News @ M-Media

Tag: Iran

  • ဒုံးကျည်စွမ်းအားကို ပိုမိုမြှင့်တင်သွားမည်ဟု အီရန်ပြော

    ဒုံးကျည်စွမ်းအားကို ပိုမိုမြှင့်တင်သွားမည်ဟု အီရန်ပြော

    စက်တင်ဘာ ၁၊ ၂၀၁၈
    M-Media

    – တိုင်းပြည်ရဲ့ တိုက်ချင်းပစ် ဒုံးကျည်၊ ခရုဇ်ဒုံးကျည်တွေရဲ့ စွမ်းအားကို မြှင့်တင်သွားဖို့ ရှိနေပြီး၊ မျိုးဆက်သစ် တိုက်လေယာဉ်တွေ၊ ရေငုပ်သင်္ဘောတွေကိုလည်း စုဆောင်းသွားမယ်လို့ အီရန်နိုင်ငံက ပြောကြားလိုက်ပါတယ်။

    အီရန်နိုင်ငံရဲ့ ဒုံးကျည်ထုတ်လုပ်မှုဟာ ၂၀၁၅ ခုနှစ်က လက်မှတ်ရေးထိုးထားတဲ့ နျူသဘောတူညီချက်နဲ့ မညီညွတ်ဘူးလို့ အမေရိကန်က အရင်က ပြောကြားထားပါတယ်။ အီရန်ကတော့ သူတို့ရဲ့ ဒုံးကျည်တွေဟာ တိုင်းပြည်ကာကွယ်ရေးအတွက်သာဖြစ်ပြီး ဒီကိစ္စအတွက် ဘယ်တော့မှ ညှိနှိုင်းသွားမှာ မဟုတ်ဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။

    “တိုက်ချင်းပစ် ဒုံးကျည်နဲ့ ခရုဇ်ဒုံးကျည်တွေရဲ့ စွမ်းအားတွေ တိုးမြှင့်ရေး၊ မျိုးဆက်သစ် တိုက်လေယာဉ်တွေ၊ လက်နက်အမျိုးအမျိုး တင်ဆောင်ပစ်ခတ်နိုင်တဲ့ သင်္ဘောတွေ၊ ရေငုပ်သင်္ဘောတွေ စုဆောင်းရေးဟာ ၀န်ကြီးဌာနရဲ့ အစီအစဉ်အသစ်တွေထဲမှာ ပါဝင်နေပါတယ်” လို့ အီရန် ကာကွယ်ရေးဝန်ကြီးဌာနက နိုင်ငံတကာရေးကာ ဒုတိယ၀န်ကြီး မိုဟာမက် အဟာဒီက ပြောကြားခဲ့ပါတယ်။

    အမေရိကန်ဟာ ၂၀၁၅ နှစ် နျူသဘောတူညီချက်ကနေ မေလက နှုတ်ထွက်သွားခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုတွေ ထပ်မံပြုလုပ်ထားပါတယ်။

    အဟာဒီကတော့ နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတွေဟာ အီရန်ရဲ့ လက်နက်ကဏ္ဍကို ထိခိုက်မှာမဟုတ်ဘူးလို့ ဒီကနေ့ နိုင်ငံခြား စစ်ဖက်အရာရှိတွေနဲ့ တီဟီရန်မှာတွေ့ဆုံစဉ် ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ကျွန်တော်တို့မှာ လိုအပ်တဲ့ အခြေခံအဆောက်အဦးတွေ ရှိနေပါပြီ။ လိုအပ်နေတာက သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ပါ။ တစ်ချိန်တည်းမှာပဲ တိုင်းပြည်ရဲ့ ကြီးမားတဲ့ သိပ္ပံဆိုင်ရာ လုပ်နိုင်စွမ်းတွေ၊ နည်းပညာနဲ့ အင်ဂျင်နီယာနယ်ပယ်က ထောင်နဲ့ချီတဲ့ ဘွဲ့ရတွေရဲ့အင်အားကို မှီခိုပြီး ကာကွယ်ရေးစွမ်းအားကို မြှင့်တင်သွားရပါမယ်”

    Ref: Reuters

  • ယနေ့မနက် အီရန်ငလျင် လူ ၁၀ ဦးသေဆုံး

    ယနေ့မနက် အီရန်ငလျင် လူ ၁၀ ဦးသေဆုံး

    သြဂုတ် ၂၆၊ ၂၀၁၈
    M-Media

    – အီရန်နိုင်ငံအနောက်ပိုင်းမှာ ဒီကနေ့မနက်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်တစ်ခုကြောင့် အနည်းဆုံး လူ ၁၀ ဦးသေဆုံးပြီး ၂၄၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

    အီရတ်နဲ့ကပ်နေတဲ့ ကာရ်မန်ရှားပြည်နယ် တာဇီအာဘဒ်မြို့ဟာ ငလျင်ဒဏ်ကို အဆိုးဝါးဆုံးခံစားခဲ့ရတဲ့ဒေသ ဖြစ်ပါတယ်။ တာဇီအာဘဒ်မြို့ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ငလျင်လှုပ်မှုအတွင်း လူပေါင်း ၆၀၀ လောက် သေဆုံးခဲ့တဲ့မြို့လည်း ဖြစ်ပါတယ်။

    ငလျင်ဟာ ပြင်အား ၅.၉ မဂ္ဂနီကျုရှိပြီး နောက်ဆက်တွဲငလျင် အကြိမ် ၃၀ ကျော်လောက် လှုပ်ခတ်ခဲ့ပါတယ်။ ငလျင်ဒဏ်ကို အီရန်က တစ်ခြားနေရာတွေနဲ့ အီရတ်က ဘဂ္ဂဒတ်မြို့အထိ ခံစားခဲ့ရပါတယ်။

    ကျေးရွာတွေမှာ ငလျင်ကြောင့် အဆောက်အဦးတွေ ပြိုကျပျက်ဆီးမှု ရှိခဲ့ပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှု၊ သောက်သုံးရေ မရရှိမှုတွေနဲ့လည်း ကြုံတွေ့နေရပါတယ်။

    အီရန်သမ္မတ ဟာဆန်ရူဟာနီက ငလျင်ဒဏ် ခံစားရသူတွေထံ အကူအညီတွေ အလျင်အမြန်ပေးအပ်ရေး၊ ကယ်ဆယ်ရေးတွေ ဆောင်ရွက်ဖို့အတွက် အမိန့်ပေးထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

    Ref: Aljazeera, Press TV

  • ပြည်တွင်းဖြစ် တိုက်လေယာဉ်သစ်ကို အီရန်ထုတ်ပြ

    ပြည်တွင်းဖြစ် တိုက်လေယာဉ်သစ်ကို အီရန်ထုတ်ပြ

    သြဂုတ် ၂၁၊ ၂၀၁၈
    M-Media

    တိုက်လေယာဉ်သစ်ကို အီရန်သမ္မတ ကြည့်ရှုစဉ်

    – အီရန်ဟာ ပြည်တွင်းဖြစ် တိုက်လေယာဉ်သစ်တစ်စင်းကို ဒီကနေ့မှာ ထုတ်ပြလိုက်ပြီး သမ္မတ ဟာဆန်ရူဟာနီက အီရန်ရဲ့ စစ်အင်အားဟာ ရန်သူတွေကို ဟန့်တားဖို့နဲ့ ငြိမ်းချမ်းရေးကို ရေရှည်ထိန်းသိမ်းဖို့ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

    Kowsar လို့အမည်ရတဲ့ အဲဒီတိုက်လေယာဉ် စတုတ္ထမျိုးဆက်ဖြစ်ပြီး အင်္ဂါနေ့က မြို့တော် တီဟီရန်မှာ ပြုလုပ်တဲ့ ‘ကာကွယ်ရေးပစ္စည်းပြပွဲ’ မှာ ပြသခဲ့တာဖြစ်ပါတယ်။

    အီရန်နိုင်ငံပိုင်သတင်းဌာနက တိုက်လေယာဉ်မှာ လေကြောင်းဆိုင်ရာ နောက်ဆုံးပေါ် နည်းစနစ်တွေ၊ ဘက်စုံသုံး ရေဒါစနစ်တွေ ပါဝင်ပြီး ၁၀၀ ရာခိုင်နှုန်း ပြည်တွင်းမှာ ထုတ်လုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

    “ကာကွယ်ရေးအတွက် အဆင်သင့်ဖြစ်နေတယ်လို့ ကျွန်တော်တို့ပြောတဲ့အခါ ဒါဟာ ငြိမ်းချမ်းရေး တည်တံ့ဖို့ ရည်ရွယ်ပါတယ်။ ကျွန်တော်တို့ အဆင်သင့်ဖြစ်မနေဘူးဆိုရင် အတိုက်ခံရမှာပါ” လို့ ရူဟာနီက ရုပ်သံကနေထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဒီတိုက်လေယာဉ်အကြောင်းကို စနေနေ့မှာ အီရန်ကာကွယ်ရေးဝန်ကြီး အမီရ် ဟာတာမီက ထုတ်ပြန်ကြေငြာခဲ့တာ ဖြစ်ပါတယ်။

    ဟာတာမီက အီရန်ဟာ ၁၉၈၀ ပြည့်နှစ်တွေ အီရတ်နဲ့ဖြစ်ပွားခဲ့တဲ့ ၈ နှစ်ကြာစစ်ပွဲမှာ ဒုံးကျည်နဲ့တိုက်ခိုက်မှုဒဏ်ကို ခံစားခဲ့ရပြီး လက်ရှိမှာလည်း အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ ရန်တွေ ရှိနေတာကြောင့် မိမိတို့ ရဲ့ လေကြောင်းကာကွယ်ရေးစနစ်ကို ပိုမိုတောင့်တင်းအောင် ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • အမေရိကန်၏ပေါ်လစီမှာ မွတ်စလင်အချင်းချင်း တိုက်ပေးရန်ဟု အီရန်အဓိပတိပြော

    အမေရိကန်၏ပေါ်လစီမှာ မွတ်စလင်အချင်းချင်း တိုက်ပေးရန်ဟု အီရန်အဓိပတိပြော

    သြဂုတ် ၂၀၊ ၂၀၁၈
    M-Media

    အီရန်အဓိပတိ အယာတိုလာ ခါမေနီ

    – အမေရိကန်ရဲ့ပေါ်လစီဟာ မွတ်စလင်တွေအချင်းချင်း စစ်ပွဲတွေ ဖြစ်ပွားစေဖို့ ဖြစ်တယ်လို့ အီရန်အဓိပတိ အယာတိုလာ အလီခါမေနီက ဟဂ်ျဘုရားဖူးရာသီ အထိမ်းအမှတ် ဒီကနေ့မိန့်ခွန်းမှာ ပြောကြားခဲ့ပြီး မွတ်စလင်တွေ ညီညွတ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    “မာန်တက်နေတဲ့ ရာဇ၀တ်ကောင်အမေရိကန်ရဲ့ ဒီကနေ့လုပ်ရပ်တွေကို ကြည့်မယ်ဆိုရင် သူ့ရဲ့ အဓိကပေါ်လစီဟာ အစ္စလာမ်နဲ့ မွတ်စလင်တွေအကြား စစ်ပွဲဖန်တီးဖို့ ဖြစ်ပါတယ်။ အမေရိကန်ဟာ မွတ်စလင်တွေ တစ်ဖက်နဲ့တစ်ဖက် အစုလိုက်အပြုံလိုက် သတ်ဖြတ်လာဖို့ စိတ်ဆန္ဒရှိပြီး ဒီလိုဖြစ်အောင်လည်း မနေမနား ကြိုးစားနေတာပါ” လို့ ခါမေနီက ဆိုပါတယ်။

    ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင် ၂ သန်းကျော်ဟာ အစ္စလာမ်ဘာသာရဲ့ ပဉ္စမမြောက်မဏ္ဍိုင်ဖြစ်တဲ့ ဟဂ်ျကျင့်စဉ်ကို ဆောင်ရွက်ဖို့အတွက် တော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ စုရုံးနေကြပြီး ဒီကနေ့ဟာ ဟဂ်ျကျင့်စဉ်ရဲ့ အရေးပါဆုံး အချိန်လည်းဖြစ်ပါတယ်။

    ခါမေနီက အမေရိကန်ဟာ ဖိနှိပ်သူတစ်ချို့ကို မြှောက်ပေးနေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    “နှစ်တစ်နှစ်တာရဲ့ အခုလိုအချိန်အခါမျိုးမှာ ဆောက်တည်ရတဲ့ ဟဂ်ျကျင့်စဉ်ဟာ မွတ်စလင်တွေ စည်းလုံးဖို့၊ ညီညွတ်ဖို့ တိုက်တွန်းအားပေးနေတာလည်း ဖြစ်ပါတယ်”

    အမေရိကန်ဟာ ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း မေလမှာ ကြေငြာခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုတွေလည်း ထပ်လုပ်ခဲ့တာကြောင့် နှစ်နိုင်ငံ တင်းမာမှုတွေက ပြန်လည် မြင့်တက်လာခဲ့ပါတယ်။

    Ref: Press TV

  • တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    သြဂုတ် ၂၀၊ ၂၀၁၈
    M-Media

    ဘရာဇီးလ်တိုက်ခိုက်မှုမြင်ကွင်း

    လွန်ခဲ့သည့် ၆၅ နှစ်က အာဏာသိမ်းမှုမျိုး ထပ်မရတော့ဟု အီရန်က အမေရိကန်ကို သတိပေ
    ==================
    ဒီမိုကရေစီနည်းကျ တက်လာတဲ့ ဒေါက်တာမိုဆာဒက်ကို ဖြုတ်ချပြီး အာဏာရှင် ရှားဘုရင်ကို တင်ပေးခဲ့တဲ့ လွန်ခဲ့တဲ့ ၆၅ နှစ်က အမေရိကန်ရဲ့ ကြံစည်မှုမျိုး နောက်ထပ် ဘယ်တော့မှ မရတော့ဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က ပြောကြားလိုက်ပါတယ်။ အမေရိကန်ဟာ အီရန်အပေါ် အရေးယူမှုတွေပြုလုပ်ဖို့ Action Group ဆိုတဲ့ အဖွဲ့တစ်ခုကို ပြီးခဲ့တဲ့ရက်ပိုင်းက ဖွဲ့စည်းခဲ့ပါတယ်။ ဇာရစ်ဖ်ကတော့ ဒါဟာ ၁၉၅၃ ခုနှစ်က အမေရိကန်ကျောထောက်နောက်ခံပြုခဲ့တဲ့ အာဏာသိမ်းမှုမျိုး ထပ်လုပ်ဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အင်ဒိုနီးရှားတွင် ငလျင်ထပ်လှုပ်မှုကြောင့် အနည်းဆုံး ၅ ဦး သေဆုံး
    ===========
    ပြီးခဲ့တဲ့သီတင်းပတ်တွေက အင်းအားပြင်းငလျင်နှစ်ခု လှုပ်ခဲ့တဲ့မှုကြောင့် လူ ၅၀၀ ကျော် သေဆုံးခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း လွမ်ဘွတ်မြို့မှာ မနေ့က ပြင်းအား ၆.၉ မဂ္ဂနီကျုရှိတဲ့ ငလျင်နဲ့ နောက်ဆက်တွဲငလျင်တွေ လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ ၅ ဦး ထပ်မံသေဆုံးခဲ့ပါတယ်။ ငလျင်ကြောင့် လူတစ်ချို့လည်း ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ် ရွှေ့ပြောင်းမှုတွေလည်း လုပ်ခဲ့ရပါတယ်။

    ဘရာဇီးလ်တွင် ဗင်နီဇွဲလားဒုက္ခသည်များကို တိုက်ခိုက်မှုဖြစ်
    ===========
    ဘရာဇီးလ်နိုင်ငံမြောက်ပိုင်းက နယ်စပ်မြို့တွေမှာ ပြီးခဲ့တဲ့ ၂ ရက်အတွင်း ဗင်နီဇွဲလား ပြောင်းရွှေ့အခြေချသူတွေကို ဒေသခံတွေက တိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့တွေထပ်ဖြည့်ကာ ဘရာဇီးလ်က တည်ငြိမ်အောင် ထိန်းသိမ်းထားရပါတယ်။ နိုင်ငံအတွင်း အထွေထွေအကြပ်အတည်ကြောင့် ဗင်နီဇွဲလားနိုင်ငံသားတွေဟာ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးနေရပြီး အဲဒီပြောင်းရွှေ့ အခြေချမှုကို ဒေသခံပြည်သူတွေက ဆန့်ကျင်လာကြပါတယ်။ ဒီအဖြစ်အပျက်အတွင်းမှာ ဘရာဇီးလ်နိုင်ငံသား ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဘရာဇီးလ်စစ်တပ်က ပြောပါတယ်။ ဗင်နီးဇွဲလားနိုင်ငံသားတွေကတော့ အကြမ်းဖက်မှုကြောင့် သူတို့နိုင်ငံထဲကို ပြန်လည် ထွက်ပြေးသွားကြပါတယ်။

    အိန္ဒိယရေကြီးမှု သေဆုံးသူ ၃၇၀ ကျော်ပြီ
    ==============
    အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်း ကီရာလာပြည်နယ်က ရေကြီးမှုအတွင်း သေဆုံးသူဟာ ၃၇၀ ရှိလာခဲ့ပြီး လူ ၇ သိန်းလောက် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ ပြည်နယ်ရဲ့ ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ ရေကြီးမှုကြောင့် ပိတ်မိနေသူတွေ တော်တော်များများ ရှိနေပြီး လာမယ့်ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမယ်လို့ ခန့်မှန်းထားတာကြောင့် အခြေအနေက ပိုဆိုးဖွယ် ရှိနေပါတယ်။

    Ref: CNA, Aljazeera