News @ M-Media

Tag: indonesia

  • အမေရိကန် ဒုသမ္မတ အင်ဒိုနီးရှား၏ အကြီးဆုံးဗလီသို့ သွားရောက်လည်ပတ်

    အမေရိကန် ဒုသမ္မတ အင်ဒိုနီးရှား၏ အကြီးဆုံးဗလီသို့ သွားရောက်လည်ပတ်

    ဧပြီ ၂၁၊ ၂၀၁၇
    M-Media

    အီမာန်ကြီး နာဆာရုဒင် အူမာရ်က လှည့်လည် ပြသနေစဉ်

    – အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်မှာ ဂျကာတာမြို့ရှိ နိုင်ငံ၏ အကြီးဆုံး အစ္စတစ်ကာလ် ဗလီဝတ်ကျေင်းတော်သို့ ယမန်နေ့က သွားရောက်လည်ပတ်ခဲ့သည်ဟု သိရသည်။

    မိုက်ပန့်စ်နှင့်အတူ ၎င်း၏ ဇနီးနှင့် သမီး နှစ်ဦးတို့လည်း လိုက်ပါလာခဲ့ပြီး ဗလီဝတ်ကျောင်းတော်၏ အီမာမ်ကြီး နာဆာရူဒင် အူမာရ်က ၀တ်ကျောင်းတော်အတွင်း လှည့်လည် ပြသခဲ့သည်။ မိုက်ပန့်စ်ကမူ အင်ဒိုနီးရှားနိုင်ငံ၏ အစ္စလာမ့်အလယ်အလတ်လမ်းစဉ် ကျင့်သုံးမှုမှာ အားကျစရာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “အင်ဒိုနီးရှားရဲ့ အစ္စလာမ့်အလတ်အလတ်လမ်းစဉ်ကို ကျင့်သုံးမှုဓလေ့ဟာ ကမ္ဘာကြီးအတွက် လေးစားအားကျစရာတစ်ခုပါပဲ။ ခင်ဗျားတို့နဲ့ ခင်ဗျားတို့ရဲ့ ပြည်သူတွေကို ချီးကျူးပါတယ်။ ခင်ဗျားတို့တိုင်းပြည်ဟာ ကျွန်တော်တို့ တိုင်းပြည်လိုပဲ ဘာသာတရားတွေ စည်းလုံးတယ်၊ သွေးကွဲမှုမရှိပါဘူး” ဟု ဂျကာတာရှိ သမ္မတအိမ်တော်တွင် သမ္မတဂျိုကို ၀ီဒိုဒိုနှင့် တွေ့ဆုံပြီးနောက် ပြောကြားခဲ့သည်။

    ဗလီဝတ်ကျောင်းတော်အတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီးနောက် မိုက် ပန့်စ်မှာ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ၊ ကွန်ဖြူးရှပ်စ်ဘာသာ၊ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာများမှ ဘာသာရေးခေါင်းဆောင်များနှင့် ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

    မိုက်ပန့်စ်က အင်ဒိုနီးရှားနိုင်ငံ၏ ပြည့်ဝသည့် အစ္စလာမ်သာသနာမှာ သဘောထားတင်းမာသူများ၊ ကွန်ဆာဗေးတစ်ဝါဒသို့ ဦးတည်သည့် အရွေ့တစ်ခု၏ ခြိမ်းခြောက်မှုအောက် ရောက်နေသည်ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

    သမ္မတ ၀ီဒိုဒိုနှင့်တွေ့ဆုံပြီးနောက် မိမိတို့မှာ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရေးအတွက် ပိုမိုခိုင်မာသည့် ကာကွယ်ရေး ပူးပေါင်ေးဆာင်ရွက်မှုတစ်ခု တည်ဆောက်ရေး၊ တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် အာမခံချက်ရှိရေး ဆောင်ရွက်ရန် သဘောတူခဲ့သည်ဟု မိုက်ပန့်စ်က ကြေငြာခဲ့သည်။

    အမေရိကန် ဒုတိယသမ္မတမှာ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများသို့ သွားရောက်ခဲ့ပြီး သြစတေးလျနိုင်ငံသို့ သွားရောက်ရန် ရှိနေသည်။

    Ref : CNA

  • ဘာသာရေးသည်းမခံနိုင်မှုက အစ္စလာမ်နှင့်ဆန့်ကျင်နေသည်ဟု အင်ဒို ထိပ်တန်း အီမာမ်ကြီးပြော

    ဘာသာရေးသည်းမခံနိုင်မှုက အစ္စလာမ်နှင့်ဆန့်ကျင်နေသည်ဟု အင်ဒို ထိပ်တန်း အီမာမ်ကြီးပြော

    ဧပြီ ၈၊ ၂၀၁၇
    M-Media

    Istiqlal ဗလီဝတ်ကျောင်းတော်ရဲ့ ရှေ့ဆောင်အီမာမ်ကြီး နာဆာရုဒ်ဒင် အူမာရ်

    – သဘောထားတင်းမာသူ အုပ်စုတွေက လူ့အဖွဲ့အစည်းကြားမှာ အမုန်းတရားတွေ၊ အစွန်းရောက် အယူအဆတွေ သွတ်သွင်းနေတာကို ရပ်တန့်ဖို့အတွက် အရှေ့တောင်အာရှရဲ့ အကြီးဆုံး ဗလီဝတ်ကျောင်းတော်ဖြစ်တဲ့ ဂျကာတာက Istiqlal ဗလီဝတ်ကျောင်းတော်ရဲ့ ရှေ့ဆောင်အီမာမ်ကြီး နာဆာရုဒ်ဒင် အူမာရ်က ဆော်သြလိုက်ပါတယ်။

    အင်ဒိုနီရှားနိုင်ငံမှာ အခုနှစ်ပိုင်းအတွင်း ဘာသာရေး သည်းမခံနိုင်မှုတွေ မြင့်တက်လာခဲ့ပြီး ဂျကာတာအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ ဒါကို ထင်ထင်ရှားရှား တွေ့မြင်လာရပါတယ်။ သဘောထားတင်းမာသူ အဖွဲ့တွေဟာ ငြိမ်းချမ်းရေးနဲ့ ဘာသာရေးသည်းခံနိုင်မှုအကြောင်း ပြောတဲ့ နိုင်ငံရေး၊ ဘာသာရေး ခေါင်းဆောင်တွေကိုပါ ပစ်မှတ်ထားလာကြတာပါ။

    ဒါပေမယ့် အင်ဒိုနီးရှားမှာ အလေးစားခံရဆုံး အစ္စလာမ့်ဓမ္မပညာရှင်တွေထဲက တစ်ဦးဖြစ်တဲ့ အီမာမ်ကြီး နာဆာရုဒ်ဒင် အူမာရ်က ဘာသာရေး သည်းမခံနိုင်မှုဟာ အစ္စလာမ့်သွန်သင်ချက်နဲ့ ဆန့်ကျင်နေတယ်လို့ ဧပြီလ ၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

    “ကိုယ့်ရဲ့ ဘာသာတရားကို ပိုပြီးနားလည်လာရင် ဘုရားသခင်အလိုတော်နဲ့ သူတို့ဟာ ပိုပြီး အလယ်အလတ်ဝါဒီတွေ၊ ပိုပြီး သည်းခံနိုင်သူတွေ၊ ပူးပေါင်းဆောင်ရွက်နိုင်သူတွေ၊ ကျွန်တော်တို့ နိုင်ငံအတွက် အပြုသဘောဆောင်တဲ့ အတွေးအခေါ်မျိုး တွေးခေါ်နိုင်သူတွေ ဖြစ်လာမယ်လို့ ကျွန်တော့်အနေနဲ့ ပြည့်ပြည့် ၀၀ ယုံကြည်ပါတယ်” လို့ အီမာမ်ကြီးက ဆိုပါတယ်။

    အီမာမ်ကြီးဟာ ၂၀၁၁ ခုနှစ်က ၂၀၁၄ ခုနှစ်အထိ အင်ဒိုနီးရှား သာသနာရေးဝန်ကြီးဌာနမှာ ဒုတိယ၀န်ကြီးအဖြစ် ဆောင်ရွက်ခဲ့ပြီး နိုင်ငံအတွင်း ဘာသာရေးသည်းခံနိုင်မှုရှိဖို့ အသိပညာပေးရာမှာ ထိပ်တန်းက ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

    တိုကျို၊ လန်ဒန်၊ ၀ါရှင်တန်တွေမှာလည်း အစ္စလာမ့်ရေးရာ ပညာရပ်တွေကို သင်ကြားပို့ချပေးခဲ့ပြီး Masyarakat Dialog antar Umat Beragama ဆိုတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ကိုလည်း တည်ထောင်ထားသူပါ။ ပြီးခဲ့တဲ့နှစ်မှာတော့ အင်ဒိုနီးရှားရဲ့ နိုင်ငံတော်ဗလီ Istiqlal ရဲ့ ရှေ့ဆောင်အီမာမ်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

    Ref: Coconuts Jakarta

  • ပြည်သူကိုစည်းလုံးစေသည့် တရားများသာ ဟောကြားရန် အင်ဒိုနီးရှား လမ်းညွှန်ချက်ထုတ်ပြန်မည်

    ပြည်သူကိုစည်းလုံးစေသည့် တရားများသာ ဟောကြားရန် အင်ဒိုနီးရှား လမ်းညွှန်ချက်ထုတ်ပြန်မည်

    ဧပြီ ၅၊ ၂၀၁၇
    M-Media

    အင်ဒိုနီးရှား သာသနာရေးဝန်ကြီး လွတ်ကမန်

    – နိုင်ငံအတွင်း မြင့်တက်လာသည့် ဘာသာရေးသည်းမခံနိုင်မှုများကို တိုက်ဖျက်ရန်အတွက် ၀တ်ပြုရာနေရာများတွင် တိုင်းပြည်အတွင်း စည်းလုံးမှု ပြိုကွဲစေမည့် စကားများကို ပြောဆိုခြင်းမပြုရေး လမ်းညွှန်ချက်များ ချမှတ်ပေးသွားရန် အင်ဒိုနီးရှား သာသနာရေးဝန်ကြီးဌာနက စီစဉ်နေသည်ဟု သိရသည်။

    “၀တ်ပြုရာနေရာအားလုံးမှာ တိုင်းပြည်အတွင်းရှိတဲ့ ဘာသာဝင်တွေအတွက် ကာကွယ်ပေးမယ့်၊ စည်းလုံးစေမယ့်၊ သဟဇာတဖြစ်စေမယ့် တရားမျိုးတွေ ဟောကြားရေး သာသနာရေးဝန်ကြီးဌာနက လမ်းညွှန်ချက်တွေ စီစဉ်နေပါတယ်” ဟု အင်ဒိုနီးရှား သာသနာရေးဝန်ကြီး လွတ်ကမန်က ဧပြီလ ၃ ရက်နေ့တွင် ပြော
    ကားခဲ့သည်။

    “အဖျက်သဘောဆောင်တာတွေ၊ လှုံ့ဆော်တာတွေ၊ အခြားဘာသာတွေကို အမုန်းတရားနဲ့ တိုက်ခိုက်တာမျိုးတွေပါတဲ့ တရားတွေကို ခွင့်ပြုသွားမှာ မဟုတ်ပါဘူး။ ဒီအတွက် ကျွန်တော်တို့ ပြင်ဆင်နေပါတယ်”

    အဆိုပါ လမ်းညွှန်းချက်များကို နိုင်ငံအတွင်း ၀တ်ပြုရာနေရာတိုင်းကို ဝေငှသွားမည်ဖြစ်ပြီး တရားဟောပြောမည့်ပုဂ္ဂိုလ်နှင့် ဟောကြားမည့် တရားများကို အဆိုပါ ၀တ်ပြုရာနေရာ၏ ဂေါပကအဖွဲ့မှ ရွေးချယ်ခွင့်ပြုရမည်ဟု ၀န်ကြီးက ထည့်သွင်းပြောဆိုခဲ့သည်။

    “၀တ်ပြုရာနေရာဆိုတာ အမုန်းတရားနဲ့ ရန်လိုမှုတွေ ပြန့်နှံ့ရမယ့်နေရာ မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးရဲ့ တူညီတဲ့ ဘာသာရေးတန်ဖိုးတွေကို မျှဝေမှုကနေတစ်ဆင့် ကျွန်တော်တို့ကို စည်းလုံးအောင်ပြုလုပ်ရမယ့်နေရာပါ”

    Ref: coconuts jakarta

  • သက်ရှိ ခဲတံလူသားလေး

    သက်ရှိ ခဲတံလူသားလေး

    ဧပြီ ၅၊ ၂၀၁၇
    M-Media

    – အင်ဒိုနီးရှားနိုင်ငံမှာ သက်ရှိခဲတံ လူသားလေးရှိတယ်လို့ ပြောလိုက်ရင် အသင် အံ့သြသွားပါလိမ့်မယ်၊ အကြောင်းကတော့ အဲဒီ ခလေးငယ်လေးမှာ မွေးရာပါ ခြေလက်အင်္ဂါမပါလာခဲ့လို့ပါပဲ။ ဒါပေမဲ့ သူဟာ ကွန်ပြူတာ ဂိမ်းကို သူရဲ့ မေးစေ့နဲ့ ကောင်းကောင်းကစား နိုင်ယုံသာမက၊ အင်မတန်မှ စာတော်တဲ့ ကလေးလေး တစ်ယောက်ဖြစ်နေတာဟာ အံ့သြစရာပါပဲ။

    သူမှာ မွေးရာပါ လက်နှစ်ဖက်လည်း မရှိဘူး၊ ခြေထောက်တစ်စုံ လည်း မရှိပါဘူး။ ဒါပေမဲ့ သူဟာ စိတ်ဓာတ်မကျခဲ့ပါဘူး။ သူ့ရဲ့ ကိုယ်ပိုင် ပျော်ရွှင်စရာကောင်းတဲ့ ကမ္ဘာလေးတစ်ခုကို ကိုယ်ပိုင်တည်ဆောက်ရာမှာ သူ့ကို ရပ်တံ့သွားအောင် လုပ်ဖို့ ဘယ်အရာကိုမှ သူက ခွင့်မပြုခဲ့ဘူး။ သူ့ရဲ့ အိပ်မက်တွေကို အမြင့်မားဆုံး မက်ခွင့်ပြုခဲ့တဲ့ နေရာမှာ သူဟာ လွတ်လွတ်လပ် လပ် လုပ်နိုင်ခဲ့ပါတယ်။

    အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်ထဲက အသက်ဆယ့်တစ်နှစ်အရွယ် ချစ်စရာကောင်းလှတဲ့ တီယို ဆတ်ရီယိုလေးဟာ ကံမကောင်း အကြောင်းမလှစွာနဲ့ မွေးရာပါ လက်ခြေနှစ်ဖက်တွေ မပါလာခဲ့ပါဘူး။ ဒါပေမဲ့ သူဟာ ဖျံ တစ်ကောင်လိုတော့ ပေါ့ပါးလျှင်မြန်စွာ ကောင်းကောင်းကြီး ရွေ့လျားသွားလာနေတတ်ပါတယ်။

    သူက ဗီဒီယို ဂိမ်းတစ်ခုဖြစ်တဲ့ PlayStation ကစားတဲ့နေရာမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူ ဖြစ်ပါတယ်။ သူရဲ့ အနှစ် ခြိုက်ဆုံး ၀ါသနာထဲမှာ အရူးအမူး စွဲစွဲလမ်းလမ်း ကစားဖြစ်တဲ့ ဂိမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ထိန်းချုပ်မှု့မှန်သမျှ သူ့ မေး စေ့ကို အသုံးပြုပြီး လှည့်ပတ် လှုပ်ရှားခြင်းက ဂိမ်းကို မကြာခဏလာကစားကြတဲ့ သူ့ပြိုင်ဘက်တွေအတွက် သူဟာ လေးစားထိုက်တဲ့ ယှဉ်ပြိုင်ဘက်ကောင်း တစ်ယောက် ဖြစ်သွားစေခဲ့ပါတယ်။

    PlayStation ဂိမ်းမှာ သူက သူ့အိပ်မက်တွေကို တစ်သက်လုံး အကောင်ထည်ဖေါ်သွားချင်ပေမဲ့ ဘ၀ဟာ သူ့အတွက် မလွယ်ပါဘူး။ သူ့ရဲ့ ခန္ဓာကိုယ် မစွမ်းမသန်ဖြစ်မှု့ရဲ့ လက်တွေ့ဘ၀က သူ့ကို လွန်လွန်ကဲကဲ ပျော့ကွက်ဟာကွက်တွေ ဖြစ်စေခဲ့ပါတယ်။ ဒီအတွက် သူဟာ နာကျင်ထိခိုက်စွာ ခံစားရပါတယ်။ ကြောက်စိတ်ကြောင့် ဖြစ်လာရတဲ့ စိတ်ဓာတ်ကျမှု့ တွေ၊ ကိုယ့်ကိုကိုယ် မလုံခြုံသလို ခံစားနေရတာတွေနဲ့ ယုံကြည်မှု့တွေပါ ပျောက်ဆုံးသွားခဲ့ရခြင်းက သူ့ကို ကျောင်းမတက် ချင်တဲ့အထိအောင် ဖြစ်သွားစေခဲ့ပါတယ်။ တိုင်ယိုလေးမှာ ကြံခိုင်တဲ့စိတ်ဓာတ်ရှိတာကြောင့်၊ စိတ်ဓာတ်ကျခြင်းရဲ့ အပြင်း အထန် ဖိစီးနှိပ်စက်မှု့ဒဏ်ကို ကြံကြံခိုင် ရပ်တည်တွန်းလှန်နိုင်ခဲ့ပါတယ်။

    အနည်းငယ် လိုအပ်ချက် ရှိသူတွေကို လက်ခံပေးထားတဲ့ကျောင်းမှာ အခုတော့ ပုံမှန် သူတက်ရောက်ပညာသင်ကြား နေပါတယ်လို့ ကျောင်းအုပ်ကြီးက ဆိုပါတယ်။ သူဟာ ဥာဏ်ပညာ ထူးချွန်ထက်မြတ်သူတစ်ယောက်ဖြစ်ပြီး သင်္ချာဘာသာ ရပ်နဲ့ ဘာသာရေးဆိုင်ရာ လေ့လာသင်ကြားမှု့မှာ သူဟာ အတော်လေးကို ထူးချွန်ပါတယ်။ သူ့ရဲ့ ဥာဏ်ရည်ဥာဏ်သွေး အဆင့်ဟာ သူအခု ရောက်နေတဲ့ နှစ်တန်း grade 2 ထက်ကျော်ပြီး လေးတန်းပညာ grade 4 academics တောင် ကောင်းကောင်းကြီး လိုက်နိုင်ပါတယ်။ ဒေးလီးမေးလ် သတင်းဌာနရဲ့ သတင်းဖေါ်ပြချက်အရ၊ တိုင်ယိုဟာ စိန်ခေါ်မှု့တွေ လုပ်ရတာကို သဘောတွေ့နေပြီး အမြဲတမ်း အနိုင်ရရှိသူတစ်ယောက် ဖြစ်ပါတယ်။ ခဲတံကို ပါးစပ်ဖြင့်ကိုင်ယင်း တိုင်ယို လေးဟာ အမြှောက်အစား တွက်ရတာကို သဘောကျ နှစ်ခြိုက်သူတစ်ယောက် ဖြစ်ပါတယ်။

    အလွယ်ရီတတ်တဲ့ သူ့အကျင့်ကြောင့် ဆရာဆရာမများနဲ့ ကျောင်းသားများအကြား အသဲကျော် ဖြစ်လို့နေပါတယ်။ သူဟာ သူရဲ့ မစွမ်းမသန်ဖြစ်နေတာတွေကို ရင်ဆိုင်ကျော်လွှားဖို့ ကြိုးစားတယ်၊ သူ့မှာ ကြီးကျယ်မြင့်မြတ်တဲ့ စိတ်ထားရှိတယ်လို့ အတန်းပိုင် ဆရာမက ဆိုပါတယ်။ အခုတော့ လိုအပ်ချက်ရှိသူတွေ တက်ရောက်နိုင်တဲ့ကျောင်းမှာ သူဟာ ပုံမှန်တက်ရောက်နေတဲ့ ကျောင်းသားတစ်ယောက် ဖြစ်လို့ နေပါပြီ။

    တိုင်ယိုရဲ့ မိခင်ကတော့ သူ့သားအတွက် ဂုဏ်ယူကြောင်း အတော်လေးကို ချစ်ခင်ကြောင်း ပြောပါတယ်။ သူမကိုယ်တိုင် သူ့သားကို မနက်ခင်းတိုင်း Playstation ကစားဖို့ ခွင့်ပြုပါတယ်။ သူကျောင်းကို ဆိုင်ကယ်နဲ့ လာတက်တယ်။ ကျောင်း ပြီး ရင် သူ့ကို ထပ်ကစားခွင့်ပြုထားတယ်။ ညအိပ်ရာမ၀င်ခင်မှာလည်း သူ့ကို ပေးကစားထားတယ်လို့ ဆိုပါတယ်။

    မစ္စ ဆတ်ရီယို ရှင်းပြရာမှာတော့ သူမဟာ ကိုယ်ဝန်ရှိစဉ်ကာလမှာ အမှားလုပ်မိတယ်လို့ သတိမထားမိခဲ့ကြောင်း၊ မွေးဖွား စဉ်ကာလမှာလည်း မှားသလားမမှားဖူးလားဆိုတာကို သူမသိတဲ့အကြောင်း ပြောပါတယ်။ ၀မ်းဆွဲသည်ကလည်း ဘာတစ် ခွန်းမှ မပြောပဲ မြိုသိပ်ထားခဲ့ကြောင်းနဲ့ ခလေး ကောင်းမွန်စွာ မွေးဖွားကြောင်းပဲ ပြောခဲ့ပါတယ်။

    သူက သန်းခေါင်ယံအချိန်မှာ မွေးဖွားခဲ့တာကြောင့် နေ့လည်နှောင်းပိုင်းကျမှ သူမကို အမှန်အတိုင်း ကတိုက်ကရိုက်ပြောချ လိုက်တာကြောင့် သူမ တုန်လှုပ်ရတဲ့ အခြေနေ ဖြစ်သွားရကြောင်း ပြောပါတယ်။ အချိန်ကာလ အတိုင်းအတာ တစ်ရပ် က သာလျှင် သူမ ခလေးရဲ့ ကံကြမ္မာကို ကုစားနိုင်မှာ ဖြစ်ကြောင်း၊ ဒါက သူမ လက်ခံတတ်အောင် သင်ယူသွားရဖို့သာ ဖြစ် ပါတယ်။

    မီမီ ဆတ်ရီယိုက ပြောကြားရာမှာတော့ အစာကျွေးခြင်းနဲ့ အ၀တ်လျှော်ခြင်းကဲ့သို့သော သူ့ နေ့စဉ် လိုအပ်ချက်တွေကို ကြည့်ရှု့စောင့်ရှောက်ပေးခြင်းကပင် နေ့စဉ်နဲ့အမျှ စိန်ခေါ်မှုတစ်ခုပင်ဖြစ်ကြောင်း၊ သူ့ရဲ့ သွားနဲ့ သကြားလုံးဖေါက်တာ လောက်ကဲ့သို့သော အချို့အလုပ်တွေကိုတော့ သူ့ဖာသာသူ လုပ်ကြောင်း မစ္စ ဆတ်ရီယို က ပြောပါတယ်။

    သူတို့ ဇနီးမောင်နှံမှာ တစ်ခြား ခလေးတွေလည်းရှိပေမဲ့ အင်ဒိုနီးရှားနိုင်ငံထဲမှာပဲ တကွဲတပြားစီ နေထိုင်ကြပြီး အဲဒီ နေရာ အထိသွားပြီး အမြဲတမ်း အကူညီပေးလို့လည်း မရပါဘူး။

    တိုင်ယိုလေးက သူတို့ကို လိုအပ်နေတဲ့အတွက်ကြောင့် သူတို့ အပြင်ထွက်ရှာပြီး အလုပ်လုပ်ဖို့လည်း မတတ်နိုင်ကြောင်း မစ္စ ဆတ်ရီယို က ပြောပါတယ်။အစိုးရဘက်က ထောက်ပံ့ကြေးပေးငွေကို အရင်က သူတို့ ရယူခဲ့ကြပေမဲ့ ဒီတစ်နှစ်ထဲမှာ တော့ ဘာသံမှ မကြားရတော့ပါဘူး။ သူတို့ မိသားစုလေးအတွက် အမှန်တကယ်မှ ခက်ခဲနေပါတယ်။

    ဒီလိုဖြစ်နေပေမဲ့လည်း တိုင်ယိုလေးဟာ ဇွဲစိတ်ဓာတ်ကြီးမားစွာနဲ့ သူ့ရဲ့ အတန်းပညာကို ဆက်လက်သင်ယူနေပြီး သူ ခုံမင်စွဲလန်းစွာကစားရတဲ့ PlayStationရဲ့ နှစ်သက်စဖွယ် ကမ္ဘာလေးထဲမှာ သူ့အိမ်မက်တွေကိုလည်း ဆက်မက်နေဆဲ ပါပဲ။

    ဖြစ်ရိုးဖြစ်စဉ် မဟုတ်တဲ့ကိစ္စတွေ အားလုံးကို ကျော်လွှားပြီး ဆန္ဒတွေကို ဘယ်လို ရှင်ကျန်အောင်လုပ်ရမလဲဆိုတဲ့ နည်းလမ်းကို ဒီကလေးရဲ့ ဘ၀ထဲမှာ ထင်ဟပ်ပေါ်လွင်နေတာကတော့ အံ့သြစဖွယ်ပဲ ဖြစ်ပါတယ်။

    (Simone Jonker ရေးသားပြီး ntd.tv တွင်ဖော်ပြထားသည့်  Child born without arms and legs, not only plays excellent computer games with his chin but is an outstanding scholar! ဆောင်းပါးကို ရဲမင်းဒင် ဘာသာပြန်ဆိုသည်။)

  • အင်ဒိုတွင် Apple က အိုင်ဖုန်းများ ထုတ်လုပ်မည်

    အင်ဒိုတွင် Apple က အိုင်ဖုန်းများ ထုတ်လုပ်မည်

    ဧပြီ ၂၊ ၂၀၁၇
    M-Media

    – အမေရိကန်၏ နာမည်ကျော် Apple ကုမ္ပဏီမှာ အင်ဒိုနီးရှားတွင် ၎င်းတို့၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးစင်တာကို ယခုနှစ်အတွင်း ဖွင့်လှစ်သွားမည်ဟု သိရသည်။

    တန်ဂီရန်မြို့တွင် ယခုနှစ် ဒုတိယနှစ်ဝက်၌ ဖွင့်လှစ်သွားမည်ဖြစ်သောကြောင့် အိုင်ဖုန်း 7 နှင့် 7 Plus များကို အင်ဒိုနီးရှားနိုင်ငံတွင်း တရားဝင် လက်ကား ဖြန့်ချီနိုင်မည်ဖြစ်သည်။

    Apple မှာ ကန်ဒေါ်လာ ၄၄ သန်း တန်ဖိုးရှိ အဆိုပါ ရင်းနှီးမြှုပ်နှံမှုကို ပြီးခဲ့သည့်နှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

    အင်ဒိုနီးရှား၏ ရင်းနှီးမြှုပ်နှံမှု စည်းမျဉ်းစည်းကမ်းအရ နိုင်ငံခြား ဖုန်းထုတ်လုပ်ရေးလုပ်ငန်းများမှာ နိုင်ငံအတွင်း ဖုန်းရောင်းချရန်အတွက် အနည်းဆုံး ပြည်တွင်းမှ ပါဝင်မှု ၃၀ ရာခိုင်နှုန်း ရှိရမည်ဟု သတ်မှတ်ထားသည်။

    နိုင်ငံခြား ထိပ်တန်း ဖုန်းလုပ်ငန်းများ အင်ဒိုနီးရှားတွင် အခြေစိုက်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးမဟုတ်ဘဲ ၂၀၁၅ ခုနှစ် နိုဝင်ဘာကလည်း Lenovo မှာ ၎င်းတို့၏ 4G ဖုန်းများကို အင်ဒိုနီးရှားတွင် ပထမဆုံး ထုတ်လုပ်ခဲ့သည်။

    Ref: Glipboard.com