News @ M-Media

Tag: international short news

  • နိုင်ငံတကာ သတင်းတို (မေ ၁၃၊ ၂၀၁၅)

    မေ ၁၃၊ ၂၀၁၅
    M-Media

    ဂါဇာစစ်ရာဇ၀တ်မှုအတွက် အစ္စရေးအား ICC သတိပေး
    ………………………………………………

    ပြီးခဲ့သည့်နှစ် နွေရာသီက ဂါဇာအား အစ္စရေးက တိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်၍ အစ္စရေးနှင့် ပါလက်စတိုင်းတို့မှ သတင်းအချက်အလက်များကို မရရှိသေးဘဲ ထိုအချက်အလက်များကို မိမိအား ပေးအပ်ရန်အတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC မှ တရားသူကြီး ဖာတူ ဘန်ဆူဒါက ပြောကြားလိုက်သည်။ ထို့ပြင် အဆိုပါ တိုက်ခိုက်မှုတွင် စစ်ရာဇ၀တ်မှုများ
    ကျူးလွန်ခြင်းရှိခဲ့သည်ဆိုသော ပါလက်စတိုင်း၏ စွပ်စွဲမှုအတွက် ပြည့်ဝသည့် စုံစမ်းစစ်ဆေးရေး ဆောင်ရွက်ရမလားဆိုသည်ကို ဆုံးဖြတ်သွားမည်ဟုလည်း အစ္စရေးအား သတိပေးခဲ့သည်။

    လက်ထပ်ရန်ငြင်းပယ်သည့် အိန္ဒိယအမျိုးသမီးကို ရွာက ဒဏ်ရိုက်
    ……………………………………………

    အိန္ဒိယနိုင်ငံအနောက်ပိုင်း ရာဂျက်စတန်ပြည်ရှိ ရွာတစ်ရွာတွင် အသက် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးက အမျိုးသားတစ်ဦးအား လက်ထပ်ရန် ငြင်းပယ်ခဲ့သည့်အတွက် အဆိုပါမိန်းကလေးနှင့် မိသားစုတို့ကို ရပ်ရွာကောင်စီက ၀ိုင်းကျင်ခဲ့ပြီး ဒဏ်ငွေ ရူပီး ၁.၆ သန်း
    (ကန်ဒေါ်လာ ၂၅၀၀၀) ဒဏ်ရိုက်ခဲ့သည်။ ထိုအမျိုးသားနှင့် လက်ထပ်ရန် အသက် ၁၁ လ အရွယ်ကတည်းက မိဘများမှ သဘောတူထားခြင်းဖြစ်ပြီး ထိုအမျိုးသမီးမှာ အသက် ၁၆ နှစ်အရွယ်မှ ထိုကိစ္စကို သိခဲ့ခြင်းဖြစ်သည်။

    ဘူရန်ဒီတွင် စစ်တပ်အာဏာသိမ်း
    ………………………………….

    အခြေခံဥပဒေနှင့်ဆန့်ကျင်ကာ သမ္မတအဖြစ် တတိယသက်တမ်းကို ထမ်းဆောင်ရန် ကြိုးစားနေသည့် သမ္မတ ပီရီ အန်ကူရန်ဇီဇာကို ဖြုတ်ချလိုက်ပြီဟု ဘူရန်ဒီ စစ်တပ်က ယနေ့တွင် ကြေညာလိုက်သည်။ ထိုသတင်းကို ရုပ်သံမှ ကြေညာခဲ့ပြီးနောက် ဘူရန်ဒီပြည်သူများက လမ်းမများပေါ်သို့ထွက်၍ အောင်ပွဲခံခဲ့ကြသည်။

    Ref: News Agencies

  • နိုင်ငံတကာသတင်းတို (မေ ၁၂၊ ၂၀၁၅)

    မေ ၁၂၊ ၂၀၁၅
    M-Media

    ယနေ့နံနက် နီပေါငလျင် လူအသေအပျောက်ရှိ
    ……………………………….
    ယနေ့နံနက်က နီပေါတွင် ထပ်မံလှုပ်ခတ်ခဲ့သော ပြင်းအား ၇.၃ ရှိ ငလျင်ကြောင့် အနည်းဆုံး ၄၂ ဦး သေဆုံးခဲ့ပြီ ၁၁၁၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု နီပေါအာဏာပိုင်များက ကြေညာခဲ့သည်။ ပြီးခဲ့သည့် နှစ်ပတ်က ငလျင်ဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရသည့် ခတ္တာမန်ဒူမြို့ရှိ အဆောက်အဦး ၁၀ ခုအပါအ၀င် စုစုပေါင်း အဆောက်အဦး ၁၉ လုံး ပြိုကျပျက်ဆီးခဲ့သည်။ ထိုငလျင်ကြောင့် အိန္ဒိယတွင် ၁၇ ဦးသေဆုံးခဲ့သည်။

    ပီကာဆို၏ ပန်းချီ ဒေါ်လာ ၁၇၉ သန်းကျော်ရ
    ……………………………….
    ကမ္ဘာကျော် ပန်းချီပညာရှင် ပါဘလို ပီကာဆို၏ လက်ရာတစ်ခုဖြစ်သော “Women of Algiers [Version O]” ပန်းချီကားကို ယမန်နေ့က နယူးယောက်မြို့ လေလံပွဲတွင် အမည်မဖော်လိုသူတစ်ဦးက ကန်ဒေါ်လာ ၁၇၉.၄ သန်းဖြင့် ၀ယ်ယူသွားခဲ့သည်။ ထိုပန်းချီကားမှာ ၁၉၄၅ ခုနှစ်မှ ၁၉၅၅ ခုနှစ်အတွင်း ပီကာဆိုရေးသားခဲ့သည့် ပန်းချီကားများမှ တစ်ခုဖြစ်ပြီး အဆိုပါ လေလံဈေးမှာ အနုပညာလက်ရာများတွင် စံချိန်တင်ဈေးလည်း ဖြစ်ခဲ့သည်။

    ဘင်္ဂလားဒေ့ရှ်ဘလော့ဂါတစ်ဦး အသတ်ခံရပြန်
    ………………………………..
    ဘင်္ဂလားဒေ့ရှ် ဘလော့ဂါတစ်ဦးဖြစ်သူ အေနန်တာ ဘီဂျိုင် ဒက်စ်မှာ နိုင်ငံအရှေ့မြောက်ပိုင်း ဆဲလ်ဟတ်မြို့တွင် ယနေ့နံနက်ပိုင်းက မျက်ဖုံးဝတ် လူတစ်စု၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ၎င်းအလုပ်လုပ်ရာ ရုံးသို့ သွားနေစဉ် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပြီး လူသတ်သမားမှာ ၄ ဦးဖြစ်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ဒက်စ်မှာ ဘင်္ဂလားဒေ့ရှ်တွင် ယခုနှစ်အတွင်း တတိယမြောက်အသတ်ခံရသည့် ဘလော့ဂါလည်း ဖြစ်သည်။

    Ref: News Agencies

  • နိုင်ငံတကာ သတင်းတို (မေ ၁၁၊ ၂၀၁၅)

    နိုင်ငံတကာ သတင်းတို (မေ ၁၁၊ ၂၀၁၅)

    မေ ၁၁၊ ၂၀၁၅
    M-Media

    လှေစီးဒုက္ခသည် ၁၀၀၀ ကျော် မလေးရှားရောက်
    ………………………………
    မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့မှ ဒုက္ခသည် ၁၀၀၀ ကျော်ပါဝင်သော စက်လှေ ၂ စီးမှာ ယမန်နေ့ညပိုင်းက မလေးရှားနိုင်ငံ လန်ကာဝီကျွန်းသို့ ၀င်ရောက်လာခဲ့ပြီး မလေးရှားအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၎င်းတို့ထဲတွင် အများစုမှာ မြန်မာနိုင်ငံတွင် ညှင်းပန်းနှိပ်စက်မှုကို ခံရသော ရိုဟင်ဂျာများဖြစ်ပြီး ဒုက္ခသည်များ အားလုံး၏ အခြေအနေမှာ ဆိုးရွားနေကြသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ စနေနေ့ကလည်း ရိုဟင်ဂျာ ၅၀၀ ခန့်ပါဝင်သော စက်လှေများမှာ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်သို့ ရောက်သွားခဲ့ပြီး အင်ဒိုအာဏာပိုင်များက ထိန်းသိမ်းခဲ့သည်။

    တူရကီ ကုန်တင်သင်္ဘော လစ်ဗျားတွင် ပစ်ခံရ
    ……………………………………
    တူရကီမှ ကုန်တင်သင်္ဘောတစ်စင်းမှာ ယမန်နေ့ ညပိုင်းက လစ်ဗျား ဆိပ်ကမ်းမြို့ တိုဘရုက်တွင် တိုက်ခိုက်ခံခဲ့ရပြီး တတိယအရာရှိတစ်ဦး သေဆုံးခဲ့ကာ အခြား သင်္ဘောသားများလည်း ဒဏ်ရာရရှိခဲ့သည်။ စပိန်နိုင်ငံမှ လစ်ဗျားသို့ ရောက်လာသည့် အဆိုပါ သင်္ဘောမှာ ကမ်းခြေသို့ ကပ်လာစဉ် ကမ်းမှ အမြှောက်ဖြင့် ပစ်ခတ်သောကြောင့် ပြန်လည်ထွက်ခွာခဲ့ရာ နိုင်ငံတကာ
    ရေပိုင်နက်တွင် လေကြောင်းမှ ပစ်ခတ်ခံ ခဲ့ရသည်ဟု တူရကီ အာဏာပိုင်များက ပြောကြား ခဲ့ကာ ထိုအဖြစ်အပျက်အတွက်လည်း ရှုတ်ချခဲ့သည်။ လစ်ဗျာအာဏာပိုင်များကမူ အဆိုပါ သင်္ဘောမှာ ကမ်းမကပ်ရဟု သတိပေးမှုကို မလိုက်နာသောကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။

    ယူရိုငွေကြေးဖခင်ကြီး ကွယ်လွန်
    …………………………..
    ဥရောပတိုက်တွင် ယူရိုငွေကြေးတစ်ခုတည်း သုံးစွဲနိုင်စေရန် ကြိုးပမ်းခဲ့သာ စီးပွားရေးပညာရှင် အသက် ၈၆ နှစ်အရွယ် အလက်ဇန်ဒရီ လမ်ဖလက်စီမှာ စနေနေ့တွင် ကွယ်လွန်သွားခဲ့ပြီဟု ဘယ်လ်ဂျီယံအာဏာပိုင်များက ယနေ့တွင် ကြေညာခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီး
    ဟန်ဂေရီမှထွက်လာကာ ဘလ်ဂျီယံနိုင်ငံသားဖြစ်ခဲ့သည့် လမ်ဖလက်ဆီမှာ ဥရောပ ဗဟိုဘဏ်၏ ရှေ့ပြေးဖြစ်သည့် ဥရောပ ငွေကြေးအသင်း၏ ပထမဆုံး ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
    Ref: News Agencies

  • နိုင်ငံတကာ သတင်းတို (မေ-၁၀)

    နိုင်ငံတကာ သတင်းတို (မေ-၁၀)

    မေ ၁၀၊ ၂၀၁၅
    M-Media

    ယီမင်ပြည်သူများကို ကူညီရေး ဟူသီသူပုန် သဘောတူ
    …………………………………
    ယီမင်ပဋိပက္ခတွင် ထိခိုက်ခံစားရသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေးအတွက် ၅ ရက်တာ အပစ်ရပ်ရန် ဆော်ဒီအာရေဗျမှ ကမ်းလှမ်းထားမှုကို လက်ခံသည်ဟု ဟူသီ နိုင်ငံရေးကောင်စီက ယနေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ဖော်ပြထားပြီး မိမိတို့ အနေဖြင့်လည်း ပြည်သူများထံသို့ အကူအညီများကို တတ်နိုင်သလောက် မြန်မြန်
    ပေးပို့သွားမည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ကုလ၏ ကြီးကြပ်မှုအောက်တွင် မိမိတို့အနေဖြင့် နိုင်ငံရေးအဖွဲ့များ အချင်းချင်း တွေ့ဆုံ စကားပြောချင်သည်ဟုလည်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

    ဆွဇ်လန် သေနတ်ပစ်မှု လူ ၅ ဦးသေဆုံး
    ………………………………
    ဆွဇ်လန်နိုင်ငံမြောက်ပိုင်း မြို့တစ်မြို့တွင် ယမန်နေ့ ညပိုင်းက သေနတ်ဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး သေနတ်သမားအပါအ၀င် လူ ၅ ဦး သေဆုံးခဲ့သည်ဟု ဆွဇ်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ သေနတ်သမားမှာ အသက် ၃၆ နှစ်အရွယ် ဆွဇ်အမျိုးသားဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကာ အိမ် ၂ အိမ်သို့ သွားရောက်၍ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ သေနတ်ဖြင့် ပစ်ခတ်ရသည့် အကြောင်းအရင်းမှာ
    မိသားစုပြဿနာကြောင့်ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

    နီပေါငလျင် ရှာဖွေရေး ရပ်ဆိုင်း
    ……………………………………
    တောင်ပေါ်မှ ရေခဲထုများ ပြိုဆင်းလာခြင်းကြောင့် ငလျင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်တန့်ထားသည်ဟု နီပေါအာဏာပိုင်များက ယနေ့တွင် ပြောကြားလိုက်သည်။ ထိုကဲ့သို့ ပြိုဆင်းလာခြင်းအပြင် မြူဆိုင်းခြင်းနှင့် မိုးရွာသွန်းခြင်းလည်း ရှိနေသည်။ ငလျင်ကြောင့် သေဆုံးသူ ဦးရေမှာ လက်ရှိအချိန်တွင် ၈၀၀၀ ကျော်သွားခဲ့ပြီး အဆောက်အဦးများအောက်တွင် ပိမိနေသူများ
    အများအပြားရှိနေပြီး ရှာဖွေကယ်ဆယ်မှုများကို ဆက်လက်လုပ်ဆောင်နေရသည်။

    Ref: News Agencies

  • နိုင်ငံတကာသတင်းတို (မေ ၉၊ ၂၀၁၅)

    မေ ၉၊ ၂၀၁၅
    M-Media

    ဒုတိယကမ္ဘာစစ် အခမ်းအနားတွင် ရုရှား အင်အားပြ
    ………………………………
    ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့် နှစ် ၇၀ ပြည့်အခမ်းအနားကို ရုရှားနိုင်ငံ မော်စကိုမြို့၌ ယနေ့တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ပြီး ရင်ပြင်နီတွင် ပြုလုပ်သည့် စစ်ရေးပြ အခမ်းအနားတွင် နိုင်ငံရပ်ခြားမှ တပ်ဖွဲ့ဝင်များလည်း ပါဝင်ခဲ့သည်။ နိုင်ငံအတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့များအားလုံးကို ရုရှားက ထုတ်ပြခဲ့ပြီး နောက်ဆုံးပေါ် တင့်ကားများ၊ နျူဗုံးကြဲလေယာဉ်များနှင့်
    ခေတ်မီလက်နက်များကိုလည်း အဆိုပါ စစ်ရေးပြအခမ်းအနားတွင် ပြသခဲ့သည်။

    အိန္ဒိယသူပုန်များ လူ ၂၀၀ ကျော် ပြန်ပေးဆွဲ
    ………………………………..
    လက်ရှိအစိုးရအား ဖြုတ်ချရန် ရည်ရွယ်နေသည့် အိန္ဒိယ ကွန်မြူနစ်ပါတီမှ အဖွဲ့ဝင် Naxal သူပုန်အဖွဲ့မှာ နိုင်ငံအလယ်ပိုင်း Chhattisgarh ပြည်နယ်ရှိ လူပေါင်း ၂၀၀ ခန့်ကို ယနေ့တွင် ပြန်ပေးဆွဲသွားခဲ့သည်။ အိန္ဒိယ၀န်ကြီးချုပ် မိုဒီမှာ အဆိုပါပြည်နယ်ရှိ စီမံကိန်း ၂ ခုကို လာရောက်ဖွင့်လှစ်ရန် ရှိနေပြီး Naxal အဖွဲ့မှာ မိုဒီ ပြည်နယ်အတွင်းသို့ လာရောက်မှုကို သပိတ်မှောက်ရန် ဆော်သြသည့် အဖွဲ့လည်း ဖြစ်သည်။ ဒေသတွင်း မီဒီယာများကမူ ပြန်ပေးဆွဲခံရသူများမှာ ထိခိုက်ဒဏ်ရာရမှုမရှိဟု ပြောကြားခဲ့သည်။ အဆိုပါ သူပုန်အဖွဲ့မှာ ၂၀၁၃ ခုနှစ်ကလည်း ဒေသတွင်း နိုင်ငံရေးသမားများပါဝင်သော ယာဉ်တန်းကို တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး
    ၂၄ ဦး သေဆုံးခဲ့သည်။

    ဖိလစ်ပိုင်တွင် မုန်တိုင်းလာမည်
    ………………………………
    ဖိလစ်ပိုင်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ လူဇွန်ကျွန်းသို့ တိုင်းဖုန်း နိုအူလ် ၀င်ရောက်ရန် ရှိနေသောကြောင့် ယနေ့မှစ၍ အစိုးရက ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီး ပြည်သူ ၁၁၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့သည်။ အဆိုပါ တိုင်ဖုန်းမုန်တိုင်းမှာ လေတိုက်နှုန်း တစ်နာရီ ၁၉၅ ကီလိုမီတာဖြင့် ၀င်ရောက်မည်ဖြစ်ပြီး အနောက်မြောက်ဘက် ဂျပန်နိုင်ငံသို့ ဦးတည်သွားမည်ဟု ခန့်မှန်းထားသည်။

    ချီလီတွင် ဝေလငါး အကောင် ၂၀ ကျော် သေဆုံး
    ………………………………………
    တောင်အမေရိက နိုင်ငံတစ်ခုဖြစ်သည့် ချီလီနိုင်ငံ တောင်ပိုင်း ပီးနပ်စ်ပင်လယ်ကွေ့ ကမ်းခြေတွင် ၁၀ မီတာခန့်ရှည်သည့် ဝေလငါး အကောင် ၂၀ ကျော် သေဆုံးနေသည်ကို အာဏာပိုင်များက ယနေ့တွင် တွေ့ရှိခဲ့ရသည်။ မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ သေဆုံးနေရသည်ကို စုံစမ်းစစ်ဆေးရန်မှာ ရာသီဥတုအခြေအနေကြောင့် အခက်အခဲဖြစ်နေသည်။ ကျွမ်ကျင်သူအချို့ကမူ ဒီရေကြောင့်
    သောင်တင်သေဆုံးသွားခြင်း သို့မဟုတ် ရောဂါပိုးကြောင့် သေဆုံးသွားခြင်းဖြစ်မည်ဟု ပြောကြားခဲ့သည်။

    Ref: News Agencies