရဲ့ သွန်သင်မှုတွေကို ကျွန်မတို့ ပြန်ဆိုကျင့်သုံးပုံဟာ အရှေ့အလယ်ပိုင်း ဒါမှမဟုတ် ကမ္ဘာပေါ်က အခြားဘယ်နေရာကမဆို အစ္စလာမ်ကို နားလည်ကျင့်သုံးတာမျိုးနဲ့ ခြားနားတာ ဖြစ်ပါတယ်”
    ရှရီအာ အခြေခံသည့် နိုင်ငံရေးပါတီ ၃ ခုမှ ပူးပေါင်းပါဝင်မှု မရှိခြင်း၊ အင်ဒိုနီးရှားမွတ်စလင်များအကြား ပုံသေ သဘောထားမျိုး ရှိနေခြင်းကြောင့် ဒေသမှုပြု အစ္စလာမ်သာသနာဖြစ်ရေးအတွက် နဟ်ဒ်လာသွလ် အိုလမာ (NU) ၏ ကြိုးပမ်းမှုမှာ အလွန်မတ်ဆောက်သော တောင်ပေါ်သို့ ဧရာမကျောက်တုံးကြီးကို တွန်းတင်ရသကဲ့သို့ ဖြစ်နေသည်။
    သာသနာရေးရာဝန်ကြီး လွတ်ကမန် ဆိုက်ဖွဒ်ဒင်က ရရှီအာအခြေပြု PPP ပါတီဘက်ယိမ်းသော်လည်း လူနည်းစုများကို လစ်လျူရှုကာ၊ အစွန်းရောက်ဝါဒ ကြီးထွားလာမှုကို ရင်မဆိုင်သည့် အရင့်အရင် ၀န်ကြီးများနှင့် မတူကြောင်း ပြုပြင်ပြောင်းလဲမှုများဖြင့် သက်သေပြခဲ့သည်။
    အစ္စလာမ်တွင် အရှေ့အလယ်ပိုင်းယဉ်ကျေးမှုကသာ တရားဝင်သည်ဟု ကျယ်ကျယ်ပြန့်ပြန့်လက်ခံထားမှုကို သူကလည်း မနှစ်မြို့။
    “ကမ္ဘာ့ဘယ်နေရာမှာမဆို အစ္စလာမ်ရဲ့တန်ဖိုးတွေက ဒေသယဉ်ကျေးမှုကို အခြေခံထားတာပါ။ ဥပမာအားဖြင့် အိန္ဒိယ၊ ဆူဒန်၊ တရုတ်နိုင်ငံတွေမှာ အစ္စလာမ့်တန်ဖိုးတွေဟာ နိုင်ငံရဲ့ ယဉ်ကျေးမှု အစိတ်အပိုင်းမျိုး ဖြစ်နေပါပြီ” ဟု ၀န်ကြီးက ပြောကြားခဲ့သည်။
    မဲအရေအတွက် ၁၂-၁၃ ရာခိုင်နှုန်းထက်ကျော်၍ မရဖူးသော ရှရီအာ အခြေပြုပါတီများ၏ ပုံသေထောက်ခံမှုကြောင့် တင်းကြပ်မှုဝါဒ ဖော်ဆောင်ရေးနှင့် လူတစ်ဦးချင်းစီ၏ လွတ်လပ်ခွင့်များကို ကန့်သတ်ရေးအတွက် ဥပေဒများ၊ စည်းမျဉ်းစည်းကမ်းများ ပြဌာန်းရန် ဥပဒေပြုအဖွဲ့များ၏ စိတ်အားထက်သန်မှုက အင်ဒိုနီးရှားလူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးသော ယဉ်ကျေးမှုကို နိုင်ငံရေးသမားများက နားလည်နိုင်မှု ကင်းဝေးသည့် အခြေအနေသို့ ရောက်စေသည်။
    အင်ဒိုနီးရှားမှ ၃၃ ခုသော ပြည်နယ်များ၏ ၃ ပုံ ၁ ပုံခန့်တွင် ရှရီအာ စည်းမျဉ်းစည်းကမ်းများ ထွန်းကားလာပြီး အမျိုးသမီးများ ညဘက်အပြင်ထွက်မှုကို တားမြစ်ခြင်း၊ အစ္စလာမ့်ဝတ်စုံပြည့်ဝတ်ရန်၊ မပြတ်မကွက် ဘုရားဝတ်ပြုရန်နှင့် ကုရ်အာန်သင်တန်းများ တက်ရောက်ရန် တောင်းဆိုခြင်းတို့ ဖြစ်လာခဲ့သည်။
    ထိုကဲ့သို့ ဒေသန္တရဥပဒေများ ပြဌာန်းသည့် အကြောင်းအရင်းက မဲပေးသူများအပေါ် လွှမ်းမိုးမှုရှိသည်ဟု မှတ်ယူခံရသည့် ရှေးရိုးစွဲ ဘာသာရေးခေါင်းဆောင်များ၏ အကြိုက်ကိုလိုက်သော ပါတီကြီးများမှ ထောက်ခံမှုကို ရရှိခြင်းကြောင့် ဖြစ်သည်။
    သို့သော်လည်း အဆိုပါ ပြဌာန်းချက်များက တိုင်းပြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်မပြုသော ပြဌာန်းချက်မျိုးဖြစ်ပြီး၊ အင်ဒိုနီးရှားမှာ ဘာသာရေးမစွက်သည့် တိုင်းပြည်ဖြစ်ရမည်ဟူသော အခြေခံအုတ်မြစ် ‘ပန်ကျာဆီလာ’ (Pancasila) သဘောထားနှင့်လည်း ဆန့်ကျင်နေသည်။
    သို့သော်လည်း မိမိတို့မှာ ခေတ်မီသည်၊ တိုးတက်သည်ဟု ယူဆသည့် အင်ဒိုနီးရှားပြည်သူအချို့ကလည်း Islam Nusantara အယူအဆကို မနှစ်သက်ကြ။
    “အစ္စလာမ်နဲ့ မွတ်စလင်တွေကြားထဲမှာ ပိုင်းခြားကန့်သတ်လိုက်မယ်ဆိုတာနဲ့ ဒါဟာ အစ္စလာမ်သာသာနာအတွင်း သွေးကွဲစေမှာပါ။ လူမျိုးရေး ဒါမှမဟုတ် ဘယ်ပေါ်မှာပဲ အခြေခံသည်ဖြစ်ပါစေ – ဒါမျိုးကတော့ မှားယွင်းတယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု နည်းပညာလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဖာဂျာရ် ရက်ဆိုပရိုဂျိုက ပြောကြားခဲ့သည်။
    Ref: The National
    (The National ၀ဘ်ဆိုက်တွင် ဖော်ပြထားသည့် Indonesians champion their own way of practising Islam ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
  • ဂျကာတာရှိ မြန်မာသံရုံးဗုံးခွဲရန် ကြံစည်သူကို အင်ဒိုဖမ်းဆီး
    ဂျကာတာရှိ မြန်မာသံရုံးဗုံးခွဲရန် ကြံစည်သူကို အင်ဒိုဖမ်းဆီး
    နိုဝင်ဘာ ၂၆၊ ၂၀၁၆
    M-Media
    – လာမည့်လတွင် အစိုးရအဆောက်အအုံများနှင့် ဂျကာတာရှိ မြန်မာသံရုံးတို့အား တိုက်ခိုက်ရန် ကြံစည်နေသည့် စစ်သွေးကြွတစ်ဦးကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး ဗုံးလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းအများအပြားကိုလည်း သိမ်းယူရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားလိုက်သည်။
    ဖမ်းဆီးရမိသူမှာ အသက် ၂၃ နှစ်အရွယ်ရှိ ရီယို ပရီယက်တနာ ၀ီဘာဝါဆိုသူဖြစ်ပြီး IS အား ထောက်ခံသည့် အင်ဒိုနီးရှား အဖွဲ့တစ်ခုမှ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။
    ဒေသတွင်း မီဒီယာများကမူ ၎င်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ဖောက်ခွဲရေးပစ္စည်းများမှာ ၂၀၀၂ နှစ်က လူ ၂၀၂ ဦး သေဆုံးခဲ့သည့် ဘာလီနိုက်ကလပ် ဗုံးဖောက်ခွဲမှုတွင် အသုံးပြုခဲ့သည့် ဗုံးထက် ပြင်းအား ၂ ဆပိုသည်ဟု ဖော်ပြခဲ့သည်။
    စိုက်ပျိုးရေးတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားခဲ့သည့် ၀ီဘာဝါမှာ လက်ရှိတွင် အလုပ်လက်မဲ့ဖြစ်နေပြီး ဗုံးဖောက်ခွဲမှုကို ကိုယ်တိုင်လေ့လာထားသူဖြစ်ကာ အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်းရှိ နေရာတော်တော်များများသို့ ဖောက်ခွဲရေးပစ္စည်းများ ဖြန့်ဖြူးရန် စီစဉ်ခဲ့သူဖြစ်သည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဘွိုင် ရက်ဖ်လီ အေမာရ်က ယနေ့တွင် ပြောကြားခဲ့သည်။
    ယခုနှစ်အတွင်း IS မှာ အင်ဒိုနီးရှားတွင် ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ပြီး ထိုအထဲမှ အကြီးဆုံးမှာ ဇန်န၀ါရီလက ဂျကာတာတွင် ပြုလုပ်ခဲ့သည့် ဖောက်ခွဲမှုဖြစ်ကာ လူ ၄ ဦး သေဆုံးခဲ့သည်။
    မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမွတ်စလင်များအပေါ် ဖိနှိပ်မှုများကြောင့် အရှေ့တောင်အာရှအတွင်းရှိ မွတ်စလင်အများစုရှိရာ နိုင်ငံများတွင် ဒေါသထွက်မှုများ မြင့်တက်လာပြီး ဂျကာတာအပါအ၀င် မြို့ကြီးများတွင် ဆန္ဒပြမှုများ ဖြစ်ပွားသည်အထိ ဦးတည်လာခဲ့သည်။
    Ref: Channelnewsasia
  • ဂျာကာတာတိုက်ခိုက်မှုတွင် ပါဝင်သူကို အင်ဒိုက ထောင် ၁၀ နှစ်ချ
    ဂျာကာတာတိုက်ခိုက်မှုတွင် ပါဝင်သူကို အင်ဒိုက ထောင် ၁၀ နှစ်ချ
    အောက်တိုဘာ ၂၁၊ ၂၀၁၆
    M-Media
    philipine
    – ယခုနှစ်ဇန်န၀ါရီလက ဖြစ်ပွားခဲ့သည့် ဂျာကာတာအကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူ ဒိုဒီဆူရီဒီကို အင်ဒိုနီးရှားက ယမန်နေ့တွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်ဟု သိရသည်။
    အသက် ၂၃ နှစ်အရွယ် ဒိုဒီမှာ တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့် ဗုံးပြုလုပ်ရာတွင် ကူညီခဲ့မှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး အစိုးရရှေ့နေများက အမြင့်ဆုံးထောင်ဒဏ် နှစ် ၂၀ အနက် ၁၀ နှစ် ချမှတ်ရန် လျှောက်ထားခဲ့သည်။
    ဒိုဒီသည် ဗုံးပြုလုပ်ရာတွင် အသုံးပြုရန်အတွက် ၃ ကီလိုဂရမ်လေးသည့် ဓာတ်ငွေ့သိုလှောင်ခွက်တစ်ခုကို ၀ယ်ယူရန် တာဝန်ယူရသူဖြစ်သည်။ စစ်သွေးကြွလေးယောက်အပါအ၀င် လူ ၈ ယောက် သေဆုံးခဲ့သည့် ဇန်န၀ါရီလ ၁၄ ရက်နေ့တိုက်ခိုက်မှု၌ အဆိုပါဗုံးသည် ဂျလန်သမ်ရင်းလမ်းရှိ ရဲစခန်းတစ်ခုအနီးတွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
    တရားသူကြီး အက်ခ်မက် ဖော်ဇီက ဒီဒိုသည် အကြမ်းဖက်မှု၌ ဗုံးများကို စီစဉ်ပြုလုပ်ခြင်းဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ အကြမ်းဖက်မှုကာကွယ်ရေးဥပဒေကို ချိုးဖောက်ကြောင်း ပြစ်မှုထင်ရှားသည့်အတွက် အပြစ်ပေးရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    သို့သော်လည်း တရားသူကြီးများက ဒိုဒီသည် ၎င်း၏ လုပ်ရပ်များကို ဖြောင့်ချက်ပေး ၀န်ခံခဲ့သည့်အပြင် ငယ်ရွယ်သူတစ်ယောက် ဖြစ်သည့်အားလျော်စွာ အမှုကို ပြန်လည်စဉ်းစားသုံးသပ်ပေးခဲ့သည်။
    အမိန့်ချမှတ်ခဲ့ပြီးနောက် ဒိုဒီက ထိုအပြစ်ကို လက်ခံသည်ဟုဆိုပြီး “ဒါဟာ အကြမ်းဖက်သမားတစ်ယောက်ဖြစ်ရတဲ့ အန္တရာယ်ပါပဲ” ဟု ပြောကြားခဲ့သည်။ ဂျာကာတာ တိုက်ခိုက်မှုတွင် ကူညီခဲ့သူ အခြား စစ်သွေးကြွ အလီ ဟက်မာကိုလည်း တရားရုံးက ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့သည်။
    Ref : CNA