News @ M-Media

Tag: Iran

  • နိုဘယ်ငြိမ်းချမ်ရေးဆုကို အီရန် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ရရှိ

    အောက်တိုဘာ ၆၊ ၂၀၂၃
    M-Media

     

    -၂၀၂၃ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုကို အီရန်အမျိုးသမီး နာဂက်စ် မိုဟာမာဒီက ရရှိသွားပါတယ်။

    အသက် ၅၁ နှစ်အရွယ် နာဂက်စ်ရဲ့ အီရန်မှာ အမျိုးသမီးတွေ ဖိနှိပ်ခံရမှုကို ဆန့်ကျင်တိုက်ဖျက်ခဲ့တာကို ဂုဏ်ပြုတဲ့ အနေနဲ့ အခုလို နိုဘယ်ငြိမ်းချမ်းဆု ချီးမြှင့်ရတာဖြစ်တယ်လို့ ဆုရွေးချယ်ရေး ကော်မတီက ထုတ်ပြန်ပါတယ်။ 

    အမျိုးသမီးအခွင့်အရေးနဲ့ လူ့အခွင့်အရေး  လှုပ်ရှားဆောင်ရွက်ခဲ့တဲ့ နာဂက်စ်ဟာ လက်ရှိ အီရန်မှာ စွဲချက်ပေါင်းများစွာနဲ့ ထောင်ဒဏ် ၃၁ နှစ် ချခံထားရပါတယ်။

    အော်စလိုမြို့က ဆုကြေငြာပွဲအခမ်းအနားမှာ ကော်မတီအကြီးအကဲ ဘရစ် ရက်စ် အန်ဒါဆန်က နာဂက်စ်ဟာ အီရန်မှာ အမျိုးသမီးတွေ ဖိနှိပ်ခံရမှုကို ဆန့်ကျင်ခဲ့သလို လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့် အားလုံးတန်းတူ ရရှိရေး ကြိုးပမ်းပေးခဲ့တယ်လို့ ပြောပါတယ်။ 

    ဒီဆုဟာ အီရန်အစိုးရရဲ့ ခွဲခြားမှု၊ ဖိနှိပ်ချုပ်ချယ်မှုတို့ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြတဲ့ သိန်းပေါင်းများစွာသော အီရန်ပြည်သူတွေကို အသိအမှတ် ပြုလိုက်တာလို့လည်း အန်ဒါဆန်က ဆိုပါတယ်။ 

    ဒီဇင်ဘာမှာပြုလုပ်မယ့် ဆုပေးပွဲအခမ်းအနားကို တက်ရောက်နိုင်ရေးအတွက် နာဂက်စ်ကို လွှတ်ပေးဖို့လည်း အီရန်အစိုးရကို အန်ဒါဆန်က တောင်းဆိုခဲ့ပါတယ်။ 

    Ref: BBC

  • ဥရောပနိုင်ငံတစ်ချို့မှ သူလျှိုများကို အီရန် ဖမ်းဆီးထား

    ဥရောပနိုင်ငံတစ်ချို့မှ သူလျှိုများကို အီရန် ဖမ်းဆီးထား

    သြဂုတ် ၂၀၊ ၂၀၂၃

    M-Media 


    -ပြင်သစ်၊ ဆွီဒင်နဲ့ ဗြိတိန်တို့က သူလျှိုတွေကို ဖော်ထုတ်ဖမ်းဆီးထားနိုင်တယ်လို့ အီရန် ထောက်လှမ်းရေး အကြီးအကဲက မိုဟာမက် အလာဗီက ပြောပါတယ်။ 

    နိုင်ငံခြားသား အကျဥ်းသားအချို့ကို ကွပ်မျက်ခဲ့တာကိုလည်း သူက အတည်ပြုပါတယ်။  

    အီရန်ဟာ လက်ရှိမှာ အမေရိကန်နိုင်ငံ အကျဥ်းသား လဲလှယ်ရေးကိစ္စကို ဆွေးနွေးနေတာပါ။ အိုမန်နဲ့ ကာတာနိုင်ငံတို့က ဒီကိစ္စမှာ ကြား၀င်ဆောင်ရွက်ပေးနေပါတယ်။ 

    အီရန်က အမေရိကန်အကျဥ်းသား ၅ ဦးကို ပြန်လွှတ်ပေးမှာဖြစ်ပြီး အပြန်အလှန်အားဖြင့် အမေရိကန်က သိမ်းဆည်းထားတဲ့ အီရန်ပိုင်ငွေ ဒေါ်လာသန်းထောင်ချီကို ပြန်ပေးရမှာ ဖြစ်ပါတယ်။ 

    သမ္မတအိုဘားမားအစိုးရလက်ထက် ၂၀၁၆ တုန်းကလည်း ဒီလိုလဲလှယ်မှု ပြုလုပ်ခဲ့ပြီး အမေရိကန်က ဒေါ်လာ သန်း ၄၀၀ ပြန်ပေးခဲ့ပါတယ်။ 

    Ref: Al Arabiya 

  • လမ်းကြောင်းမှန်ပေါ် ရောက်လာပြီဖြစ်တဲ့ ဆော်ဒီ-အီရန် ဆက်ဆံရေး

    လမ်းကြောင်းမှန်ပေါ် ရောက်လာပြီဖြစ်တဲ့ ဆော်ဒီ-အီရန် ဆက်ဆံရေး

    သြဂုတ် ၁၈၊ ၂၀၂၃

    M-Media 


    -အရင်က ရန်ဖက်နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီအာရေဗျနဲ့ အီရန်နိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာ ခေတ်သစ်တစ်ခုကို ရောက်ရှိလာပြီဖြစ်ပါတယ်။ 

    အီရန်နိုင်ငံခြားရေး၀န်ကြီး ဟိုစိန် အမီရ်အဘ်ဒိုလာဟင် မနေ့က ဆော်ဒီအာရေဗျကို ရောက်ရှိလာခဲ့ပြီး နှစ်နိုင်ငံ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မယ့်ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ 

    “အီရန်နဲ့ ဆော်ဒီတို့ရဲ့ ဆက်ဆံရေးဟာ လမ်းကြောင်းမှန်ပေါ် ရောက်ရှိလာခဲ့ပြီး တိုးတက်မှုတွေကိုလည်း တွေ့လာရပါပြီ” လို့ ဆော်ဒီနိုင်ငံခြားရေး၀န်ကြီး မင်းသား ဖိုက်ဆဲလ် ဘင် ဖာရ်ဟန်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဟိုစိန်က ပြောကြားခဲ့ပါတယ်။ 

    မင်းသား ဖိုက်ဆဲလ်ဟာ ဇွန်လအတွင်းက အီရန်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။ 

    မနေ့က နိုင်ငံခြားရေး၀န်ကြီးနှစ်ဦးရဲ့ တွေ့ဆုံမှုမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတော်တော်များများကို ဆွေးနွေးခဲ့ကြတယ်လို့ ဟိုစိန်က ဆိုပါတယ်။ 

    မင်းသား ဖိုက်ဆဲလ်ကလည်း ဘုရင် ဆလ်မန်ရဲ့ ဖိတ်ကြားထားမှုနဲ့အတူ အီရန်သမ္မတ အီဘရာဟင် ရိုင်စီ လာရောက်လည်ပတ်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ 

    ဆော်ဒီနဲ့ အီရန်တို့ဟာ ၂၀၁၆ ခုနှစ်က စတင်ကာ သံအဆက်အသွယ် ပြတ်တောက်သွားခဲ့တာပါ။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့ ကြိုးစားခဲ့ပြီး တရုတ်ရဲ့ ကြား၀င်ဆောင်ရွက်ပေးမှုနဲ့အတူ အခုနှစ်အစောပိုင်းမှာ သဘောတူညီချက်တစ်ခု ရရှိခဲ့ပါတယ်။ 

    ဇွန်လတွင်းမှာတော့ နှစ်ဖက်သံရုံးတွေ အပြန်အလှန် ဖွင့်လှစ်ခဲ့ကြပါတယ်။ 

    “အစ္စလာမ့် ညီအစ်ကိုစိတ်ဓာတ်၊ ဘုံအကျိုးစီးပွား ပူးပေါင်းဆောင်ရွက်မှုတို့နဲ့အတူ ကျွန်တော်တို့ရဲ့ ဆက်ဆံရေး ကဏ္ဍသစ်တစ်ခု ရောက်ရှိလာဖို့ မျှော်လင့်ထားပါတယ်” လို့ မင်းသား ဖိုက်ဆဲလ်က ပြောကြားခဲ့ပါတယ်။ 

    Ref: Reuters 

  • အစ္စရေးသို့ အီရန်က စပိုင်လွှတ်

    အစ္စရေးသို့ အီရန်က စပိုင်လွှတ်

    သြဂုတ် ၁၂၊ ၂၀၂၃

    M-Media 


    -အီရန်က လွှတ်လိုက်တဲ့ သူလျှိုတစ်ဦးကို ပြီးခဲ့တဲ့တစ်ပတ်က ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ အစ္စရေး ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ 

    အီရန်က ဂျူးအမျိုးသားတစ်ယောက်ဖြစ်ပြီး ဘင်ဂူရီယန်လေဆိပ်ကို ရောက်တဲ့အချိန် စစ်မေးရာကနေ အီရန်သူလျှိုဖြစ်ကြောင်း ပေါ်ပေါက်ခဲ့တာလို့ ဆိုပါတယ်။ 

    ဒီအမျိုးသားက အီရန်ရဲ့ လုံခြုံရေးစီမံကိန်းမှာ ပါ၀င်တဲ့ အစ္စရေးပစ်မှတ်တွေအကြောင်း ထောက်လှမ်းဖို့ ရောက်လာတာလို့ ထွက်ဆိုခဲ့ကြောင်း အစ္စရေးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

    ဒါဟာ ဒေသတွင်း ထောက်လှမ်းရေးနဲ့ အကြမ်းဖက်ကွန်ယက် တည်ဆောက်မှု တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

    အီရန်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်ခြင်း မပြုသေးပါဘူး။ 

    ၁၉၄၈ ခုနှစ် ပါလက်စတိုင်းနယ်မြေတွေကို ရွှေ့ပြောင်းအခြေချ ဂျူးလက်နက်ကိုင်တွေက သိမ်းပိုက်ပြီး အစ္စရေးနိုင်ငံ ထူထောင်ခဲ့စဥ်ကတည်းက အရှေ့အလယ်ပိုင်း ထောက်လှမ်းရေးနယ်ပယ်ကို အစ္စရေးက စိုးမိုးထားတာပါ။ 

    ပတ်၀န်းကျင် အာရပ်နိုင်ငံတွေမှာ အစ္စရေးသူလျှိုတွေ အများအပြားရှိနေပါတယ်။ 

    အာရပ်နိုင်ငံတွေမှာ အာဏာရှင်စနစ် တည်မြဲနေတာ၊ မတည်မငြိမ်ဖြစ်တာ၊ ပြည်တွင်းစစ်ဖြစ်တာ၊ အကြမ်းဖက်အဖွဲ့အစည်းတွေ ခြေကုပ်ယူတာတွေ အားလုံးဟာ အစ္စရေးသူလျှိုတွေရဲ့လက်ချက် ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    Ref: Arab News 

  • အသံထက်မြန်သည့် ဒုံးကျည်ကို အီရန် ပိုင်ဆိုင်ပြီ

    အသံထက်မြန်သည့် ဒုံးကျည်ကို အီရန် ပိုင်ဆိုင်ပြီ

    ဇွန် ၇၊ ၂၀၂၃

    M-Media 


    -ဒုံးခွင်းစနစ်တွေကို ဖြတ်ကျော်၀င်ရောက်နိုင်တဲ့ ပြည်တွင်းဖြစ် အသံထက်မြန်တဲ့ ဒုံးကျည်ကို အီရန်က ပထမဆုံးအကြိမ် ထုတ်ဖော်ပြသလိုက်ပါတယ်။ 

    ‘ဖာတာ’ လို့အမည်ပေးထားတဲ့ ဒီဒုံးကျည်ဟာ အီရန်စစ်တပ်ကို ပတ်၀န်းကျင်နိုင်ငံတွေထက် နှာတစ်ဖျားသာစေမှာ ဖြစ်ပါတယ်။ 

    အသံထက် ၅ ဆ မြန်တဲ့ ဒုံးကျည်တွေကို လက်ရှိ ကမ္ဘာမှာ အမေရိကန်၊ ရုရှား၊ တရုတ်နဲ့ မြောက်ကိုရီးယားတို့သာ ပိုင်ဆိုင်ထားပါတယ်။ ဒီစာရင်းမှာ အီရန်က ပါ၀င်လာတာပါ။ 

    ဖာတာဒုံးကျည်ဟာ တစ်စက္ကန့်ကို ၁၆၈၈၀ ပေ သွားပြီး မိုင်ပေါင်း ၈၇၀ အထိ ရောက်ရှိနိုင်ပါတယ်။ 

    အသံထက်မြန်တဲ့ ဒုံးကျည် တီထွင်ထုတ်လုပ်နေကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ လေတပ်အကြီးအကဲ အမီရ် အလီ ဟာဂျီဇာဒါက ပြီးခဲ့တဲ့ နို၀င်ဘာလမှာ ထုတ်ပြောခဲ့တာပါ။ အဲဒီနောက် ၆ လအကြာမှာပဲ ပထမဆုံး ဒုံးကျည်ကို ထုတ်ပြလာနိုင်တာ ဖြစ်ပါတယ်။ 

    အသံထက်မြန်တဲ့ ဒုံးကျည်တွေဟာ ကမ္ဘာ့လေထုရဲ့ အပြင်ဖက်ကနေပါ ပျံသန်းနိုင်ပြီး ဒုံးခွင်းစနစ်တွေက ဟန့်တားဖို့ မလွယ်ကူတဲ့ ဒုံကျည်မျိုးဖြစ်ပါတယ်။ 

    Ref: Aljazeera