News @ M-Media

Tag: indonesia

  • နစ်မြုပ်ရေငုပ်သင်္ဘောတွင် လိုက်ပါသွားသူများအားလုံး သေဆုံးခဲ့ပြီဟု အင်ဒိုနီးရှား ထုတ်ပြန်

    နစ်မြုပ်ရေငုပ်သင်္ဘောတွင် လိုက်ပါသွားသူများအားလုံး သေဆုံးခဲ့ပြီဟု အင်ဒိုနီးရှား ထုတ်ပြန်

    ဧပြီ ၂၅၊ ၂၀၂၁
    M-Media

    -နစ်မြုပ်သွားတဲ့ ရေငုပ်င်္ဘောပေါ်မှာ လိုက်ပါသွားသူ ၅၃ ဦးစလုံး သေဆုံးသွားခဲ့ပြီလို့ အင်ဒိုနီးရှား စစ်တပ်အကြီးအကဲ ဟာဒီ ဂျာဂျန်တိုက ဒီကနေ့ညနေပိုင်းမှာ အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

    KRI Nanggala 402 လို့ အမည်ရတဲ့ ရေငုပ်သင်္ဘောဟာ ဘာလီကျွန်းရေပြင်မှာ ဗုဒ္ဓဟူးနေ့က တော်ပီဒိုပစ်ခတ်လေ့ကျင်ဖို့ ရေငုပ်သွားပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားတာ ဖြစ်ပါတယ်။

    စနေနေ့မှာ ရေငုပ်သင်္ဘောက အစိတ်အပိုင်းတစ်ချို့ကို တွေ့ခဲ့ရပြီး နစ်မြုပ်သွားတာဖြစ်တယ်လို့ အင်ဒိုနီးရှား စစ်တပ်က အတည်ပြုခဲ့ပါတယ်။

    ဒီကနေ့မှာတော့ ကယ်ဆယ်ရေးအဖွဲ့ဟာ ရေအာက် မီတာ ၈၅၀ အကွာမှာရှိနေတဲ့ ရေငုပ်သင်္ဘောရဲ့ ပုံရိပ်တွေကို ရိုက်ယူနိုင်ခဲ့ပါတယ်။

    “KRI Nanggala 402 သင်္ဘော နစ်မြှုပ်သွားပြီး လိုက်ပါသွားသူအားလုံး သေဆုံးခဲ့ပြီဆိုတာ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေအရ ကျွန်တော်တို့ သိရပါတယ်။ ဒါကြောင့် KRI Nanggala 402 က သင်္ဘောသား ၅၃ ဦးစလုံး ကွယ်လွန်အနိစ္စ ရောက်သွားကြပြီလို့ စစ်တပ်အကြီးအကဲဖြစ်တဲ့ ကျွန်တော် ဝမ်းနည်းစွာနဲ့ ကြေငြာလိုက်ပါတယ်” လို့ ဟာဒီ ဂျာဂျန်တိုက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုကလည်း ​ဒီကနေ့မှာ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ဒီဖြစ်ရပ်ဆိုးကြီးဟာ လိုက်ပါသွားသူတွေရဲ့ မိသားစုဝင်တွေကိုသာမကဘဲ အင်ဒိုနီးရှားတစ်နိုင်ငံလုံးကို တုန်လှုပ်စေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အင်ဒိုနီးရှားပြည်သူအားလုံး မိသားစုဝင်တွေနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါတယ်။ သူတို့တွေဟာ အင်ဒိုနီးရှားရဲ့ သားကောင်းရတနာတွေ၊ တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်”

    Ref : CNA

  • ပျောက်ဆုံး အင်ဒိုနီးရှားရေငုပ်သင်္ဘောကို ပြန်မတွေ့သေး၊ စနေနေ့တွင် အောက်ဆီဂျင်ကုန်မည်

    ပျောက်ဆုံး အင်ဒိုနီးရှားရေငုပ်သင်္ဘောကို ပြန်မတွေ့သေး၊ စနေနေ့တွင် အောက်ဆီဂျင်ကုန်မည်

    ဧပြီ ၂၃၊ ၂၀၂၁
    M-Media

    -ဗုဒ္ဓဟူးနေ့က ပျောက်ဆုံးသွားတဲ့ ရေငုပ်သင်္ဘောကို ဆက်လက်ရှာဖွေနေပြီး ​သင်္ဘောအတွင်းက အောက်ဆီဂျင်မကုန်ခင် ပြန်တွေ့ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။

    ဂျာမနီထုတ် ရေငုပ်သင်္ဘော KRI Nanggala 402 ဟာ ဘာလီကျွန်းရေပြင်မှာ တော်ပီဒိုပစ်လေ့ကျင့်ရင်း ပျောက်ဆုံးသွားတာပါ။ စုစုပေါင်း တပ်ဖွဲ့ဝင် ၅၃ ဦး လိုက်ပါသွားပါတယ်။

    လက်ရှိမှာ လေယာဉ် ၅ စီး၊ သင်္ဘော ၂၁ စီး၊ ရေငုပ်သင်္ဘော ၂ စီးနဲ့ ရှာဖွေမှုတွေ ပြုလုပ်နေပြီး မလေးရှားနဲ့ စင်ကာပူနိုင်ငံတို့ကလည်း ကူညီပေးနေပါတယ်။

    အင်ဒိုနီးရှားရေတပ်အကြီးအကဲက ဓာတ်အားပြတ်တောက်ချိန်မှာ ၇၂ နာရီအထိသာ အောက်ဆီဂျင် ရရှိလိမ့်မယ်လို့ မနေ့က ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ပြောကြားမှုအရ စနေနေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီမှာ အောက်ဆီဂျင်ကုန်မှာ ဖြစ်ပါတယ်။

    ကျွမ်းကျင်သူတွေက လူတွေရှူထုတ်တဲ့ ကာဘွန်ဒိုင်အောက်ဆိုက်တွေ ရှိနေတာကြောင့် အောက်ဆီဂျင်မကုန်ခင်မှာပဲ အသက်ရှုကြပ်တာတွေ ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။

    ရေငုပ်သင်္ဘော ငုပ်သွားတဲ့နေရာမှာ ဆီကွက်အချို့ကလွဲလို့ အခုအချိန်အထိ ဘာသဲလွန်စမှ မတွေ့သေးပါဘူး။

    ဒီလို ရေငုပ်သင်္ဘောပျောက်ဆုံးမှုတွေဟာ ဓာတ်အားပေးစနစ် ချို့ယွင်းတာ၊ ဒါမှမဟုတ် တော်ပီဒိုလို လက်နက်ခဲယမ်း ပေါက်ကွဲတာတွေကြောင့် အဖြစ်များပါတယ်။

    ပျောက်ဆုံးသွားတဲ့ ရေငုပ်သင်္ဘောရဲ့ အမြင့်ဆုံး ရေဖိအားခံနိုင်စွမ်းဟာ ရေအောက် မီတာ ၂၅၀ က ဖိအားမျိုးဖြစ်ပါတယ်။ အင်ဒိုနီးရှား ရေတပ်က မီတာ ၆၀၀ ကနေ ၇၀၀ ကြားအထိ မြုပ်သွားနိုင်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပေမယ့် ဒါကို အတည်မပြုနိုင်ဘူးလို့ နောက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

    တကယ်လို့ ရေငုပ်သင်္ဘောဟာ မီတာ ၆၀၀ အောက်အထိရောက်သွားရင်တော့ လိုက်ပါသွားသူတွေ အသက်ရှင်ဖွယ် မရှိတော့ဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ပါတယ်။

    Ref: CNA

  • အင်ဒိုနီးရှားရေငုပ်သင်္ဘောတစ်စီး တော်ပီဒိုပစ် လေ့ကျင့်ခန်းအပြီး ပျောက်ဆုံးနေ

    အင်ဒိုနီးရှားရေငုပ်သင်္ဘောတစ်စီး တော်ပီဒိုပစ် လေ့ကျင့်ခန်းအပြီး ပျောက်ဆုံးနေ

    မတ် ၂၁၊ ၂၀၂၁
    M-Media

    -တပ်ဖွဲ့ဝင် ၅၃ ဦး လိုက်ပါသွားတဲ့ ရေငုပ်သင်္ဘောတစ်စီး ပျောက်ဆုံးနေပြီး ရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ အင်ဒိုနီးရှား စစ်တပ်က ထုတ်ပြန်လိုက်ပါတယ်။

    KRI Nanggala 402 ရေငုပ်သင်္ဘောဖြစ်ပြီး မြောက်ပိုင်း ဘာလီကျွန်းနားက ပင်လယ်ပြင်မှာ တော်ပီဒိုပစ် လေ့ကျင့်ခန်းလုပ်ပြီးနောက် လေ့ကျင့်မှုရလဒ်ကို တင်ပြလာခြင်းမရှိတော့ဘဲ ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။ နောက်ဆုံး အဆက်အသွယ်ရတာက ဒီနေ့မနက် ၄ နာရီမှာ ဖြစ်ပါတယ်။

    အင်ဒိုစစ်တပ်အကြီးအကဲ ဟာဒီ တီဂျာဂျန်တို့က လက်ရှိ ဘာလီရေပြင်မှာ ရေငုပ်သင်္ဘောကို ရှာဖွေနေပြီး ဩစတေးလျနဲ့ စင်ကာပူတို့ထံကနေ အကူအညီ တောင်းခံထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    ပျောက်ဆုံးသွားတဲ့ KRI Nanggala 402 ရေငုပ်သင်္ဘောဟာ ၁၉၈၁ ခုနှစ်က ဂျာမနီမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး တောင်ကိုရီးယားမှာ ၂ နှစ် ပြုပြင်ပြီးနောက် ၂၀၁၂ ခုနှစ်မှာ အင်ဒိုရေတပ်က အသုံးပြုခဲ့တာပါ။

    အရင်က အင်ဒိုနီးရှားရေတပ်မှာ ရေငုပ်သင်္ဘော ၁၂ စင်း ရှိခဲ့ပြီး ကျွန်းတွေများတဲ့ နိုင်ငံရေပိုင်နက်ကို စောင့်ကြပ်ဖို့ ဆိုဗီယက်ပြည်ထောင်စုကနေ ဝယ်ယူထားတာ ဖြစ်ပါတယ်။

    ဒါပေမယ့် အခုအချိန်မှာတော့ ဂျာမနီထုတ် Type 209 ရေငုပ်သင်္ဘော နှစ်စီး၊ တောင်ကိုရီးယားထုတ် မော်ဒယ်ပိုမြင့်တဲ့ ရေငုပ်သင်္ဘော ၃ စီး စုစုပေါင်း ၅ စီးသာ ရှိပါတော့တယ်။

    Ref: Reuters

  • နည်းပညာမြင့် ဂျပန် တိုက်ရေယာဉ် ၈ စီးကို အင်ဒိုနီးရှား ဝယ်ယူမည်

    နည်းပညာမြင့် ဂျပန် တိုက်ရေယာဉ် ၈ စီးကို အင်ဒိုနီးရှား ဝယ်ယူမည်

    ဧပြီ ၁၊ ၂၀၂၁
    M-Media

    -ဂျပန်နိုင်ငံက ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ထုတ်လုပ်ထားတဲ့ Mogami အမျိုးအစား ဖရီးဂိတ်​တိုက်ရေယာဉ် အနည်းဆုံး ၈ စင်း ဝယ်ယူဖို့ အင်ဒိုနီးရှားက စီစဉ်နေပါတယ်။

    အင်ဒိုနီးရှားနဲ့ ဂျပန်တို့ဟာ တရုတ်နဲ့ ရေပိုင်နက် အငြင်းပွားနေတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။

    အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုနဲ့ နိုင်ငံခြားရေးဝန်ကြီး မာဆူဒီတို့ ပြီးခဲ့တဲ့တစ်ပတ်က တိုကျိုကိုသွားပြီး ဂျပန် ကာကွယ်ရေး၊ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ လေးပွင့်ဆိုင် ဆွေးနွေးမှုတွေ လုပ်ခဲ့ရာမှာ ကာကွယ်ရေးဆိုင်ရာ နည်းပညာတွေ လွှဲပြောင်းပေးဖို့ သဘောတူညီချက် ရရှိခဲ့ပါတယ်။

    Mogami အမျိုးအစား ဖရီးဂတ်ရေယာဉ် ၄ စင်းကို ၂၀၂၃ ခုနှစ် နှောင်းပိုင်းနဲ့ ၂၀၂၄ ခုနှစ်အစောပိုင်းတို့မှာ အင်ဒိုနီးရှားထံ ဂျပန်က ပေးပို့ရမှာဖြစ်ပြီး၊ နောက်ထပ် ၄ စီးကို အင်ဒိုအစိုးရပိုင် သင်္ဘောကျင်းမှာ ဆောက်လုပ်နိုင်ရေး ဂျပန်က ကူညီပေးရမှာ ဖြစ်ပါတယ်။

    ဖရီးဂိတ်ရေယာဉ်တစ်စီးတန်ဖိုးက ကန်ဒေါ်လာ သန်း ၄၅၀ ရှိပြီး ဒီ၀​ယ်ယူမှုဟာ ဂျပန်နဲ့ အင်ဒိုနီးရှားနိုင်ငံတို့အကြား အကြီးမားဆုံး ကာကွယ်ရေး သဘောတူညီချက် ဖြစ်လာမှာ ဖြစ်ပါတယ်။

    အဲဒီ ဖရီးဂိတ်သင်္ဘောမှာ သင်္ဘောဖျက်ဒုံးကျည်၊ မြေပြင်က ဝေဟင်ပစ်ဒုံးကျည်၊ Type 12 တော်ပီဒိုတွေ၊ ရေငုပ်သင်္ဘော ထောက်လှမ်းနိုင်မယ့် ဆိုနာစနစ်တွေ ပါဝင်ပါတယ်။ ဒီစစ်သင်္ဘောတွေဟာ အင်ဒိုနီးရှားရဲ့ ရေတပ်စွမ်းရည်ကို ၂ ဆ ပိုမိုအားကောင်းစေလိမ့်မယ်ဆို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

    တရုတ်နဲ့ ရေပိုင်နက်အငြင်းပွားမှု ရှိနေတဲ့အချိန် အင်ဒိုကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုဟာ နိုင်ငံရဲ့ ရေတပ်အင်နဲ့ လေတပ်အင်အားကို အားကောင်းအောင် တိတ်တဆိတ် လုပ်ဆောင်နေပြီး အမေရိကန်၊ ပြင်သစ်တို့အပါအဝင် နိုင်ငံကြီးတစ်ချို့က နည်းပညာမြင့် တိုက်လေယာဉ်၊ ရဟတ်ယာဉ်နဲ့ ​စစ်​သင်္ဘောတွေ ဝယ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။

    Ref: Asia Times

  • ယူအေအီးမှ နာမည်ကျော် Sheikh Zayed ဗလီ ပုံတူကို အင်ဒိုနီးရှားတွင် တည်ဆောက်မည်

    ယူအေအီးမှ နာမည်ကျော် Sheikh Zayed ဗလီ ပုံတူကို အင်ဒိုနီးရှားတွင် တည်ဆောက်မည်

    မတ် ၈၊ ၂၀၂၁
    M-Media

    -အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံက နာမည်ကျော် Sheikh Zayed ဗလီဝင်ကျောင်းတော် ပုံစံတူ တည်ဆောက်မှု အုတ်မြစ်ချအခမ်းအနားကို အင်ဒိုနီးရှားနိုင်ငံ ဆိုလိုမြို့မှာ ဒီနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။

    ဆန်ထရဲလ်ဂျားဗားပြည်နယ်က ဆိုလိုမြို့ဟာ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုရဲ့ မွေးရပ်ပါ။ Sheikh Zayed ဗလီဟာ ယူအေအီးက အကြီးဆုံး ဗလီဝတ်ကျောင်းတော်လည်း ဖြစ်ပါတယ်။

    ကန်ဒေါ်လာ သန်း ၂၀ ကုန်ကျမယ့် ဒီပုံတူဗလီက ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ အင်ဒိုနီးရှားကို လာရောက်ခဲ့တဲ့ အဘူဒါဘီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဇယဒ် အလ်-နဟ်ယန်ရဲ့ လက်ဆောင်လည်း ဖြစ်ပါတယ်။

    ဒီနေ့ အုတ်မြစ်ချပွဲအခမ်းအနားကို ယူအေအီး စွမ်းအင်ဝန်ကြီး၊ အစ္စလာမ့်ရေးရာဝန်ကြီး၊ အင်ဒိုနီးရှားဖက်က သာသနာရေးဝန်ကြီး၊ စီးပွားရေးဝန်ကြီးနဲ့ ဆိုလိုမြို့ မြို့တော်ဝန်တို့ တက်ရောက်ခဲ့ပါတယ်။

    Sheikh Zayed ဗလီနဲ့ လုံး၀ ပုံစံတူဖြစ်ပေမယ့် အင်ဒိုနီးရှားရဲ့ ရိုးရာယဉ်ကျေးမှု အငွေ့အသက်တွေကို ထည့်သွင်းမှာဖြစ်ပြီး၊ ပြည်တွင်းက ပစ္စည်းတွေကို အများဆုံး အသုံးပြုသွားမယ်လို့ ယူအေအီးဆိုင်ရာ အင်ဒိုနီးရှားသံအမတ်က ပြောပါတယ်။

    ၃ ဧက အကျယ်ရှိတဲ့မြေနေရာမှာ ဆောက်လုပ်ပြီး လူပေါင်း တစ်သောင်းလောက် တစ်ချိန်တည်း ဝတ်ပြုနိုင်မှာ ဖြစ်ပါတယ်။ ဗလီအတွက် ကုန်ကျငွေအားလုံးကို ယူအေအီးနိုင်ငံက ကျခံတာပါ။ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ ဖွင့်လှစ်နိုင်ဖို့ စီစဉ်ထားပါတယ်။

    ဗလီပြီးသွားရင် ဆိုလိုမြို့ဟာ ဘာသာရေးဆိုင်ရာ အဓိကကျတဲ့ ခရီးသွားမြို့ ဖြစ်လာလိမ့်မယ်လို့လည်း သံအမတ်က ဆိုပါတယ်။

    Ref: Arab News