News @ M-Media

Tag: Iran

  • သိပ္ပံနှင့်နည်းပညာနယ်ပယ်တွင် အားထုတ်ကြရန် လူငယ်များကို အီရန်အဓိပတိ တိုက်တွန်း

    သိပ္ပံနှင့်နည်းပညာနယ်ပယ်တွင် အားထုတ်ကြရန် လူငယ်များကို အီရန်အဓိပတိ တိုက်တွန်း

    ဇန်န၀ါရီ ၁၃၊ ၂၀၁၉
    M-Media

    အီရန် အဓိပတိ အယာတိုလာ အလီ ခါမေနီ

    – နိုင်ငံခြားတိုင်းပြည်တွေအပေါ် မှီခိုရမှုမရှိအောင် အစိုးရက ကြိုးစားနေရာမှာ ကူညီပါဝင်ပေးဖို့အတွက် အီရန် အဓိပတိ အယာတိုလာ အလီခါမေနီက အီရန် လူငယ်တွေကို တိုက်တွန်းလိုက်ပါတယ်။

    ဥရောပမှာ ဖွဲ့စည်းထားတဲ့ အီရန် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ Union of University Students Islamic Associations က မနေ့မှာပြုလုပ်ခဲ့တဲ့ ၅၃ ကြိမ်မြောက် ညီလာခံမှာ ခါမေနီက ဒီလို ပြောကြားခဲ့တာဖြစ်ပြီး အီရန်လူငယ်တွေအနေနဲ့ နိုင်ငံရပ်ခြားကိုသွားရောက်ကာ ပညာဆည်းပူးရေးကိုလည်း
    အားပေးခဲ့ပါတယ်။

    “တက္ကသိုလ်ကျောင်းသားတွေဟာ တိုင်းပြည်အတွက် အကောင်းဆုံးမျှော်လင့်ချက်ဆိုတာကို ကျွန်တော်တို့အားလုံး သိကြပါတယ်။ ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ မနေ့က ကျောင်းသားဖြစ်ခဲ့သူတွေဟာ ဒီကနေ့မှာ ကျွန်တော်တို့နိုင်ငံရဲ့ အသိပညာနယ်ပယ်၊ နည်းပညာနယ်ပယ် တိုးတက်ရေးအတွက် အားနဲ့အင်နဲ့ ကူညီပံ့ပိုးပေးနေကြပြီး ကြီးမားတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်ဆောင်ရွက်နေကြတယ်ဆိုတာ လူတိုင်း သိရှိဖို့ လိုအပ်ပါတယ်”

    အီရန်နိုင်ငံအနေနဲ့ နိုင်ငံခြားတိုင်းပြည်တွေအပေါ် မှီခိုနေရမှု လုံးဝလွတ်ကင်းအောင် ဆောင်ရွက်ဖို့လည်း ခါမေနီက လူငယ်တွေကို ပြောကြားခဲ့ပါတယ်။

    “သမဂ္ဂအဖွဲ့ဝင်တွေဖြစ်တဲ့ မင်းတို့ဟာ သိပ္ပံနယ်ပယ်မှာ အားထုတ်ကြိုးပမ်းရာမှာ ဦးဆောင်ဦးရွက်ပြုသူတွေ၊ ရှေ့တန်းရောက်သူတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်လာဆောင် ဆောင်ရွက်နိုင်တဲ့စွမ်းအား ဘုရားသခင် ချီးမြှင့်ပါစေလို့လည်း ဆုမွန်ကောင်းတောင်းပါတယ်”

    အီရန်နိုင်ငံကို ကြိုးကိုင်သူဖြစ်တယ်လို့ အများစုက ယုံကြည်ထားကြတဲ့ အယာတိုလာ ဆယဒ် အလီခါမေနီဟာ အစ္စလာမ်ကမ္ဘာမှာ ပညာရေး၊ သိပ္ပံနဲ့ နည်းပညာပိုင်းကို အဓိက ဦးစားပေးလုပ်ဆောင်ဖို့အတွက် မကြာခဏ တိုက်တွန်းလေ့ရှိသူလည်း ဖြစ်ပါတယ်။

    Ref: Press TV

  • စစ်ဘီလူးအစ္စရေးအနေဖြင့် မိမိတို့၏ ကာကွယ်ရေးစီမံကိန်းကို ဝေဖန်ခွင့်မရှိဟု အီရန်ပြော

    စစ်ဘီလူးအစ္စရေးအနေဖြင့် မိမိတို့၏ ကာကွယ်ရေးစီမံကိန်းကို ဝေဖန်ခွင့်မရှိဟု အီရန်ပြော

    ဒီဇင်ဘာ ၁၉၊ ၂၀၁၈
    M-Media

    – တစ်ခြားနိုင်ငံကို တိုက်ခိုက်ဖို့ လက်နက်တွေ ဖန်တီးနေတယ်လို့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုတဲ့ စစ်ဘီလူး အစ္စရေးအနေနဲ့ အီရန်ရဲ့ ကာကွယ်ရေးအစီအစဉ်တွေကို စိုးရိမ်တယ်လို့ ပြောခွင့်မရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်က ပြောကြားလိုက်ပါတယ်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက သူတို့ဟာ အရှေ့အလယ်ပိုင်းက ဘယ်ပစ်မှတ်ကိုမဆို ပစ်လွှတ်နိုင်တဲ့ ဒုံးကျည်စီမံကိန်းတစ်ခုနဲ့ အခြားဘယ်နိုင်ငံမှာမှမရှိတဲ့ အထူးလက်နက်တစ်မျိုးကို ဖန်တီးနေတယ်လို့ တနင်္လာနေ့မှာ ပြောကြားခဲ့ပြီး ဇာရစ်ဖ်က ဒါကို တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။

    “အရင်က နေတန်ယာဟုဟာ နျူဗုံးစက်ရုံမှာရပ်ပြီး အီရန်ကို သုတ်သင်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ အခုတော့ ဘယ်နေရာကိုမဆို ရောက်နိုင်တဲ့ သူတို့ရဲ့ ‘ရန်လိုတဲ့’ ဒုံးကျည်စီမံကိန်းကို လူသိရှင်ကြား ပွဲထုတ်လာပါပြီ” လို့ ဇာရစ်ဖ်က Twitter စာမျက်နှာမှာ မနေ့က ရေးသားခဲ့ပါတယ်။

    အစ္စရေးရဲ့ လျှို့ဝှက် နျူလက်နက်စက်ရုံကို သြဂုတ်လမှာ နေတန်ယာဟု သွားရောက်ခဲ့စဉ်က အီရန်အပေါ် ခြိမ်းခြောက်မှုကို ဇာရစ်ဖ်က ရည်ညွှန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

    ဒီလိုခြိမ်းခြောက်ပြီးနောက်ပိုင်း အီရန်က ကုလသမဂ္ဂကို စာပို့ခဲ့ပြီး အစ္စရေးရဲ့ နျူလက်နက်အစီအစဉ်ကို စောင့်ကြည့်စစ်ဆေးဖို့ တိုက်တွန်းခဲ့ပါတယ်။

    ဇာရစ်ဖ်က အီရန်ရဲ့ ဒုံးကျည်စီမံကိန်းကို အနောက်နိုင်ငံတွေက လက်ညှိုးထိုးနေခြင်းဟာ နေတန်ယာဟုရဲ့ စကားတွေကို သံယောင်လိုက်နေခြင်းသာဖြစ်တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Press TV

  • အီရန်နှင့် ဆက်လက်ကုန်သွယ်နိုင်ရေး ဥရောပက လမ်းကြောင်းရှာမည်

    အီရန်နှင့် ဆက်လက်ကုန်သွယ်နိုင်ရေး ဥရောပက လမ်းကြောင်းရှာမည်

    ဒီဇင်ဘာ ၁၁၊ ၂၀၁၈
    M-Media

    ဥရောပသမဂ္ဂ နိုင်ငံခြားရေးဆိုင်ရာ အကြီးအကဲ ဖက်ဒရီကာ

    – အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ကျော်ပြီး ဒေါ်လာမဟုတ်တဲ့ငွေကြေး အသုံးပြုကာ အီရန်နဲ့ ကုန်သွယ်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် နည်းလမ်းတစ်ခုကို သိပ်မကြာခင်မှာ ဖော်ဆောင်သွားမယ်လို့ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးဆိုင်ရာ ပေါ်လစီအကြီးအကဲ ဖက်ဒရီကာ မိုဂ်ဟီရီနီက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    အီရန်ဟာ ၂၀၁၅ ခုနှစ်က အင်အားကြီး ၆ နိုင်ငံနဲ့ ရရှိခဲ့တဲ့ နျူသဘောတူညီချက်အတိုင်း မလိုက်နာဘူးလို့ဆိုကာ အမေရိကန်က မေလမှာ သဘောတူညီချက်ကနေ နှုတ်ထွက်ခဲ့ပြီး အီရန်ရဲ့ ကုန်သွယ်ရေးနဲ့ စွမ်းအင်ကဏ္ဍတွေအပေါ် သြဂုတ်လနဲ့ နိုဝင်ဘာလတွေမှာ ပိတ်ဆို့မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့ပါတယ်။

    သဘောတူညီချက်မှာ ပါဝင်တဲ့ ဥရောပ သမဂ္ဂနဲ့ အခြားနိုင်ငံတွေက စာချုပ်အတိုင်း လိုက်နာပြီး အီရန်နဲ့ စီးပွားရေးဆက်သွယ်မှု ဆက်လက်လုပ်ဆောင်ဖို့အတွက် ကြိုးစားနေပါတယ်။

    မနေ့က ဘရပ်ဆဲလ်မှာပြုလုပ်တဲ့ ဥရောပနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံပွဲမှာ မိုဂ်ဟီရီနီက အီရန်နဲ့ ကုန်သွယ်ရေး ဆက်လက်လုပ်ဆောင်နိုင်မယ့် လမ်းကြောင်းတစ်ခုကို ရှာဖွေနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “တရားဝင် စီးပွားရေးလုပ်ဆောင်မှုတွေကို ကာကွယ်နိုင်ဖို့နဲ့ ပိုမိုမြှင့်တင်နိုင်ဖို့အတွက် လမ်းကြောင်းတစ်ခု အခုနှစ်မကုန်ခင် ပေါ်ပေါက်လာဖို့ ကျွန်မ ဆောင်ရွက်သွားမှာပါ”

    ဘယ်လိုလမ်းကြောင်းမျိုးလည်းဆိုတာ အသေးစိတ် မပြောခဲ့ပေမယ့် လုပ်ဆောင်မှုတွေက တော်တော်လေးကို ချောမွေ့နေတယ်လို့ သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ကျော်ဖြတ်ပြီး ဥရောပနဲ့ စီးပွားရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ဖို့ အီရန်ဟာ ဆွေးနွေးမှုတော်တော်များများကို လုပ်ဆောင်နေပါတယ်။

    Ref: Press TV

  • ပြည်တွင်းဖြစ်တိုက်လေယာဉ်ကို တင်ပို့ရောင်းချရန် အီရန် ပြင်ဆင်

    ပြည်တွင်းဖြစ်တိုက်လေယာဉ်ကို တင်ပို့ရောင်းချရန် အီရန် ပြင်ဆင်

    နိုဝင်ဘာ ၂၇၊ ၂၀၁၈
    M-Media

    – ပြည်တွင်းမှာထုတ်လုပ်တဲ့ တိုက်လေယာဉ်တွေကို နိုင်ငံရပ်ခြားတင်ပို့ဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ အီရန်က ပြောကြားလိုက်ပါတယ်။

    အီရန်ဟာ နိုင်ငံတောင်ပိုင်း ကစ်ရှ်ကျွန်းမှာ လေကြောင်းပြပွဲတစ်ခုကို မနေ့က စတင်ကျင်းခဲ့ပြီး အဖွင့်မိန့်ခွန်းမှာ အီရန် လေကြောင်းပစ္စည်းထုတ်လုပ်ရေးဌာန အကြီးအကဲ ဗိုလ်မှူးချုပ် အဘ်ဒိုလ်ကရင် ဘာနီနာရာဖီက သူတို့အနေနဲ့ အရင်က လေ့ကျင့်ရေးလေယာဉ်တွေ ရောင်းချရာကနေ အခု တိုက်ပွဲဝင်လေယာဉ်တွေကိုပါတင်ပို့သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ရောင်းဖို့အတွက် ခွင့်ပြုချက်ရထားတဲ့ လေယာဉ်တွေကို နိုင်ငံခြား တင်ပို့ဖို့ လိုအပ်တဲ့ ဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်”

    အီရန်ဟာ ပြည်တွင်းဖြစ် Kowsar တိုက်လေယာဉ်ကို သြဂုတ်လက တီဟီရန်မှာပြုလုပ်တဲ့ လေကြောင်းပြပွဲမှာ ထုတ်ပြခဲ့ပါတယ်။ စတုတ္ထမျိုးဆက်ဖြစ်တဲ့ အဲဒီလေယာဉ်မှာ နောက်ဆုံးပေါ် လေကြောင်းနည်းပညာတွေ၊ ပစ်ခတ်မှုစနစ်တွေကို တပ်ဆင်အသုံးပြုထားပါတယ်။

    ဘာနီတာရာဖီက သူတို့အနေနဲ့ ဒီတိုက်လေယာဉ်တွေကို တင်ပို့ဖို့ တရုတ်၊ ရုရှား၊ အင်ဒိုနီးရှားတို့နဲ့ သဘောတူညီချက် ရရှိထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    အီရန်ဟာ စစ်လက်နက်ပစ္စည်း တင်သွင်းမှုအပါအ၀င် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုဒဏ်ကို ဆယ်စုနှစ်ချီ ခံစားခဲ့ရပြီး အဲဒီအချိန်အတွင်း ကာကွယ်ရေးအတွက် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင် ကြိုးစားခဲ့ပါတယ်။

    တိုက်လေယာဉ်အပြင် ဒုံးကျည်တွေကိုလည် အီရန်က ကိုယ်ပိုင် ထုတ်လုပ်နိုင်ပြီး အခုသီတင်းပတ်နှောင်းပိုင်းမှာ ပြည်တွင်းဖြစ် စစ်သင်္ဘောတစ်စီးကို ထုတ်ပြဖို့လည်း ရှိနေပါတယ်။

    Ref: Press TV

  • စနေနေ့မနက် နိုင်ငံတကာ သတင်းများ

    စနေနေ့မနက် နိုင်ငံတကာ သတင်းများ

    နိုဝင်ဘာ ၂၄၊ ၂၀၁၈
    M-Media

    ဆော်ဒီအိမ်ရှေ့မင်းသားနှင့် သမ္မတ ဒေါ်နယ်ထရမ့်

    အာဖဂန်တပ်ရင်းတစ်ခုရှိ ဗလီတစ်လုံး သောကြာနေ့ ၀တ်ပြုနေစဉ် ဗုံးခွဲခံရ
    ====================
    အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း ခို့စ်ပြည်နယ်အခြေစိုက် တပ်ရင်းတစ်ခုက ဗလီထဲမှာ မနေ့က သောကြာနေ့ ၀တ်ပြုဆုတောင်းနေစဉ်အတွင်း ဗုံးခွဲမှုဖြစ်တာကြောင့် စစ်သား ၂၇ ဦးသေဆုံးခဲ့ပြီး ၅၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာဖဂန်စစ်တပ်က ပြောကြားခဲ့ပါတယ်။ အသေခံဗုံးခွဲတာလား အဝေထိန်းဗုံးခွဲတာလားဆိုတာနဲ့ ဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာကို သိရှိရခြင်း မရှိသေးပါဘူး။ အာဖဂန်မှာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း IS အကြမ်းဖက်အဖွဲ့နဲ့ တာလီဘန်တို့ဟာ တိုက်ခိုက်မှုတွေကို နေရာအနှံ့ ပြုလုပ်လာခဲ့ပါတယ်။ အခုသီတင်းပတ်အစောပိုင်းကလည်း မြို့တော်ကဘူလ်းမှာပြုလုပ်တဲ့ တမန်တော်နေ့အခမ်းအနားမှာ အသေခံဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အစ္စလာမ်ဘာသာရေးပညာရှင်တွေအပါအ၀င် လူ ၅၅ ဦး သေဆုံးကာ ၉၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

    ထရမ့်နှင့် ဆော်ဒီအစိုးရတို့ ပုဂ္ဂိုလ်ရေးပတ်သက်မှု ရှိ၊ မရှိ ကန်အောက်လွှတ်တော် စုံစမ်းမည်
    ================
    ဆော်ဒီဂျာနယ်လစ် ကာရှိုဂျီ အသတ်ခံရတဲ့ကိစ္စမှာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဝေဖန်ခံနေရတဲ့ တုန့်ပြန်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေး သွားမယ်လို့ အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီရဲ့ အကြီးအကဲဖြစ်လာတော့မယ့် သြဇာရှိ ဒီမိုကရက်တစ်အမတ် အဒမ် ရှစ်ဖ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ အောက်တိုဘာ ၂ ရက်နေ့ အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးမှာ ကာရှိုဂျီအသတ်ခံရမှုကို ဆော်ဒီအိမ်ရှေ့မင်းသားက အမိန့်ပေးတာဖြစ်တယ်လို့ စီအိုင်ကေက ကောက်ချက်ချထားပေမယ့် ထရမ့်က ဒါကို လက်မခံဘူးလို့ ဆိုပါတယ်။ ရှစ်ဖ်က သူတို့ကော်မတီဟာ ထရမ့်နဲ့ ဆော်ဒီအစိုးရတို့အကြား ပုဂ္ဂိုလ်ရေးဆက်သွယ်မှု ရှိလားဆိုတဲ့ ကိစ္စအပြင် ယီမင်စစ်ပွဲ၊ ဆော်ဒီက ဝေဖန်သူတွေ၊ စာနယ်ဇင်းတွေကို ဖိနှိပ်တဲ့ ကိစ္စတွေကိုလည်း စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။ အခုလအစောပိုင်း လွှတ်တော်အမတ်ရွေးကောက်ပွဲမှာ အောက်လွှတ်တော်ကို ဒီမိုကရက်တွေက အုပ်စီးထားနိုင်တဲ့အတွက် ထရမ့်ရဲ့လုပ်ရပ်တွေကို အောက်လွှတ်တော်က ပိုပြီးတော့ စောင့်ကြည့်ထိန်းချုပ်လာမှာ ဖြစ်ပါတယ်။

    အစ္စရေးမှာ ဒေသအတွက် ကင်ဆာအကြိတ်ဟု အီရန်သမ္မတပြော
    ================
    အစ္စရေးဟာ အရှေ့အလယ်ပိုင်းရဲ့ ကင်ဆာအကြိတ်ဖြစ်ပြီး အနောက်နိုင်ငံတွေက သူတို့အကျိုးစီးပွားအတွက် အစ္စရေးကို ဖန်တီးပေးထားတာ ဖြစ်တယ်လို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။ အီရန်နဲ့ အစ္စရေးတို့ဟာ အပြန်အလှန် ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်လေ့ရှိပြီး လက်ဘနွန်က ဟစ်ဇ်ဘိုလာနဲ့ ပါလက်စတိုင်းက ဟားမက်စ်အဖွဲ့တွေကို အီရန်က ထောက်ပံ့ပေးနေတယ်လို့ အစ္စရေးက စွပ်စွဲထားပါတယ်။ ရူဟာနီက ဒုတိယကမ္ဘာစစ်ရဲ့ ဆိုးကျိုးတွေထဲကတစ်ခုဟာ အရှေ့အလယ်ပိုင်းမှာ အစ္စရေးနိုင်ငံ ပေါ်ထွက်လာတာဖြစ်ကြောင်း၊ အမေရိကန်ဟာ မွတ်စလင်တွေနိုင်ငံတွေကို အသုံးချပြီး အစ္စရေးကို ကာကွယ်ပေးဖို့ ဆောင်ရွက်နေကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အီရတ်က တိုင်းပြည်ပြန်လည်ထူထောင်ရေး ဆောင်ရွက်မည်
    ==================
    စစ်ပွဲတွေကြောင့် ချုံးချုံးကျနေတဲ့နိုင်ငံကို ပြန်လည်ထူထောင်ရေးအတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းသွားမယ်လို့ အီရတ်သမ္မတ ဘာရ်ဟမ် ဆာလီဟ်က ပြောကြားလိုက်ပါတယ်။ ၂၀၀၃ ခုနှစ် အမေရိကန်ရဲ့ ကျူးကျော်စစ်နောက်ပိုင်း ၂၀၁၄ ခုနှစ်မှာ IS အကြမ်းဖက်အဖွဲ့က နိုင်ငံရဲ့ ၃ ပုံ ၁ ပုံကို သိမ်းပိုက်ခဲ့ပြီး အီရတ်နိုင်ငံရဲ့ စစ်မီးဟာ ပိုမိုတောက်လောင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာအရောက်မှာ အီရတ်စစ်တပ်က IS သိမ်းထားတဲ့ နယ်မြေတွေကို ပြန်လည် ရယူနိုင်ခဲ့ပါတယ်။ ဆာလီဟ်က အခုဖွဲ့စည်းမယ့် ကော်မတီဟာ နိုင်ငံအတွင်း လမ်းပန်းဆက်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ၊ အလှူရှင်တွေ လာရောက်ဖို့လည်း ဖိတ်ခေါ်ခဲ့ပါတယ်။

    Ref: Aljazeera, Arab News