News @ M-Media

Tag: Iran

  • ကမ္ဘာ့ လက်နက်တပ်ဒရုန်းစျေးကွက်ကို ၀င်လာတော့မယ့် အီရန်

    ကမ္ဘာ့ လက်နက်တပ်ဒရုန်းစျေးကွက်ကို ၀င်လာတော့မယ့် အီရန်

    ဇူလိုင် ၂၉၊ ၂၀၂၂
    M-Media

    -နိုင်ငံတကာရဲ့ ဆယ်စုနှစ်ချီ ပိတ်ဆို့မှုတွေကြားထဲက ကာကွယ်ရေးစွမ်းအား ကောင်းမွန်အောင် ကြိုးစားနေတဲ့ အီရန်နိုင်ငံဟာ အခုအချိန်မှာတော့ နည်းပညာမြင့် ဒရုန်းတွေကို တင်ပို့ရောင်းချနိုင်တဲ့ အခြေအနေတစ်ခုကို ရောက်ရှိလာပြီလို့ ပညာရှင်တွေက သုံးသပ်ပါတယ်။

    အီရန်ဒရုန်းတွေကို များသောအားဖြင့် ပဋိပက္ခဖြစ်နေတဲ့ အရှေ့အလယ်ပိုင်းက လက်နက်ကိုင်တွေဆီမှာ တွေ့ရလေ့ရှိပေမယ့်၊ တစ်ခြားနိုင်ငံတွေကို တင်ပို့ရောင်းချမှုတွေ ရှိနေတာပါ။

    အထူးသဖြင့် နိုင်ငံတကာရဲ့ ပိတ်ဆို့မှုဒဏ် ခံနေရတဲ့ ဗင်နီဇွဲလား၊ ဆူဒန်လို နိုင်ငံမျိုး၊ အီသီယိုးပီးယား၊ ယီမင်နဲ့ တာဂျစ်ကစ္စတန် နိုင်ငံတွေကို တင်ပို့နေသလို့ ရုရှားကလည်း ဒရုန်းရာချီ ၀ယ်ယူမယ်လို့ သိပ်မကြာခင်က သတင်းထွက်ခဲ့ပါတယ်။

    “ဒရုန်းတွေကို တင်ပို့ရောင်းချတဲ့နေရာမှာ အီရန်ဟာ အဓိကနိုင်ငံတစ်ခု ဖြစ်လာနေပါတယ်။ Mohajer-6 လို ဒရုန်းအသစ်တွေကို အာဖရိကဒေသမှာ တွေ့လာရတာကိုကြည့်ရင် နိုင်ငံတွေက ဒီဒရုန်းတွေကို ပွဲအဖြေပြောင်းလဲနိုင်မယ့် လက်နက်တွေအဖြစ် ယူဆနေတာကို တွေ့ရပါတယ်” လို့ ပါလက်စတိုင်းအခြေစိုက် ကာကွယ်ရေးနဲ့ ဒရုန်းရေးရာကျွမ်းကျင်သူ ဆက်သ် ဖရန့်ဇ်မန်က ပြောပါတယ်။

    အီရန်ဟာ ၁၉၈၀ ပြည့်နှစ်တွေကဖြစ်ပွားခဲ့တဲ့ အီရန်-အီရတ်စစ်ပွဲကနေ စတင်ပြီး ဒရုန်းတွေကို ထုတ်လုပ်လာတာ ဖြစ်ပါတယ်။ နျူကိစ္စ၊ ဒုံးကျည်ထုတ်လုပ်မှု ကိစ္စတွေကြောင့် နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတွေ ခံခဲ့ရပေမယ့် စစ်တပ်သုံးနဲ့ အရပ်ဖက်သုံး ဒရုန်းတွေကို ပုံမှန် ထုတ်လုပ်လာနိုင်ပါတယ်။

    အမေရိကန်က အီရန်ရဲ့ ဒရုန်းထုတ်လုပ်မှုကဏ္ဍကို နည်းမျိုးစုံနဲ့ ဟန့်တားဖို့ ကြိုးစားနေသလို၊ အစ္စရေးကလည်း အီရန်က ဒရုန်းထုတ်လုပ်မှုနဲ့ သက်ဆိုင်တဲ့ နေရာတွေကို ခိုးကြောင်ခိုး၀ှက် တိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။

    အီရန်ဟာ ဒီလိုအခက်အခဲတွေကြားကနေ ဒရုန်းထုတ်လုပ်မှုကို အရှိန်မြှင့်လာနိုင်ခဲ့တာပါ။ နိုင်ငံခြားကို တင်ပို့တဲ့ အီရန်ထုတ် ဒရုန်းတွေက Mohajer-2 (M2-N)၊ Mohajer-6 (M6) နဲ့ Ababil (AB-2) ဖြစ်ပြီး ဒုံးကျည်တွေ တပ်ဆင်နိုင်ကာ တိုက်ခိုက်ရေးနဲ့ ထောက်လှမ်းရေး ၂ မျိုးစလုံးမှာ အသုံးပြုနိုင်ပါတယ်။

    ရုရှားကို ဒရုန်းရောင်းမယ်ဆိုတဲ့သတင်းအတွက် အီရန်က အတည်မပြုသလို၊ ငြင်းဆိုခြင်းလည်း မပြုပါဘူ။ အီရန်နိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်တဲ့ ကြောငြာချက်မှာ ရုရှားနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုဟာ ယူကရိန်းကို တိုက်ခိုက်မှုမတိုင်ခင်ကတည်းက ရှိခဲ့တာလို့ ဖော်ပြထားပါတယ်။

    အီရန်ကြည်းတပ်တပ်မှူး ဗိုလ်မှူးချုပ် ကီယိုမာရ် ဟေဒါရီက အီရန်ဟာ မိတ်ဖက်နိုင်ငံတွေထံ စစ်လက်နက်ပစ္စည်းတွေ တင်ပို့ရောင်းချဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပါတယ်။

    အီရန်ဟာ တာဂျစ်ကစ္စတန်မှာ ဒရုန်းထုတ်လုပ်ရေးစက်ရုံကို တည်ဆောက်ထားပြီး ဒါဟာ အီရန်ရဲ့ ပြည်ပ ပထမဆုံး ဒရုန်းစက်ရုံလည်း ဖြစ်ပါတယ်။

    Ref: New York Time

  • အီရန်က လျှို့၀ှက် မြေအောက်ဒရုန်းတပ်စခန်း

    အီရန်က လျှို့၀ှက် မြေအောက်ဒရုန်းတပ်စခန်း

    မေ ၂၈၊ ၂၀၂၂
    M-Media

    -စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် အဘ်ဒွလ်ရာဟင် မူဆာဗီ လျှို့၀ှက် မြေအောက်ဒရုန်းတပ်စခန်း သွားရောက်စစ်ဆေးကြည့်ရှုတဲ့ ဓာတ်ပုံတွေကို အီရန်က ထုတ်ပြလာပါတယ်။

    ဒါဟာ သိုသိုသိပ်သိပ် တည်ဆောက်နေတဲ့ ဒရုန်းတပ်ဖွဲ့နဲ့ပတ်သက်ပြီး အီရန်ရဲ့ ပထမဆုံး လူသိရှင်ကြား ထုတ်ပြန်မှုပါ။

    ဇာဂရို့စ်တောင်တန်းအောက်မှာ တည်ဆောက်ထားတဲ့ ဒီစခန်းမှာ ပြည်တွင်းဖြစ် ထိပ်တန်းဒရုန်းပေါင်း ၁၀၀ လောက် သိမ်းဆည်းထားတယ်လို့ အီရန်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

    “အီရန်ရဲ့ ဒရုန်းတပ်ဖွဲ့အင်အားဟာ ဒေသတွင်း အင်အားအကောင်းဆုံးဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ ကျွန်တော်တို့ရဲ့ ဒရုန်းတွေအဆင့်မြှင့်တင်နိုင်စွမ်းကို ဘယ်သူမှ တားဆီးလို့ မရပါဘူး” လို့ စစ်တပ်အကြီးအကဲ မူဆာဗီက ပြောပါတယ်။

    အစိုးရသတင်းဌာန သတင်းထောက်က ဒီတပ်စခန်းဟာ နိုင်ငံအနောက်ပိုင်း ကာရ်မန်ရှားမြို့ကနေ ရဟတ်ယာဥ်နဲ့ ၄၅ မိနစ်သွားရပြီး သူ့ကို မျက်လုံးအ၀တ်စည်း ခေါ်ဆောင်သွားတာလို့ ပြောပါတယ်။

    ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေ ဗီဒီယိုတွေထဲမှာ Ababil-5 အပါအ၀င် ပြည်တွင်းဖြစ် လက်နက်တပ်ဒရုန်း တော်တော်များများကို တွေ့ရပါတယ်။

    အီရန်ဟာ ပြီးခဲ့တဲ့နှစ်ကလည်း လျှို့၀ှက် မြေအောက်ဒုံးကျည်စခန်း ပုံတွေကို ထုတ်ပြန်ခဲ့ဖူးပါတယ်။

    Ref: Reuters

    mmInternationalNews

  • နျူစက်ရုံတိုက်ခိုက်ရန် အစ္စရေး၏ ကြံစည်မှုကို အီရန်တားဆီး

    နျူစက်ရုံတိုက်ခိုက်ရန် အစ္စရေး၏ ကြံစည်မှုကို အီရန်တားဆီး

    မတ် ၁၅၊ ၂၀၂၂

    M-Media

    -နိုင်ငံအရှေ့မြောက်ပိုင်းက နျူစက်ရုံကို အစ္စရေးက တိုက်ခိုက်ဖျက်ဆီးမယ့် အစီအစဥ်ကို ဖော်ထုတ်တားဆီးလိုက်နိုင်တယ်လို့ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC က ထုတ်ပြန်ပါတယ်။ 

    ကွမ်မြို့က မြေအောက်မှာ ဆောက်လုပ်ထားတဲ့ Fordow နျူစက်ရုံဖြစ်ပြီး ယူရေနီယံသန့်စင်မှု လုပ်တဲ့နေရာပါ။ 

    ယူရေနီယံသန့်စင်တဲ့ ဌာနမှာ အလုပ်လုပ်တဲ့ ၀န်ထမ်းတစ်ဦးကို အစ္စရေးက ငွေကြေးပေးထားတဲ့ အေးဂျင့်က ချဥ်းကပ်စည်းရုံးကာ တိုက်ခိုက်ဖို့ ကြံစည်တာဖြစ်တယ်လို့ အီရန်နိုင်ငံပိုင်သတင်းဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    အစ္စရေးဟာ အေးဂျင့်ကို လုံခြုံတဲ့ လမ်းကြောင်းကနေ ဆက်သွယ်ပြောဆိုသလို ငွေသား၊ ဒဏ်ဂျစ်တယ်ငွေကြေးတွေနဲ့ ပေးချေတယ်လို့ ဆိုပါတယ်။ 

    တိုက်ခိုက်မှုကို မတ်လ ၂၀ ရက်နေ့မှာကျရောက်မယ့် ပါရှန်နှစ်ကူးမတိုင်ခင် လုပ်ဖို့ စီစဥ်ထားပြီး အသေးစိတ်ကို နောက်ပိုင်းကျရင် ထုတ်ပြန်မယ်လို့လည်း IRGC က ပြောပါတယ်။ 

    အီရန်ဟာ လက်ရှိမှာ အင်အားကြီး ၆ နိုင်ငံနဲ့ ၂၀၁၅ ခုနှစ် နျူသဘောတူညီချက် ပြန်လည်အသက်သွင်းဖို့ ဆွေးနွေးနေတာ ဖြစ်ပါတယ်။ အစ္စရေးက ဒီဆွေးနွးမှုးကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။

    အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC က အီရတ်မှာရှိတဲ့ အစ္စရေး မဟာဗျူဟာဌာနကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယယ်။ 

    Ref: Aljazeera 

  • အီရတ်မှ အစ္စရေး မဟာဗျူဟာဌာနကို တိုက်ခိုက်ခဲ့ဟု အီရန်ထုတ်ပြန်

    အီရတ်မှ အစ္စရေး မဟာဗျူဟာဌာနကို တိုက်ခိုက်ခဲ့ဟု အီရန်ထုတ်ပြန်

    မတ် ၁၃၊ ၂၀၂၂

    M-Media 

    – အီရတ်နိုင်မြောက်ပိုင်း ကာဒ့်ဒေသမြို့တော် အီရ်ဘီလ်က အမေရိကန် ကောင်စစ်၀န်ရုံး သောကြာနေ့က ဒုံးကျည်နဲ့ တိုက်ခိုက်ခံခဲ့ရပြီး အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က သူတို့လုပ်တာလို့ ထုတ်ပြန်ပါတယ်။ 

    IRGC ရဲ့ ထုတ်ပြန်ချက်မှာ အစ္စရေးရဲ့ မဟာဗျူဟာဌာန အဆောက်အဦးကို တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။ အီရန်ရဲ့ ဒီတိုက်ခိုက်မှုဟာ  အခုတစ်ပတ် အစောပိုင်း ဆီးရီးယားမှာ IRGC တပ်ဖွဲ့၀င်နှစ်ဦးကို အစ္စရေးက သတ်ဖြတ်မှုအတွက် လက်တုန့်ပြန်တာလို့ ယူဆရပါတယ်။ 

    အစ္စရေးဖက်က တိုက်ခိုက်မှုတွေ ထပ်လုပ်လာရင် ပြင်းထန်၊ ဆိုးရွားတဲ့ တုန့်ပြန်မှုနဲ့ ရင်ဆိုင်ရမယ်လို့ IRGC က သတိပေးခဲ့ပါတယ်။ 

    တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း ကာ့ဒ်ဒေသ တာ၀န်ရှိသူတွေက အတည်ပြုခဲ့ပြီး ဒုံးကျည် ၈ လုံးကနေ ၁၂ လုံးအထိရှိကာ ကောင်စစ်၀န်ရုံး အဆောက်အဦးသစ် ပျက်ဆီးကာ အရပ်သားတစ်ဦး ဒဏ်ရာရတယ်လို့ ထုတ်ပြန်ပါတယ်။ 

    ကာ့ဒ်ဒေသဟာ အီရတ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်ပြီး ကာ့ဒ်အစိုးရ၀န်ကြီးချုပ်နဲ့ ဘာသာရေးခေါင်းဆောင်တွေက ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပါတယ်။ 

    Ref: Aljazeera 

  • ဆော်ဒီအိမ်ရှေ့မင်းသား၏ ရွှေပြည်အေးမှတ်ချက်ကို အီရန်ချီးကျူး

    ဆော်ဒီအိမ်ရှေ့မင်းသား၏ ရွှေပြည်အေးမှတ်ချက်ကို အီရန်ချီးကျူး

    မတ် ၇၊ ၂၀၂၂

    M-Media 

    -နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ အဆင်သင့်ရှိတယ်ဆိုတဲ့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင် ဆလ်မန်ရဲ့ မှတ်ချက်ကို  နှစ်ခြိုက်အားရတယ်လို့ အီရန်နိုင်ငံခြားရေး၀န်ကြီး ဟိုစိန် အမီရ် အဘ်ဒူလာဟီယန်က ပြောကြားလိုက်ပါတယ်။ 

    Atlantic သတင်းဌာနနဲ့ ပြီးခဲ့တဲ့တစ်ပတ် အင်တာဗျူးမှာ ဘင်ဆလ်မန်က အီရန်ဟာ ထာ၀ရအိမ်နီးချင်းနိုင်ငံဖြစ်ပြီး ဆက်ဆံရေးကောင်းမွန်အောင် ကြိုးပမ်းသွားမယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

    “ဆော်ဒီ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးရဲ့ လတ်တလောမှတ်ချက်မှာ အီရန်နဲ့ ဆက်ဆံရေး ထူထောင်ဖို့ သဘောဆန္ဒကို တွေ့ရပါတယ်။ ဒီအတွက် ကျွန်တော်တို့ ကြိုဆိုပါတယ်” လို့ အဘ်ဒူလာဟီယန်က နိုင်ငံပိုင် သတင်းဌာနကို IRNA ကို ပြောကြားခဲ့ပါတယ်။ 

    ၂၀၁၆ ခုနှစ် ဆော်ဒီက ရှီအာဘာသာရေးခေါင်းတစ်ဦးကို ကွပ်မျက်ခဲ့မှုနဲ့ ပတ်သက်ပြီး အီရန်ပြည်သူတွေ မကျေနပ်တဲ့အတွက် မြို့တော် တီဟီရန်မှာ ဆန္ဒပြပြီး ဆော်ဒီသံရုံးကို ၀င်ရောက်စီးနင်းခဲ့ပါတယ်။ 

    အဲဒီနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေး ရပ်ဆိုင်းသွားခဲ့တာ ဖြစ်ပါတယ်။ 

    ဒါပေမယ့် အီရတ်ရဲ့ ကြား၀င်ပေးမှုနဲ့အတူ ပြီးခဲ့တဲ့နှစ်ကစပြီး ဆော်ဒီ-အီရန် အဆင့်မြင့်အရာရှိတွေ တွေ့ဆုံဆွေးနွေးမှု အနည်းဆုံး ၄ ကြိမ်လောက် လုပ်ခဲ့ပြီး ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားခဲ့ကြပါတယ်။ 

    အဒ်ဒူလာဟီယန်က ဆော်ဒီအနေနဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်ကို လျှောက်လှမ်းလာတဲ့အတွက် ပျော်ရွှင်မိတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref : Teheran Tiems