News @ M-Media

Tag: Iran

  • အီရန်ပိုက်နက်အတွင်း ကန်ရေငုပ်သင်္ဘော၀င်လာသည့် နောက်ဆက်တွဲ ဘာတွေဖြစ်မလဲ

    အီရန်ပိုက်နက်အတွင်း ကန်ရေငုပ်သင်္ဘော၀င်လာသည့် နောက်ဆက်တွဲ ဘာတွေဖြစ်မလဲ

    ဧပြီ ၂၃၊ ၂၀၂၃

    M-Media


    -အီရန်ရေပိုင်နက်ထဲ၀င်လာတဲ့  အမေရိကန်ရေငုပ်သင်္ဘောကို အီရန်ရေတပ်က သတိပေး ပြန်လှည့်ခိုင်းခဲ့တဲ့ အဖြစ်အပျက်တစ်ခု ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ဖြစ်ပွားခဲ့ပါတယ်။ 

    ဒီကိစ္စကို အီရန်ရေတပ်က ထုတ်ပြန်တာပါ။ ဟော်မုဇ်ရေလက်ကြားကို ဖြတ်ကာ ပိုင်နက်ချိုးဖောက်၀င်ရောက်လာတာလို့ အီရန်ရေတပ် တပ်မှူး ရှာဟ်ရမ် အီရာနီက ရုပ်သံကနေတစ်ဆင့် ပြောကြားခဲ့ပါတယ်။ 

    တိတ်တဆိတ်ဖြတ်ကျော်နိုင်ဖို့ အမေရိကန်ရေငုပ်သင်္ဘောက အစွမ်းကုန်ကြိုးစားခဲ့ပြီး အီရန်ရဲ့ Fateh ရေငုပ်သင်္ဘောက အချိန်မီသိရှိခဲ့တယ်လို့ ဆိုပါတယ်။ 

    အီရန်ဟာ အမေရိကန် ရေငုပ်သင်္ဘောကို ရေပါ်တက်ခိုင်းခဲ့ပြီး လမ်းကြောင်းပြောင်းစေခဲ့ပါတယ်။ ပိုင်နက်ချိုးဖောက်တဲ့ ဒီအဖြစ်အပျက်ကို နိုင်ငံတကာအဖွဲ့အစည်းတွေထံ တင်ပြသွားမယ်လို့လည်း တပ်မှူး အီရာနီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    ဘာရိန်းအခြေစိုက် အမှတ် ၅ ရေတပ်ကို အားဖြည့်ပေးဖို့အတွက် Florida ရေငုပ်သင်္ဘောကို အရှေ့အလယ်ပိုင်းမှာ ချထားတယ်လို့ အမေရိကန်က အခုလအစောပိုင်းမှာ ထုတ်ပြန်ခဲ့ပြီး အီရန်က ဖမ်းမိတဲ့ ရေငုပ်သင်္ဘောဟာ ဒီသင်္ဘောလားဆိုတာ တိတိကျကျ မသိရပါဘူး။ 

    Florida ဟာ နျူစွမ်းအင်သုံးဖြစ်ပြီး ပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်ထားပါတယ်။ 

    ဧပြီလအတွင်းကလည်း ပင်လယ်ကွေ့ အပြင်ဘက်မှာ အမေရိကန် ထောက်လှမ်းရေး လေယာဥ်တစ်စင်းကို အီရန်က ထောက်လှမ်း တွေ့ရှိခဲ့ပါတယ်။ 

    Ref: Aljazeera 

  • ဆော်ဒီ-အီရန် ဆက်ဆံရေး ခေတ်သစ်တစ်ခုကိုရောက်လာ

    ဆော်ဒီ-အီရန် ဆက်ဆံရေး ခေတ်သစ်တစ်ခုကိုရောက်လာ

    ဧပြီ ၈၊ ၂၀၂၃

    M-Media 


    -နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ ပြီးခဲ့တဲ့လမှာ သဘောတူခဲ့တဲ့ ဆော်ဒီနဲ့ အီရန်နိုင်ငံတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အသေးစိတ်အချက်အလက်တွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ 

    ဆော်ဒီနိုင်ငံခြားရေး၀န်ကြီး ဖိုင်ဆဲလ် ဘင် ဖာရ်ဟန်နဲ့ အီရန်နိုင်ငံခြားရေး၀န်ကြီး အမီရာဒိုလာဟင်တို့ရဲ့ ဘေဂျင်းတွေ့ဆုံမှုမှာ လေယာဥ်တွေ အပြန်အလှန် ပြေးဆွဲဖို့၊ နှစ်ဖက်ပြည်သူတွေကို ဗီဇာခွင့်ပြုဖို့ စတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ 

    ဆော်ဒီက ဂျစ်ဒါနဲ့ အီရန်က မက်ရှ်ဟဒ်တို့မှာ သံရုံးတွေ ပြန်ဖွင့်မှာဖြစ်ပြီး အီရန်ပြည်သူတွေကို ဆော်ဒီက အွမ္မရာဟ် ဘုရားဖူးဗီဇာ ထုတ်ပေးရေး သဘောတူခဲ့ကြောင်း ပူးတွဲထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။  

    လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အရင်က နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားတဲ့ စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို အသက်ပြန်သွင်းဖို့ သဘောတူခဲ့ကြပါတယ်။ 

    ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်မှု၊ နှစ်နိုင်ငံ ယုံကြည်မှုတွေ တိုးမြှင့်ဖို့ အရေးကြီးကြောင်း ကြေငြာချက်မှာ အလေးထားဖော်ပြထားပါတယ်။ 

    Ref: Arab News 

  • ရန်ဘက်ဟောင်း အီရန်တွင် ရင်းနှီးမြှုပ်နှံမှု မြန်မြန်ဆန်ဆန် ပြုလုပ်ရန် ဆော်ဒီက စိတ်၀င်စားနေ

    ရန်ဘက်ဟောင်း အီရန်တွင် ရင်းနှီးမြှုပ်နှံမှု မြန်မြန်ဆန်ဆန် ပြုလုပ်ရန် ဆော်ဒီက စိတ်၀င်စားနေ

    မတ် ၁၆၊ ၂၀၂၃

    M-Media  


    -အီရန်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ မြန်မြန်ဆန်ဆန် ပြုလုပ်ဖို့ ဆန္ဒရှိတယ်လို့ ဆော်ဒီအာရေဗျ ဘဏ္ဏာရေး၀န်ကြီး မိုဟာမက် အလ်-ဂျာဒန်က ပြောကြားလိုက်ပါတယ်။ 

    အရှေ့အလယ်ပိုင်း ရန်ဖက်နှစ်နိုင်ငံဖြစ်တဲ့ ဆော်ဒီနဲ့ အီရန်တို့ဟာ ဆယ်စုနှစ်ချီပြတ်တောက်နေတဲ့ သံတမန်ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့ သောကြာနေ့မှာ သဘောတူညီမှု ရခဲ့ပါတယ်။ ဒီကိစ္စအတွက် တရုတ်က ကြား၀င်စေ့စပ်ပေးတာ ဖြစ်ပါတယ်။ 

    လက်ရှိမှာ သံရုံးတွေပြန်ဖွင့်ရေး၊ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ရေး မြန်မြန်ဆန်ဆန် ပြန်လုပ်ဖို့ နှစ်နိုင်ငံစလုံးက စီစဥ်နေကြပါတယ်။ 

    မနေ့က ရီယာ့ဒ်မှာပြုလုပ်တဲ့ အစည်းအ၀ေးတစ်ခုမှာ သတင်းထောက်တွေက ဆော်ဒီအနေနဲ့ အီရန်မှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ ရှိလားလို့ မေးမြန်းခဲ့ပါတယ်။ 

    “မြန်မြန်ဆန်ဆန် လုပ်သွားမယ်လို့ ကျွန်တော် ပြောလိုတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ဒေသတွင်းတည်ငြိမ်ရေး၊ ပြည်သူတွေ သာယာ၀ပြောစေရေး ဖြစ်ပါတယ်။ ဒါမျိုး မဖြစ်စရာ ဘာအကြောင်းမှ မရှိပါဘူး။ အီရန်ဟာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး နောက်နှစ်ပေါင်းများစွာ ဒီလိုပဲ ရှိနေမှာပါ” လို့ ဘဏ္ဏာရေး၀န်ကြီး အလ်-ဂျာဒန်က ဖြေကြားခဲ့ပါတယ်။ 

    အီရန်မှာ အခွင့်အလမ်းများစွာရှိပြီး ဆော်ဒီကလည်း နောက်ထပ်အခွင့်အလမ်းတွေ ဖန်တီးပေးမယ်လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

    Ref: Arab News

  • အီရန်နိုင်ငံထဲအထိ ကျူးကျော်တိုက်ခိုက်လာတဲ့ အစ္စရေး

    အီရန်နိုင်ငံထဲအထိ ကျူးကျော်တိုက်ခိုက်လာတဲ့ အစ္စရေး

    ဇန်န၀ါရီ ၃၀၊ ၂၀၂၃

    M-Media 


    -အီရန်နိုင်ငံအလယ်ပိုင်းက လက်နက်စက်ရုံတစ်ခုကို ဒရုန်းနဲ့ တိုက်ခိုက်မှု မနေ့က ဖြစ်ပွားခဲ့ပြီး အီရန်နဲ့ အမေရိကန်အာဏာပိုင်တွေက အစ္စရေးလက်ချက်လို့ ပြောပါတယ်။

    အစ္စဖာဟန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုမှာ ဒရုန်းလေယာဥ် ၃ စီးပါ၀င်ပြီး ၂ စီးကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကာ တစ်စီးကတော့ တိုက်ခိုက်မှု လုပ်နိုင်ခဲ့တယ်လို့ အီရန် ကာကွယ်ရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    လက်နက်စက်ရုံရဲ့ အဆောက်အဦး အနည်းငယ်ပျက်ဆီးသွားပြီး လူထိခိုက် သေဆုံးတာမျိုး မရှိဘူးလို့ ဆိုပါတယ်။  

    အစ္စရေးဟာ ဆီးရီးယားနဲ့ အီရတ်က အီရန်စစ်အခြေစိုက်စခန်းတွေကို မကြာခဏ ကျူးကျော်တိုက်ခိုက်ဖူးပါတယ်။ 

    အမေရိကန် ထိပ်တန်းမီဒီယာတစ်ခုဖြစ်တဲ့ Wall Street က တိုက်ခိုက်မှုကို အစ္စရေးက လုပ်ဆောင်တာဖြစ်ကြောင်း အမည်ဖော်လိုတဲ့ အမေရိကန်တာ၀န်ရှိသူတွေ၊ ဒီကိစ္စကို သိရှိသူတွေကို ကိုးကားပြီး ဖော်ပြပါတယ်။ 

    နောက်ထပ် အမည်မဖော်လိုတဲ့ အမေရိကန်အစိုးရ တာ၀န်ရှိသူ တစ်ဦးကလည်း တိုက်ခိုက်မှုမှာ အစ္စရေးက ပါ၀င်ပတ်သက်ဖွယ်ရှိတယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ 

    အီရန်နိုင်ငံခြားရေး၀န်ကြီး ဟိုစိန် အမီရ် အဘ်ဒိုလာဟင်က ဒီတိုက်ခိုက်မှုဟာ သရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်ပြီး နိုင်ငံအတွင်း မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်တာလို့ ရှုတ်ချခဲ့ပါတယ်။ 

    တိုက်ခိုက်ခံရတဲ့ အဆောက်အဦးဟာ လေတပ်စခန်းနဲ့ နျူကလီးယား လောင်စာ သုတေသနစင်တာတို့ တည်ရှိပါတယ်။ 

    ဒီကိစ္စကြောင့် အီရန်ရဲ့ နျူစီမံကိန်းကို ထိခိုက်နိုင်လားလို့ မေးမြန်းရာမှာ နိုင်ငံခြားရေး၀န်ကြီးက နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေး ရည်ရွယ်တဲ့ အီရန်သိပ္ပံပညာရှင်တွေရဲ့ စိတ်ပိုင်းဖြတ်ထားမှုကို ထိခိုက်မှာမဟုတ်ဘူးလို့ ဖြေဆိုခဲ့ပါတယ်။ 

    Ref: Aljazeera 

  • ဘာသာရေးပုလိပ်အဖွဲ့၏ လုပ်ငန်းတာ၀န်များကို အီရန်က ရပ်ဆိုင်း

    ဘာသာရေးပုလိပ်အဖွဲ့၏ လုပ်ငန်းတာ၀န်များကို အီရန်က ရပ်ဆိုင်း

    ဒီဇင်ဘာ ၄၊ ၂၀၂၂

    M-Media 


    -၀ေဖန်မှုတွေခံနေရတဲ့ ဘာသာရေးပုလိပ်အဖွဲ့ရဲ့ လုပ်ငန်းတာ၀န်တွေကို ရပ်ဆိုင်းလိုက်တယ်လို့ အီရန်ရှေ့နေချုပ်က ဒီကနေ့မှာ ကြေငြာပါတယ်။

    အသက် ၂၂ နှစ်အရွယ် အမျိုးသမီး မာရှာ အေမီနီကို ဘာသာရေးဥပဒေ ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဘာသာရေးပုလိပ်အဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် အချုပ်ခန်းအတွင်း သေဆုံးခဲ့တာကို မကျေနပ်တဲ့အတွက် အီရန်နိုင်ငံမှာ ပြည်သူတွေ ဆန္ဒပြနေတာ ၂ လလောက် ကြာမြင့်နေပါပြီ။ 

    မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရှေ့နေချုပ် မိုဟာမက် ဂျာဖာရ် မွန်တာဇီရီက ဘာသာရေးပုလိပ်အဖွဲ့ရဲ့ လုပ်ငန်းတာ၀န်တွေကို ရပ်ဆိုင်းလိုက်တယ်လို့ ပြောပါတယ်။ 

    တရာရေးလုပ်ငန်းတွေမှာ ဒီပုလိပ်အဖွဲ့က ပါ၀င်ပတ်သက်တော့မှာ မဟုတ်ဘူးလို့လည်း မွန်တာဇီရီက ပြောပါတယ်။ 

    ဒါပေမယ့် ဘာသာရေးပုလိပ်အဖွဲ့တွေက ပတ္တရောင်လှည့်တာ ဆက်ရှိနေမှာလား၊ ဒီအဖွဲ့ကို လုံး၀ ဖျက်သိမ်းမှာလားဆိုတာကို ရှေ့နေချုပ်က တိတိကျကျ မပြောခဲ့ပါဘူး။

    အမျိုးသမီးတွေအပေါ် ဖိနှိပ်မှု ဆန့်ကျင်ရေး အီရန်ပြည်သူတွေရဲ့ ၂ လကြာ ဆန္ဒပြမှုကို အီရန်အာဏာပိုင်တွေက ပြင်းပြင်းထန်ထန် နှိမ်နှင်းနေပြီး အနည်းဆုံး လူ ၂၀၀ လောက် သေဆုံးခဲ့ပါတယ်။ 

    Ref: Aljazeera