News @ M-Media

Tag: Iran

  • အီရန်၏ ယခုတစ်ပတ် စစ်ရေးလေ့ကျင့်မှု အစ္စရေးကို သတိပေးခြင်းဖြစ်

    အီရန်၏ ယခုတစ်ပတ် စစ်ရေးလေ့ကျင့်မှု အစ္စရေးကို သတိပေးခြင်းဖြစ်

    ဒီဇင်ဘာ ၂၅၊ ၂၀၂၁၂
    M-Media

    -အခုတစ်ပတ်အတွင်း ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုမှာ အီရန်က တာဝေးပစ်ဒုံးကျည် ၁၆ လုံး သုံးစွဲခဲ့ပြီး ဒါဟာ အစ္စရေးကို သတိပေးတာလို့ အီရန်ဗိုလ်ချုပ်တွေက ပြောပါတယ်။

    Payambar-e-Azam လို့ အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင်မှုကို ပင်လယ်ကွေ့နဲ့ ကပ်နေတဲ့ ပြည်နယ် ၃ ခုမှာ တနင်္လာနေ့က စတင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

    လေ့ကျင့်မှုအတွင်း Emad၊ Ghadr၊ Sejjil၊ Zalzal၊ Dezful နဲ့ Zolfaghar လို့ အမည်ရတဲ့ ဒုံးကျည်တွေကို ပစ်မှတ်တွေဆီ ပစ်ခတ်ခဲ့တာပါ။ ဒီ ဒုံးကျည်တွေဟာ မိုင် ၂၂၀ ကနေ ၁၂၅၀ လောက်အထိ ရောက်ရှိနိုင်တဲ့ ဒုံးကျည်တွေ ဖြစ်ပါတယ်။

    လေ့ကျင့်မှုမှာ ဒုံးကျည်သယ်နိုင်တဲ့ ဒရုန်း​ အနည်းဆုံး ၁၀ စင်းလောက် ပါဝင်ပြီး ပစ်ခတ်စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

    “ဇိုင်ယွန်အစိုးရရဲ့ မကြာခင်က ခြိမ်းခြောက်မှုကို တုန့်ပြန်ဖို့ ရည်ရွယ်ပြီး ဒီစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်တာပါ” လို့ အီရန်စစ်တပ်ရဲ့ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် မိုဟာမက် ဘဂ်ဟီရီက ပြောပါတယ်။

    လေ့ကျင့်မှုမှာ စမ်းသပ်ခဲ့တဲ့ ဒုံးကျည်တွေဟာ အီရန်ကိုတိုက်ခိုက်လာရင် တုန့်ပြန်ဖို့ နိုင်ငံတစ်ဝှမ်း ရာပေါင်းများစွာ ဖြန့်ကျက်ထားတဲ့ ဒုံးကျည်​တွေထဲကဖြစ်တယ်လို့လည်း ဗိုလ်ချုပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ရဲ့ အကြီးအကဲ ဗိုလ်ချုပ် ဟိုစိန် ဆလ်မာနီက စစ်ရေးလေ့ကျင့်မှုဟာ အစ္စရေးကို သတိပေးတာလို့ ပြောပါတယ်။

    “နည်းနည်းလေးအမှားလုပ်လိုက်တာနဲ့ ဆော်ပြီးသားပဲ”

    အမေရိကန်ဦးဆောင်တဲ့ အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်တို့ဟာ နျူသဘောတူညီချက်ရဖို့ ကြိုးပမ်းနေပြီး အစ္စရေးကတော့ ဒီသဘောတူညီချက်မရအောင် ဖျက်နေတာပါ။

    ဗုဒ္ဓဟူးနေ့ အမေရိကန် နိုင်ငံတော်လုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်နဲ့ တွေ့ဆုံစဉ်အတွင်း အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီ ဘန်းနက်က လိုအပ်လာရင် အီရန်ကို တိုက်ခိုက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • အီရန်ကို ချက်ခြင်းတိုက်ခိုက်နိုင်စွမ်းရှိသည်ဟု အစ္စရေး ခြိမ်းခြောက်

    အီရန်ကို ချက်ခြင်းတိုက်ခိုက်နိုင်စွမ်းရှိသည်ဟု အစ္စရေး ခြိမ်းခြောက်

    ဒီဇင်ဘာ ၂၃၊ ၂၀၂၁
    M-Media

    -အီရန်က နျူကလီးယားနဲ့ သက်ဆိုင်တဲ့နေရာတွေကို အောင်အောင်မြင်မြင်နဲ့ ချက်ခြင်းတိုက်ခိုက်နိုင်စွမ်း မိမိတို့မှာ ရှိတယ်လို့ ဧပြီလမှာ အစ္စရေးလေတပ်အကြီးအကဲဖြစ်လာမယ့် ဗိုလ်ချုပ် တိုမာရ် ဘားက ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။

    အမေရိကန်ဦးဆောင်တဲ့ အင်အားကြီးနိုင်ငံတွေဟာ အီရန်နဲ့ နျူကလီးယားသဘောတူညီချက် ပြန်လည်ရရှိဖို့ ကြိုးပမ်းနေတဲ့အချိန်မှာ အစ္စရေးဖက်က ဒီလိုခြိမ်းခြောက်မှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

    ဗိုလ်ချုပ် တိုမာရ်ဘားက သူ လေတပ်ကို တာဝန်ယူနေတဲ့အချိန်မှာ အီရန်ကို တိုက်ခိုက်ရတာမျိုး ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

    “လိုအပ်ရင် မနက်ဖြန်တောင် အစ္စရေးက အီရန်ရဲ့ နျူကလီးယားစီမံကိန်းကို အောင်မြင်အောင် တိုက်ခိုက်နိုင်ပါတယ်။ ကျွန်တော် တာဝန်ယူတဲ့အချိန်မှာ ဒါမျိုးဖြစ်လာမယ်လို့ ကျွန်တော်ယူဆတယ်။ ဒီတာဝန်ကြီးလေးမှုကိုလည်း ကျွန်တော် နားလည်ပါတယ်”

    အီရန်ရဲ့ နျူစီမံကိန်းနဲ့ပတ်သက်ပြီး အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်ကို ၂၀၁၅ ခုနှစ်မှာ သဘောတူညီချက် ရခဲ့ပေမယ့် ၂၀၁၈ ခုနှစ် သမ္မတထရမ့်လက်ထက်မှာ အမေရိကန်က နှုတ်ထွက်သွားခဲ့ပါတယ်။ လက်ရှိသမ္မတ ဘိုင်ဒန်လက်ထက်မှာ ဒီသဘောတူညီချက် ပြန်လည်ရရှိအောင် ကြိုးပမ်းနေပါတယ်။

    Ref: Alarabiya

  • ယူအေအီးအမျိုးသားလုံခြုံရေးအကြံပေး အီရန်ရောက်နေ

    ယူအေအီးအမျိုးသားလုံခြုံရေးအကြံပေး အီရန်ရောက်နေ

    ဒီဇင်ဘာ ၆၊ ၂၀၂၁
    M-Media

    ရှိခ်သာနွန်ဟာ နှင့် အလီ ရှမ်ခါနီ၊

    -အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ရှိခ် သာနွန် ဘင် ဇယဒ် အလ် နဟ်ယန်ဟာ အီရန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေပါတယ်။

    ယူအေအီးနဲ့ အီရန်တို့ဟာ ဒေသတွင်းပြဿနာတွေမှာ ဆန့်ကျင်ဖက်အဖွဲ့အစည်းဖက်က ပါဝင်ရပ်တည်ပေးနေပြီး ဆက်ဆံရေးတင်းမာနေတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ကစလို့ တင်းမာမှုတွေလျော့ကျအောင် ဆောင်ရွက်လာပါတယ်။

    ရှိခ်သာနွန်ဟာ အီရန်အမျိုးသားလုံခြုံရေးအကြီးအကဲ အလီ ရှမ်ခါနီ၊ သမ္မတ အီဘရာဟင် ရိုင်စီတို့နဲ့ ဒီကနေ့မှာ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်အောင်နဲ့ ဒေသတွင်းပြဿနာတွေ ဖြေရှင်းရေး ဆွေးနွေးခဲ့ကြပါတယ်။

    အီရန် အမျိုးသားလုံခြုံရေးအကြီးအကဲ ရှမ်ခါနီက အရှေ့အလယ်ပိုင်းဒေသကို ပြင်ပက ဝင်ရောက်စွက်ဖက်တာမျိုး မရှိသင့်ကြောင်း၊ စစ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာတွေကို ဆွေးနွေးညှိနှိုင်းမှုတွေကနေတစ်ဆင့်သာ ဖြေရှင်းသင့်ကြောင်း ပြောကြားခဲ့ပြီး ရှိခ်သာနွန် လာရောက်လည်ပတ်မှုဟာ နှစ်နိုင်ငံဆက်ဆံရေး စာမျက်နှာသစ်စတင်ကာ၊ ဒေသတွင်း ဆက်ဆံရေး ချဲ့ထွင်ဖို့ အခြေခံ​အုပ်မြစ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ဒေသတွင်းရန်ဖက်နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီနဲ့ အီရန်တို့လည်း ပြီးခဲ့တဲ့လတွေအတွင်း ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ကြိုးစားလာခဲ့ပြီး ဧပြီလကစလို့ နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင်တွေ အီရတ်မှာ လျှို့ဝှက် တွေ့ဆုံနွေးနွေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    Ref : Aljazeera

  • အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့ နျူဆွေးနွေးပွဲ ပြန်စမည်

    အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့ နျူဆွေးနွေးပွဲ ပြန်စမည်

    နို၀င်ဘာ ၄၊ ၂၀၂၁

    M-Media

    -မိမိတို့ရဲ့ နျူစီမံကိန်းကိစ္စ အင်အားကြီးနိုင်ငံတွေနဲ့ ထပ်မံဆွေးနွေးမှုကို နို၀င်ဘာ ၂၉ ရက်နေ့ သြစတြီးယားမြို့တော် ဗီယင်နာမှာ လုပ်ဆောင်မယ်လို့ အီရန်က ပြောကြားလိုက်ပါတယ်။

    နျူစီမံကိန်းနဲ့ပတ်သက်လို့ အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေရဲ့ ကန့်သတ်မှုကို အီရန်က လက်ခံပြီး အပြန်အလှန်အားဖြင့် အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်ရှားပေးရေး သဘောတူခဲ့တဲ့ JCPOA စာချုပ်ကို ၂၀၁၅ ခုနှစ်မှာ အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံ လက်မှတ်ရေးထိုးခဲ့ပါတယ်။

    စာချုပ်ပါအချက်တွေကို အီရန်က မလိုက်နာဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ သမ္မတ ထရမ့်လက်ထက် ၂၀၁၈ ခုနှစ်မှာ အမေရိကန်က သဘောတူညီချက်ကနေ နှုတ်ထွက်သွားခဲ့ပြီး စာချုပ်လည်း ပျက်လုနီးပါး ဖြစ်သွားပါတယ်။ သမ္မတသစ် ဂျိုးဘိုင်ဒန်လက်ထက်မှာတော့ ပြန်လည်ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့ ဖွင့်ဟလာပါတယ်။

    အီရန်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒုတိယနိုင်ငံခြားရေး၀န်ကြီး အလီ ဘာဂရီ ကာနီက ဥရောပသမဂ္ဂ ညှိနှိုင်းဆွေးနွေးရေးမှူး အန်ရီကေး မိုရာနဲ့ ဖုန်းခေါ်ဆိုမှုအတွင်း နို၀င်ဘာ ၂၉ ရက်နေ့ ဗီယင်နာမှာ ဆွေးနွေးဖို့ သဘောတူညီချက် ရခဲ့တယ်လို့ မနေ့က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    သမ္မတ အီဘရာဟင် ရိုင်စီ ဦးဆောင်တဲ့ အီရန်အစိုးရနဲ့ နျူကိစ္စ ဆွေးနွးမှုလုပ်မလားဆိုတဲ့ ကိစ္စအတွက် JCPOA စာချုပ်ပါ တရုတ်၊ ရုရှား၊ ဂျာမနီ၊ ပြင်သစ်နဲ့ ယူကေတို့ ဗီယင်နာမှာ ဇွန်လအတွင်း ၆ ကြိမ် ဆွေးနွေးမှုလုပ်ခဲ့ပြီး၊ စာချုပ်ကထွက်ထားတဲ့ အမေရိကန်က တစ်ဆင့်ခံ ပါ၀င်ခဲ့ပါတယ်။

    နို၀င်ဘာ ၂၉ ရက်နေ့မှာ ဆွေးနွေးပွဲ ပြန်စမယ်ဆိုတဲ့ အီရန်ရဲ့ ထုတ်ပြန်မှုကို ဥရောသမဂ္ဂကလည်း အတည်ပြုပါတယ်။

    Ref : Aljazeera

  • အီရန်နှင့် လေးကြိမ်မြောက် ဆွေးနွေးခဲ့ကြောင်း ဆော်ဒီအတည်ပြု

    အီရန်နှင့် လေးကြိမ်မြောက် ဆွေးနွေးခဲ့ကြောင်း ဆော်ဒီအတည်ပြု

    အောက်တိုဘာ ၄၊ ၂၀၂၁
    M-Media

    -ပြီးခဲ့တဲ့လအတွင်း အီရန်နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ကြောင်း ဆော်ဒီနိုင်ငံခြားရေး၀န်ကြီး ဖိုင်ဆဲလ် ဘင် ဖာရ်ဟန် အလ် ဆာအွဒ်က အတည်ပြုပြောကြားလိုက်ပါတယ်။

    ဒေသတွင်းရန်ဖက်တွေဖြစ်တဲ့ ဆော်ဒီနဲ့ အီရန်တို့ဟာ နှစ်နိုင်အကြားရှိနေတဲ့ တင်းမာမှုတွေ လျှော့ချနိုင်ရေးအတွက် အခုနှစ် အစောပိုင်းကစလို့ ညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေတာပါ။

    ဥရောပသမဂ္ဂ နိုင်ငံခြားရေးအကြီးအကဲ ဂျိူးဆက်ပ် ဘော်ရဲလ်နဲ့ မနေ့က မြို့တော်ရီယာ့ဒ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆော်ဒီနိုင်ငံခြားရေး၀န်ကြီး မင်းသး ဖာရ်ဟန် အလ် ဆာအွဒ်က အီရန်နဲ့ စတုတ္ထအကြိမ် ဆွေးနွေးမှုကို စက်တင်ဘာ ၂၁ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

    “ဒီဆွေးနွေးမှုတွေဟာ အကြိုအဆင့်သာ ရှိပါသေးတယ်။ နှစ်ဖက်အကြားမှာ ရှိနေတဲ့ ကိစ္စတွေကိုဖြေရှင်းရေး သူတို့ ဖောင်ဒေးရှင်းတစ်ခုချဖို့ ကျွန်တော် မျှော်လင့်ပါတယ်”

    ဆွေးနွးမှုကို ဘယ်နေရာမှာလုပ်ခဲ့လဲ၊ ဘယ်အဆင့်တွေ တက်ရောက်ခဲ့သလဲဆိုတာ မင်းသား ဖိုက်ဆဲလ်က ထည့်မပြောသွားပါဘူး။ ဥရောပသမဂ္ဂ နိုင်ငံခြားရေးအကြီးအကဲ ဂျိုးဆက်ပ်ဘော်ရဲလ်က ဒီဆွေးနွေးမှုကို ကြိုဆိုတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒေသတွင်း ပြဿနာတွေမှာ ဆန့်ကျင်ဖက်အဖွဲ့အစည်းတွေကို ထောက်ခံအားပေးနေတဲ့ အီရန်နဲ့ ဆော်ဒီတို့ဟာ ၂၀၁၆ ခုနှစ်ကတည်းက သံတမန်အဆက်အသွယ် ပြတ်တောက်နေတာ ဖြစ်ပါတယ်။

    အခုနှစ် ဧပြီလကစလို့ နှစ်ဖက်အစိုးရ အဆင့်မြင့်အရာရှိ အစည်းအ၀ေး အနည်းဆုံး ၃ ကြိမ်လောက် လုပ်ထားပါတယ်။ အီရန်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ စအီးဒ် ခါတစ်ဘ်ဇာဒါက ဆွေးနွေးမှုတွေမှာ အရှေ့အလယ်ပိုင်း လုံခြုံရေးနဲ့ပတ်သက်ပြီး သိသာတဲ့ တိုးတက်မှုတွေ ရရှိထားတယ်လို့ စက်တင်ဘာ ၂၃ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera