News @ M-Media

Tag: Iran

  • ဘာသာရေးပုလိပ်အဖွဲ့၏ လုပ်ငန်းတာ၀န်များကို အီရန်က ရပ်ဆိုင်း

    ဘာသာရေးပုလိပ်အဖွဲ့၏ လုပ်ငန်းတာ၀န်များကို အီရန်က ရပ်ဆိုင်း

    ဒီဇင်ဘာ ၄၊ ၂၀၂၂

    M-Media 


    -၀ေဖန်မှုတွေခံနေရတဲ့ ဘာသာရေးပုလိပ်အဖွဲ့ရဲ့ လုပ်ငန်းတာ၀န်တွေကို ရပ်ဆိုင်းလိုက်တယ်လို့ အီရန်ရှေ့နေချုပ်က ဒီကနေ့မှာ ကြေငြာပါတယ်။

    အသက် ၂၂ နှစ်အရွယ် အမျိုးသမီး မာရှာ အေမီနီကို ဘာသာရေးဥပဒေ ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဘာသာရေးပုလိပ်အဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် အချုပ်ခန်းအတွင်း သေဆုံးခဲ့တာကို မကျေနပ်တဲ့အတွက် အီရန်နိုင်ငံမှာ ပြည်သူတွေ ဆန္ဒပြနေတာ ၂ လလောက် ကြာမြင့်နေပါပြီ။ 

    မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရှေ့နေချုပ် မိုဟာမက် ဂျာဖာရ် မွန်တာဇီရီက ဘာသာရေးပုလိပ်အဖွဲ့ရဲ့ လုပ်ငန်းတာ၀န်တွေကို ရပ်ဆိုင်းလိုက်တယ်လို့ ပြောပါတယ်။ 

    တရာရေးလုပ်ငန်းတွေမှာ ဒီပုလိပ်အဖွဲ့က ပါ၀င်ပတ်သက်တော့မှာ မဟုတ်ဘူးလို့လည်း မွန်တာဇီရီက ပြောပါတယ်။ 

    ဒါပေမယ့် ဘာသာရေးပုလိပ်အဖွဲ့တွေက ပတ္တရောင်လှည့်တာ ဆက်ရှိနေမှာလား၊ ဒီအဖွဲ့ကို လုံး၀ ဖျက်သိမ်းမှာလားဆိုတာကို ရှေ့နေချုပ်က တိတိကျကျ မပြောခဲ့ပါဘူး။

    အမျိုးသမီးတွေအပေါ် ဖိနှိပ်မှု ဆန့်ကျင်ရေး အီရန်ပြည်သူတွေရဲ့ ၂ လကြာ ဆန္ဒပြမှုကို အီရန်အာဏာပိုင်တွေက ပြင်းပြင်းထန်ထန် နှိမ်နှင်းနေပြီး အနည်းဆုံး လူ ၂၀၀ လောက် သေဆုံးခဲ့ပါတယ်။ 

    Ref: Aljazeera 

  • အီရန်က ဆော်ဒီကို အလစ်အငိုက်၀င်တိုက်ရန် စီစဥ်နေဟု သတင်းထွက်

    အီရန်က ဆော်ဒီကို အလစ်အငိုက်၀င်တိုက်ရန် စီစဥ်နေဟု သတင်းထွက်


    နို၀င်ဘာ ၃၊ ၂၀၂၂

    M-Media

     

    -အီရန်က မကြာခင်မှာ အလစ်အငိုက်၀င်တိုက်ဖို့ ပြင်ဆင်နေတယ်လို့ ဆော်ဒီထောက်လှမ်းရေး အစီရင်ခံစာမှာဖော်ပြထားပြီး အီရန်ဖက်ကတော့ ဒီသတင်းကို ငြင်းဆိုပါတယ်။ 

    အင်္ဂါနေ့မှာ ဆော်ဒီက ထောက်လှမ်းရေး အစီရင်ခံစာ တစ်စောင်ကို အမေရိကန်ထံ ပေးပို့ မျှ၀ေခဲ့တာ ဖြစ်ပါတယ်။ 

    အမေရိကန်ဖက်ကတော့ ဒီလိုခြိမ်းခြောက်မှုအတွက် စိုးရိမ်မိပြီး ဆော်ဒီစစ်တပ်နဲ့ ပုံမှန်ဆက်သွယ်ပြောဆိုမှုတွေရှိကြောင်း၊ ဒေသတွင်း မဟာမိတ်တွေရဲ့ အကျိုးစီးပွားကို ကာကွယ်ရေး နောက်တွန့်နေမှာ မဟုတ်ကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

    အီရန်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာဆီရ် ကာနာနီက ဆော်ဒီရဲ့ စွပ်စွဲချက်ကို ငြင်းပါတယ်။ ဒါဟာ အခြေအမြစ်မရှိတဲ့ ပြောကြားချက်သာ ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ အီရန်ရဲ့ ဆက်ဆံရေး ပျက်ပြားအောင် ရည်ရွယ်လုပ်ဆောင်တာလို့ တုန့်ပြန်ခဲ့ပါတယ်။ 

    အီရန်မှာ လတ်တလော ဖြစ်ပွားနေတဲ့ လူထုဆန္ဒပြမှုတွေရဲ့ နောက်ကွယ်မှာ အနောက်နိုင်ငံတွေ၊ ဆော်ဒီနဲ့ သူ့ရဲ့ မဟာမိတ်တွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေ ရှိကြောင်း အီရန်က စွပ်စွဲထားတာပါ။ 

    အီရန်နဲ့ ဆော်ဒီတို့ဟာ အရှေ့အလယ်ပိုင်းဒေသရဲ့ ရန်ဖက်နိုင်ငံတွေ ဖြစ်ကြပြီး အခုနှစ်ပိုင်းအတွင်းမှာ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် ကြိုးစားနေကြတာ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • အီရန်ဒရုန်းနည်းပညာကို ရုရှားက အားကိုးနေရပြီလား

    အီရန်ဒရုန်းနည်းပညာကို ရုရှားက အားကိုးနေရပြီလား

    အောက်တိုဘာ ၂၂၊ ၂၀၂၂

    M-Media 

    -ယူကရိန်းကျူးကျော်စစ်မှာ ရုရှားဟာ အီရန်လုပ်ဒရုန်းတွေကို ပိုမို အသုံးပြုလာသလို အီရန် ဒရုန်းပညာရှင်တွေကလည်း ရုရှားတပ်ဖွဲ့ကို လေ့ကျင့်သင်ကြားပေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ 

    ပြီးခဲ့တဲ့တနင်္လာနေ့က ယူကရိန်းမြို့တော်ကိဗ်မှာ ရုရှားရဲ့ ဒရုန်းတွေနဲ့ အကြီးစားတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ 

    ဒီတိုက်ခိုက်မှုအတွင်း အီရန်လုပ် ‘အသေခံဒရုန်း’ (Kamikaze Drone) တွေကို အသုံးပြုခဲ့တယ်လို့ ယူကရိန်းနဲ့ အမေရိကန်တာ၀န်ရှိသူတွေက ပြောပါတယ်။ 

    အိမ်ဖြူတော် နိုင်ငံတော်လုံခြုံရေးအကြံပေး ဂျွန် ကီရ်ဘီက ရုရှားကသိမ်းထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်မှာ အီရန် ဒရုန်းတပ်ဖွဲ့ တပ်စွဲထားပြီး ရုရှားစစ်သားတွေကို အီရန်ထုတ် ဒရုန်းမောင်းနှင်မှုသင်တန်း ပေးနေတယ်လို့ မနေ့က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ 

    ရုရှားကို အီရန်က လက်နက်တွေထာက်ပံ့မှုဟာ ယူကရိန်း အရပ်သားတွေ ထိခိုက်သေကြေမှုမှာ တစ်စိတ်တစ်ပိုင်း တာ၀န်ရှိသလို ဖြစ်နေတယ်လို့လည်း ကီရ်ဘီက သတိပေးပါတယ်။

    အီရန်ဒရုန်း 

    ———–

    ရုရှားက သုံးသွားတဲ့ အသေခံဒရုန်းတွေဟာ အီရန်ထုတ် Shahed-136 ဒရုန်းတွေပါ။ 

    အခုနှစ်သြဂုတ်လမှာ ရုရှားက အစင်းရေ ၂၄၀၀ လောက် ၀ယ်ယူခဲ့ပြီး စက်တင်ဘာလကစတင်ပြီး ယူကရိန်းစစ်ပွဲမှာ အသုံးပြုခဲ့ပါတယ်။ 

    Shahed-136 ဟာ ကန်ဒေါ်လာ ၂ သောင်းလောက်သာ ရှိပြီး သူနဲ့အဆင့်တူ နောက်နိုင်ငံထုတ်တွေထက် ၁၀ ဆလောက် စျေးသက်သာပါတယ်။ 

    ဖောက်ခွဲရေးပစ္စည်း ပေါင် ၉၀ လောက်သာ တင်နိုင်ပြီး အစင်းရေ အများအပြားနဲ့ အုပ်ဖွဲ့အသုံးပြုရတာပါ။ ရေဒါက ဖမ်းမမိနိုင်တဲ့ အရမ်းနိမ့်တဲ့ အမြင့်မျိုးမှာ ကောင်းကောင်းပျံသန်းနိုင်ပါတယ်။ 

    စက်တင်ဘာမှာ ဒီဒရုန်းကို ရုရှားက စသုံးတုန်းက အစင်းရေ ၁၀၀ လောက် အုပ်ဖွဲ့ပျံသန်းလာတာဖြစ်ပြီး ဒါဇင်နဲ့ချီ ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။ 

    ပစ်ခတ်ဖျက်ဆီးတဲ့အချိန် သူတို့မှာပါလာတဲ့ ဖောက်ခွဲရေးပစ္စည်းတွေက ပေါက်ကွဲပြီး ပတ်၀န်းကျင်ကို လာစင်တဲ့အတွက် ဒီဒရုန်းတွေကို ဖျက်ဆီးမှုကလည်း အန္တရာယ်မကင်းပါဘူး။

    ဒီဒရုန်းကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်၊ ယူကေနဲ့ အနောက်နိုင်ငံတစ်ချို့က အီရန်ကို ပိတ်ဆို့မှုတွေ ပြုလုပ်ထားပါတယ်။ 

    ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်စစ်မှာ အီရန်ရဲ့ ဒရုန်းနည်းပညာက နောက်ထပ် ဘယ်လောက်အထိ တွင်ကျယ်လာမလဲဆိုတာ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 

    Ref: BBC, Aljazeera 

  • အီရန်၏ ပြည်တွင်ဖြစ် Fath 360 ဒုံးကျည်စနစ် အမေရိကန်ထုတ်ကို ယှဥ်နိုင်မလား

    အီရန်၏ ပြည်တွင်ဖြစ် Fath 360 ဒုံးကျည်စနစ် အမေရိကန်ထုတ်ကို ယှဥ်နိုင်မလား

    စက်တင်ဘာ ၁၇၊ ၂၀၂၂
    M-Media

    -အီရန်ဟာ ပြည်တွင်းဖြစ် ဒုံးကျည်စနစ် Fath 360 ကို အခုရက်ပိုင်းအတွင်းမှာ စမ်းသပ်ခဲ့ပြီး၊ စွမ်းဆောင်ရည်မြင့်မားတဲ့ ဒုံးကျည်စနစ်တစ်ခု ဖြစ်တယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    နိုင်ငံအလယ်ပိုင်း အစ္စဖာဟန်ဒေသမှာ Eghtedar 1401 အမည်နဲ့ စစ်ရေးလေ့ကျင့်မှုတစ်ခုကို အီရန်ဟာ မကြာသေးခင်က ပြုလုပ်ခဲ့ပြီး အဲဒီမှာ Fath 360 ကို စမ်းသပ်ခဲ့ပါတယ်။

    Fath 360 ဟာ မြေပြင်ကနေ မြေပြင်ပစ် တာတို ပဲ့ထိန်းဒုံးကျည်စနစ်မျိုး ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် အသံထက် ၃ ဆမြန်တဲ့ အမြန်နှုန်းနဲ့ ဒုံးကျည်တွေကို ပစ်ခတ်နိုင်ပြီး ဂြိုဟ်တုဆက်သွယ်ရေးစနစ်နဲ့ ချိတ်ဆက်လိုက်ရင် ၄ ဆအထိ အမြန်နှုန်းရတယ်လို့ အီရန်နိုင်ငံပိုင်သတင်းဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ကီလို ၁၅၀ ရှိတဲ့ ဒုံးကျည် ၄ လုံးကနေ ၆ လုံးအထိ တပ်ဆင်ပြီး အကွာအ၀ေး ၈၀ ကနေ ၁၀၀ ကီလိုမီတာအထိ ပစ်ခတ်နိုင်ပါတယ်။

    စစ်ရေးဆိုင်ရာ သုံးသပ်တဲ့ Global Security အဖွဲ့က အီရန်ရဲ့ Fath 360 ဒုံးကျည်စနစ်ဟာ ထုတ်ပြန်ချက်တွေအရ အမေရိကန်ရဲ့ HIMARS ဒုံးကျည်စနစ်ကို ကောင်းကောင်းယှဥ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

    စျေးနှုန်းပိုင်းမှာတော့ Fath 360 က ပိုပြီး စျေးချိုပါတယ်။ ဒီဒုံးကျည်စနစ်ဟာ ပြီးခဲ့တဲ့နှစ်က အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) မှာ တပ်တော်၀င်ခဲ့တာပါ။

    Fath 360 ဟာ အရင်ရှိပြီးသား Fateh ဒုံးကျည်စနစ်ကို ချုံ့ထားတာဖြစ်ပြီး ပိုမိုပေါ့ပါး အစွမ်းထက်တယ်လို့ ဆိုပါတယ်။

    အနောက်နိုင်ငံတွေက ပိတ်ဆို့မှုတွေ ရှိနေပေမယ့် အီရန်ဟာ ဒုံးကျည်စနစ်နဲ့ ဒရုန်းနယ်ပယ်မှာ တိုးတက်မှု တော်တော်များများ ရရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ပြည်တွင်းဖြစ် ဒုံးကျည်စနစ်တွေ၊ ဒုံးခွင်းစနစ်တွေနဲ့ ဒရုန်းလေယာဥ်တွေကို ထုတ်ပြခဲ့ပါတယ်။

    Ref: Asia Times

  • နျူဗုံးထုတ်နိုင်သည့်စွမ်းရည် ရှိသော်လည်း မထုတ်ဟု အီရန်ပြော

    နျူဗုံးထုတ်နိုင်သည့်စွမ်းရည် ရှိသော်လည်း မထုတ်ဟု အီရန်ပြော

    သြဂုတ် ၃၊ ၂၀၂၂
    M-Media

    -မိမိတို့ဟာ နျူလက်နက် ထုတ်လုပ်နိုင်တဲ့ စွမ်းရည်မျိုး ရှိနေပြီလို့ အီရန် နျူကလီးယားစီမံကိန်း အကြီးအကဲ မိုဟာမက် အက်စ်လာမီက ပြောကြားလိုက်ပါတယ်။

    အဓိပတိ အယာတိုလာ ခါမေနီရဲ့ အကြံပေး ကမာလ် ခါရာဇီက အီရန်ရဲ့ နျူနည်းပညာဟာ လက်နက်ထုတ်လုပ်နိုင်တဲ့ အနေအထားမှာ ရှိနေတယ်ဆိုတဲ့ ဇူလိုင်လအတွင်း ပြောကြားမှုကို အက်စ်လာမီက အတည်ပြုလိုက်တာပါ။

    အီရန်အစိုးရ ထိပ်တန်းပုဂ္ဂိုလ်တွေက နျူလက်နက်ကိစ္စနဲ့ပတ်သက်ပြီး ဒီလိုမှတ်ချက်ပေးတာမျိုး အရင်က မရှိခဲ့ပါဘူး။

    အနောက်နိုင်ငံတွေက အီရန်ရဲ့ နျူစီမံကိန်းဟာ လက်နက်ထုတ်ဖို့အတွက်လို့ စွပ်စွဲထားပြီး အီရန်က ဒီစွပ်စွဲချက်ကို ငြင်းပါတယ်။ နျူစီမံကိန်းဟာ ငြိမ်းချမ်းစွာ အသုံးပြုဖို့ ဖြစ်တယ်လို့ အီရန်က အခိုင်အမာ ပြောဆိုထားပါတယ်။

    ပြည်တွင်းသတင်းဌာန Fars နဲ့ မနေ့က အင်တာဗျူးမှာ အက်စ်လာမီက နျူလက်နက်ထုတ်နိုင်စွမ်းရှိနေပေမယ့် မိမိတို့စီမံကိန်းမှာ လက်နက်ထုတ်လုပ်မှု မပါ၀င်ဘူးလို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

    “မစ္စတာ ခါဇာရီ ပြောခဲ့သလိုပါပဲ။ အီရန်ဟာ နည်းပညာပိုင်းမှာ နျူကလီးယားဗုံး ထုတ်လုပ်နိုင်တဲ့ စွမ်းရည်မျိုး ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့စီမံကိန်းမှာ ဒီကိစ္စ မပါ၀င်ပါဘူး”

    နျူစီမံကိန်းကို ရပ်တန့်နိုင်ရေး အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေက ၂၀၁၅ ခုနှစ်မှာ အီရန်နဲ့ သဘောတူညီချက်တစ်ခု ရယူနိုင်ခဲ့ပေမယ့် သမ္မတထရမ့်လက်ထက် ဒီသဘောတူညီချက်ကနေ အမေရိကန် နှုတ်ထွက်သွားပြီးတဲ့နောက် ပျက်ပြယ်သွားပါတယ်။

    လက်ရှိမှာ အနောက်နိုင်ငံတွေဟာ နောက်ထပ် သဘောတူညီချက်တစ်ခု ရယူကာ အီရန်ရဲ့ နျူစီမံကိန်းကို ဟန့်တားဖို့ ကြိုးပမ်းနေကြပါတယ်။

    Ref: BBC