News @ M-Media

Tag: Iran

  • အင်္ဂါနေ့မနက် နိုင်ငံတကာ သတင်းများ

    အင်္ဂါနေ့မနက် နိုင်ငံတကာ သတင်းများ

    သြဂုတ် ၇၊ ၂၀၁၈
    M-Media

    မြောက်ကိုရီးယားကို အကူအညီပေးရေး ကုလသဘောတူ
    ===============
    မြောက်ကိုရီးယားအပေါ် ပြုလုပ်ထားတဲ့ ပြင်းထန်တဲ့ပိတ်ဆို့မှုတွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ထိခိုက်မှုမရှိစေဖို့ ရည်ရွယ်တဲ့ ဆုံးဖြတ်ချက်မူကြမ်းတွေကို ကုလလုံခြုံရေးကောင်စီက မနေ့မှာ အတည်ပြုခဲ့ပါတယ်။ မူကြမ်းကို အမေရိကန်က တင်သွင်းတာဖြစ်ပါတယ်။ စားနပ်ရိက္ခာထုတ်လုပ်မှု သိသိသာသာ ကျဆင်းနေတဲ့ မြောက်ကိုရီးယားမှာ လူ ၁၀ သန်း လောက် အဟာရ ပြတ်လတ်မှုဖြစ်နေပါတယ်။ အကူအညီပေးရေးအဖွဲ့တွေကတော့ ပိတ်ဆို့မှုတွေဟာ ကုန်သွယ်ရေးနဲ့ ဘဏ်လုပ်ငန်းတွေကို ထိခိုက်နေဆဲဖြစ်တာကြောင့် လုံခြုံရေးကောင်စီရဲ့ ဒီဆုံးဖြတ်ချက်ဟာ ထိရောက်မှုရှိမှာမဟုတ်ဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။

    အီရန်နှင့် ဆက်လက်ပူးပေါင်းမည်ဟု ဥရောပသမဂ္ဂ ပြော
    ==================
    အီရန်အပေါ် အမေရိကန်ရဲ့ တစ်ကျော့ပြန် ပိတ်ဆို့မှုတွေဟာ ဒီကနေ့မှာ စတင်အသက်ဝင်မှာဖြစ်ပြီး ဥရောပသမဂ္ဂ နိုင်ငံတွေကတော့ အီရန်နဲ့လက်တွဲကာ ၂၀၁၅ နျူသဘောတူညီချက်ကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ မနေ့မှာ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။ အီရန်ဟာ နျူသဘောတူညီချက်ကို မလိုက်နာဘူးလို့ စွပ်စွဲကာ အမေရိကန်က မေလမှာ သဘောတူညီချက်ကနေ နှုတ်ထွက်ပြီး ပိတ်ဆို့မှုတွေ ပြန်လုပ်ဖို့ စီစဉ်ခဲ့တာပါ။ ဥရောပသမဂ္ဂကတော့ သူတို့အနေနဲ့ အီရန်နဲ့ ဘဏ္ဍာရေးဆိုင်ရာ ဆက်ဆံမှုတွေ ဆက်လက်ပြုလုပ်သွားမှာဖြစ်သလို၊ ရေနံနဲ့ ဓာတ်ငွေ့တွေကိုလည်း အီရန်ကနေတင်သွင်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    မလေးရှားအကောက်ခွန်ဂိုထောင်ကို မူးယစ်ဂိုဏ်းက ဖောက်ထွင်းမှု ဖြစ်ပွား
    =============
    အကောက်ခွန်က သိမ်းဆည်းထားတဲ့ မူးယစ်ဆေးဝါးတွေကို ၀င်ရောက်ခိုးယူမှုအတွက် မလေးရှားက အကောက်ခွန်အရာရှိ ၂ ဦးနဲ့ ၀င်ရောက်ခိုးယူသူ ၃ ဦးကို ဖမ်းဆီးလိုက်ပါတယ်။ တနင်္ဂနွေနေ့က နီဂါရီဆမ်ဘီလမ်ပြည်နယ်မှာ ဒီခိုးယူမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတွေဟာ မကြာသေးခင်ကမှ ဖမ်းဆီးထားတာဖြစ်ပြီး ရင်းဂစ် သန်း ၃၀ ဖိုးလောက်ရှိပါတယ်။ ရဲတပ်ဖွဲ့က မျက်နှားဖုံးဝတ် လူ၁၀ ဦးဟာ အကောက်ခွန်ဂိုထောင်ထဲကို ကားတွေနဲ့ ၀င်လာတာပြီး အစောင့်နှစ်ဦးကို ရိုက်နှက်က တိပ်တွေနဲ့ တုပ်နှောင်ထားခဲ့ကြတယ်လို့ ပြောပါတယ်။ လက်ရှိမှာ အတွင်းလူပါမပါကို မလေးရှားရဲတပ်ဖွဲ့က စုံစမ်းနေပြီး၊ ဖောက်ထွင်းခံရတဲ့ အကောက်ခွန်ဂိုထောင်မှာလည်း လုံခြုံရေး တိုးမြှင့်ထားပါတယ်။

    Ref: CNA, Aljazeera

  • အာဆီယံ-အီရန် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် ချုပ်ဆို

    အာဆီယံ-အီရန် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် ချုပ်ဆို

    သြဂုတ် ၂၊ ၂၀၁၈
    M-Media

    – စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ ၅၁ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ အီရန်နဲ့ အာဆီယံတို့ဟာ ချစ်ကျည်ရးနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် (Instrument of Accession to the Treaty of Amity and Cooperation (TAC)) ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။

    ဒီကနေ့မှာ စတင်ကျင်းပတဲ့ အဲဒီ အစည်းအဝေးကို အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ် တက်ရောက်ခဲ့ပြီး အခုလို သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အတွက် အီရန်နဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။

    အီရန်အပြင်၊ ရုရှား၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံက ၀န်ကြီးတွေလည်း တက်ရာက်ခဲ့ပြီး စနေနေ့မှာပြီးဆုံးမယ့် အဲဒီအစည်းဝေးမှာ ဒေသတွင်းနဲ့ နိုင်ငံတကာက ကိစ္စတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

    အီရန်နိုင်ငံခြားရေးဝန်ကြီးဟာ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းအပြင် ဖိလင်ပိုင်၊ ဂျပန်နဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီးတို့နဲ့ သီးသန့်တွေ့ဆုံခဲ့ပြီး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ်က အင်အားကြီး ၆ နိုင်ငံနဲ့ ရရှိခဲ့တဲ့ သဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေလမှာ ကြေငြာခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုတွေ ထပ်လုပ်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    Ref: Press TV

  • အာရပ်နေတိုးအဖွဲ့ ဖွဲ့စည်းကာ ဆွန်နီနှင့် ရှီအာကို တိုက်ပေးရန် အမေရိကန် စီစဉ်

    အာရပ်နေတိုးအဖွဲ့ ဖွဲ့စည်းကာ ဆွန်နီနှင့် ရှီအာကို တိုက်ပေးရန် အမေရိကန် စီစဉ်

    ဇူလိုင် ၂၈၊ ၂၀၁၈
    M-Media
    – အရှေ့အလယ်ပိုင်း ဒေသတွင်းမှာ အီရန်ရဲ့ သြဇာချဲ့ထွင်မှုကို တန်ပြန်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စွန်နီနိုင်ငံ ၈ နိုင်ငံပေါင်းထားတဲ့ စစ်ရေး၊ နိုင်ငံရေး မာဟာမိတ်အဖွဲ့တစ်ခု ဖွဲ့စည်းဖို့ အမေရိကန်က စီစဉ်နေပါတယ်။
    ပင်လယ်ကွေ့ ၆ နိုင်ငံနဲ့ အီဂျစ်၊ ဂျော်ဒန်တို့ ပါဝင်မယ့် အဲဒီအဖွဲ့ကို ‘အရှေ့အလယ်ပိုင်း မဟာဗျူဟာ မဟာမိတ်အဖွဲ့ (MESA)’ လို့ အမည်ပေးထားပြီး အောက်တိုဘာ ၁၂ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ၀ါရှင်တန်မှာပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲမှာ ဒီအကြောင်း ဆွေးနွေးဖို့ ရှိနေပါတယ်။
    အမေရိကန်နဲ့ အရှေ့အလယ်ပိုင်းက တာဝန်ရှိသူတွေကတော့ ဒီအဖွဲ့ကို ‘အာရပ်နေတိုး’ လို့ ခေါ်ဝေါ်သုံးနှုန်းနေကြပါတယ်။
    အိမ်ဖြူတော်ကလည်း ဒီသတင်းကို အတည်ပြုခဲ့ပြီး ဒီကိစ္စအတွက် အရှေ့အလယ်ပိုင်းက မိတ်ဖက်တွေနဲ့ ဆွေးနွေးနေတာ လချီနေပြီလို့ ပြောကြားခဲ့ပါတယ်။
    ပြီးခဲ့တဲ့နှစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဆော်ဒီကိုလာရောက်စဉ်မှာ ဆော်ဒီတာဝန်ရှိသူတွေက အိုက်ဒီယာပေးခဲ့တာ ဖြစ်ပါတယ်။
    အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကာင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက MESA ဟာ အီရန်ရဲ့ ရန်လိုမှု၊ အကြမ်းဖက်ဝါဒ၊ အစွန်းရောက်ဝါဒကို ကာကွယ်ဖို့ဖြစ်ပြီး၊ အရှေ့အလယ်ပိုင်းမှာ တည်ငြိမ်မှုကို ဆောင်ကျဉ်းပေးနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။
    အရှေ့အလယ်ပိုင်းမှာ အာရပ်နိုင်ငံတွေကို စစ်ရေးမဟာမိတ်ဖွဲ့ပေးရေး အမေရိကန်ဟာ အရင်က ကြိုးစားခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။
    သမ္မတထရမ့် တက်လာကတည်းက အမေရိကန်နဲ့ အီရန်အကြား ဆက်ဆံရေးဟာ တင်းမာလာခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းမှာ နှစ်နိုင်ငံခါင်းဆောင်တွေ အပြန်အလှန် ပုတ်ခတ်ပြောဆိုခဲ့ကြပါတယ်။
    Ref: Aljazeera
  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    ဇူလိုင် ၂၇၊ ၂၀၁၈
    M-Media

    ဂျပန်တွင် ယခုလအစောပိုင်း ရေကြီးမှု

    ရေကြီးခဲ့သည့် ဂျပန်အနောက်ပိုင်းကို တိုင်ဖုန်းမုန်တိုင်း ၀င်မည်
    =============
    အခုလအစောပိုင်းမှာ ရေကြီးမှု၊ မြေပြိုမှုတွေဖြစ်ခဲ့ပြီး လူပေါင်း ၂၀၀ ကျော်လောက် သေဆုံးခဲ့တဲ့ ဂျပန်နိုင်ငံ အနောက်ပိုင်း ဒေသကို အားကောင်းတဲ့ တိုင်ဖုန်းမုန်တိုင်းတစ်ခု ဦးတည်နေတယ်လို့ ဂျပန်အာဏာပိုင်တွေက ဒီကနေ့မှာ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ ဂျွန်ဒါရီလို့ခေါ်တဲ့ အဲဒီတိုင်ဖုန်းမုန်တိုင်းဟာ စနေနေ့ညမှာ ဂျပန်ကျွန်းမကြီးကို ၀င်ရောက်ဖို့ရှိနေပြီး မိုးသည်ထန်စွာရွာသွန်းမှု၊ မြေပြိုမှု၊ လေပြင်းတိုက်ခတ်မှု၊ လှိုင်းကြီးမှုတွေ ဖြစ်ပေါ်နိုင်ပြီး ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေပါတယ်။

    အီရန် ထိပ်တန်းဗိုလ်ချုပ်က အမရိကန်ကို ခြိမ်းခြောက်
    =========
    အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ အထူးတပ်ဖွဲ့ Quds Forces အကြီးအကဲ ဗိုလ်ချုပ် ကာစင် ဆူလေမာနီက အမေရိကန်အနေနဲ့ စစ်ပွဲစမယ်ဆိုရင် အီရန်က အဆုံးသတ်ပေးမယ်လို့ မနေ့က ခြိမ်းခြောက်လိုက်ပါတယ်။ အခုရက်ပိုင်းအတွင်းမှာ အီရန်နဲ့ အမေရိကန်ခေါင်းဆောင်တွေဟာ အပြန်အလှန် ပုတ်ခတ်နေကြတာပါ။ အီရန်သမ္မတ ရူဟာနီက အမေရိကန်ဟာ အီရန်ကို စစ်တိုက်လာမယ်ဆိုရင် အဆုံးမသတ်နိုင်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်လာမယ်လို့ သတိပေးခဲ့ပြီး အမေရိကန်သမ္မတထရမ့်ကလည်း အမေရိကန်အပေါ် ခြိမ်းခြောက်လို့မရဘူးလို့ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

    ကိုရီးယားနှစ်နိုင်ငံ ဗိုလ်ချုပ်အဆင့် စစ်ရေးဆွေးနွေးမည်
    ================
    တောင်နဲ့ မြောက်ကိုရီးယားတို့ဟာ လာမယ့်တစ်ပတ် အင်္ဂါနေ့မှာ စစ်ရေးဆွေးနွေးမှုတွေ ပြုလုပ်မယ်လို့ တောင်ကိုရီးယားသတင်းဌာန Yonhap က ဒီကနေ့မှာ ဖော်ပြပါတယ်။ ဗိုလ်ချုပ်အဆင့် အဲဒီဆွေးနွေးမှုကို နှစ်နိုင်ငံနယ်ခြား အပစ်ရပ်ရေးဇုန်မှာရှိတဲ့ ပန်မွန်ဂျွန်းရွာမှာ ပြုလုပ်မှာဖြစ်ပါတယ်။ ကိုရီးယားနှစ်နိုင်ငံဟာ ဇွန်လကတည်း စစ်ရေးဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    ဟူသီသူပုန်များက ယူအေအီးလေဆိပ်ကို ဒရုန်းဖြင့်တိုက်ခိုက်
    ===============
    ယီမင်က ဟူသီသူပုန်တွေက သူတို့ဟာ အာရပ်စော်ဘွားများပြည်ထောင်စု အဘူဒါဘီက နိုင်ငံတကာလေဆိပ်ကို မနေ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။ ထိခိုက်မှုကို အသေးစိတ် မသိရှိရသေးပါဘူး။ အဘူဒါဘီလေဆိပ်ကတော့ ပို့ဆောင်ရေးယာဉ်တစ်ခု ထိခိုက်မှုရှိတယ်လို့ မနေ့က Twitter စာမျက်နှာ ရေးသားခဲ့ပြီး ဟူသီတို့ရဲ့ တိုက်ခိုက်မှုကြောင့် ဒီလိုဖြစ်လားဆိုတာ တိတိကျကျမသိရှိရသေးပါဘူး။ ဟူသီတို့ဟာ ဆော်ဒီကို ဒုံးကျည်တွေနဲ့ မကြာမကြာ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး အခုနောက်ပိုင်း ယူအေအီးကိုပါ ပစ်မှတ်ထားလာခဲ့ပါတယ်။

    Ref: Aljazeera, CNA