News @ M-Media
Tag: indonesia
  • အင်ဒိုမီးလောင်မှုအား မိုးအတုလုပ်ကာ ငြှိမ်းသက်သွားမည်
    မတ် ၁၅၊ ၂၀၁၄
    M-Media
    Asia-Haze-06242013-570x426
    – အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားရှိ Riau ပြည်နယ်တွင် ဖြစ်ပွားနေသော မီးလောင်မှုများအား ငြိမ်းသတ်ရန်အတွက် စစ်သုံးလေယာဉ်များအား စေလွှတ်သွားမည်ဟု အာဏာပိုင်များက ယမန်နေ့တွင် ပြောကြားခဲ့သည်။
    ဆီးအုန်းစိုက်ပျိုးရန် မြေယာများကို မီးရှို့၍ ပြုလုပ်ခဲ့ရာမှ တောမီးလောင်မှုများဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ ထိုမီးလောင်မှုများအား မိုးအတုဖန်တီးကာ ငြှိမ်းသတ်ရန်အတွက် ဟာကျူလီ C-130 အမျိုးအစား စစ်လေယာဉ်များမှာ ယမန်နေ့က ထွက်ခွာသွားခဲ့ပြီဖြစ်သည်။
    ယမန်နေ့ကပြုလုပ်ခဲ့သော အစည်းအဝေးတွင် အင်ဒိုနီးရှားသမ္မတ ယူဒိုယိုနိုက ထိုကဲ့သို့ မီးရှို့ကာ စိုက်ပျိုးမြေ ရှင်လင်းရေး လုပ်ဆောင်နေမှုများကို ရပ်တန့်ရန် ပြောကြားခဲ့သည်ဟု အင်ဒိုနီးရှား သဘာဝဘေး အန္တရာယ်အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဆူတိုပို ပါဝို နူဂရိုဟိုကဆိုသည်။
    ထိုမီးလောင်မှုကြောင့် ဖြစ်ပေါ်လာသော မီးခိုးငွေ့များက အင်ဒိုနီးရှားနိုင်ငံအပါအ၀င် မလေရှားနိုင်ငံတွင်လည်း လေထုညစ်ညမ်းမှုများဖြစ်ပေါ်စေပြီး၊ Riau ပြည်နယ်ရှိ အဓိက လေဆိပ်တစ်ခုကိုလည်း ၃ ရက်ကြာ ပိတ်ထားခဲ့ရသည်။ လူပေါင်း ၄၂၀၀၀ ကျော်မှာလည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ခံစားနေရသည်။
    ဆီအုန်းစိုက်ပျိုးရန် အဆိုပါပြည်နယ်ရှိ လယ်သမားများနှင့် ကုမ္ပဏီများက မြေယာများကို မီးရှို့ကာ ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး၊ မီးရှို့သည့်နေရာ ၁၄၅ နေရာရှိသည်ဟု ဂြိုဟ်တုမှ စစ်ဆေးမှုများအရ သိရသည်။
  • တောင်ရိုင်း တိရစ္ဆာန်များအား ကာကွယ်သည့် ဓမ္မသတ် အမိန့်တစ်ခု အင်ဒိုနီးရှားတွင် ထုတ်ပြန်
    မတ်- ၇ ၊ ၂၀၁၄
    M-Media
    _73387588_hi017997518
    – မျိုးတုန်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် တိရစ္ဆာန်များအား တရားမ၀င် အမဲလိုက်ခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းတို့အား တားမြစ်သော ဖသ်ဝါ ဓမ္မသတ်တစ်ခုကို အင်ဒိုနီးရှားရှိ အစ္စလာမ်ဘာသာရေးဆိုင်ရာ အမြင့်ဆုံးအဖွဲ့က ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
ုထိုဖသ်ဝါဓမ္မသတ်အား တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့များက ချီးကျူးကြိုဆိုခဲ့ကြပြီး သယံဇာတကြွယ်ဝသည့် အင်ဒိုနီးရှားနိုင်ငံ အတွင်း သာမန်ဥပဒေနှင့် ရာဇ၀တ်မှုများ အကြား ရှိနေသည့်လစ်ဟာမှုကို ဖြည့်ဆည်းပေးခြင်းဖြစ်သည်ဟု ဆိုသည်။
    “ဘာသာရေးဆိုင်ရာ ကျိုးကြောင်းခိုင်လုံတဲ့ အချက်၊ ဒါမှမဟုတ် ဥပဒေအရ ခွင့်ပြုထားခြင်း မရှိဘဲနဲ့ တောင်ရိုင်း တိရစ္ဆာန်တွေ မျိုးတုန်းစေနိုင်တဲ့ အပြုအမူ၊ လုပ်ရပ် အားလုံးဟာ ဟရမ် (ပိတ်ပင်ထားခြင်း) ဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေထဲမှာ တရားမ၀င် အမဲလိုက်ခြင်းနဲ့ မျိုးတုန်းမယ့် အန္တရာယ်ရှိနေတဲ့ တိရစ္ဆာန်တွေကို ကုန်ကူးတာတွေ ပါဝင်ပါတယ်” ဟု အင်ဒိုနီးရှား အိုလမာကောင်စီ MUI ဖသ်ဝါ ဓမ္မသတ်ဌာနမှ အတွင်းရေးမှူး အက်စ်ရိုရန် နီအမ် ရှိုလေးက AFP သတင်းဌာနသို့ မတ်လ ၅ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
    သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက် ပထမဆုံးထုတ်ပြန်သော အဆိုပါဖသ်ဝါ ဓမ္မသတ်အား အင်ဒိုနီးရှားနိုင်ငံ၏ ဂေဟစနစ်ကို အန္တရာယ် ရှိစေနိုင်မည့် တောရိုင်း တိရစ္ဆာန်များနှင့် ပတ်သက်သော ရာဇ၀တ်မှုများကို လျော့ချရန် ရည်ရွယ်၍ ပြီးခဲ့သည့် ဇန်န၀ါရီ ၂၂ ရက်နေ့ကတည်းက စတင်ပြဌာန်း ခဲ့ခြင်းဖြစ်သည်ဟု ယမန်နေ့တွင် တာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့သည်။
    စိုက်ပျိုးရေးလုပ်ငန်းများ ချဲ့ထွင်ခြင်း၊ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းနှင့် သစ်ခုတ်ခြင်းတို့မှာ အင်ဒိုနီးရှားနိုင်ငံ၏ တောင်းရိုင်းတိရစ္ဆာန်ကဏ္ဍကို ခြိမ်းခြောက်နေသည်။ ထို့ပြင် သစ်တောများ အတွင်း သစ်ခုတ်ခြင်းကလည်း ဆူးမားတြား ကျားမျိုးစိတ်၊ ဘောနီယိုနှင့် ဆူမားတြား ကျွန်းတို့တွင်သာ တွေ့ရသည့် ရှားပါး လူဝံမျိုးစိတ်နှင့် ဆူမားတြားဆင် မျိုးစိတ်တို့ကဲ့သို့ ရှားပါးတိရစ္ဆာန်မျိုးစိတ်များအား မျိုးတုန်းပျောက်ကွယ်စေနိုင်သည့် အန္တရာယ်များလည်း ရှိနေသည်။
    ထိုဖသ်ဝါက ကျားကဲ့သို့သော တောရိုင်း တိရစ္ဆာန်များအား အမဲလိုက်ကြသည့် ရွာသားများအကြားတွင်လည်း စိုးရိမ်ပူပန်မှုများကိုဖြစ်စေသည်။
    “ဒီဖသ်ဝါကိုထုတ်ပြန်တယ်ဆိုတာ ရှင်းလင်းစေဖို့ဖြစ်ပြီး၊ အင်ဒိုနီးရှားနိုင်ငံအတွင်းမှာရှိတဲ့ မွတ်စလင်တွေအတွက် တိရစ္ဆာန်တွေကို ထိန်းသိမ်းဖို့ဆိုတဲ့ ကဏ္ဍမှာ ရှရီအသ်ရဲ့ ရှုထောင့်ကနေ သုံးသပ်ထားတဲ့ လမ်းညွှန်ချက်လည်းဖြစ်ပါတယ်။ လူတွေဟာ အစိုးရရဲ့ ဥပဒေတွေကနေ လွတ်မြောက်ကောင်း လွတ်မြောက်နိုင်ပါတယ်။ ဒါပေမယ့် အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်ကနေပြီးတော့ မလွတ်မြောက်နိုင်ပါဘူး” ဟု အိုလမာကောင်စီ ပတ်ဝန်းကျင်နှင့် သဘာဝ အရင်းအမြစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှ ဥက္ကဌ ဟာယု ပရာဘိုဝို၏ ပြောကြားချက်အား National Geographic သတင်းဌာနမှ ဖော်ပြခဲ့သည်။
    တောင်ရိုင်းတိရိစ္ဆာန်များအား အင်ဒိုနီးရှား ဥပဒေက အကာအကွယ်ပေးထားပြီး၊ တားမြစ်ထားသည့် တိရစ္ဆာန် ရောင်းချသူများကို ထောင်ဒဏ် ၅ နှစ်အထိနှင့် ငွေဒဏ် ရူပီ သန်း ၁၀၀ (ကန်ဒေါ်လာ ၈၇၀၀) ပေးဆောင်ရန် အပြစ်ပေးနိုင်သည်။
    ချီးကျူးကြ
    သားရိုင်းတိရိစ္ဆာန်များနှင့် ပတ်သက်သည့် အဆိုပါ ဖသ်ဝါဓမ္မသတ်ကို နိုင်ငံတကာ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့များက ကြိုဆိုခဲ့ကြပြီး၊ ဂေဟစနစ်အား ကာကွယ်ရန် အကျိုးရှိသည့် ခြေလှမ်းအဖြစ် ရှုမြင်ကြသည်။
    “ဒါ(ဖသ်ဝါ)ဟာ ဘာသာရေးဆိုင်ရာ ယူဆချက်တစ်ခုကို သိစေပါတယ်။ ပြီးတော့ ကျားနဲ့ ကြံ့တို့လို မျိုးတုန်းဖို့ တော်တော်လေး အန္တရာယ်ရှိနေပြီး တိုင်းပြည်အတွင်းမှာ ကျန်ရှိနေတဲ့ တောရိုင်းတိရစ္ဆာန်တွေကို ကယ်တင်ဖို့၊ ကာကွယ်ဖို့ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေကို ကူညီမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာ သတိဝိရိယကိုလည်း တိုးမြင့်စေပါတယ်” ဟု ကမ္ဘာ့ တောရိုင်းတိရစ္ဆာန်များ ရန်ပုံငွေအဖွဲ့ WWF ၏ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ဆက်ဆံရေးဒါရိုက်တာ ညိုမန် အစ်ဝါရာ ယိုဂါက ဆိုသည်။
    အင်ဒိုနီးရှားနိုင်ငံ၏ သစ်တောရေးရာ ၀န်ကြီးဌာနနှင့် ဘာသာရေးဆိုင်ရာ တာဝန်ရှိသူများကလည်း ထိုဖသ်ဝါဓမ္မသတ်နှင့် ပတ်သက်၍ မတ်လ ၁၂ ရက်နေ့တွင် ပူတွဲကြေညာချက် ထုတ်မည်ဟု သစ်တောရေးရာ ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ ထိုဖသ်ဝါဓမ္မသတ်မှာ တစ်ဦးချင်း အပြင် အစိုးရအပေါ်သို့လည်း သက်ရောက်ပြီး၊ တောရိုင်းတိရစ္ဆာန်များအား ထိခိုက်နိုင်မည့် ကုမ္ပဏီများကို ခွင့်ပြုထားခြင်းအပေါ် ပြန်လည်ဆန်းစစ်ရန် အစိုးရ အာဏာပိုင်များအား တိုက်တွန်းခြင်းလည်းဖြစ်သည်။
    အင်ဒိုနီးရှားနိုင်ငံမှာ အရှေ့တောင်အာရှတွင် သစ်တောဧရိယာ အကျယ်ဝန်းဆုံး နိုင်ငံတစ်ခုဖြစ်ပြီး အမြဲစိမ်းသစ်တော ဟက်တာ သန်း ၁၂၀ ရှိသည်။ နိုင်ငံအတွင်းရှိ သဘာဝပတ် ၀န်းကျင်ကို ထိန်းသိမ်းရန် အဖွဲ့တစ်ခုကို အင်ဒိုနီးရှား အိုလမာကောင်စီက ၂၀၁၁ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များကိုလည်း ဖိတ်ခေါ်ခဲ့သည်။
    ၂၀၀၀ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၌ တစ်နှစ်လျှင် သစ်သော ဟက်တာ ၁.၈၇ သန်း ဆုံးရှုံးနေသည်ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO က ဆိုပြီး၊ သစ်တော ၀န်ကြီးဌာန၏ မှတ်တမ်းများအရ အင်ဒိုနီးရှား လမုသစ်တော ဟက်တာ ၇.၇၆ သန်းမှ ၃.၂၅ သန်းမှာ ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။
    Ref: OnIslam & News Agencies
  • စွန့်ပစ် ပစ္စည်းကင်းစင်ရေး စီမံကိန်းတွင် အိမ်ရှင်မများအား ပညာပေးသူများအဖြစ် အင်ဒိုနီးရှား ခန့်အပ်
    မတ် ၆၊ ၂၀၁၄
    M-Media
    Trash Slick
    – ၂၀၂၀ ခုနှစ်တွင် စွန့်ပစ်ပစ္စည်း ကင်းစင်သည့် နိုင်ငံဖြစ်လာရေး ပစ်မှတ်ထားလဆောင်ရွက်နေသည့် အင်ဒိုနီးရှားနိုင်ငံက နိုင်ငံအတွင်းရှိ မိသားစုများအတွင်း ထိုအစီအစဉ်နှင့် ပတ်သက်သည့် ပညာပေးမှုများ ပြုလုပ်ရန် အိမ်ရှင်မများအား တရားဝင်ခန့်ထားခဲ့သည်ဟု သိရသည်။
    အိမ်ရှင်မများမှာ စွန့်ပစ်ပစ္စည်းကင်းစင်ရေး ဆောင်ရွက်ရာတွင် အသုံးပြုသည့် 3R(လျှော့ချ၊ ပြန်သုံး၊ ပြုပြင်) စနစ်ကို မိသားစုအတွင်း ပိုမိုသိမြင်လာရန်အတွက် ဆွဲဆောင် ပညာပေးရမည်ဖြစ်သည်။ အိမ်ရှင်မများ၏ ထိုဆောင်ရွက်မှုများမှာ တရားဝင်ဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီး ကမ်ဘွာယာနှင့် မိသားစုအရေးကိစ္စနှင့် အသိပညာပေးရေးအဖွဲ့ PKK အဖွဲ့အကြီးအကဲ ဗီတာ ဂါမာဝမ် ဖောင်ဇီတို့က ယနေ့တွင် လက်မှတ်ထိုးကာ တရားဝင် တာဝန်ပေးခဲ့ခြင်းဖြစ်သည်။ PKK အဖွဲ့မှာ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်ဒိုနီးရှားတွင် တရားဝင်လုပ်ဆောင်နေသော အဖွဲ့လည်းဖြစ်ပြီး၊ အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်း လှုပ်ရှားမှုများကို ဆောင်ရွက်နေသည့် အဖွဲ့လည်းဖြစ်သည်။
    “စွန့်ပစ်ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ စီးပွားရေးအလားအလာ တိုးတက်ဖို့နဲ့၊ အဲဒါတွေကနေ ကူးဆက်နိုင်တဲ့ ရောဂါတွေကို ရှောင်ရှားဖို့အတွက် ဒီလို အစီအစဉ်တွေဟာ အရေးကြီးပါတယ်” ဟု သူက ဆိုသည်။
    နိုင်ငံ၏ စွန့်ပစ်ပစ္စည်းပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံလုံးဆိုင်ရာလှုပ်ရှားမှုတစ်ခုကို အင်ဒိုနီးရှားနိုင်ငံက ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် စတင်ခဲ့ပြီး၊ ဖေဖော်ဝါရီ ၂၁ ရက်နေ့ကိုလည်း စွန့်ပစ်ပစ္စည်းများအတွက် အသိပညာပေးရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။
    အင်ဒိုနီးရှားနိုင်ငံမှာ အရှေ့တောင်အာရှတွင် စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံဖြစ်ပြီး လူဦးရေ ၂၃၇ သန်းရှိသည်။ ၂၀၂၅ ခုနှစ်တွင် နိုင်ငံ၏ လူဦးရေမှာ ၂၇၅ သန်းသို့ရောက်ရှိမည်ဟု ခန့်မှန်းထားပြီး၊ နိုင်ငံ၏ တစ်နေ့တာ စွန့်ပစ်ပစ္စည်းပမာဏမှာ အနည်းဆုံး တန်ချိန် ၁ သိန်း ၃ သောင်းရှိလာမည်ဖြစ်သည်။
  • ပါလက်စတိုင်း ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံ ဂျကာတာတွင်ကျင်းပ၊ ပါလက်စတိုင်း လွတ်လပ်ရေးအား အပြည့်အ၀ ထောက်ခံသွားမည်ဟု အင်ဒိုဆို
    မတ်-၂ ၊ ၂၀၁၄
    M-Media
    ceapad
    – လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံထူထောင်ရေးနှင့် ပါလက်စတိုင်းအား ပြည့်ဝသော အဖွဲ့ဝင်နိုင်ငံအဖြစ် ကုလမှ အသိအမှတ်ပြုရေးတို့အတွက် ချွင်းချက်မရှိ ထောက်ခံသွားမည်ဟု အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနိုက ပြောကြားခဲ့သည်။
    ယမန်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါလက်စတိုင်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရှေ့အာရှနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ညီလာခံ CEAPAD အဖွင့်မိန့်ခွန်းတွင် ယူဒိုယိုနိုက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
    “လွတ်လပ်ပြီး စီးပွားကောင်းကောင်းလုပ်ဆောင်နိုင်တဲ့ ပါလက်စတိုင်းနိုင်ငံနဲ့ ကုလရဲ့ ပြည့်ဝတဲ့ အဖွဲ့ဝင်ဖြစ်လာခြင်းက ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ အရှေ့အလယ်ပိုင်း တည်ငြိမ်ရေးတို့ကို သေချာပေါက် ကူညီမှာပါ” ဟု ယူဒိုယိုနိုက ဆိုသည်။
    ထို့ပြင် ပါလက်စတိုင်း၏ လွတ်လပ်ရေးကြိုးပမ်းမှုအား အားပေးထောက်ခံရန် ညီလာခံသို့ လာရောက်ကြသော အဖွဲ့ဝင်နိုင်ငံအားလုံးအား ယူဒိုယိုနိုက တိုက်တွန်းခဲ့ပြီး၊ ထိုအိပ်မက် အကောင်အထည်ဖော်ရန်အတွက် ပါလက်စတိုင်းပြည်သူများမှာ ၅၅ နှစ်ကြာ ရုန်းကန်နေခဲ့ရကြောင်း၊ အင်ဒိုနီးရှားအနေဖြင့် ပါလက်စတိုင်းအား နိုင်ငံရေး ထောက်ပံ့မှုသာမက၊ စီပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများကိုပါ ပေးသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ပါလက်စတိုင်းနိုင်ငံအား ထိုကဲ့သို့ စုပေါင်းကူညီမှုအတွက် ကျေးဇူးတင်မိကြောင်း၊ ရှေ့တွင် အခက်အခဲများ ရှိနေသော်လည်း နှစ်နိုင်ငံ ယှဉ်တွဲနေထိုင်ရေးမှာ တွေးဆနိုင်ပြီး လက်ခံနိုင်သည်ဟု ယုံကြည်ကြောင်း ပါလက်စတိုင်း ၀န်ကြီးချုပ် ရာမီ ဟမ်ဒဲလ်လာက ပြောကြားခဲ့သည်။
    ဒုတိယအကြိမ်မြောက်ဖြစ်သည့် အဆိုပါ CEAPAD ညီလာခံကို ပါလက်စတိုင်းနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်နိုင်စွမ်းများမြှင့်တင်ပေးရန် ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံ ၂၂ နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ ၂၇ ဖွဲ့နှင့် နိုင်ငံတကာအဖွဲ့အစည်း ၅ ခုတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ အရှေ့အလယ်ပိုင်းဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် ၀ူဆိုင်ကီလည်း ထိုညီလာခံသို့ တက်ရောက်ခဲ့သည်။ CEAPAD ၏ ပထမဆုံးညီလာခံကို ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလတွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။
    ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့တွင် ပါလက်စတိုင်းနိုင်ငံအား လေ့လာသူအဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ချက်ကို ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းက ပြုလုပ်ခဲ့သော ကုလအထွေထွေ ညီလာခံတွင် အတည်ပြုခဲ့ပြီး၊ ထိုအရာမှာ ပါလက်စတိုင်းများ နှစ်ပေါင်း များစွာ မျှော်လင့် တောင့်တနေသော အောင်မြင်မှုလည်းဖြစ်သည်။
    အစ္စရေးကမူ ကုလ၏ ထိုဆုံးဖြတ်ချက်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအား ကြန့်ကြာစေလိမ့်မည်ဟု သတိပေးထားပြီး၊ အစ္စရေးနှင့် ငြိမ်းချမ်ရေး ဆွေးနွေးမှုများ ပြုလုပ်နေသော ပါလက်စတိုင်းတို့၏ စစ်မှန်သော လွတ်လပ်ရေးမှာ ယခုလက်ရှိတွင် အိပ်မက်အဖြစ်သာရှိနေသည်။
    Ref: ဆင်ဟွာ
  • ကြာမြင့်စွာ လှုပ်ရှားနေသည့် မီးတောင်တစ်ခု အင်ဒိုနီးရှားတွင် ပေါက်ကွဲ၊ အနည်းဆုံး လူ ၁၄ ဦးသေဆုံး
    ဖေဖော်ရီ ၃၊ ၂၀၁၄
    M-Media
    a4dfc5de-1b45-48e7-a176-d918b293ede5-460x276
    – ပြီးခဲ့သည့် စက်တင်ဘာလကတည်းက လှုပ်ရှားနေသည့် အင်ဒိုနီးရှားရှိ မီးတောင်တစ်ခုမှာ ယမန်နေ့က ကြီးမားသော ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိုမီးတောင်မှထွက်သော ပြာပူများ၊ ချော်ရည်များကြောင့် အနည်းဆုံး လူ ၁၄ ဦးသေဆုံးခဲ့သည်ဟု သိရသည်။
    ဆူမားတြားပြည်နယ်ရှိ Sinabung မီးတောင်ဖြစ်ပြီး သေဆုံးသူများထဲတွင် ပြည်တွင်း ဂျာနယ်လစ် တစ်ဦး၊ မီးတောင်လှုပ်ရှားမှုကို အနီးကပ် သွားရောက်လေ့လာသည့် အထက်တန်းကျောင်းသားလေးဦးနှင့် ဆရာတစ်ဦးတို့ ပါဝင်ကြသည်ဟု အမျိုးသား သဘာဝဘေး အန္တရာယ် ကာကွယ်စောင့်ရှောက်ရေး အကြီးအကဲ Sutopo Purwo Nugroho က ပြောကြားခဲ့သည်။ ထို့ပြင်အခြားသော လူသေအလောင်း သုံးခုကိုလည်း ဒေသခံများက တွေ့ရှိခဲ့ကြသည်။
    မီးတောင်လှုပ်ရှားမှုများကြောင့် ယခင်က ဘေးလွတ်ရာသို့ ပြောင်းရွှေ့ ထားကြသူများကို သောကြာနေ့က ပြန်လည်နေရာ ချထားပေးခဲ့ပြီးနောက် စနေနေ့က မီးတောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးတောင် ပတ်ဝန်းကျင်ရှိ ရွာများ၊ လယ်များနှင့် သစ်ပင်များမှာ ပြာများဖြင့် ဖုံးလွှမ်းနေကြောင်း အင်ဒိုနီးရှား ရုပ်သံက ထုတ်လွှင့် ပြသသွားခဲ့သည်။
    အင်ဒိုနီးရှားနိုင်ငံရှိ မီးရှင်တောင် ၁၃၀ တွင် ပါအ၀င်ဖြစ်သော Sinabung မီးတောင်မှာ ယခုအချိန်အထိ ချော်ရည်များ၊ ပြာများ မှုတ်ထုတ်လျက်ရှိနေပြီး မီတာ ၂၀၀၀ အမြင့်ထိရောက်ရှိသည်ဟုဆိုသည်။
    မီးတောင် ပေါက်မှုကြောင့် သေဆုံးသူများမှာ မြင့်တက်လာနိုင်ဖွယ်ရှိပြီး၊ ဒေသခံများ ပြောင်းရွှေ့မှုများကို ပြည်လည် လုပ်ဆောင်နေကြောင်း၊ ချော်ရည်များ၊ ပြာပူများလောင်ကျွမ်းမှုကြောင့် ဒဏ်ရာ ရသူများရှိနေပြီး ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
    Ref: aljazeera