News @ M-Media

Tag: indonesia

  • အင်အားပြင်းငလျင်ကြောင့် အင်ဒိုနီးရှားတွင် လူ ၃၀ ကျော်သေ

    အင်အားပြင်းငလျင်ကြောင့် အင်ဒိုနီးရှားတွင် လူ ၃၀ ကျော်သေ

    ဇန်နဝါရီ ၁၅၊ ၂၀၂၁
    M-Media

    -အင်ဒိုနီးရှားနိုင်ငံက ဆူလာဝေစီကျွန်းမှာ ဒီကနေ့မနက်အစောပိုင်းက မြေငလျင်ကြောင့် အနည်းဆုံး ၃၄ ဦးသေဆုံးပြီး ထိခိုက်ပျက်စီးမှုလည်း များပြားကာ ဆူနာမီ​အန္တရာယ်လည်း ရှိနေပါတယ်။

    မြေငလျင်ဟာ ပြင်းအား ၆.၂ မဂ္ဂနီကျု ရှိပါတယ်။ ရာနဲ့ချီ ဒဏ်ရာရရှိခဲ့ပြီး ထောင်နဲ့ချီတဲ့သူတွေဟာ အိုးအိမ်စွန့်ခွာကာ ဘေးလွတ်ရာမှာ ခိုလှုံနေရပါတယ်။

    လေယာဉ်ကွင်း၊ ဆေးရုံ၊ တံတားနဲ့ ဟိုတယ်တွေအပါအဝင် အ​ဆောက်အဦးအများပြား ပျက်ဆီးခဲ့ပြီး နောက်ဆက်တွဲငလျင်တွေလှုပ်ကာ ဆူနာမီလှိုင်းလုံး လာနိုင်တယ်လို့ မိုးလေဝသ အာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

    ၂၀၁၈ ခုနှစ်တုန်းကလည်း ဆူလာဝေစီကျွန်းက ပါလူမြို့မှာ ပြင်းအား ၆.၂ မဂ္ဂနီကျုရှိတဲ့ ငလျင်တစ်ခု လှုပ်ခဲ့ပြီး ဆူနာမီရိုက်ခတ်ခဲ့တာကြောင့် လူထောင်ချီ သေဆုံးခဲ့ပါတယ်။

    Ref: CNA

  • အင်ဒိုနီးရှားတွင် ကိုဗစ်ကာကွယ်ဆေး စထိုး

    အင်ဒိုနီးရှားတွင် ကိုဗစ်ကာကွယ်ဆေး စထိုး

    ဇန်နဝါရီ ၁၄၊ ၂၀၂၁
    M-Media

    -အင်ဒိုနီးရှားနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အစိုးရဝန်ထမ်းတွေကို ဒီကနေ့စတင်ပြီး ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေပါတယ်။

    တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး Sinovac ကို ​သမ္မတ ဂျိုကိုဝီဒိုဒိုက မနေ့မှာ ပထမဆုံး ထိုးခဲ့ပါတယ်။ ပထမအဆင့်မှာ ကျန်းမာရေးဝန်ထမ်း ၁.၃ သန်းနဲ့ အစိုးရဝန်ထမ်း ၁၇.၄ သန်းကို ကာကွယ်ဆေးထိုးပေးမှာပါ။

    သန်းပေါင်း ၂၇၀ ရှိတဲ့ လူဦးရေရဲ့ ၃ ပုံ ၂ ပုံ သန်း ၁၈၀ ကျော်လောက်ကို ကာကွယ်ဆေးထိုးပေးနိုင်ဖို့ အင်ဒိုနီးရှားက စီစဉ်ထားပါတယ်။

    “ကပ်ရောဂါက ဆက်ဖြစ်နေပြီး ကျန်းမာရေးဝန်ထမ်းတွေက ရှေ့တန်းကနေ ကိုဗစ်လူနာတွေကို ပြုစုကုသနေရပါတယ်” လို့ ဒုတိယကျန်းမာရေးဝန်ကြီး ဒန်တီ ဆက်ဆိုနိုက ပြောကြားခဲ့ပါတယ်။

    တရုတ်ထုတ်ကာကွယ်ဆေး Sinovac ဟာ အစ္စလာမ်ဘာသာဝင်တွေ အသုံးပြုလို့ရတယ်လို့ အင်ဒိုနီးရှား ထိပ်တန်းအစ္စလာမ်ဘာသာရေးအဖွဲ့က ပြီးခဲ့တဲ့တစ်ပတ် ဓမ္မသတ်ထုတ်ပေးပြီးတဲ့နောက် ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့တစ်ပတ်မှာ ဒီဆေးကို အရေးပေါ်အသုံးပြုခွင့် ပေးခဲ့ပါတယ်။

    Ref: CNA

  • ကိုဗစ်ကာကွယ်ဆေးကို အင်ဒိုနီးရှားက နိုင်ငံတစ်ဝှမ်း ဖြန့်ဝေ၊ လူငယ်များကို ဦစားပေးထိုးပေးမည်

    ကိုဗစ်ကာကွယ်ဆေးကို အင်ဒိုနီးရှားက နိုင်ငံတစ်ဝှမ်း ဖြန့်ဝေ၊ လူငယ်များကို ဦစားပေးထိုးပေးမည်

    ဇန်နဝါရီ ၃၊ ၂၀၂၁
    M-Media

    -တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ Sinovac ကိုဗစ်ကာကွယ်ဆေးကို အင်ဒိုနီးရှားမှာ ဒီကနေ့ စတင်ဖြန့်ဝေပေးနေပြီး အစိုးရက အရေးပေါ်အသုံးပြုဖို့ ခွင့်ပြုချက်ပေးတာနဲ့ ထိုးပေးဖို့ စီစဉ်ထားပါတယ်။

    အင်ဒိုနီးရှားရဲ့ ကိုဗစ်ကာကွယ်ဆေးထိုးမှု လုပ်ငန်းဟာ ၁၅ လတာ ကြာမြင့်မှာပါ။ ကျန်းမာရေးဝန်ထမ်း ၁.၃ သန်းကို ဦးစားပေးထိုးပေးသွားမယ်လို့ ကျန်းမာရေးဝန်ကြီး ဘူဒီ ဂူနာဒီ ဆာဒစ်ကင်က မနေ့မှာ ပြောကြားခဲ့ပါတယ်။

    အခြားနိုင်ငံတွေမှာ သက်ကြီးရွယ်အိုတွေကို ဦးစားပေး ထိုးပေးပေမယ့် အင်ဒိုနီးရှားမှာတော့ လူငယ်တွေကို ဦးစားပေး ထိုးပေးဖို့ စီစဉ်နေပါတယ်။ အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှာ ကိုဗစ်ဒဏ်ကို ဆိုးဆိုးရွားရွား ခံစားရတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

    ဂျကာတာအခြေစိုက် ဇီ၀ဗဗေဒအသင်း Eijkman Institute for Molecular Biology ရဲ့ ဒါရိုက်တာ အေမင် ဆိုဘန်ဒရီယိုက လူတွေနဲ့ အများဆုံးထိတွေ့ဆက်ဆံရတဲ့ လူငယ်တွေကို ဦးစားပေး ထိုးပေးခြင်းအားဖြင့် ကျန်တဲ့လူတွေကိုပါ ကာကွယ်ပြီး ဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    လူဦးရေ ၂၆၈ သန်းရှိတဲ့ အင်ဒိုနီးရှားအနေနဲ့ တရုတ်ထုတ် Sinovac ကာကွယ်ဆေးအပြင်၊ ယူကေနဲ့ အမေရိကန်ထုတ် ကာကွယ်ဆေးတွေကိုလည်း မှာယူထားပါတယ်။ ဒါ့အပြင် ပြည်တွင်းဖြစ် ကိုဗစ်ကာကွယ်ဆေး Merah Putih ကိုလည်း အင်ဒိုနီးရှားက ထုတ်လုပ်နေပါတယ်။

    Ref: Alarabiya

  • အင်ဒိုနီးရှားမှ ဩဇာရှိ အစ္စလာမ် ဘာသာရေးခေါင်းဆောင် ကိုဗစ်စည်းကမ်းဖောက်မှုဖြင့် ဖမ်းဆီးခံရ

    အင်ဒိုနီးရှားမှ ဩဇာရှိ အစ္စလာမ် ဘာသာရေးခေါင်းဆောင် ကိုဗစ်စည်းကမ်းဖောက်မှုဖြင့် ဖမ်းဆီးခံရ

    ဒီဇင်ဘာ ၁၃၊ ၂၀၂၀
    M-Media

    ဂျကာတာရဲစခန်းတွင် လာရောက်အဖမ်းခံသည့် ရီဇစ် ရှီဟဘ်

    -အစိုးရကထုတ်ထားတဲ့ ကိုဗစ်စည်းကမ်းတွေ ဖောက်ဖျက်မှုနဲ့ ဖမ်းဆီးမယ်လို့ ရဲတပ်ဖွဲ့က သတိပေးခဲ့ပြီးတဲ့နောက် အင်ဒိုနီးရှားနိုင်ငံရဲ့ သဘောထားတင်းမာတဲ့ အစ္စလာမ်ဘာသာရေးခေါင်းဆောင် ရီဇစ် ရှီဟဘ်ဟာ မနေ့က ဂျကာတာရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့ပါတယ်။

    ရှီဘဘ်ဟာ မွတ်စလင်မဘသအဖွဲ့တစ်ခုဖြစ်တဲ့ Islamic Defenders Front (FPI) ခေါင်းဆောင်ဖြစ်ပြီး လိင်ဗီဒီယို လက်ဝယ်ထားမှု၊ နိုင်ငံတော်အခြေခံမူတွေကို စော်ကားပြောဆိုမှုနဲ့ တရားစွဲဆိုခံရပြီးတဲ့နောက် ၂၀၁၇ ခုနှစ်ကတည်းက ဆော်ဒီအာရေဗျမှာ တိမ်းရှောင်နေတာပါ။

    သက်သေမခိုင်လုံတဲ့အတွက် စွဲချက်တွေအားလုံးကို အစိုးရက ရုပ်သိမ်းပြီးတဲ့နောက် ရှှီဟဘ်ဟာ နိုဝင်ဘာ ၁၀ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံကို ပြန်ရောက်လာခဲ့ပါတယ်။ သူပြန်လာတဲ့အချိန် သောင်းနဲ့ချီတဲ့ ထောက်ခံသူတွေက ကိုဗစ်စည်းကမ်းကို ဖောက်ဖျက်ကာ ကြိုဆိုခဲ့သလို၊ ရှီဟဘ်ကိုယ်တိုင်လည်း တမန်တော်နေ့ အထိမ်းအမှတ် အခမ်းအနားတွေ၊ သမီးဖြစ်သူ မင်္ဂလာဆောင်အခမ်းအနားတွေ အပါအဝင် အခမ်းအနားတစ်ချို့ကို ကိုဗစ်စည်းကမ်းဖောက်ဖျက်ကာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

    ဒီဖောက်ဖျက်မှုတွေအတွက် လာရောက်အဖမ်းခံဖို့ ဂျကာတာရဲတပ်ဖွဲ့က အကြိမ်ကြိမ်ဆင့်ခေါ်မှုကို မျက်ကွယ်ပြုခဲ့ပြီးတဲ့နောက် မနေ့ကမှ အဖမ်းခံလိုက်တာပါ။

    “ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေအရ စုံစမ်းစစ်ဆေးမှုခံယူဖို့ ဂျကာတာရဲစခန်းကို ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့ ရောက်ပါပြီ” လို့ အဖမ်းမခံခင်မှာ ရှီဟဘ်က ပြောကြားခဲ့ပါတယ်။

    ကိုဗစ်စည်းကမ်းဖောက်ဖျက်မှု၊ တရားဥပဒေစိုးမိုးရေးဆောင်ရွက်ချက်ကို အနှောက်အယှက်ပေးမှုတွေအတွက် အပြစ်ရှိကြောင်းတွေ့ရရင် ရှီဟဘ်ဟာ အမြင့်ဆုံး ထောင်ဒဏ် ၆ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။

    ကိုဗစ်စည်းကမ်းဖောက်ဖျက်မှုအတွက် စုံစမ်းစစ်ဆေး ဖမ်းဆီးမှုတွေ ပြုလုပ်ရာမှာ FPI အဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့တို့အကြား တနင်္လာနေ့က ပစ်ခတ်မှုတွေဖြစ်ပွားတာကြောင့် FPI အဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ပါတယ်။

    အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းရေး ကြွေးကျော်တဲ့ FPI အဖွဲ့ဟာ နိုက်ကလပ်တွေကို ဖျက်ဆီးတာ၊ အနောက်နိုင်ငံသံရုံးတွေကို ခဲနဲ့ပေါက်တာ၊ ပြိုင်ဘက် ဘာသာရေးအဖွဲ့အစည်းတွေကို တိုက်ခိုက်တာမျိုးတွေလည်း အရင်က လုပ်ဆောင်ခဲ့ဖူးပါတယ်။

    Ref: CNA

  • ထောက်လှမ်းရေးလေယာဉ် အခြေချရန် အမေရိကန်၏တောင်းဆိုမှုကို အင်ဒိုနီးရှားပယ်ချ

    ထောက်လှမ်းရေးလေယာဉ် အခြေချရန် အမေရိကန်၏တောင်းဆိုမှုကို အင်ဒိုနီးရှားပယ်ချ


    အောက်တိုဘာ ၂၁၊ ၂၀၂၀
    M-Media

    -ရေကြောင်းထောက်လှမ်းရေးလေယာဉ် P-8 Poseidon တွေ ဆင်းသက်ခွင့်နဲ့ ဆီဖြည့်ခွင့်ပေးဖို့ အမေရိကန်ရဲ့ တောင်းဆိုမှုကို မိမိတို့က ပယ်ချခဲ့တယ်လို့ အင်ဒိုနီးရှားအစိုးရ အကြီးတန်းတာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    အမေရိကန်တာဝန်ရှိသူတွေဟာ ဇူလိုင်လနဲ့ ဩဂုတ်လအတွင်း အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ ဒီကိစ္စကို ​ဆွေးနွေးခဲ့ပြီး နောက်ဆုံး သမ္မတ ဂျိုကိုဝီဒိုဒိုက ပယ်ချခဲ့တာပါ။ ဒီကိစ္စအတွက် ​အင်ဒိုသမ္မတရုံး၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က မှတ်ချက်ပေးဖို့ ငြင်းဆိုတယ်လို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။

    တောင်တရုတ်ပင်လယ်မှာ မိမိတို့နဲ့ တရုတ်နိုင်ငံအကြား တင်းမာမှုမြင့်တက်နေတဲ့အချိန် အမေရိကန်ရဲ့ ဒီ အံ့အားသင့်ဖွယ်ကမ်းလှမ်းမှု ပေါ်ပေါက်လာတာဖြစ်တယ်လို့ အင်ဒိုအစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှားဟာ ကြားနေ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးတဲ့အတွက် နိုင်ငံခြားတပ်ဖွဲ့တွေကို နိုင်ငံအတွင်း အခြေချခွင့် မပေးပါဘူး။

    အမေရိကန်ရဲ့ P-8 ထောက်လှမ်းရေးလေယာဉ်တွေဟာ တောင်တရုတ်ပင်လယ်က တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို စောင့်ကြည့်ရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ တောင်တရုတ်ပင်လယ်က ပိုင်နက်ကိစ္စအတွက် တရုတ်ဟာ ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဘရူးနိုင်းတို့နဲ့လည်း အငြင်းပွားမှုတွေ ရှိနေပါတယ်။

    သူတို့ပိုင်ဆိုင်တယ်လို့ ယူဆထားတဲ့ ရေပိုင်နက်ထဲကို ဝင်လာတဲ့ တရုတ်သင်္ဘောတွေကို အင်ဒိုနီးရှားက ပုံမှန်မောင်းထုတ်လေ့ရှိပါတယ်။ ဒါပေမယ့် နိုင်ငံအတွင်း တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကလည်း မြင့်တက်လာနေပြီး အင်အားကြီးနိုင်ငံနှစ်ခုအကြား အားပြိုင်မှုမှာ တစ်ဖက်ဖက်က ရပ်တည်တာမျိုး မလုပ်ချင်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ရတ္တနို မာဆူဒီက စက်တင်ဘာလအစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

    အမေရိကန်ဟာ လက်ရှိမှာ P-8 ထောက်လှမ်းရေးလေယာဉ်တွေကို စင်ကာပူ၊ ဖိလစ်ပိုင်နဲ့ မလေးရှားက စစ်စခန်းတွေမှာ အခြေစိုက်ပြီး အသုံးပြုနေတာ ဖြစ်ပါတယ်။

    Ref: Aljazeera