News @ M-Media

Tag: Iran

  • အမေရိကန်၏ ပိတ်ဆို့မှုကို ဖောက်ထွက်မည်ဟု အီရန်သမ္မတ ပြော

    အမေရိကန်၏ ပိတ်ဆို့မှုကို ဖောက်ထွက်မည်ဟု အီရန်သမ္မတ ပြော

    နိုဝင်ဘာ ၆၊ ၂၀၁၈
    M-Media

    – အမေရိကန်က အီရန်အပေါ် ပြန်လည်ပြုလုပ်ခဲ့တဲ့ ပိတ်ဆို့မှုတွေကနေ ဖောက်ထွက်သွားမယ်လို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    ၂၀၁၅ ခုနှစ်က အမေရိကန်အပါအ၀င် အင်အားကြီး ၆ နိုင်ငံနဲ့ ရရှိခဲ့တဲ့ နျူသဘောတူညီချက်ကြောင့် ဖယ်ရှားပေးခဲ့တဲ့ ပိတ်ဆို့မှုတွေအားလုံးကို အမေရိကန်က မနေ့မှာ ပြန်လည်ပြုလုပ်ခဲ့ပါတယ်။ သဘောတူညီချက်ပါ အချက်အလက်တွေကို မလိုက်နာဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်ဟာ မေလမှာ သဘောတူညီချက်ကနေ နှုတ်ထွက်ခဲ့တာပါ။

    အမေရိကန်က ပိတ်ဆို့မှုတွေ ပြန်လည်ပြုလုပ်ပြီးပြီးချင်း နာရီပိုင်းအကြာ မနေ့က စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ သမ္မတ ရူဟာနီက သူတို့အနေနဲ့ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ဖောက်ထွက်သွားမယ်လို့ ဆိုပါတယ်။

    “အီရန်နိုင်ငံကို ဖိအားတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ စကားပြောဆိုလို့ မရဘူးဆိုတာကို ကျွန်တော်တို့တိုင်းပြည်က ပြည်သူတွေရဲ့အကူအညီ၊ စည်းလုံးညီညွတ်မှုတွေနဲ့ အမေရိကန်တွေနားလည်အောင် ဆောင်ရွက်သွားမှာပါ။ တစ်ကြိမ်တည်းနဲ့ မှတ်လောက်သားလောက်အောင် သူတို့ကို ပညာပေးရပါမယ်”

    အမေရိကန်ရဲ့ အခု ပိတ်ဆို့မှုမှာ ရေနံလုပ်ငန်း၊ အီရန်ဗဟိုဘဏ်တွေအပြင် အီရန်စီးပွားရေးလုပ်ငန်းရှင်တွေပါ ပါဝင်သလို အီရန်နဲ့ စီးပွားရေးလုပ်နေတဲ့ တတိယနိုင်ငံတွေဟာလည်း ပိတ်ဆို့မှုဒဏ်ကို ခံစားရဖို့ ရှိနေပါတယ်။ သြဂုတ်လက ပိတ်ဆို့မှု ပထမအဆင့်နဲ့ ဒုတိယအဆင့်တွေကို အမေရိကန်က ပြုလုပ်ခဲ့ပြီး အခု တတိယအဆင့်က အပြင်းထန်ဆုံး ဖြစ်ပါတယ်။

    Ref: Press TV

  • အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    နိုဝင်ဘာ ၆၊ ၂၀၁၈
    M-Media

    အင်ဒိုလေယာဉ်ပျက်ကျမှု မြင်ကွင်း

    ပျက်ကျသွားသည့်အင်ဒိုလေယာဉ် နောက်ဆုံးပျံသန်းမှု ၄ ကြိမ်တွင် ချို့ယွင်းမှုရှိခဲ့
    ===========
    ပြီးခဲ့တဲ့တစ်ပတ်မှာ ဂျာဗားပင်လယ်ထဲ ပျက်ကျသွားခဲ့တဲ့ Lion Air လေကြောင်းလိုင်းက Boeing Co 737 MAX လေယာဉ်ဟာ အဲဒီမတိုင်ခင် ပျံသန်းမှုလေးကြိမ်မှာ အရှိန်ပြဒိုင်ခွက် ပျက်ဆီးမှု ဖြစ်ခဲ့တယ်လို့ Black Box က ရရှိတဲ့ အချက်အလက်တွေကို ကိုးကားပြီး အင်ဒိုအာဏာပိုင်တွေက မနေ့မှာ ထုတ်ပြန်ပါတယ်။ ဒါပေမယ့် ပျက်ကျမှုဟာ အဲဒီချို့ယွင်းချက်ကြောင့် ဖြစ်ခဲ့တာလား ဆိုတာကို တိတိကျကျ မသိရသေးပါဘူး။ ပျက်ဆီးမှုကို လမ်းညွှန်စာအုပ်အတိုင်း ပြန်လည်ပြင်ဆင်ခဲ့ကြောင်း၊ ဒီကိစ္စကို ဘိုးအင်းကုမ္ပဏီနဲ့ အမေရိကန်တာဝန်ရှိသူတွေကို အသိပေးထားကြောင်း အင်ဒိုအာဏာပိုင်တွေက ဆိုပါတယ်။ Boeing Co 737 MAX လေယာဉ်ဟာ မြို့တော်ဂျကာတာကနေ ပျံတက်ပြီး ၁၃ မိနစ်အကြာမှာ ပျက်ကျသွားခဲ့တာဖြစ်ကာ လေယာဉ်ပေါ် လိုက်ပါသွားသူ ၁၈၉ ဦးစလုံး သေဆုံးခဲ့ပါတယ်။

    အိုမန်-ဗြိတိန် ပူးတွဲလေ့ကျင့်ရေးစစ်စခန်းတစ်ခု ဖွင့်လှစ်မည်
    ===============
    အိုမန်နဲ့ ဗြိတိန်တို့ဟာ လာမယ့်နှစ်မတ်လမှာ ပူးတွဲ စစ်ရေးလေ့ကျင့်စခန်းတစ်ခု ဖွင့်လှစ်သွားမယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂါဗင် ၀ီလီယံဆန်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ ပတ်ဝန်းကျင်က ရန်လိုတဲ့နိုင်ငံတွေ၊ အစွန်းရောက်အုပ်စုတွေကို တန်ပြန်တိုက်ဖျက်ဖို့အတွက် ဒီလို စစ်စခန်း ဖွင့်လှစ်ရတာဖြစ်ပြီး သမိုင်းနဲ့ချီ ရှိခဲ့တဲ့ ဗြိတိန်-အိုမန် စစ်ရေးဆက်ဆံမှုကောင်းကို အနာဂတ်မှာလည်း ဆက်လက် ထိန်းသိမ်းသွားမယ်လို့ ၀ီလီယံဆန်က ဆိုပါတယ်။ ဗြိတိန်ဟာ အခုနှစ်အစောပိုင်းက အခြားပင်လယ်ကွေ့နိုင်ငံတစ်ခုဖြစ်တဲ့ ဘာရိန်းမှာ အမြဲတမ်း စစ်အခြေစိုက်စခန်းတစ်ခု ဖွင့်လှစ်ခဲ့ပါတယ်။

    အီရန်ကို အစ္စရေးက ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်
    ===================
    အီရန်ရဲ့ ဆက်သွယ်ရေးကွန်ယက်တွေကို အစ္စရေးက ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ကာကွယ်နိုင်ခဲ့တယ်လို့ အီရန် သတင်းအချက်အလက်ဝန်ကြီး မိုဟာမက် ဂျာဗဒ် အဇာရီ ဂျာရိုမီက မနေ့မှာ ပြောကြားခဲ့ပါတယ်။ အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်းတီထွင်ထားတဲ့ Stuxnet ဗိုင်းရပ်စ်နဲ့ တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ဘာအချက်အလက်မှ မရသွားဘူးလို့လည်း ဆိုပါတယ်။ တိုက်ခိုက်မှုအသေးစိတ်ကို အီရန်က နိုင်ငံတကာ ဖိုရမ်တွေမှာ ထုတ်ဖော်ရှင်းလင်းသွားဖို့ ရှိနေပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့ဟာ ၂၀၁၀ ခုနှစ်က Stuxnet ဗိုင်းရပ်စ်နဲ့ အီရန်ရဲ့ နျူကလီးယား စီမံကိန်းကို တိုက်ခိုက်ခဲ့ဖူးပါတယ်။

    ကုန်သွယ်ရေးကိစ္စအတွက် ကန်နှင့်ဆွေးနွေးရန် တရုတ် အဆင်သင့်ရှိ
    =============
    နှစ်ဖက်စလုံး လက်ခံနိုင်မယ့် ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုရရှိအောင် အမေရိကန်နဲ့ ဆွေးနွေးဖို့ အဆင်သင့်ရှိနေတယ်လို့ တရုတ်ဒုတိယသမ္မတ ၀မ်ကျီရှန်းက စင်ကာပူ စီးပွားရေးဖိုရမ့်မှာ ဒီကနေ့ ပြောကြားလိုက်ပါတယ်။ တရုတ်နဲ့ အမေရိကန်တို့ဟာ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း သွင်းကုန်တွေအတွက် အပြန်အလှန် စည်းကြပ်ခွန်တွေ တိုးကောက်တာကြောင့် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်တော့မယ်လို့ စိုးရိမ်မှုတွေ ရှိခဲ့တာပါ။ ၀မ်က နှစ်နိုင်ငံအကြား ကောင်းမွန်တဲ့ဆက်ဆံရေးကို ထိန်းသိမ်းထားဖို့အတွက် စီးပွားရေးနဲ့ ကုန်သွယ်ရေး ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့လိုပြီး ဒါမှ ကမ္ဘာ့စီးပွားရေးမှာ တည်ငြိမ်မှု တိုးတက်မှု ရရှိလိမ့်မယ်လို့ ဆိုပါတယ်။

    Ref: Aljazeera, Arab News, CNA

  • တနင်္လာနေ့မနက် နိုင်ငံတကာ သတင်းများ

    တနင်္လာနေ့မနက် နိုင်ငံတကာ သတင်းများ

    နိုဝင်ဘာ ၅၊ ၂၀၁၈
    M-Media

    အီရန်ပြည်သူများ၏ ဆန္ဒပြမှု

    အီရန်အပေါ် အမေရိကန်က ပိတ်ဆို့မှုအားလုံး ပြန်လည်ပြုလုပ်
    ===============
    ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်နောက်ပိုင်း အီရန်အပေါ် အမေရိကန်က ဖယ်ရှားပေးခဲ့တဲ့ ပိတ်ဆို့မှုတွေအားလုံးကို ဒီကနေ့မှာ ပြန်လည်ပြုလုပ်တော့မှာဖြစ်ပါတယ်။ အမေရိကန်အပါအ၀င် အင်အားကြီး ၆ နိုင်ငံနဲ့ လက်မှတ်ထိုးထားတဲ့ အဲဒီ နျူသဘောတူညီချက်ကို အီရန်က လိုက်နာနေတယ်လို့ နိုင်ငံတကာ နျူစွမ်းအင်အဖွဲ့ IAEA က ပြောကြားထားပေမယ့် အမေရိကန်က မေလမှာ သဘောတူညီချက်နေ နှုတ်ထွက်ခဲ့ပါတယ်။ ပြင်းထန်တဲ့ ပိတ်ဆို့မှုတွေ ပြန်လည်ဆောင်ရွက်မှုအပေါ် မကျေနပ်တဲ့အတွက် အီရန်ပြည်သူတွေက မနေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

    အမေရိကန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးနှင့် မြောက်ကိုရီးယား နံပါတ် ၂ ခေါင်းဆောင်တို့ တွေ့ဆုံမည်
    =====================
    အခုသီတင်းပတ်အတွင်း မြောက်ကိုရီးယား နံပါတ် ၂ ခေါင်းဆောင် ကင်ယုံချိုနဲ့ နယူးယောက်မှာ တွေ့ဆုံကာ နျူကင်းစင်ရေးနဲ့ ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေး ကျင်းပရေးတို့ကို ဆွေးနွေးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက မနေ့မှာ ပြောကြားလိုက်ပါတယ်။ ဇွန်လက ထရမ့်နဲ့ ကင်ဂျုံအွန်တို့ တွေ့ဆုံမှုနောက်ပိုင်း ၅ လနီးပါး ကြာမြင့်လာခဲ့ပေမယ့် သိသာတဲ့ တိုးတက်မှုတွေ မရှိသေးပါဘူး။ မြောက်ကိုရီးယားကတော့ အမေရိကန်အနေနဲ့ သူတို့အပေါ်ပြုလုပ်ထားတဲ့ ပိတ်ဆို့မှုတွေကို ဖယ်ရှားမပေးဘူးဆိုရင် နျူပေါ်လစီကို ပြန်သွားမယ်လို့ သတိပေးထားပါတယ်။ ပွပ်ပီယိုက သူ့အနေနဲ့ ဒီကိစ္စကို မစိုးရိမ်ဘဲ ဆွေးနွေးမှုအပေါ် အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။

    အက်စစ်ဖြင့်တိုက်ခိုက်ခံရသည့် ယူကရိန်း တက်ကြွလှုပ်ရှားသူ သေဆုံး 
    ========================
    ယူကရိန်းက ထင်ရှားတဲ့ ခြစားမှုတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ ကက်တရီနာ ဟန်ဒယုက်ဟာ လွန်ခဲ့တဲ့ ၃ လက အက်စစ်နဲ့  တိုက်ခိုက်ခံရမှုအတွင်း ရရှိတဲ့ဒဏ်ရာကြောင့် မနေ့က ကွယ်လွန်သွားခဲ့ပါတယ်။ ဇူလိုင်လ ၃၁ ရက်နေ့ တိုက်ခိုက်မှုအတွင်း ခန္ဓာကိုယ်ရဲ့ ၄၀ ရာခိုင်နှုန်း ပျက်ဆီးသွားပြီး မျက်လုံးတွေလည်း ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ပါတယ်။ သူမကိစ္စအတွက် လူ ၅ ဦးကို ဖမ်းဆီးထားပြီး ယူကရိန်းသမ္မတ ပီထရို ပိုရိုရှန်ကိုက ကျူးလွန်သူတွေကို အပြစ်ပေးဖို့ မနေ့မှာ ဆော်သြခဲ့ပါတယ်။ ကက်တရီနာဟာ ရုရှားကျောထောက်နောက်ခံပြုတဲ့ ခွဲထွက်ရေးအုပ်စုကို ဆန့်ကျင်သူလည်း ဖြစ်ပါတယ်။

    လုံခြုံရေးထုတ်ကုန်ပြပွဲတစ်ခု ဆော်ဒီတွင် ပြုလုပ်
    =================
    Saudi National Security and Risk Prevention Expo လို့ အမည်ပေးထားတဲ့ လုံခြုံရေးဆိုင်ရာ ထုတ်ကုန်ပြပွဲတစ်ခုကို ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့မှာ မနေ့က စတင်ကျင်းပခဲ့ပါတယ်။ ၃ ရက်တာကြာမြင့်မယ့် အဲဒီပြပွဲမှာ နိုင်ငံ ၂၂ နိုင်ငံက ကုမ္ပဏီပေါင်း ၁၃၀ ကျော်ဟာ သူတို့ရဲ့ နောက်ဆုံးပေါ် လုံခြုံရေးဆိုင်ရာ ပစ္စည်းတွေကို ပြသကြမှာ ဖြစ်ပါတယ်။ ပြပွဲဟာ နိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာနဲ့ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရမယ်ဆိုတဲ့ ဆော်ဒီရဲ့ ၂၀၃၀ ရည်မှန်းချက် တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    Ref: Aljazeera, CNA, Arab News, BBC

  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၁၇၊ ၂၀၁၈
    M-Media

    ကြိုပေးကွပ်မျက် ခံခဲ့ရသည့် အင်မရန်း အလီ

    ၆ နှစ်အရွယ်ကလေးငယ်အား အဓမ္မကျင့် သတ်ဖြတ်သူကို ပါကစ္စတန် ကြိုးပေး
    ====================
    ဇန်န၀ါရီလက အသက် ၆ နှစ်အရွယ် ကလေးငယ် ဇိုင်နဘ် အန်ဆာရီကို အဓမ္မကျင့် သတ်ဖြတ်ခဲ့တဲ့ အင်မရန်းအလီကို ပါကစ္စတန်က ဒီကနေ့မနက် လာဟိုးရ်မြို့အကျဉ်းထောင်မှာ ကြိုးပေးကွပ်မျက်လိုက်ပါတယ်။ အင်မရန်းဟာ အခြားမုဒိမ်းမှု၊ သတ်ဖြတ်မှုတွေကိုလည်း ကျူးလွန်ခဲ့သူ ဖြစ်ပါတယ်။ ဇန်န၀ါရီလနှောင်းပိုင်းမှာ သူ့ကို ဖမ်းဆီးနိုင်ခဲ့ပြီး ဖေဖော်ဝါရီမှာ သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ကြိုးပေးတဲ့အချိန်မှာ ဇိုင်နဘ်ရဲ့ မိသားစုဝင်တွေ လာရောက်ကြည့်ရှုခဲ့ပြီး ဖခင်ဖြစ်သူက ပြစ်ဒဏ်ကို ကျေနပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ကွပ်မျက်မှုကို ရုပ်သံကနေတစ်ဆင့် တိုက်ရိုက်ပြသဖို့ ဇိုင်နဘ်ရဲ့ဖခင်က တောင်းဆိုခဲ့ပေမယ့် ပါကစ္စတန်အစိုးရက ခွင့်မပြုခဲ့ပါဘူး။ ဒီအမှုကို ကိုင်တွယ်မှု နှေးကွေးတာနဲ့ပတ်သက်ပြီး ပါကစ္စတန် ရဲတပ်ဖွဲ့နဲ့ အစိုးရတို့ဟာ ပြည်သူတွေရဲ့ ဝေဖန်မှုကို အကြီးအကျယ် ခံစားခဲ့ရပါတယ်။

    မြေပြင်မှ ရေပြင်ပစ် ဒုံးကျည်သစ်တစ်မျိုးကို အီရန် ထုတ်လုပ်နိုင်
    ======================
    မြေပြင်ကနေ ရေထဲကို ၇၀၀ ကီလိုမီတာ အကွာအဝေးအထိ ပစ်လို့ရတဲ့ ဒုံးကျည်ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့တယ်လို့ အီရန်လေတပ် ဗိုလ်ချုပ်တစ်ဦးက မနေ့မှာ ပြောကြားလိုက်ပါတယ်။ အီရန်ဟာ ကီလိုမီတာ ၂၀၀ ကနေ ၂၀၀၀ အကွာအဝေးအထိ ပစ်ခတ်နိုင်မယ့် ဒုံးကျည်တွေကို ထုတ်လုပ်နေတာပါ။ အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေက ပိတ်ဆို့မှုတွေ ရှိနေပေမယ့် အီရန်ရဲ့ လက်နက်သစ်ထုတ်လုပ်ရေးလုပ်ငန်းဟာ ပြီးခဲ့တဲ့နှစ်တွေမှာ တိုးတက်လာခဲ့ပါတယ်။

    ကာကွယ်ဆေးအတုထုတ်သည့် ကုမ္ပဏီကို တရုတ် ဒဏ်ရိုက်
    ==============
    ခွေးရူးရောဂါ ကာကွယ်ဆေးကို ရက်လွန်ပစ္စည်းတွေနဲ့ ထုတ်လုပ်ပြီး မှန်မှန်ကန် စမ်းသပ်မှုမရှိတဲ့ Changchun Changsheng Life Sciences ကုမ္ပဏီကို တရုတ်အစိုးရက ဒဏ်ငွေတပ်မှု၊ ပိုင်ဆိုင်မှု သိမ်းဆည်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီကုမ္ပဏီကို ဇူလိုင်လမှာ ထုတ်လုပ်မှု ရပ်ဆိုင်းဖို့ တရုတ်အာဏာပိုင်တွေက အမိန့်ပေးခဲ့ပြီး၊ လိုင်စင်ကိုလည်း ရုပ်သိမ်းခဲ့ပါတယ်။ ဒဏ်ငွေနဲ့ ပိုင်ဆိုင်မှုပစ္စည်း သိမ်းဆည်းမှုတန်ဖိုးဟာ ကန်ဒေါ်လာ ၁.၃ ဘီလီယံဖိုးလောက် ရှိပါတယ်။ ကာကွယ်ဆေးအတုကြောင့် ထိခိုက်ဒဏ်ရာရမှုတွေ မရှိပေမယ့် ပြည်တွင်း၊ ပြည်ပ ဈေးကွက်ကနေ ပြန်လည်သိမ်းဆည်းမှုလည်း တရုတ်အစိုးရက ပြုလုပ်ခဲ့ပါတယ်။

    Ref: BBC,Aljazeera, CNA

  • အီရန်အပေါ် အမေရိကန်၏ ပိတ်ဆို့မှုတစ်ချို့ကို ICJ ပယ်ချ

    အီရန်အပေါ် အမေရိကန်၏ ပိတ်ဆို့မှုတစ်ချို့ကို ICJ ပယ်ချ

    အောက်တိုဘာ ၄၊ ၂၀၁၈
    M-Media

    ICJ ကြားနာမှု မြင်ကွင်း

    – အီရန်အပေါ် အမေရိကန်က ပြုလုပ်ထားတဲ့ ပိတ်ဆို့မှုတွေထဲက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကုန်စည်တွေနဲ့ အရပ်ဖက်လေကြောင်းပစ္စည်းတွေနဲ့ ပတ်သက်တဲ့ ပိတ်ဆို့မှုကို ယာယီဖယ်ရှားဖို့အတွက် နိုင်ငံတကာ ခုံသမာဓိရုံး (ICJ) က မနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

    ၂၀၁၅ ခုနှစ်က အင်အားကြီးနိုင်ငံ ၆ နိုင်ငံနဲ့ အီရန်တို့ ရရှိထားတဲ့ နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း ထရမ့်က မေလမှာ ကြေငြာပြီးနောက်ပိုင်း အမေရိကန်က အီရန်အပေါ် ပိတ်ဆို့မှုတွေ ထပ်မံလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

    အီရန်နဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက အမေရိကန်ရဲ့ ဒီလုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ ညီညွတ်မှုမရှိဘူးလို့ ကန့်ကွက်ဝေဖန်ကာ ဒီကိစ္စအတွက် ICJ ကို တိုင်ကြားခဲ့ပါတယ်။

    “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဖက်က ကြည့်မယ်ဆိုရင် အီရန်နိုင်ငံထဲ ဒီလို ကုန်ပစ္စည်းတွေ ၀င်ရောက်မှုကို ဟန့်တားတဲ့ ဘယ်လိုနည်းလမ်းမျိုးမဆို အမေရိကန်က ဖယ်ရှားပေးရပါမယ်” လို့ ICJ ရဲ့ မနေ့က အမိန့်မှာ ဖော်ပြထားပါတယ်။

    ဒီအမိန့်ဟာ တရားဝင်ဖြစ်ပေမယ့် အမေရိကန်ဟာ ICJ မှ မပါဝင်တော့တာကြောင့် လက်တွေ့ အကောင်အထည်ဖော်ဖို့ မလွယ်ကူပါဘူး။

    “အီရန်ဟာ မှန်ကန်ပြီး အီရန်ပြည်သူတွေအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေဟာ တရားမ၀င်ဘဲ ရက်စက်ရာရောက်နေတယဆိုတာ ဒီဆုံးဖြတ်ချက်က ထပ်မံ သက်သေပြလိုက်တာပါ” လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အီရန်ကိစ္စကို စစ်ဆေးနေစဉ်အတွင်း အမေရိကန်ရဲ့ ပိတ်ဆို့မှုအားလုံး ရပ်ဆိုင်းထားရေး အမေရိကန်ကို အမိန့်ပေးဖို့လည်း အီရန်က ICJ ကို တိုက်တွန်းထားပါတယ်။

    အရပ်ဖက်လေကြောင်းနယ်ပယ်နဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ ပိတ်ဆို့မှုဟာ အီရန်အတွက် တော်တော်လေး အထိနာစေပြီး၊ အီရန်ကတော့ ပိတ်ဆို့မှုအားလုံး ICJ က ဖယ်ရှားတာကို လိုချင်နေတာ ဖြစ်ပါတယ်။

    ICJ ကို အီရန်ရဲ့တိုက်ကြားမှုဟာ ခုံသမာဓိရုံးကို အလွဲသုံးစားလုပ်ရာ ရောက်တယ်လို့ အမေရိကန်က ဝေဖန်ပြစ်တင်ထားပါတယ်။

    Ref: Aljazeera