News @ M-Media

Tag: Iran

  • ရန်ဘက်အီရန်နှင့် ဆော်ဒီက ၅ ကြိမ်မြောက် ဆွေးနွေးမည်

    ရန်ဘက်အီရန်နှင့် ဆော်ဒီက ၅ ကြိမ်မြောက် ဆွေးနွေးမည်

    ဖေဖော်ဝါရီ ၂၀၊ ၂၀၂၂
    M-Media

    -အီရန်နဲ့ အရင် ၄ ကြိမ်ဆွေးနွေးမှုမှာ ခိုင်မာတဲ့ တိုးတက်မှုမျိုး မရခဲ့ပေမယ့် ၅ ကြိမ်မြောက် တိုက်ရိုက်ဆွေးနွေးမှု လုပ်ဆောင်မယ်လို့ ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုက်ဆဲလ် ဘင် ဖာရ်ဟန် အလ် ဆာအွဒ်က ပြောကြားလိုက်ပါတယ်။

    ဆော်ဒီအစိုးရက ရှီအာဘာသာရေးခေါင်းဆောင်တစ်ဦးကို ကွပ်မျက်မှုနောက်ဆက်တွဲ ၂၀၁၆ ခုနှစ် အီရန်က ဆော်ဒီသံရုံးကို ဆန္ဒပြသူတွေ ဝင်ရောက်စီးနင်းခဲ့​ပြီးတဲ့နောက် နှစ်နိုင်ငံ သံတမန်အဆက်အသွယ် ပြတ်တောက်သွားခဲ့တာပါ။

    ဒါပေမယ့် အီရတ်ရဲ့ ကြားဝင်မှုနဲ့အတူ ၂၀၂၁ ခုနှစ်ကစလို့ နှစ်ဖက် တိုက်ရိုက်ဆွေးနွေးပွဲတွေ လုပ်ဆောင်လာပါတယ်။

    မနေ့က မြူးနစ်လုံခြုံရေးဆိုင်ရာ ညီလာခံမှာ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးက အီရန်နဲ့ အနောက်နိုင်ငံတို့ရဲ့ နျူသဘောတူညီချက်ဟာ အရှေ့အလယ်ပိုင်းအတွက် ပြဿနာတွေ ပြေလည်သွားမယ်လို့​ အဆုံးသတ်မဟုတ်ဘဲ၊ ပြေလည်အောင် ဘယ်လိုဆောင်ရွက်မလဲဆိုတာ စတင်စဉ်းစားရမယ့် အခြေအနေ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၈ ခုနှစ်က အမေရိကန်နှုတ်ထွက်သွားပြီးတဲ့နောက် ပျက်ပြယ်လုနီးနီးဖြစ်နေတဲ့ ၂၀၁၅ နျူသဘောတူညီချက် ပြန်ရအောင် အီရန်နဲ့ အနောက်နိုင်ငံတွေက ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

    မင်းသား ဖိုက်ဆဲလ်က ရှိနေတဲ့ပြဿနာတွေ ဖြေရှင်းရေး အမှန်တကယ်ဆန္ဒရှိကြောင်း အီရန်က ပြသဖို့ လိုအပ်သလို၊ အဲဒီလိုဆန္ဒမျိုး ရှိမယ်လို့ မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ပြည်တွင်းဖြစ် တာဝေးပစ်ဒုံးကျည်သစ်ကို အီရန် ထုတ်ပြ

    ပြည်တွင်းဖြစ် တာဝေးပစ်ဒုံးကျည်သစ်ကို အီရန် ထုတ်ပြ

    ဖေဖော်ဝါရီ ၁၁၊ ၂၀၂၂
    M-Media

    -အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ဟာ ပြည်တွင်းဖြစ် တာဝေးဒုံးကျည်သစ်တစ်စင်းကို မနေ့က ထုတ်ပြလိုက်ပါတယ်။

    အမေရိကန်ကျောထောက်နောက်ခံပြု အာဏာရှင် ရှားဘုရင်ကို ဖြုတ်ချခဲ့တဲ့ အစ္စလာမ့်မစ်တော်လှန်ရေး ၄၃ နှစ်ပြည့်တဲ့အချိန်မှာ Khaybar Shekan လို့အမည်ပေးထားတဲ့ ဒီဒုံးကျည်သစ်ကို ထုတ်ပြလိုက်တာ ဖြစ်ပါတယ်။

    ဒုံးကျည်ဟာ ကီလိုမီတာ ၁၄၅၀ လောက်အထိ ရောက်ရှိနိုင်ပြီး ဒုံးကျည်ပစ်လွှတ်ဖို့ ပြင်ဆင်ချိန်ဟာ ပုံမှန်ထက် ၆ ဆ ပိုမြန်မှာဖြစ်ကြောင်း၊ ဒုံးကျည်ရဲ့ ပေါက်ကွဲအားကလည်း TNT ထက် အဆများစွာ ပိုမိုပြင်းထန်ကြောင်း IRGC ရဲ့ လေတပ်အကြီးအကဲ ဗိုလ်မှူးချုပ် အလီဟာဂျီဇာဒါက ပြောပါတယ်။

    “ဒီစွမ်းဆောင်ရည်နဲ့ဆိုရင် IRGC လေတပ်ရဲ့ ဒုံးကျည်တပ်ဖွဲ့စွမ်းအားကို သိသိသာသာ မြင့်တက်လာစေမှာ ဖြစ်ပါတယ်”

    Khaybar Shekan ဒုံးကျည်မှာ ဒုံးခွင်းစနစ်တွေကို ဖောက်ထွက်နိုင်တဲ့ စွမ်းဆောင်ရည်မျိုး ပါဝင်ပြီး၊ သူနဲ့ အဆင့်တူဒုံးကျည်တွေထက် ၃ ဆ ပိုပေါ့ကာ ပြင်ဆင်ပစ်လွှတ်ချိန်ကလည်း ပိုမြန်ပါတယ်။

    Ref: Caspian News

  • နျူနည်းပညာပိတ်ဆို့မှု ကင်းလွတ်ခွင့် အီရန်ကို အမေရိကန်က ပြန်ပေး

    နျူနည်းပညာပိတ်ဆို့မှု ကင်းလွတ်ခွင့် အီရန်ကို အမေရိကန်က ပြန်ပေး

    ဖေဖော်ဝါရီ ၅၊ ၂၀၂၂
    M-Media

    -ထရမ့်လက်ထက်က ရပ်ဆိုင်းခဲ့တဲ့ အရပ်ဖက်နျူနည်းပညာနဲ့ဆိုင်တဲ့ ပိတ်ဆို့မှုကင်းလွတ်ခွင့်ကို ဘိုင်ဒန်အစိုးရက အီရန်ကို သောကြာနေ့မှာ ပြန်ပေးလိုက်ပါတယ်။

    ဒါဟာ ၂၀၁၅ ခုနှစ်က ရရှိခဲ့တဲ့ နျူသဘောတူညီချက် ပြန်လည်အသက်သွင်းရေး လတ်တလောဆွေးနွေးမှုက တိုးတက်မှုတစ်ခုလည်း ဖြစ်ပါတယ်။ အခုကင်းလွတ်ခွင့်ကြောင့် တရုတ်၊ ရုရှားနဲ့ ဥရောပကုမ္ပဏီတွေဟာ အီရန်ရဲ့ အရပ်ဖက် နျူလုပ်ငန်းမှာ ပါဝင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

    ၂၀၁၈ ခုနှစ်မှာ အမေရိကန်က နျူသဘောတူညီချက်ကနေ ထွက်ပြီးတဲ့နောက် စာချုပ် ပျက်ဆီးမလိုဖြစ်နေရာကနေ လက်ရှိသမ္မတ ဘိုင်ဒန်လက်ထက်မှာ အီရန်နဲ့ ပြန်လည်ဆွေးနွေးနေတာပါ။ဆွေးနွေးပွဲဟာ လာမယ့်တစ်ပတ်အတွင်း ပြီးစီးဖို့ ရှိနေပါတယ်။

    ပိတ်ဆို့မှုကို အခုလို ပြန်ဖွင့်ပေးလိုက်တဲ့ အမေရိကန်ရဲ့လုပ်ရပ်က ကောင်းမွန်ပေမယ့် မလုံလောက်သေးဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိန်အမီရန် အဘ်ဒူလာဟင်က ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။

    အီရန် လုံခြုံရေးဆိုင်ရာအကြီးအကဲ အလီ ရှမ်ခါနီက အီရန်မှာ နျူနည်းပညာကို ငြိမ်းချမ်းစွာအသုံးပြုခွင့် ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    အီရန်ရဲ့ နျူအစီအစဉ်ဟာ လက်နက်ထုတ်လုပ်ဖို့လို့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စွပ်စွဲထားပြီး အီရန်ကတော့ ဒါကို ငြင်းပါတယ်။ ၂၀၁၅ ခုနှစ် သဘောတူညီချက်အရ အီရန်ဟာ သူတို့ရဲ့ နျူစီမံကိန်းကို လျှော့ချရမှာဖြစ်ပြီး အပြန်အလှန်အားဖြင့် အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှုကို ဖြေလျှော့ပေးမှာ ဖြစ်ပါတယ်။

    Ref: Reuters

  • ပြည်တွင်းဖြစ် ဒုံးကျည် ၃ မျိုးကို အီရန် ထုတ်ပြ

    ပြည်တွင်းဖြစ် ဒုံးကျည် ၃ မျိုးကို အီရန် ထုတ်ပြ

    ဇန်နဝါရီ ၈၊ ၂၀၂၂
    M-Media

    -အမေရိကန်အပါအဝင် အင်အားကြီးနိုင်ငံတွေနဲ့ နျူသဘောတူညီချက်ရဖို့ ကြိုးပမ်းနေတဲ့ အီရန်ဟာ မနေ့က ပြည်တွင်းဖြစ် ဒုံးကျည် ၃ မျိုးကို ထုတ်ပြလိုက်ပါတယ်။

    Dezful၊ Qiam နဲ့ Zolfaghar လို့ အမည်ပေးထားတဲ့ ဒုံးကျည်တွေဖြစ်ပြီး မိုင်ပေါင်း ၆၂၀ လောက်အထိ ပစ်ခတ်နိုင်ပါတယ်။ အီရန် နိုင်ငံပိုင်မီဒီယာက ဒီဒုံးကျည်တွေဟာ ၂၀၂၀ ခုနှစ်က အီရတ်မှာရှိတဲ့ အမေရိကန် စစ်စခန်းကို ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်တွေဖြစ်တယ်လို့ ဖော်ပြပါတယ်။

    တော်လှန်ရေးအစောင့်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် ကာစင်ဆိုလိုင်မာနီကို အမေရိကန်က လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ အီရန်က လက်တုန့်ပြန် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    ၂၀၁၈ ခုနှစ်မှာ အမေရိကန်ကထွက်သွားပြီးနောက် ပျက်လုနီးနီးဖြစ်သွားတဲ့ ၂၀၁၅ နျူသဘောတူညီချက် ပြန်ရရေးအတွက် အီရန်နဲ့ အင်အားကြီးနိုင်ငံတွေဟာ လက်ရှိမှာ ကြိုးစားနေပြီး အီရန်ကတော့ စီးပွားရေး ပိတ်ဆို့မှုတွေအားလုံး ပြန်ဖွင့်ပေးရမယ်လို့ တောင်းဆိုထားပါတယ်။

    Ref: ABC News

  • သုတေသန ဂြိုဟ်တုများကို အီရန်က အာကာသထဲ လွှတ်တင်

    သုတေသန ဂြိုဟ်တုများကို အီရန်က အာကာသထဲ လွှတ်တင်

    ဒီဇင်ဘာ ၃၁၊ ၂၀၂၁
    M-Media

    -သုတေသနဂြိုဟ်တု ၃ ခု တင်ဆောင်ထားတဲ့ ဒုံးပျံကို အာကာသထဲ လွှတ်တင်လိုက်တယ်လို့ အီရန်က ကြာသာပတေးနေ့မှာ ထုတ်ပြန်ခဲ့ပြီး၊ ဘာကိရိယာတွေလဲဆိုတာတော့ အသေးစိတ် ဖော်ပြခဲ့ခြင်း မရှိပါဘူး။

    အီရန်ဟာ လက်ရှိမှာ အမေရိကန်ဦးဆောင်တဲ့ အင်အားကြီး ၆ နိုင်ငံနဲ့ နျူအရေး သဘောတူညီချက် ပြန်ရဖို့ ဆွေးနွေးနေတာဖြစ်ပြီး အခက်အခဲတွေလည်း ရှိနေတာပါ။

    အီရန် ကာကွယ်ရေးဝန်ကြီးဌာန ပြော​ရေးဆိုခွင့်ရှိသူ အဟ်မဒ်ဟိုစိန်နီက Simorgh ဒုံးပျံဟာ သုတေသနဂြိုဟ်တုတွေကို ကမ္ဘာမြေပြင်အထက် မိုင်ပေါင်း ၂၉၀ ကို သယ်ဆောင်သွားတယ်လို့ ပြောပါတယ်။ ဒုံးပျံနဲ့ ထိန်းချုပ်စခန်းတို့ဟာ အမှားအယွင်းမရှိ လုပ်ဆောင်နိုင်ခဲ့ပြီး နောက်ထပ် ဆက်လွှတ်ဖို့ရှိတယ်လို့လည်း ဟိုစိန်နီက အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

    “ဒီလွှတ်တင်မှုနဲ့ပတ်သက်တဲ့ သုတေသနဆိုင်ရာ ရည်ရွယ်ချက်တွေ အထမြောက် အောင်မြင်ခဲ့ပါတယ်”

    လွှတ်တင်မှုကို ဘယ်အချိန်က လုပ်တာလဲ၊ ဘာဂြိုဟ်တုတွေလဲဆိုတာနဲ့ လွှတ်တင်မှု အမှန်တကယ် အောင်မြင်ခဲ့လားဆိုတာ အသေးစိတ် မသိရပါဘူး။ လွှတ်တင်ရာမှာ အသုံးပြုခဲ့တဲ့ Simorgh ဒုံးပျံဟာ အီရန်ရဲ့ ပြည်တွင်းဖြစ် ဒုံးပျံဖြစ်ပါတယ်။

    အရပ်ဖက်ကိစ္စတွေမှာ အသုံးပြုနိုင်မယ့် ဂြိုဟ်တုတွေ လွှတ်တင်ဖို့ရှိတယ်လို့ မကြာသေးခင်ကပဲ အီရန်က ထုတ်ပြန်ထားပါတယ်။ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC မှာလည်း သီးခြား အာကာသစီမံကိန်းတစ်ခု ရှိနေပြီး ပြီးခဲ့တဲ့နှစ်က ဂြိုဟ်တုတစ်လုံးကို အာကသထဲ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။

    အီရန်ရဲ့ ဒုံးပျံတွေ စမ်းသပ်မှု၊ လွှတ်တင်မှုဟာ နျူလက်နက်အတွက် ရည်ရွယ်​ဆောင်ရွက်တာဖြစ်တယ်လို့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စွပ်စွဲထားပြီး အီရန်ကတော့ ဒါကို ငြင်းပါတယ်။

    Ref: Reuters