News @ M-Media

Tag: Iran

  • ပြည်တွင်းဖြစ် တိုက်ချင်းပစ်ဒုံးကျည်ကို အီရန်က အောင်မြင်စွာ စမ်းသပ်နိုင်

    ပြည်တွင်းဖြစ် တိုက်ချင်းပစ်ဒုံးကျည်ကို အီရန်က အောင်မြင်စွာ စမ်းသပ်နိုင်

    မတ် ၁၀၊ ၂၀၁၇
    M-Media

    – ရွေ့လျားပစ်မှတ်ကို ပစ်ခတ်နိုင်သည့် ပြည်တွင်းဖြစ် တိုက်ချင်းပစ် Hormuz-2 ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီဟု အီရန် အစ္စလာမ့်တော်လှန်ရေးအစောင့်တပ် (IRGC) လေကြောင်းဌာန တပ်မှူး ဗိုလ်မှူးချုပ် အမီရန် အလီ ဟာဂျီဇာဒဟ်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ပင်လယ်ပြင်ပေါ်မှ ပစ်မှတ်များကို ဖျက်ဆီးနိုင်သည့် အဆိုပါ Hormuz-2 ကို ယခုသီတင်းပတ်အတွင်း စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး ကီလိုမီတာ ၂၅၀ အကွာအဝေးရှိ ရွှေ့လျားပစ်မှတ်ကို ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ ဒုံးကျည်မှာ ကီလိုမီတာ ၃၀၀ အထိ ပစ်ခတ်နိုင်သည်။

    ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် ဟိုစိန် ဒေကန်က အီရန်၏ ကာကွယ်ရေး စွမ်းအားမှာ ဖြစ်ပေါ်လာနိုင်သည့် မည်သည့်ကျူကျာ်မှုမျိုးကိုမဆို တားဆီးနိုင်သည်ဟု ပြောကြားခဲ့ပြီး ရုရှားမှ ၀ယ်ယူထားသည့် S-300 ဒုံးခွင်းစနစ်ကို စမ်းသပ်ပြီး နောက်တစ်ရက်တွင် ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

    အီရန်မှာ လက်ရှိတွင် S-300 ကဲ့သို့ ပြင်တွင်းဖြစ် ဒုံးခွင်းစနစ် Bavar-373 ကို ဒီဇိုင်းဆွဲ တည်ဆောက်နေသည်ဟု ဗိုလ်မှူးချုပ် ဖာရ်ဇဒ် အက်စ်မိုင်လီက ပြောကြားခဲ့သည်။

    Ref: Press TV

  • အီရန်က S-300 ဒုံးခွင်းစနစ်ကို အောင်မြင်စွာ စမ်းသပ်

    အီရန်က S-300 ဒုံးခွင်းစနစ်ကို အောင်မြင်စွာ စမ်းသပ်

    မတ် ၄၊ ၂၀၁၇
    M-Media

    – ရုရှားနိုင်ငံထုတ်ဖြစ်ပြီး သိပ်မကြာသေးခင်ကမှ ရောက်ရှိလာခဲ့တဲ့ S-300 ဒုံးခွင်းစနစ်ကို အီရန်က အခုရက်ပိုင်းအတွင်းမှာ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။

    ဒီဒုံးခွင်းစနစ်ရဲ့ စွမ်းဆောင်ရည်ကိုစမ်းသပ်ဖို့ စစ်ရေးလေ့ကျင်မှုတစ်ခု ပြုလုပ်ခဲ့ပြီး အီရန် စစ်တပ်နဲ့ အစိုးရတာဝန်ရှိသူတွေ တက်ရောက်ကြည့်ရှုခဲ့ပါတယ်။ အီရန်ဟာ S-300 ဒုံးခွင်းစနစ်ကို ၂၀၀၇ ခုနှစ်ကတည်းက ၀ယ်ယူထားခဲ့ပေမယ့် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ပြုလုပ်ထားတဲ့ ပိတ်ဆိုမှုကြောင့် ကြန့်ကြာခဲ့ရတာပါ။

    ဒါပေမယ့် အီရန်နိုင်ငံ အင်အားကြီး ၆ နိုင်ငံတို့ နျူဆိုင်ရာ သဘောတူညီချက် ရရှိခဲ့ပြီးတဲ့နောက်မှာတော့ ဒီကိစ္စဟာ ပြေလည်ခဲ့ပြီး ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းက S-300 ဒုံးခွင်းစနစ် ပထမအသုတ် ရောက်ရှိလာခဲ့ပါတယ်။

    အီရန်ဟာ ဒီဒုံးခွင်းစနစ်ပုံစံ ပြည်တွင်းဖြစ် BAVAR-373 ဒုံးခွင်းစနစ်ကို ဒီဇိုင်းထုတ် တည်ဆောက်နေပြီး သိပ်မကြာတော့တဲ့အနာဂတ်မှာ စမ်းသပ်နိုင်တော့မှာဖြစ်ပါတယ်။

    Ref : Press TV

    https://www.youtube.com/watch?v=wWqzxcY6-_w

  • အီရန်ရေတပ် စစ်ရေးလေ့ကျင့်မှုတွင် ပြည်တွင်းဖြစ် နောက်ဆုံးပေါ်လက်နက်များ စမ်းသပ်ပစ်ခတ်

    အီရန်ရေတပ် စစ်ရေးလေ့ကျင့်မှုတွင် ပြည်တွင်းဖြစ် နောက်ဆုံးပေါ်လက်နက်များ စမ်းသပ်ပစ်ခတ်

    မတ် ၁၊ ၂၀၁၇
    M-Media

    အီရန်၏ နောက်ဆုံးထုတ် Valfaj တော်ပီဒို

    – အီရန်နိုင်ငံမှာ ပြည်တွင်းဖြစ် နောက်ဆုံးထုတ် တော်ပီဒိုကို ၎င်းတို့၏ အကြီးစား ရေတပ်စစ်ရေးလေ့ကျင့်မှုအတွင်း အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့သည်ဟု သိရသည်။

    Velayat 95 အမည်ဖြင့် ဖေဖော်ဝါရီလ အစောပိုင်းကတည်းက ဟော်မုဇ်ရေလက်ကြား၊ အိုမန်ပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာ မြောက်ဖက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် အဆိုပါ စစ်ရေးလေ့ကျင့်မှု နောက်ဆုံးနေ့ဖြစ်သော ယမန်နေ့တွင် Valfaj တော်ပီဒိုကို Qadir ရေငုပ်သင်္ဘောမှ စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။

    ထို့ပြင် အခြားသော ရေငုပ်သင်္ဘောများမှလည်း ထိုတော်ပီဒိုဖြင့် ရွေ့လျားပစ်မှတ်များအား အောင်မြင်စွာ ပစ်ခတ်ဖြိုခွင်းနိုင်ခဲ့သည်။

    တနင်္လာနေ့ကလည်း ပြည်တွင်းဖြစ် လေဆာပဲ့ထိန်း ရေငုပ်သင်္ဘောပစ် ဒုံးကျည် Dehlaviyeh ကိုလည်းကောင်း၊ အီရန်၏ နောက်ဆုံးပေါ် ခရုဇ်ဒုံးကျည် Nasir ကိုလည်းကောင်း အောင်မြစ်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့သည်။

    အဆိုပါ Velayat 95 ရေတပ်စစ်ရေးလေ့ကျင်မှုတွင် ရေငုပ်သင်္ဘောပစ် ရဟတ်ယာဉ်တပ်ဖွဲ့၊ ကမ်ခြေးအခြေပြုနှင့် ပင်လယ်အခြေပြု ဒရုန်းလေယာဉ်များလည်း ပူးပေါင်းပါဝင်ခဲ့သည်။

    “ဒီ Velayat 95 ရေတပ်စစ်ရေးလေ့ကျင့်မှုဟာ တိုင်းပြည်ရဲ့ ကာကွယ်ရေးစွမ်းရေးတွေကို အဆင့်မြှင့်တင်ဖို့နဲ့ ဒေသတွင်းနိုင်ငံတွေကို အီရန်ရဲ့ ငြိမ်းချမ်းရေး၊ မိတ်ဆွေဖြစ်မှု သတင်းစကားတွေ ပါးဖို့ ဖြစ်ပါတယ်” ဟု ရေတပ် အထူးတပ်ဖွဲ့ ဌာနချုပ်မျူး ဟာဘီဘွလ္လာဟ် ဆေယာရီက ပြောကြားခဲ့သည်။

    Ref: Press TV

  • အီရန် ရုပ်ရှင်ဒါရိုက်တာတစ်ဦး ဒုတိယမြောက် အော်စကာဆု ဆွတ်ခူး

    အီရန် ရုပ်ရှင်ဒါရိုက်တာတစ်ဦး ဒုတိယမြောက် အော်စကာဆု ဆွတ်ခူး

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၇
    M-Media

    – အီရန်ဒါရိုက်တာ အက်စ်ဂါရ် ဖာရ်ဟာဒီ ရိုက်ကူးသည့် The Salesman ရုပ်ရှင်ဇာတ်ကားမှာ ၂၀၁၇ ခုနှစ် အော်စကာဆုပေးပွဲတွင် အကောင်းဆုံး နိုင်ငံခြားစကားပြောရုပ်ရှင်ဆုကို ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

    ဒရာမာဇာတ်ကားကောင်း တစ်ကားဖြစ်သည့် The Salesman မှာ ၂၀၁၆ ခုနှစ် Cannes Film Festival ရုပ်ရှင်ပွဲတော်တွင် ဆု ၂ ဆု ရရှိခဲ့ပြီး Golden Blobe နှင့် Critics’s Choice Award တို့အပါအ၀င် ကမ္ဘာတစ်ဝှမ်းမှ ရုပ်ရှင်ထူးချွန်ဆုပေးပွဲများတွင် ဇကာတင်စာရင်းဝင်ခဲ့သည့် ရုပ်ရှင်လည်းဖြစ်သည်။

    ဒါရိုက်တာ အက်စ်ဂါရ် ဖာရ်ဟာဒီနှင့် ရုပ်ရှင်အဖွဲ့သားများမှာ အော်စကာပွဲသို့တက်ရောက်ရန် အထူးကမ်းလှမ်းမှု ရရှိခဲ့သော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အပါအ၀င် မွတ်စလင်နိုင်ငံ ၇ နိုင်ငံမှ နိုင်ငံသားများကို ဗီဇာပိတ်ပင်မှုအား ဆန္ဒပြသည့်အနေဖြင့် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ပြုလုပ်သည့် အော်စကာဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ခြင်း မရှိချေ။

    ၎င်းအတွက် ဆုကို အီရန်၏ ပထမဆုံး အာကာသခရီးသည် အနူရှာ အန်ဆာရီနှင့် Solar Systems Exploration အဖွဲ့၏ ဒါရိုက်တာဟောင်း ဖီရို့ဇ် နာဒီရီတို့ တက်ရောက်ကာ ကိုယ်စားရယူခဲ့သည်။

    “အမေရိကန်ကို ပြောင်းရွှေ့အခြေချသူတွေ မ၀င်ရဆိုတဲ့ လူမဆန်တဲ့ ဥပဒေနဲ့ အသရေဖျက်ခြင်း ခံလိုက်ရတဲ့ ကျွန်တော်တိုင်းပြည်နဲ့ အခြား ၆ နိုင်ငံက ပြည်သူတွေကို လေစားတဲ့အနေ ကျွန်တော် ဒီပွဲကို မတက်ရောက်တာ ဖြစ်ပါတယ်။ ‘ငါတို့’ နဲ့’ငါတို့ရန်သူ’ ဆိုပြီး ကမ္ဘာကြီးကို ခွဲခြားတာဟာ ကြောက်ရွံ့မှုကို ဖန်တီးတာဖြစ်ပြီး၊ ရန်စဖို့၊ စစ်တိုက်ဖို့ တရားမျှတသယောင်ယောင် ပရိယာယ်ဆင်တာလည်း ဖြစ်ပါတယ်။ ခရီးသွားလာမှု ပိတ်ပင်တဲ့အကြောင်းတွေကို လူတွေက ပြောနေ
    ကြတဲ့အချိန်မှာ လူတွေကို ကျွန်တော် ကြိုဆိုချင်ပါတယ်။ လူ့အဖွဲ့အစည်းတွေကို သွေးကွဲအောင်လုပ်နေတဲ့အချိန်မှာ ကျွန်တော်က သူတို့ကို ပေါင်းစည်းပေးချင်ပါတယ်” ဟု ဖရ်ဟာဒီမှ ပေးပို့သည့်သ၀ဏ်လွှာကို အန်ဆာရီက ဖတ်ပြခဲ့သည်။

    လန်ဒန်မြို့တော်ဝန် ဆာဒစ်ခ် ခန်း၏ မေတ္တာရပ်ခံမှုကြောင့် The Salesman ရုပ်ရှင်ကို လန်ဒန်မြို့ရှိ Trafalgar ရင်ပြင်တွင် ယမန်နေ့က ပြသခဲ့သည်။

    ဖာရ်ဟာဒီမှာ ၂၀၁၂ ခုနှစ်ကလည်း A Separation ရုပ်ရျင်ဖြင့် အော်စကာဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးခဲ့သည်။

    Ref : Press TV

  • ပါလက်စတိုင်းဆိုင်ရာ နိုင်ငံတကာညီလာခံ အီရန်တွင် ပြုလုပ်

    ပါလက်စတိုင်းဆိုင်ရာ နိုင်ငံတကာညီလာခံ အီရန်တွင် ပြုလုပ်

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၇
    M-Media

    – ပါလက်စတိုင်းတော်လှန်ရေး လှုပ်ရှားမှုကို အားပေးထောက်ခံရန်အတွက် မွတ်စလင်နိုင်ငံအားလုံးတွင် တာဝန်ရှိပြီး ထိုအချက်က အစ္စလာမ်ကမ္ဘာညီညွတ်ရေး ရင်းမြစ်တစ်ခု ဖြစ်သင့်သည်ဟု အီရန်အဓိပတိ အယာတိုလာ ဆယဒ် အလီခါမေနီက ပြောကြားလိုက်သည်။

    ယနေ့တွင် မြို့တော်တီဟီရန်၌ ကျင်းပပြုလုပ်သည့် ပါလက်စတိုင်းတော်လှန်ရေး ထောက်ခံမှုဆိုင်ရာ ၆ ကြိမ်မြောက် နိုင်ငံတကာညီလာခံ အဖွင့်မိန့်ခွန်းတွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

    “သာမညကွဲပြားမှုအချို့၊ ရန်သူကဖန်တီးထားတဲ့ ကွဲပြားမှုတစ်ချို့နဲ့ လစ်လျူရှုမှုကြောင့်ဖြစ်တဲ့ ကွဲပြားမှုတွေလို အစ္စလာမ့်မစ်နိုင်ငံတွေမှာ ကွဲပြားမှုတွေရှိနေပေမယ့် ပါလက်စတိုင်းပြဿနာဟာ အစ္စလာမ့်မစ်နိုင်ငံတွေအားလုံး စည်းလုံး ညီညွတ်ရေး ဆုံမှတ်ဖြစ်နိုင်သလို ဖြစ်လည်းဖြစ်ရပါလိမ့်မယ်” ဟု ခါမေနီက ပြောကြားခဲ့သည်။

    ထို့ပြင် အစ္စလာမ်ကမ္ဘာနှင့် ကမ္ဘာတစ်ဝှမ်းမှ လွတ်မြောက်ရေးလှုပ်ရှားနေသူများအားလုံးအတွက် ပါလက်စတိုင်းပြဿနာ နှင့် ထိုပြဿနာ ဖြေရှင်းရေး စည်းစည်းလုံးလုံး ကူညီထောက်ပံ့ပေးရန်မှာ ထိပ်တန်းဦးစားပေးဖြစ်ကြောင်း၊ ယခု တတိယမြောက်ဖြစ်လာသည့် ပါလက်စတိုင်းလွတ်မြောက်ရေး လှုပ်ရှားမှုကို အစ္စရေးက ယခင်နှစ်ကြိမ်ကထက် ပိုမို ပြင်းပြင်းထန်ထန် ဖိနှိပ်မည်ဖြစ်သော်လည်း တော်လှန်ရေးသမိုင်းတွင် အရေးပါသည့် ကဏ္ဍသစ် ဖြစ်လာမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ခါမေနီမှာ ဇီယွန်အာဏာရှင် ရှိနေခြင်းမှ ပေါ်ထွက်လာသည့် အန္တရာယ်များကိုလည်း လစ်လျူမရှုသင့်ဟုဆိုသည်။

    အဆိုပါ ပါလက်စတိုင်းညီလာခံတွင် ကမ္ဘာ့နိုင်ငံများမှ ဧည်သည်တော်များ၊ ပါလက်စတိုင်းထောက်ခံရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ စုစုပေါင်း ၇၀၀ ၀န်းကျင်ခန့် တက်ရောက်ခဲ့ကြသည်။

    Ref: Press TV