News @ M-Media

Tag: Iran

  • အီရန်ရှိ မိုးမျှော်အဆောက်အဦးတစ်ခု မီးလောင် ပြိုကျ

    အီရန်ရှိ မိုးမျှော်အဆောက်အဦးတစ်ခု မီးလောင် ပြိုကျ

    ဇန်န၀ါရီ ၁၉၊ ၂၀၁၇
    M-Media

    – အီရန်နိုင်ငံ မြို့တော်တီဟီရန်တောင်ပိုင်းရှိ သက်တမ်းအရင့်ဆုံး မိုးမျှော်အဆောက်အဦးတစ်ခုမှာ ယနေ့မနက်ပိုင်းက မီးလောင်ပြိုကျခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင် အနည်းဆုံး ၂၀ သေဆုံးခဲ့ကာ လူအများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ၁၇ ထပ်မြင့်သည့် အဆိုပါအဆောက်အဦး၏ အပေါ်ဆုံးအထပ်များတွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်များက နာရီပေါင်းများစွာ ငြိမ်းသက်ခဲ့သော်လည်း ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် ပြိုကျခဲ့သည်။ တီဟီရန်ရှိ အရေးပေါ် အကူအညီပေးရေးအဖွဲ့ အကြီးအကဲကမူ မီးလောင်မှုကြောင့် အနည်းဆုံး လူ ၇၀ ဒဏ်ရာရရှိခဲ့ပြီး ၂၃ ဦးကို ဆေးရုံတင်ထားရသည်ဟု ပြောကြားခဲ့သည်။

    အီရန်သမ္မတ ဟာဆန်ရူဟာနီက ယခုအဖြစ်အပျက်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုကို ချက်ခြင်းဆောင်ရွက်ရန် ပြည်ထဲရေးဝန်ကြီးကို ညွှန်ကြားခဲ့သည်။

    တီဟီရန်အုပ်ချုပ်ရေးမှူးရုံးမှ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူ မိုဟ်ရှန် ဟာမီဒါနီကမူ ကနဦး စုံစမ်းစစ်ဆေးမှုများအရ မီးလောင်မှုမှာ အဆောက်အဦး၏ လျှပ်စစ်စနစ်မှတစ်ဆင့် လောင်ကျွမ်းခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    မီးလောင်မှုကြောင့် တူရကီ၊ ဂျာမနီနှင့် ယူကေသံရုံးတို့အပါအ၀င် အနီးအနားရှိ အဆောက်အဦးများမှ လူများကိုလည်း ကယ်ထုတ်ခဲ့သည်။

    အဆိုပါ မိုးမျှော်တိုက်ကို ၁၉၆၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က တီဟီရန်မြို့တွင် အမြင့်ဆုံးအဆောက်အဦး ဖြစ်ခဲ့သည်။ ထိုအဆောက်အဦးတွင် ဈေးဝယ်စင်တာများနှင့် ဒီဇိုင်းလုပ်ငန်းများ ဖွင့်လှစ်ထားသည်။

    Ref: Press TV

  • ပြည်တွင်းဖြစ် လျှပ်စစ်ယာဉ်များကို အီရန်သမ္မတ သွားရောက်လေ့လာ

    ပြည်တွင်းဖြစ် လျှပ်စစ်ယာဉ်များကို အီရန်သမ္မတ သွားရောက်လေ့လာ

    ဇန်န၀ါရီ ၂၉၊ ၂၀၁၇
    M-Media

    – ဒီဇင်ဘာ ၁၈ ရက်နေ့ (မနေ့က) ကျရောက်ခဲ့သည့် ‘အမျိုးသား လေထုသန့်ရှင်းမှုနေ့’ တွင် အီရန်သမ္မတ ရူဟာနီမှာ ပြည်တွင်းထုတ် လျှပ်စစ်ကားများနှင့် မော်တော်ဆိုင်ကယ်များကို သွားရောက်ကြည့်ရှု အားပေးခဲ့သည်ဟု သိရသည်။

    ကက်ဘိနတ်အဖွဲ့ဝင် ၀န်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှုခဲ့ခြင်းဖြစ်ပြီး ပြပွဲတွင် Azad အစ္စလာမ့်တက္ကသိုလ်မှထုတ်လုပ်သည့် Yooz နှင့် အခြား သုတေသနစင်တာ ၂ ခုမှ ထုတ်လုပ်သည့် မော်တော်ဆိုင်ကယ်များ ပါဝင်သည်။

    အဆိုပါ Yooz ကားမှာ တစ်နာရီလျှင် ကီလိုမီတာ ၈၀ အထိ မောင်းနှင်နိုင်ပြီး ဘတ္ထရီအားပြည့်ရန် ၂ နာရီခွဲသာ ကြာမြင့်သည်။ သမ္မတရူဟာနီကမူ အဆိုပါ ထုတ်ကုန်များကို ချီးကျူးခဲ့ပြီး အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

    အီရန်မှာ နိုင်ငံ၏ မြို့ကြီးများတွင် လေထုညစ်ညမ်းမှု ပြဿနာကို မီးမောင်းထိုးပြရန် ရည်ရွယ်၍ ဇန်န၀ါရီ ၁၈ ရက်နေ့ကို ‘အမျိုးသား လေထုသန့်ရှင်းရေးနေ့’ အဖြစ် သတ်မှတ်ခဲ့သည်။

    ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း မြို့တော် တီဟီရန်အပါအ၀င် နိုင်ငံရှိ မြို့ကြီးများတွင် လေထုညစ်ညမ်းမှုများ မြင့်တက်လာမှုကို ခံစားခဲ့ရပြီး ကားများမှ ထုတ်လွှတ်သည့် အမှုန်အမွှားများက ထိုပြဿနာ၏ အဓိကအကြောင်းအရင်းဖြစ်နေသည်။

    Ref : Press TV

  • အီရန်နိုင်ငံမှ ကမ္ဘာကျော် စစ်တုရင်အားကစားမယ်နှင့် တွေ့ဆုံခြင်း (အင်တာဗျူး)

    အီရန်နိုင်ငံမှ ကမ္ဘာကျော် စစ်တုရင်အားကစားမယ်နှင့် တွေ့ဆုံခြင်း (အင်တာဗျူး)

    ဇန်န၀ါရီ ၁၇၊ ၂၀၁၇
    M-Media

    International Master နဲ့ Woman Grandmaster ဆုရှင် ဆာရာဒတ် ခါဒီမာလ်ရှာရီယာ

    – ဆာရာဒတ် ခါဒီမာလ်ရှာရီယာလို့ ခေါ်ဆိုပြီး ဆာရာ ခါဒင်မ်လို့သိကြတဲ့ အီရန်က အသက် ၁၉ နှစ်အရွယ် စစ်တုရင်မယ်လေးဟာ စစ်တုရင်အားကစားလောကမှာ အမြင့်ဆုံး ဆုတံဆိပ်တွေဖြစ်တဲ့ International Master နဲ့ Woman Grandmaster ဘွဲ့တွေကို ပိုင်ဆိုင်ထားသူပါ။

    စစ်တုရင်ချန်ပီယံအများစုလိုပဲ ခါဒင်မ်ဟာ အသက် ၈ နှစ်အရွယ်ကနေစပြီး ကစားခဲ့တာ ဖြစ်ပါတယ်။ နောက်ထက် ၄ နှစ်အကြာမှာတော့ အသက် ၁၂ နှစ်အောက် ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

    အီရန်ရဲ့ ရိုးရာယဉ်ကျေးမှုအရ အမျိုးသမီးတွေဟာ အားကစားပွဲ တော်တော်များများကို သွားရောက်ခွင့်မရကြပါဘူး။ အပြင်ထွက်ရင် ပုဝါဆောင်းရသလို၊ အားကစားပြိုင်ပွဲတွေမှာလည်း ပုဝါဆောင်းပြီး ယှဉ်ပြိုင်ရပါတယ်။

    အခုအချိန်မှာ ကာဒင်မ်ရဲ့ အောင်မြင်မှုဟာ အားကစားလောကကို ၀င်ရောက်ဖို့တာဆူနေတဲ့ အီရန်လူငယ်တွေ၊ အထူးသဖြင့် အမျိုးသမီငယ်လေးတွေအတွက် တွန်းအားဖြစ်စေခဲ့ပါတယ်။

    အလ်ဂျာဇီးရား သတင်းဌာနဲ့ ဆာရာ ခါဒင်မ်တို့ရဲ့ တွေ့ဆုံမေးမြန်းမှုကို M-Media ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

    မေး – အသက် ၈ နှစ်အရွယ် စစ်တုရင်နဲ့စပြီး ထိတွေ့တယ်။ နောက် ၄ နှစ်ကြာတဲ့အခါမှာ ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့တယ်။ အဲဒီအကြောင်းလေး ပြောပြပါအုံး။

    ဖြေ – ကျွန်မ ၂ တန်းတုန်းက သူငယ်ချင်းတစ်ယောက်က စစ်တုရင်ကစားမယ်လို့ပြောတယ်။ အရင်က စစ်တုရင်ခုံကိုတောင် မမြင်ဖူးပါဘူး။ မိသားစုထဲမှာလည်း ကစားတဲ့လူ တစ်ယောက်မှ မရှိဘူး။ ဟိုဒီ လျှောက်ရွှေ့ပြီး နောက်ပိုင်း ကျွန်မ ကြိုက်လာတယ်။ ဒါ့ကြောင့် အပတ်တကုတ် ကြိုးစားအားထုတ်ပါတယ်။ ကလေးဘ၀ကတည်းက တစ်နေ့ကို ၆ နာရီ ၇ နာရီလောက် လေ့ကျင့်တယ်။ အဲဒီလို လေ့ကျင့်မှုရဲ့အကျိုးကို နောက်ထပ် ၄ နှစ်အကြာမှာ ခံစားရတယ်လို့ ထင်ပါတယ်။

    မေး – အဲဒီတုန်းက စစ်တုရင်ဆိုတာ အီရန်မှာ လူကြိုက်မများသေးဘူး။ မိသားစုက ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ကို အားပေးရဲ့လား။ ပညာရေးမှာရော ထိခိုက်မှုရှိခဲ့လား။

    ဖြေ – စစ်တုရင်ကစားတာက စိတ်ကိုတည်ငြိမ်စေတယ်၊ ပညာရေးအတွက်လည်း အထောက်အကူဖြစ်စေတယ်လို့ သိထားတာကြောင့် မိသားစုက သဘောကျပါတယ်။ ဒါပေမယ့် ဒါက ကျွန်မအတွက် ဘာမှမထူးပါဘူး။ (ရယ်လျက်) စစ်တုရင်စကစားကတည်းက ကျောင်းကို မမှန်တော့ဘူး။

    စာမေးပွဲဖြေတဲ့အချိန်လောက်မှ ကျောင်းသွားတယ်။ စာကိုလည်း မဖြေခင် ၂ ရက်လောက်မှ ကျက်ဖြစ်ပါတယ်။

    မေး – ဒါဆိုရင် အထက်တန်းဘယ်လိုအောင်ခဲ့သလဲ။

    ဖြေ – ဖေဖေက ရူပနဲ့ သင်္ချာကို ကူလုပ်ပေးတယ်။ သူက သင်္ချာတော်တယ်လေ။ အခြား ဘာသာရပ်တွေကိုတော့ ကျွန်မကိုယ်တိုင် လုပ်ရတာပေါ့။ အဆင့်မကောင်းပေမယ့်။ စာမေးပွဲတိုင်းတော့ အောင်ခဲ့ပါတယ်။

    မေး – စစ်တုရင်ကိုပဲ ဦးစားပေးတော့မယ်လို့ ဘယ်အချိန်မှာ ဆုံးဖြတ်ခဲ့တာလဲ။

    ဖြေ – အသက် ၁၂ နှစ်အရွယ် ကမ္ဘာ့ချန်ပီယံ ဖြစ်ပြီးတဲ့ အချိန်မှာပါ။ ကျွန်မဟာ ဒီချန်ပီယံဘွဲ့ကိုရရှိတဲ့ တတိယမြောက် အီရန်နိုင်ငံသားပါ။ အဲဒီနောက်ပိုင်းမှာ စစ်တုရင်က ကျွန်မအတွက် ဖရော်ဖက်ရှင်နယ်ဖြစ်လာပါတယ်။ စာဆက်မသင်ချင်တော့ဘူး။ တက္ကသိုလ်မှာ ဂရပ်ဖစ်ဒီဇိုင်းဘာသာရပ် သင်ယူဖို့ အစီအစဉ်ရှိတယ်။ လျှောက်တော့လျှောက်ထားတာပဲ ရမလားတော့ မပြောတတ်ဘူး။

    မေး – စစ်တုရင်အားကစားမှာ ပရော်ဖက်ရှင်နယ်အဆင့်ကို သွားတော့မယ်လို့ ဆုံးဖြတ်လိုက်တော့ ခင်ဗျားအသိုင်းအ၀ိုင်းကလူတွေရဲ့ တုန့်ပြန်မှုက အပြုသဘောဆောင်ရဲ့လား။

    ဖြေ – အင်း …. အစုံပေါ့ရှင်။ တစ်ချို့သူငယ်ချင်းတွေက အားပေးတယ်။ တစ်ချို့ကျတော့ အားမပေးကြဘူး။ တစ်ချို့က ဒါဟာ အားကစားကောင်းတစ်ခုဖြစ်တယ်။ ဉာဏ်ထက်တဲ့သူတွေနဲ့ သင်တော်တဲ့ အားကစားနည်းဖြစ်တယ်လို့ ပြောကြတယ်။ ကျွန်မကတော့ ဒီလိုမထင်ပါဘူး။ တစ်ချို့တွေက စစ်တုရင်ကစားနည်းကို ဒီလိုထင်တာ ရှိသလို၊ တစ်ချို့ကြတော့ ပြင်းစရာကာင်းတဲ့ ကစားနည်းလို့ ထင်ကြတယ်။

    ဟိုဖက်ဒီဖက် ဒီလိုပဲ ပြောကြတာပေါ့။

    မေး – ဒီကစားနည်းက ဘ၀အတွက်ရော အထောက်အကူဖြစ်ရဲ့လား။

    ဖြေ – စစ်တုရင်ကစားနည်းက အာရုံစူးစိုက်မှုနဲ့ တွေးခေါ်မြော်မြင်မှုကို ကောင်းစေတယ်။ အထူးသဖြင့် အသက် ၈ နှစ်ဆိုတဲ့ ကလေးငယ်တစ်ယောက်ရဲ့ တွေးခေါ်ပုံကိုပေါ့။ အဲဒီအရွယ်မှာ တစ်နေ့ကို ၅ နာရီလောက် တွေးရတဲ့ စစ်တုရင်ကစားနည်းဟာ ဘ၀နဲ့ တွေးခေါ်မြော်မြင်မှုတို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။

    မေး – စစ်တုရင်အားကစားမယ်တစ်ယောက်အဖြစ် အီရန်မှာ အခက်အခဲတွေဘာတွေများ ရှိလား။

    ဖြေ – ကျွန်မ ဒီလို မကြာခဏ အမေးခံရတယ်ရှင့်။ အမျိုးသားစစ်တုရင်ကစားသမားတစ်ယောက်နဲ့ ဘာမှမကွာပါဘူး။ နည်းပြတွေလည်းတူတယ်၊ ပြိုင်ပွဲတွေလည်း တူတယ်။ ဘာခြားနားချက်မှ မရှိပါဘူး။

    စစ်တုရင်ကစားနည်းဟာ အီရန်မှာ ဖွံ့ဖြိုးလာတယ်။ စစ်တုရင်မကစားတဲ့ သူတွေဆီကတောင်မှ ချီးကျူးတာမျိုးတွေ ကျွန်မကြားရတယ်။ သူတို့တွေက စစ်တုရင်မကစားပေမယ့် ကျွန်မပွဲတွေကို အားပေးတယ်။ ကျွန်မရဲ့ တိုးတက်မှုကိုလည်း ချီးကျူးကြပါတယ်။

    အမျိုးသားလက်ရွေးစင်အသင်းမှာဆို ကစားသမားလေးတွေက အသက် ၁၂ နှစ်၊ ၁၃ နှစ်၊ ၁၅ နှစ်နဲ့ ၁၆ နှစ်လောက်ပဲ ရှိပါသေးတယ်။ အနာဂတ်က သိပ်ပြီးတောက်ပနေပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း အီရန်မှာ စစ်တုရင်ဟာ ဘောလုံးပြီးတဲ့နောက် ဒုတိယလူကြိုက်အများဆုံး အားကစားဖြစ်တယ်လို့ သတင်းတွေက ဖော်ပြတာကို ကျွန်မတွေ့ရတယ်။ ဒါ ထူးခြားပါတယ်။

    နောက်တစ်ခု ပိုကောင်းလာတာက အမျိုးသမီးငယ် တော်တော်များများ စိတ်ဝင်စားလာကြပြီး ယောက်ျားလေးတွေထက်တောင် ပိုကောင်းကြတာပါ။

    မေး – နိုင်ငံတကာအဆင့်မှာတော့ ဒါမျိုး (အမျိုးသမီးတွေတက်လာတာမျိုး) မရှိဘူးဖြစ်နေတယ်။ ဘာ့ကြောင့်လဲ။ အမျိုးသမီးတွေ grandmaster ရတာ ဘာ့ကြောင့် နည်းနေတာလဲ။

    ဖြေ – မပြောတတ်ဘူးရှင့်။ အီရန်မှာ စစ်တုရင်အားကစားမယ်တွေဟာ အမျိုးသားတွေထက် ပိုနည်းတယ်။ ဒါပေမယ့် ဒါက ဒီကွာဟချက်အတွက် အကြောင်းပြချက်လို့ မထင်ပါဘူး။

    မိန်းကလေးငယ်တွေက အခြားသော အားကစားနည်းတွေကို ပိုစိတ်ဝင်စားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကမ္ဘာ့အဆင့်မှာ အမျိုးသမီးတွေအတွက် စစ်တုရင်ပြိုင်ပွဲတွေ များများစားစားလိုအပ်တယ်။ ဒါမှသာ ကျွန်မတို့ ပိုပြီး ၀င်ပြိုင်နိုင်မှာပါ။

    Ref: Aljazeera

  • ဒူဘိုင်းဈေးရောင်းပွဲတော်မှာ ဒေါ်လာ ၁.၇ သန်းတန် ရွှေကောဇော လူကြိုက်များနေ

    ဒူဘိုင်းဈေးရောင်းပွဲတော်မှာ ဒေါ်လာ ၁.၇ သန်းတန် ရွှေကောဇော လူကြိုက်များနေ

    ဇန်န၀ါရီ ၁၂၊ ၂၀၁၇
    M-Media

    – ဒူဘိုင်းမှာ နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ ဒူဘိုင်းဈေးရောင်းပွဲတော် (DSF) မှာ ဒီရ်ဟမ် ၅ သန်း (ဒေါ်လာ ၁.၇ သန်း) လောက်တန်တဲ့ ပါရှန်းရွှေကောဇောတစ်ခုကို ခင်းကျင်းပြသထားပြီး ပရိတ်သတ်စိတ်ဝင်စားမှု အထူးများပြားနေပါတယ်။

    DSF ရဲ့ Carpet and Art Oasis အခန်းမှာ ပြသထားတာဖြစ်ပြီး ဒီကောဇောကို ပိုးအစစ်၊ ရွှေသားအစစ် ၄.၂ ကီလိုဂရမ် ပေါင်းစပ်ကာ လက်နဲ့ ရက်လုပ်ထားတာပါ။

    “ဒီကောဇောကို လူ ၆ ယောက်က ၇ နှစ်ခွဲကြာအောင် လုပ်ခဲ့ရတာပါ။ တစ်ယောက်တည်း လုပ်မယ်ဆိုရင်တော့ တစ်သက်လောက် ကြာသွားနိုင်ပါတယ်” လို့ Haritage Carpet အဖွဲ့ရဲ့ ဒုတိယဥက္ကဌဖြစ်သူ ဒေါက်တာ အက်ဖ်ရှင် ဂန်ဘာရီနီယာက ပြောကြားခဲ့ပါတယ်။

    သုံးဖက်လှဖြစ်ပြီး အနံ ၆ မီတာ၊ အလျား ၁၀ မီတာရှိတဲ့ ဒီကောဇာဟာ ပြပွဲမှာ ခင်းကျင်းပြသထားတဲ့ ရှားပါး ကောဇောပေါင်း ၂ သိန်းထဲက တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ ဒီကောဇောတွေဟာ ပိုး၊ သိုးမွှေးသီးသန့်နဲ့ ရက်လုပ်ထားတာတွေဖြစ်ပြီး စုစုပေါင်း ဒီရ်ဟမ် ၂ ဘီလီယံ (ကန်ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး) လောက် တန်ဖိုးရှိပါတယ်။

    ဒီ DSF အခမ်းအနားကို ဒူဘိုင်းအကောက်အခွန်ဌာနက ကျင်းပတာဖြစ်ပါတယ်။ အကောက်ခွန်ညွှန်ကြားရေးမှူး အဟ်မဒ် မဟ်ဘွဘ် မူဆာဘီက ကောဇောတွေကို ခင်းကျင်းပြသမှုဟာ DSF ကို ပြည်စုံခဲ့ပြီး လာရောက်လည်ပတ်သူတွေကို စွဲဆောင်နိုင်သလို ဒူဘိုင်းကိုလည်း ကုန်သွယ်ရေးနဲ့ ခရီးသွားလာရေး အချက်အခြာအဖြစ် မြှင့်တင်ပေးတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီဇင်ဘာ ၂၆ ရက်နေ့ကနေ ဇန်န၀ါရီ ၂၈ ရက်နေ့အထိ ရောင်းချမယ့် ဒီ ဒူဘိုင်းဈေးပွဲတော်မှာ လက်ရှိအချိန်အထိ ကောဇောပေါင်း ၃၀၀၊ ဒီရ်ဟမ် ၅ သန်းဖိုး ရောင်းချရပြီး ဖြစ်တယ်လို့လည်း မူဆာဘီက ဆိုပါတယ်။

    “ဒီကောဇောကြီးဟာ ပါရှားပြည်ရဲ့ ဒီဇိုင်းဆန်းသစ်မှုနဲ့ အနုပညာတွေကို ဖော်ကျူးနေပါတယ်။ ဒီကောဇောမှာ အရောင်ပေါင်း ၈၀၀ ကျော်ကို အသုံးပြုထားပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ က အနုပညာကို ဖော်ကျူးထားတာပါ” လို့ ဒေါက်တာ ဂန်ဘာရီနီယာက ပြောကြားခဲ့ပါတယ်။

    ကောဇောရဲ့အောက်ခြေပိုင်းကို ရွှေနဲ့ယက်လုပ်ထားတာဖြစ်ပြီး အပေါ်ပိုင်းကိုတော့ ပိုးနဲ့ ရက်လုပ်ထားတာပါ။

    ဒေါက်တာကတော့ အီရန်မှာ အများစုရက်လုပ်တဲ့ ဒီကောဇောတွေဟာ စိန်တွေလို တန်ဖိုးရှိပြီး နိုင်ငံပေါင်းစုံက ၀ယ်လိုအားရှိတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဒူဘိုင်းဈေးရောင်းပွဲတော်ကို ကျင်းပလာတာဟာ အခုဆိုရင် ၂၂ နှစ် ရှိပြီဖြစ်ပြီး Carpet Oasis ကျင်းပရေးကော်မတီက ဥက္ကဌ အဘ်ဒူလ် ရဟ်မန် အီစာက အခုနှစ်ပွဲတော်မှာ ကောဇောထုတ်လုပ်ရာမှာ နာမည်ကျော်တဲ့ ကမ္ဘာ့နိုင်ငံတွေက ရှားပါး ကောဇောများစွာကို စုဆောင်းပြသထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    “လက်နဲ့ရက်လုပ်တဲ့ ကောဇောတွေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာ ပိုးသီးသန့်နဲ့ လုပ်ထားတာပါ။ တစ်ချို့ ကောဇောတွေဆိုရင် ၁၅ နှစ်လောက် ရက်လုပ်ခဲ့ရတာပါ။ လူတိုင်းအတွက် သင့်တော်ဖို့လည်း ကျွန်တော်တို့ စီစဉ်ထားပါတယ်။ ကောဇောရဲ့တန်ဖိုးက ဒီရ်ဟမ် ၂၀၀၀ ကနေ ၅ သန်းအထိ ရှိပါတယ်” လို့ အီဆာက ဆိုပါတယ်။

    အဲဒီ ကောဇောပြခန်းမှာ ရောင်းဖို့မဟုတ်ဘဲ ကြည့်ရှုဖို့ သီးသန့်ပြထားတဲ့ ကောဇောတွေလည်းရှိနေပြီး အဲဒီအထဲမှာ နှစ်ပေါင်း ၄၀၀ နဲ့ ၁၅၀ အသီးသီး သက်တမ်းရှိကြတဲ့ ကောဇောနှစ်ခုလည်းပါဝင်ကာ အီရန်နိုင်ငံက ထုတ်လုပ်တာဖြစ်ပါတယ်။

    “ကောဇောတစ်ခုက အီရန်ရဲ့ ကက်စ်ဟန်ရွာက ရက်လုပ်တာဖြစ်ပြီး လူများများလျှောက်လေလေ အရောင်ပိုတောက်လေလေပါပဲ”

    Ref : Gulfnews

  • အီရန်ခေါင်းဆောင်ဟောင်းဈာပန ပြည်သူ သိန်းချီ တက်ရောက်

    အီရန်ခေါင်းဆောင်ဟောင်းဈာပန ပြည်သူ သိန်းချီ တက်ရောက်

    ဇန်န၀ါရီ ၁၀၊ ၂၀၁၇
    M-Media

    iran
    ခေါင်းဆောင်ဟောင်း၏ ဈာပနတွင် ပါဝင်ခဲ့ကြသည့် အီရန်ပြည်သူများ

    – အီရန် အစ္စလာမ့်မစ်တော်လှန်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး သမ္မတဟောင်းလည်းဖြစ်သူ အက်ဘာရ် ဟာရှီမီ ရက်ဖ်ဆန်ဂျာနီ၏ ဈာပနအခမ်အနားကို ယနေ့တွင် ကျင်းပခဲ့ပြီး ပြည်သူ သိန်းပေါင်းများစွာ ပါဝင်ခဲ့သည်ဟု သိရသည်။

    ဈာပနအခမ်အနားကို အီရန်အဓိပတိ အယာတိုလာ အလီခါမေနီက ဦးဆောင်ခဲ့ပြီး သမ္မတ ဟာဆန်ရူဟာနီ၊ လွှတ်တော်ဥက္ကဌ အလီ လာရီဂျာနီနှင့် အီရန်ထိပ်တန်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

    တနင်္ဂနွေနေ့က နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည့် ရက်ဖ်ဆန် ဂျာနီကို ၁၉၇၉ ခုနှစ် အစ္စလာမ့်မစ် တော်လှန်ရေးခေါင်းဆောင် အယာတိုလာ ရူဟွလ္လာဟ် ခိုမေနီ၏ ရုပ်အလောင်း မြှုပ်နှံထားရာ မြို့တော် တီဟီရန်တောင်ဘက် ဗိမာန်ပရ၀ုဏ်အတွင်း မြှုပ်နှံမည်ဖြစ်သည်။

    ဈာပနသို့ အီရန်၏ နိုင်ငံရေးအအဖွဲ့အစည်းအားလုံးမှ တက်ရောက်ခဲ့ကြသည်။ အီရန်အာဏာပိုင်များကမူ ဈာပနအခမ်းအနားပြုလုပ်ရာ ယနေ့ကို ရုံးပိတ်ရက်အဖြစ် ကြေငြာခဲ့သည်။ ဘတ်စ်ကားများ၊ ရထားများကလည်း ဈာပနကျင်းပရာ နေရာသို့ အခမဲ့ ပို့ဆောင်ပေးခဲ့ကြသည်။

    အက်ဘာရ် ဟာရှီမီ ရက်ဖ်ဆန်ဂျာနီ ကွယ်လွန်မှုအတွက် ပြည်တွင်းပြည်ပမှ နိုင်ငံခေါင်းဆောင်များက ၀မ်းနည်းကြောင်း သ၀ဏ်လွှာများ ပေးပို့ခဲ့ကြသည်။

    Ref: Aljazeera