News @ M-Media

Tag: Iran

  • အီရန်နပမ်းသမား ကမ္ဘာ့အဆင့် ၃ နေရာတွင် ဆက်လက်ရပ်တည်

    အီရန်နပမ်းသမား ကမ္ဘာ့အဆင့် ၃ နေရာတွင် ဆက်လက်ရပ်တည်

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၇
    M-Media

    – အီရန်နိုင်ငံမှ ဂရီကိုရိုမန် နပမ်းသမား ဂါဆင်မ် ရီဇာအီမှာ ကြာသာပတေးနေ့က ကမ္ဘာ့နပမ်းအဖွဲ့ချုပ် United World Wrestling မှ ထုတ်ပြန်ခဲ့သည့် တစ်လတာ ကမ္ဘာ့အဆင့် ရပ်တည်မှုတွင် အဆင့် ၃ နေရာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ခဲ့သည်ဟု သိရသည်။

    အသက် ၃၁ နှစ်အရွယ်ရှိပြီး ရီယို ၂၀၁၆ အိုလံပစ် ကြေးတံဆိပ်ဆုရှင် ရီဇာအီမှာ ၉၈ ကီလိုတန်းတွင် ယခုကဲ့သို့ ကမ္ဘာ့အဆင့် ၃ နေရာ ရပ်တည်နေခြင်းဖြစ်သည်။ အဆင့် ၁ နေရာတွင် ကျူးဘားမှ ယက်စ်မာနီ လူဂို ကာဘရီရာ၊ အဆင့် ၂ နေရာတွင် အာမေးနီးယားမှ နပမ်းသမား အာရ်တာ အလက်ဆန်ယန်တို့က အသီးသီး ရှိနေသည်။

    ရီဇာအီ၏နောက်တွင်မူ တူရကီ၊ ရုရှားနှင့် ဆွီဒင်နိုင်ငံတို့မှ နပမ်းသမားများ ရှိနေကြသည်။

    ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ ရီယိုအိုလံပစ် ၁၆ ဦး ရှုံးထွက်ပြိုင်ပွဲတွင် ရီဇာအီမှာ ဗင်နီဇွဲလား နပမ်းသမား လူလက်စ် ပီရက်ဇ်ကို ၈-၀ ဖြင့် အနိုင်ရခဲ့သော်လည်း၊ ကွာတားဖိုင်နယ်တွင် ကျူးဘားမှ လူဂို ကာဘရီရာကို ၄-၀ ဖြင့်ရှုံးခဲ့သည်။ ထို့ပြိုင်ပွဲနောက်ပိုင်းတွင် ရီဇာအီမှာ ကမ္ဘာ့အဆင့် ၃ နေရာကို ရရှိခဲ့ခြင်းဖြစ်သည်။

    Ref: Press TV

  • အစ္စလာမ့်မစ်တော်လှန်ရေး နှစ်ပတ်လည်အခမ်းအနား အီရန်တွင် ခြိမ့်ခြိမ်သဲကျင်းပ

    အစ္စလာမ့်မစ်တော်လှန်ရေး နှစ်ပတ်လည်အခမ်းအနား အီရန်တွင် ခြိမ့်ခြိမ်သဲကျင်းပ

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၇
    M-Medai

    – အမေရိကန်နှင့် အနောက်နိုင်ငံများ ကျောထောက်နောက်ခံပြုထားသည့် အာဏာရှင် ရှားဘုရင်အား လူထုအားဖြင့် ဖြုတ်ချနိုင်ခဲ့သည့် အစ္စလာမ့်မစ်တော်လှန်ရေး ၃၈ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ယမန်နေ့က အီရန်နိုင်ငံတစ်ဝှမ်း ပြုလုပ်ခဲ့ကြပြီး ပြည်သူသန်းချီ ပါဝင်ခဲ့ကြသည်ဟု သိရသည်။

    “ပြည်သူတွေ ဒီလို ထွက်လာခြင်းဟာ အိမ်ဖြူတော်ကို ကြီးစိုးသူအသစ်တွေရဲ့ မှားယွင်းတဲ့မှတ်ချက်တွေကို တုန့်ပြန်လိုက်တာဖြစ်ပြီး အီရန်ပြည်သူတွေကို လေးစားသမှုနဲ့ ဂုဏ်သိက္ခာရှိစွာ ပြောဆိုဆက်ဆံရမယ်ဆိုတာ ကမ္ဘာကြီးကို ပြသလိုက်တာလည်း ဖြစ်ပါတယ်” ဟု သမ္မတရူဟာနီက မြို့တော် တီဟီရန်တွင် ပြုလုပ်ခဲ့သည့် ချီတက်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့ပါတယ်။

    “အီရန်ပြည်သူတွေကို ခြိမ်းခြောက်တဲ့လေသံမျိုးနဲ့ ပြောတဲ့ ဘယ်သူမဆို အဲဒီအတွက် နောင်တရစေရမယ်ဆိုတာ အီရန်နိုင်ငံက လွန်ခဲ့တဲ့ ၃၈ နှစ်တာလုံး ပြသခဲ့ပါတယ်”

    အယာတိုလာ ရူဟွလ္လာဟ် ခိုမေနီဦးဆောင်သည့် အဆိုပါ အစ္စလာမ့်မစ်တော်လှန်ရေးမှာ ၁၉၇၈ ခုနှစ် ဇန်န၀ါရီ ၇ ရက်နေ့မှ ၁၉၇၉ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ တစ်နှစ်ကျော် ကြာမြင်ခဲ့ပြီး ပြည်သူများအား ဖိနှိပ်ချုပ်ချယ်သော ရှားဘုရင်ကို ဖြုတ်ချကာ အီရန် အစ္စလာမ့်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်နိုင်ခဲ့သည်။

    ရူဟာနီကမူ အဆိုပါ တော်လှန်ရေးမှာ တိုင်းပြည်ကို အမေရိကန်အပါအ၀င် နိုင်ငံခြားတိုင်းပြည်များအပေါ် မှီခိုမှုမှ လွတ်မြောက်စေခဲ့ပြီး၊ ပြည်သူများ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ရရှိစေခဲ့ကြောင်း၊ လက်ရှိတွင် တိုင်းပြည်မှာ ခေတ်အမီဆုံး လက်နက်များ ပိုင်ဆိုင်ထားကြောင်း၊ ရေနံကိုလည်း တိုးမြှင့်ထုတ်လုပ်နိုင်ကာ၊ နိုင်ငံခြားဘဏ်များက သိမ်းယူထားသည့် အီရန်နိုင်ငံပိုင် ငွေကြေး ဒေါ်လာ ၁.၇ ဘီလီယံကို ပြန်ယူနိုင်ခဲ့ပြီး ထပ်မံရယူသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    အစ္စလာမ့်မစ်တော်လှန်ရေး ၃၈ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို အီရန်နိုင်ငံရှိ မြို့ကြီးများ၊ မြို့ငယ်များတွင် ပြည်သူများမှာ ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ကြပြီး ပျော်ပွဲရွှင်ပွဲအခမ်းအနားလည်း ပါဝင်ခဲ့သည်။

    Ref: Press TV

  • ထရမ့်က အမေရိကန်၏ သရုပ်မှန်ကို ဖွင့်ပြခဲ့သည်ဟု အီရန်အဓိပတိပြော

    ထရမ့်က အမေရိကန်၏ သရုပ်မှန်ကို ဖွင့်ပြခဲ့သည်ဟု အီရန်အဓိပတိပြော

    ဖေဖော်ဝါရီ ၇၊ ၂၀၁၇
    M-Media

    – အမေရိကန်၏ သရုပ်မှန်ကို ဖွင့်ချလိုက်သည့်အတွက် သမ္မတသစ် ဒေါ်နယ်ထရမ့်ကို ကျေးဇူးတင်မိသည်ဟု အီရန်အဓိပတိ အယာတိုလာ အလီ ခါမေနီက ပြောကြားလိုက်သည်။

    “ဒီလူကြီးကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ သူဟာ အမေရိကရဲ့ သရုပ်မှန်ကို ဖွင့်ပြလိုက်တာပါ။ အမေရိကန်ရဲ့ အုပ်ချုပ်ရေးစနစ်မှာ နိုင်ငံရေး၊ စီးပွားရေး၊ အကျင့်စာရိတ္တနဲ့ လူမှုရေးဆိုင်ရာ ခြစားနေတာ ရှိတယ်လို့ ကျွန်တော်တို့ နှစ်ပေါင်း ၃၀ ကျော်လောက် ပြောခဲ့တာ အဲဒါပါပဲ။ ဒါကို ဒီလူကြီးက ရွေးကောက်ပွဲနဲ့ ရွေးကောက်နောက်ပိုင်းမှာ ပွင့်ပွင့်လင်းလင်း ယူလာခဲ့တာပါ” ဟု ခါမေနီက အင်္ဂါနေ့ မြို့တော်တီဟီရန်တွင် စစ်တပ်အရာရှိများအား ပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်းပြောဆိုခဲ့သည်။

    ထရမ့်၏ ဗီဇာပိတ်ပင်သည့်အမိန့် ထွက်ပေါ်လာပြီးနောက် အမေရိကန်လေဆိပ်တွင် အီရန်ကလေငယ်တစ်ဦး လက်ထိပ်ခပ် ဖမ်းဆီးခံရသည့် ဓာတ်ပုံကို ရည်ညွှန်း၍ ခါမေနီက “အသက် ၅ နှစ်အရွယ် ကလေးငယ်လေးကို လက်ထိပ်ခတ်တဲ့ သူ့ရဲ့လုပ်ရပ်ဟာ အမေရိကန် လူ့အခွင့်အရေးရဲ့ အဓိပ္ပါယ်အစစ်အမှန်ကို ပြသလိုက်တာပါပဲ” ဟု ပြောကြားခဲ့သည်။

    ထရမ့်က အီရန်မှာ မီးနှင့်ကစားနေပြီး၊ အိုဘားမား၏ ကြင်နာမှုကိုပင် မကျေနပ်နိုင်သေးဟု ဖေဖော်ဝါရီ ၃ ရက်နေ့တွင် Twitter စာမျက်နှာ၌ ရေးသားခဲ့ပြီး ခါမေနီက အိုဘားမားကို ကျေးဇူးမတင်နိုင်ကြောင်း၊ အိုဘားမားမှာ အီရန်အပေါ် ပိုမိုဆိုးရွားစေသည့် ပိတ်ဆို့မှုများကို ပြုလုပ်ခဲ့ပြီး အီရတ်နှင့် ဆီးရီးယားတို့တွင် မတည်မငြိမ်ဖြစ်အောင်လုပ်ကာ IS အကြမ်းဖက်အဖွဲ့ ပေါ်ပေါက်လာရေးကို ကူညီခဲ့သူဖြစ်ကြောင်း ပြန်လည်တုန့်ပြန်ခဲ့သည်။

    ခါမေနီ၏ ယခုပြောကြားမှုမှာ အီရန်၏ ထိပ်ဆုံး အာဏာပိုင်တစ်ဦးက ထရမ့်ကို ပထမဆုံး တိုက်ရိုက်တုန့်ပြန်ခြင်းလည်းဖြစ်သည်။ ယခင်က အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့၏ နျူအရေး သဘောတူညီချက်နှင့် စပ်လျဉ်း၍ ထရမ့်က ကြေငြာချက်ထုတ်ပြန်မှုကို အီရန်သမ္မတ ဟာဆန်ရူဟာနီက စောစောပိုင်းက ဝေဖန်ထားဖူးသည်။

    Ref: Aljazeera

  • ပိတ်ဆို့မှုကို ဆန့်ကျင်သည့်အနေဖြင့် အီရန်က စစ်ရေးလေ့ကျင့်

    ပိတ်ဆို့မှုကို ဆန့်ကျင်သည့်အနေဖြင့် အီရန်က စစ်ရေးလေ့ကျင့်

    ဖေဖော်ဝါရီ ၅၊ ၂၀၁၇
    M-Media

    – အမေရိကန်က ထပ်တိုးပြုလုပ်ခဲ့သည့် ပိတ်ဆို့မှုကို ဆန့်ကျင်သည့်အနေဖြင့် အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့မှာ ယမန်နေ့က စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

    နိုင်ငံမြောက်ပိုင်း ဆမ်နန်ပြည်နယ်တွင် ပြုလုပ်ခဲ့သည့် အဆိုပါ လေ့ကျင့်မှုများမှာ အိမ်ဖြူတော်၏ ‘ခြိမ်းခြောက်မှုများနှင့် ရှက်စရာ ပိတ်ဆို့မှုများကို ရင်ဆိုင်ရန်အတွက် ခြွင်းချက်မဲ့ အဆင်သင့်ဖြစ်မှု’ ကို ပြသရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။

    “အီရန်ရဲ့ လုံခြုံရေးကို ကာကွယ်ဖို့အတွက် ကျွန်တော်တို့ဟာ နေ့ရောညပါ ဆောင်ရွက်နေပါတယ်။ ရန်သူတွေဆီက အသေးဆုံး ခြေလှမ်းကို တွေ့တာနဲ့ ကျွန်တော်တို့ရဲ့ ဒုံးကျည်တွေဟာ သူတို့ရဲ့ခေါင်းပေါ်ကို မိုးရွာသလို ရွာသွားမှာပါ” ဟု တော်လှန်ရေးအစောင့်တပ်အကြီးအကဲ ဗိုလ်မှူးချုပ် အမီရ် အလီ ဟာဂျီဇာဒါက ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်တစ်ပတ်အတွင်း အီရန်က တာလတ်ပစ် ဒုံးကျည်များကို စမ်းသပ်ခဲ့ပြီးနောက် သောကြာနေ့က ဒေါ်နယ်ထရမ့်အစိုးရမှာ အီရန်အပေါ် ပိတ်ဆို့မှုအသစ်များကို ပြုလုပ်ခဲ့သည်။ အိမ်ဖြူတော်က နျူထိပ်ဖူးသယ်ဆောင်နိုင်သော ဒုံးကျည်ကို ထုတ်လုပ်ခြင်းမှာ ကုလလုံခြုံရေးကောင်းစီ၏ ဆုံးဖြတ်ချက်နှင့် ဆန့်ကျင်သည်ဟု ပြောကြားခဲ့သည်။

    အီရန်ကမူ မိမိတို့၏ ဒုံးကျည်စမ်းသပ်မှုမှာ ၂၀၁၅ ခုနှစ်က အင်အားကြီး ၆ နိုင်ငံနှင့် ရရှိခဲ့သည့် နျူသဘောတူညီချက်၊ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်တို့ကို ချိုးဖောက်ခြင်းမရှိဟု ပြောကြားခဲ့သည်။ ထို့ပြင် အမေရိကန်၏ ထိုပိတ်ဆို့မှုမှာ တရားမ၀င်ဘဲ ထိုအတွက် တုန့်ပြန်သွားမည်ဟုလည်း သန္ဓိဌာန်ပြုခဲ့သည်။

    Ref: Aljazeera

  • အီရန်ရှိ မြို့တစ်မြို့ အစ္စလာမ်ကမ္ဘာ့၏ ယဉ်ကျေးမှုမြို့တော်အဖြစ် သတ်မှတ်ခံရ

    အီရန်ရှိ မြို့တစ်မြို့ အစ္စလာမ်ကမ္ဘာ့၏ ယဉ်ကျေးမှုမြို့တော်အဖြစ် သတ်မှတ်ခံရ

    ဇန်န၀ါရီ ၂၄၊ ၂၀၁၇
    M-Media

    အီရန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ မက်ရှ်ဟဒ်မြို့

    – ၂၀၁၇ ခုနှစ် အာရှဒေသအတွက် ‘မွတ်စလင်ကမ္ဘာ၏ ယဉ်ကျေးမှုမြို့တော်’ အဖြစ် အီရန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ မက်ရှ်ဟဒ်မြို့တော်က ရွေချယ်ခြင်း ခံခဲ့ရသည်။

    အာရှဒေသ၊ အာရပ်ဒေသနှင့် အာဖရိကဒေသတို့တွင် နှစ်စဉ် ယဉ်ကျေးမှုမြို့တော်များ ရွေးချယ်သတ်မှတ်ခြင်းကို အစ္စလာမ့် ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (ISESCO) က ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။

    ယခုနှစ်အတွက် သတ်မှတ်ခံရသည့်မြို့ကို ယမန်နေ့တွင်ကြေငြာခဲ့ပြီး အာရှဒေသအတွက် မက်ရှ်ဟဒ်မြို့၊ အာရပ်ဒေသအတွက် ဂျော်ဒန်မြို့တော် အမ်နန်၊ အာဖရိကဒေသအတွက် ယူဂန်ဒါမြို့တာ် ကမ်ပါလာတို့က ‘မွတ်စလင်ကမ္ဘာ၏ ယဉ်ကျေးမှုမြို့တော်’ အဖြစ် အသီးသီး ရွေးချယ်ခြင်း ခံခဲ့ရသည်။

    “ဒါဟာ မက်ရှ်ဟဒ်မြို့၊ အီရန်နိုင်ငံရဲ့ အစ္စလာမ်ကမ္ဘာအတွက် အရေးပါတဲ့နေ့ပါပဲ။ မက်ရှ်ဟဒ်ဟာ ၀ိဇ္ဇာသိပ္ပံ ပညာရှင်တွေ၊ ဒဿနပညာရှင်တွေနဲ့ အနုပညာရှင်တွေကို စွဲဆောင်စရာ အဓိကမြို့ ဖြစ်လာနိုင်ပါတယ်” ဟု အခမ်းအနားသို့ တက်ရောက်ခဲ့သည့် အီရန် ယဉ်ကျေးမှုနှင့် အစ္စလာမ့်ရေးရာ လမ်းညွှန်မှုဆိုင်ရာ ၀န်ကြီး ဆာလေဟီ အမီရီက ပြောကြားခဲ့သည်။

    Ref: Press TV