သြဂုတ် ၁၄၊ ၂၀၁၆
M-Media
– Ph.D အဆင့် လေ့လာမှုများ ပြုလုပ်နိုင်ရန်အတွက် အင်ဒိုနီးရှားကျောင်းသား ၅၀၀၀ ကို သြစတေးလျသို့ စေလွှတ်ရေး သဘောတူညီချက်တစ်ခုကို အင်ဒိုနီးရှား သာသနာရေးဝန်ကြီးဌာနမှ အစ္စလာမ့်ပညာရေးဆိုင်ရာ ညွှန်ကြားရေးမှုးချုပ်နှင့် သြစတေးလျတက္ကသိုလ်များ နည်းပညာကွန်ယက် ATN တို့က လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။
ညွှန်ကြားရေးမှူးချုပ် ကမာရွတ်ဒင်အာမင်က အဆိုပါသဘောတူညီချက်မှာ တက္ကသိုလ်နည်းပြဆရာများ၏ ပညာရေးနယ်ပယ်၊ အထူးသဖြင့် အစ္စလာမ့်ရေးရာ လေ့လာမှုနယ်ပယ်တွင် အကူအညီဖြစ်စေမည်ဟု ပြောကြားခဲ့သည်။
“ရည်ရွယ်ချက်ကတော့ မွတ်စလင်လူများစုရှိရာ အင်ဒိုးနီးရှားကို အစ္စလာမ့်ပညာရေး အချက်အချာနေရာအဖြစ် ဖွံ့ဖြိုးစေဖို့ပဲ ဖြစ်ပါတယ်” ဟု ကရာမွတ်ဒင်က ပြောကြားခဲ့သည်။
အစိုးရဘက်ကလည်း ပညာသင်ဆုအတွက် ထောက်ပံ့ကြေးအနေဖြင့် ရူပီးဘီလီလံ ၅၀၀ (ကန်ဒေါ်လာ ၃၈.၂ သန်း) ကို ထောက်ပံ့ပေးအပ်ထားပြီး၊ ယခုအစီအစဉ်မှာ ၂၀၁၇ ခုနှစ်တွင် နိုင်ငံတကာ အစ္စလာမ့်မစ်တက္ကသိုလ်တစ်ခု တည်ဆောက်မည့် ၀န်ကြီးဌာန၏ စီမံကိန်း တစ်စိတ်တစ်ဒေသလည်း ဖြစ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ATN မှာ အမှုဆောင်ဒါရိုက်တာဖြစ်သူ ရီနီ ဟင်ဒ်မာ့ရှ်ကမူ ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုမှာ သြစတေးလျနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ဆက်ဆံရေး ပိုမိုအားကောင်းစေမည်ဖြစ်ပြီး ကျောင်းသားများကိုလည်း ကမ္ဘာ့အဆင့် ပညာရေး ရရှိစေနိုင်မည်ဟု ပြောကြားခဲ့သည်။
Ref : IINA









