News @ M-Media

Tag: Israel

  • မိမိတို့ကို သတ်ဖြတ်ခဲ့သည့် နာဇီခြေရာ အတိုင်း လိုက်နင်းလာတဲ့ အစ္စရေး

    မိမိတို့ကို သတ်ဖြတ်ခဲ့သည့် နာဇီခြေရာ အတိုင်း လိုက်နင်းလာတဲ့ အစ္စရေး

    နိုဝင်ဘာ ၃ ၊ ၂၀၁၅
    M-Media
    လေးမောင် တင်ဆက်သည်။
    israel-war1
    – “ခင်ဗျားတို့အားလုံးကို မသေမချင်း ဓာတ်ငွေ့လွှတ် သတ်ပစ်မယ်”

    ဒုတိယကမ္ဘာစစ်အတွင်းမှာ နာဇီတွေက ဂျူးတွေကို ဓာတ်ငွေ့ခန်းထဲမှာ ဓာတ်ငွေ့လွှတ်ပြီး ရက်စက်စွာ သတ်ဖြတ်မှုကို ပြန်ပြောင်း အမှတ်ရစေတဲ့ စကားတစ်ခုပါပဲ။ ဒါပေမယ့် ဒီစကားကို ပြောခဲ့သူကတော့ ဂျာမနီ နာဇီတစ်ယောက် မဟုတ်ဘဲ ဂျူးတစ်ယာက်ဖြစ်နေတယ် ဆိုရင်တော့ စာဖတ်သူတွေအနေနဲ့ အံ့သြကောင်း အံ့သြပါလိမ့်မယ်။

    ဟုတ်ပါတယ်။ ဒီစကားဟာ အစ္စရေးရဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ပါလက်စတိုင်း ဒုက္ခသည်တွေကို ရည်ညွှန်းပြီး ပြောခဲ့တဲ့ စကားပါပဲ။ အောက်တိုဘာ ၂၉ ရက်နေ့က ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက အိုင်ဒါ ဒုက္ခသည်စခန်းမှာ ဆန္ဒပြတဲ့ ပါလက်စတိုင်းတွေကို လာရောက် ဟန့်တားတဲ့ အစ္စရေး ရဲတပ်ဖွဲ့က လော်စပီကာနဲ့ ခြိမ်းခြောက်မှုအတွင်းမှာ ထည်သွင်းပြောကြားခဲ့တာပါ။

    “အိုင်ဒါ ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ – ကျုပ်တို့ဟာ အစ္စရေး “ကျူးကျော်တပ်ဖွဲ့တွေ” ဖြစ်တယ်။ ခင်ဗျားတို့က ခဲနဲ့ပေါက်ရင် ကျုပ်တို့က ခင်ဗျားတို့ကို မသေမချင်း ဓာတ်ငွေ့လွှတ် သတ်ပစ်မယ်။ ကလေးတွေ၊ လူငယ်တွေ၊ လူကြီးတွေ၊ တစ်ယောက်မှမချန်ဘူး။ အားလုံးကို သတ်ပစ်မယ်။ ခင်ဗျားတို့ကို တစ်ယောက်မှ အရှင်မထားဘူး” လို့ ရင့်ရင့်သီးသီး ပြောကြားခဲ့ပါတယ်။ တစ်မိနစ်တာကြာမြင့်တဲ့ အဲဒီခြိမ်းခြောက်မှုကို ဗီဒီယို မှတ်တမ်း တင်ထားနိုင်ခဲ့ပြီး အွန်လိုင်းမှာလည်း ပြန့်နှံ့ခဲ့ပါတယ်။

    “ခင်ဗျားတို့ထဲက တစ်ယောက်ကို ဖမ်းထားတယ်။ သူက ကျုပ်တို့ဆီမှာ ရှိနေတယ်။ သူ့ကို အိမ်ကဖမ်းလာတာ။ ခင်ဗျားတို့ ခဲနဲ့ဆက်ပေါက်နေမယ်ဆိုရင် သူ့ကို ခင်ဗျားတို့အရှေ့မှာပဲ သတ်ပစ်မယ်” လို့ သူတို့ဖမ်းထားတဲ့ အသက် ၂၅ နှစ်အရွယ် ပါလက်စတိုင်းတစ်ဦးကို ရည်ညွှန်းပြီး အစ္စရေးရဲတပ်ဖွဲ့က ပြောခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ ဒီလူငယ်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

    “အိမ်ပြန်တော့၊ မပြန်ရင် ခင်ဗျားတို့ကို မသေမချင်း ဓာတ်ငွေ့လွှတ် သတ်ပစ်မယ်။ ခင်ဗျားတို့မိသားစုတွေ၊ ခင်ဗျားတို့ရဲ့ ကလေးတွေ၊ လူတိုင်းကို ကျုပ်တို့သတ်ပစ်မယ်”

    မိမိတို့ရဲ့ ပိုင်နက်တွေကို ကျူးကျော်သိမ်းပိုက်တာ၊ တရားမ၀င်အခြေချအိမ်ယာတွေ တည်ဆောက်တာကို မကျေနပ်တဲ့ အိုင်ဒါဒုက္ခသည်စခန်းက ပါလက်စတိုင်းပြည်သူတွေဟာ အောက်တိုဘာ ၂၉ ရက်နေ့မှာ ဆန္ဒပြခဲ့ကြပြီး အစ္စရေးတပ်ဖွဲ့တွေကတော့ မျက်ရည်ယိုဗုံးတွေကို အသုံးပြု ဟန့်တားခဲ့ပြီး ပါလက်စတိုင်းလူငယ်တွေက ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြလို့ ဒီလို နှိမ်နှင်းရတာလို့ ပြောခဲ့ပါတယ်။

    အိုင်ဒါ ဒုက္ခသည်စခန်းဟာ မိမိတို့ရဲ့ ဇာတိမြေမှာနေရင်း အစ္စရေးကြောင့် ဒုက္ခသည်ဘ၀ ရောက်ခဲ့ကြတဲ့ ပါလက်စတိုင်း ပြည်သူတွေထဲက တစ်စုသာ ဖြစ်ပါတယ်။

    The Times of Israel သတင်းစာကတော့ အဲဒီလို ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ကို ရာထူးကနေ ခေတ္တ ရပ်ဆိုင်းထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

    ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ပါလက်စတိုင်းအမျိုးသား မိုဟာမက် အလ်-အက်ဇာက အဲဒီအဖြစ်အပျက်ဟာ ညနေပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အစ္စရေးတပ်ဖွဲ့တွေဟာ ဂျစ်ကားနဲ့လာပြီး စခန်းထဲကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်သွားခဲ့ပြီးတဲ့နောက် အထက်ပါအတိုင်း လော်စပီကာနဲ့ အော်သွားတာလို့ ဆိုပါတယ်။

    “စခန်းထဲကလူတိုင်းက အဲဒီကိစ္စကိုပဲ ပြောနေကြတာပါ။ အထူးသဖြင့် ကလေးတွေနဲ့ သက်ကြီးရွယ်အိုရှိတဲ့ မိသားစုတွေပေါ့။ ပြီးခဲ့တဲ့နှစ်က အမျိုးသမီးတစ်ယောက်ဟာ မျက်ရည်ယိုဗုံးက ဓာတ်ငွေ့နဲ့ သေဆုံးခဲ့ရတာကြောင့် သူတို့က အဲဒါကို ကြောက်နေကြပါတယ်။ အစ္စရေး ကျူးကျော်တပ်ဖွဲ့တွေက ဒါမျိုးလုပ်မယ်လို့ သူတို့က ယုံကြည်နေကြပါတယ်” လို့ အလ်-အက်ဇာက ပြောခဲ့ပါတယ်။

    အစ္စရေးတပ်ဖွဲ့တွေဟာ သူတို့ကိုယ်သူတို့ “ကာကွယ်ရေးတပ်ဖွဲ့” လို့ သတ်မှတ်ပြီး အခုတစ်ခါမှာ “ကျူးကျော်တပ်ဖွဲ့တွေ” လို့ ကြေငြာသွားတာဟာလည်း သမရိုးကျမဟုတ်ဘူးလို့ သူက ထပ်ပြောပါတယ်။

    “ဒါက အရင်နဲ့မတူပါဘူး။ ကျွန်တော် ၀မ်နည်း၊ ၀မ်းသာ ဖြစ်ရပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ (အစ္စရေးတွေက) ပထမဆုံး သူတို့ကိုယ်သူတို့ ကျူးကျော်သူတွေလို့ သုံးနှုန်းတာကို ကြားရလို့ပါ။ တစ်ခြားနိုင်ငံတွေက ဒါကို ကြားသွားရင် ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကို မျက်ရည်ယိုဗုံး သုံးပြီး၊ ဘာအကြာင်းမှမရှိဘဲ သတ်မယ်လို့ ခြိမ်းခြောက်သွားတာကိုတော့ ဒေါသဖြစ်ပါတယ်”

    အစ္စရေးစစ်တပ်က ပြောရေးဆိုခွင့်ရှိသူကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ကာ အွန်လိုင်းမှာ ပြန့်နှံ့ခဲ့တဲ့ ဗီဒီယိုကိုလည်း စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

    ပါလက်စတိုင်းတွေရဲ့ နေထိုင်ခွင့်နဲ့ ဒုက္ခသည်အခွင့်အရေးဆိုင်ရာတွေကို ကြိုးပမ်းဆောင်ရွက်ပေးနတဲ့ Badil Resource Centre for Palestinian Residency and Refugee Rights အဖွဲ့ကတော့ ဒီအဖြစ်အပျက်ကို ရှုတ်ချခဲ့ပြီး အစ္စရေးရဲတပ်ဖွဲ့က ဒီလိုကြေငြာမှုဟာ “အိုင်ဒါ ဒုက္ခသည်စခန်းက ပါလက်စတိုင်းပြည်သူတွေကို အလွန်ဆိုးရွားတဲ့ နည်းလမ်းနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မယ်လို့ ရှင်းရှင်းလင်းလင်း၊ ထင်ထင်ရှားရှား ခြိမ်းခြောက်မှုသာ ဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

    “ဒီကြေငြာချက်ဟာ လူသားတွေရဲ့ အသက်ကို ကြက်ကလေး၊ ငှက်ကလေးတွေလို သထေားတယ်ဆိုတာ ထင်ရှားနေသလို၊ နိုင်ငံတကာ ဥပဒေတွေကို အစ္စရေးတပ်ဖွဲ့တွေက မလိုက်နာဘူးလားဆိုတဲ့ စိုးရိမ်မှုတွေကို အလွန်အမင်းကို မြင့်တက်စေပါတယ်” လို့  Badil အဖွဲ့က ဆိုပါတယ်။

    နောက်ပြီး ဒီအဖြစ်အပျက်အတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

    ပြီးခဲ့တဲ့လက ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာရှိတဲ့ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်ကို အစ္စရေးတပ်ဖွဲ့တွေနဲ့ ဂျူးအစွန်းရောက်တွေက ၀င်ရောက်စီးနင်းကာ ပါလက်စတိုင်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းတွေရဲ့ ဆန္ဒပြမှုတွေ၊ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

    အဲဒီလိုအဖြစ်အပျက်အတွင်းမှာ အစ္စရေးတပ်ဖွဲ့နဲ့ ပါလက်စတိုင်းပိုင်နက်တွေက အစ္စရေးရဲ့ တရားမ၀င်အိမ်ယာတွေမှာ နေထိုင်တဲ့ ဂျူးတွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပါလက်စတိုင်း ၇၀ သေဆုံးခဲ့ပါတယ်။ မိမိတို့ရဲ့ပိုင်နက်ကို ကျူးကျော်သိမ်းပိုက်မှု၊ ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်မှု စတာတွေကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေကလည်း ဓားနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အစ္စရေး ၉ ဦး သေဆုံးခဲ့ပါတယ်။

    “(အစ္စရေးရဲ့ ဒီလိုကြေငြာမှုဟာ) ကိုယ်ကျင့်တရားပိုင်းနဲ့ ဥပဒေပိုင်းဆိုင်ရာ စံချိန်စံညွှန်းတွေကို ဆိုးဆိုးဝါးဝါး စော်ကားဖောက်ဖျက်လိုက်တာဖြစ်ပြီး၊ ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းက ပြည်သူတွေကို အကြမ်းဖက်တို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။ အဲဒီလို ခြိမ်းခြောက်မှုနဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်မယ်ဆိုတဲ့ ရည်ညွှန်းမှုဟာ အစ္စရေးစစ်တပ်ရဲ့ ကျူးလွန်မှုတွေကို အရေးမယူပဲထားတဲ့ အခြေအနေကနေ ထွက်ပေါ်လာတဲ့ ရလဒ်လည်း ဖြစ်ပါတယ်”

    ref: aljazeera

  • ဟစ်တလာကို လွတ်ငြိမ်း ချမ်းသာ ခွင့်ပေးချင်သူ အစ္စရေး ၀န်ကြီးချုပ် နေတန်ယာဟု

    ဟစ်တလာကို လွတ်ငြိမ်း ချမ်းသာ ခွင့်ပေးချင်သူ အစ္စရေး ၀န်ကြီးချုပ် နေတန်ယာဟု

    အောက်တိုဘာ ၂၃ ၊ ၂၀၁၅
    M-Media
    လေးမောင် တင်ဆက်သည်။
    hitler5.
    – ဂျူးလူမျိုးအားလုံးကို သုတ်သင်ဖို့ဆိုတဲ့ ကြိုးပမ်းမှုအတွက် နောက်ဆုံး ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ခဲ့တာဟာ အဒေါ့ဖ် ဟစ်တလာ ခေါင်းဆောင်တဲ့ နာဇီဂျာမနီသာ ဖြစ်တယ်ဆိုတာ မေးခွန်းထုတ်စရာမလိုတဲ့ ကိစ္စတစ်ခုပါ။
    .
    ဒါပေမယ့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဒီသဘောထားဟာ ဟစ်တလာရဲ့ သဘောထားမဟုတ်ဘဲ ၁၉၄၁ ခုနှစ်မှာ ဟစ်တလာနဲ့ တွေ့ဆုံခဲ့တဲ့ အဲဒီအချိန်က ဂျေရုစလင်မွဖ်သီ ဟဂ်ျ အေမင် အလ်-ဟူစိန်နီက အကြံပေးခဲ့တာဖြစ်တယ်လို့ အံ့အားသင့်ဖွယ် ပြောဆိုခဲ့ပါတယ်။
    .
    “အဲဒီအချိန်တုန်းက ဟစ်တလာဟာ ဂျူးလူမျိုးတွေကို လူမျိုးတုန်း မသုတ်သင်ချင်ပါဘူး။ မောင်းပဲ မောင်းထုတ်ချင်ခဲ့တာ။ ဒါပေမယ့် ဟဂ်ျ အေမင် အလ်ဟူစိန်နီက ဟစ်တလာဆီသွားပြီး ‘သူတို့ကို မောင်းထုတ်ရင်၊ သူတို့ ပါလက်စတိုင်းကို ရောက်လာမှာပေါ့’ (လို့ ပြောခဲ့တယ်) ‘ဒါဆို ဘယ်လိုလုပ်ရမလဲ’ လို (ဟစ်တလာက) ပြန်မေးတဲ့အခါ (ဟူစိန်နီက) ‘မီးရှို့ပစ်လိုက်’ လို့ ပြန်ဖြေခဲ့တယ်” လို့ အောက်တိုဘာ ၂၀ ရက်နေ့ ဂျရုစလင်မှာ ပြုလုပ်တဲ့ ၃၇ ကြိမ်မြောက် ဇီယွန်ကွန်ဂရက်မှာ နေတန်ယာဟုက ပြောကြားခဲ့ပါတယ်။
    .
    ဟူစိန်နီဟာ အဲဒီအချိန်တုန်းက ပါလက်စတိုင်းခေါင်းဆောင် တစ်ယောက် ဖြစ်ခဲ့ပြီး ပါလက်စတိုင်းသမိုင်းမှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

    အထောက်အထားမဲ့
    ———————
    နေတန်ယာဟုရဲ့ ဒီ သွားပုပ်လေလွင့်ပြောကြားမှုကို သက်သက်ပြနိုင်တဲ့ ဗီဒီယို၊ အသံမှတ်တမ်း ရေးသားချက်တွေ ဘာဆိုဘာမှ မရှိပါဘူး။ (နေတန်ယာဟုကတော့ ဟစ်တလာရဲ့လက်ထောက် အိုက်ခမန်းက တရားစီရင်မှုမှာ ထွက်ဆိုခဲ့တာလို့ ဆိုပါတယ်)
    .
    ပါလက်စတိုင်းတွေအပေါ် အစ္စရေးရဲ့ ဖိနှိပ်မှုတွေကို ကာကွယ်ဖို့ ရမယ်ရှာ ပြောဆိုလေ့ရှိတဲ့ နေတန်ယာဟုရဲ့ ဒီစကားအတွက် အစ္စရေးနဲ့ ပါလက်စတိုင်းဒေသတွေမှာပါ ဝေဖန်သံတွေ ညံခဲ့ပါတယ်။
    .
    တစ်ချို့ကတော့ နေတန်ယာဟုဟာ စက်ဆုပ်စရာအကောင်းဆုံး ဟိုလိုကော့စ် (ဂျူးများအား လူမျိုးတုန်းသတ်ဖြတ်ရန် နာဇီတို့၏ အစီအစဉ်) ကနေ ဟစ်တလာကို ဖယ်ထုတ်လိုက်ပြီး ဓာတ်ငွေ့ခန်းတွေ၊ လက်ဖြောင့်တပ်ဖွဲ့တွေသုံး ဂျူး ၆ သန်းကျော်ကို စနစ်တကျ သတ်ဖြတ်မှုအတွက် ဟူစိန်နီကို အပြစ်တင်လိုက်တာပဲလို့ ဝေဖန်ခဲ့ကြပါတယ်။
    .
    ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO အတွင်းရေးမှူး ဗိုလ်ချုပ် စအီဘ် အီရာကသ်က နေတန်ယာဟုရဲ့ ဒီအခြေအမြစ်မရှိ ပြောကြားမှုကို ငြင်းပယ်ခဲ့ပါတယ်။ တကယ်တော့ နာဇီတွေက ဂျူးတွေကို နှိပ်ကွပ် သတ်ဖြတ်နေတာတွေ ရပ်တန့်စေဖို့ ပါလက်စတိုင်းတွေဟာ မဟာမိတ်တွေနဲ့အတူ ရှေ့တန်းက ပါဝင်တိုက်ခိုက်ခဲ့ကြသူတွေပါ။
    .
    “နာဇီအာဏာရှင်တွေကို တွန်းလှန်ဖို့အတွက် ပါလက်စတိုင်းတွေရဲ့ ကြိုးပမ်းမှုတွေဟာ ကျွန်တော်တို့ရဲ့ ဖျောက်ဖျက်လို့မရတဲ့ သမိုင်းကြောင်း အစိတ်အပိုင်းတစ်ခုပါပဲ” လို့ အီရာကသ်က ပြောခဲ့ပါတယ်။
    .
    ပြီးခဲ့တဲ့ သီတင်းပတ်တွေကနေ စတင်လာခဲ့တဲ့ ပါလက်စတိုင်းပိုင်နက်အတွင်းက တင်းမာမှုတွေကို တည်ငြိမ်စေဖို့ အတွက် နေတန်ယာဟုအနေနဲ့ လက်လွတ် စပယ်ပြောဆိုတာတွေ မလုပ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်နဲ့ ကမ္ဘာ့ခေါင်းဆောင်တွေက တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်မျိုး တိုက်တွန်းထားတဲ့အချိန်မှာ နေတန်ယာဟုက ဒီလိုပြောလိုက်တာ ဖြစ်ပါတယ်။
    .
    “(နေတန်ယာဟုရဲ့) ဆိုးရွားတဲ့ ဒီမှတ်ချက်တွေဟာ တရားမျှတမှုနဲ့ တည်ငြိမ်အေးချမ်းမှုကို အလိုအပ်ဆုံးဖြစ်နေတဲ့ ဒီနေ့အချိန်မှာ ကွဲပြဲမှုကို ပိုပြီး နက်ရှိုင်းစေပါတယ်။ ဒီမှတ်ချက်တွေဟာ နိုင်ငံရေးပြဿနာကို ဘာသာရေးအသွင်ဆောင်ဖို့ မီးထိုးပေးလိုက်သလိုဖြစ်ပြီး ပါလက်စတိုင်းပိုင်နက်ကို ထပ်မံကျူးကျော်သိမ်းပိုက်ဖို့နဲ့ ပါလက်စတိုင်းတွေအပေါ် အကြမ်းဖက်မှုတွေ ဆက်လုပ်ဖို့ သူ့ရဲ့ရည်ရွယ်ချက်ကို ထင်ထင်ရှားရှား ဖော်ပြလိုက်တာလည်းဖြစ်ပါတယ်” လို့ အီရာကသ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

    150126102625-01-auschwitz-liberation-0126-exlarge-169
    .
    အန္တရာယ်ရှိသော သမိုင်းရုပ်ဖျက်မှု
    ———————————–
    နေတန်ယာဟုရဲ့ ဒီပြောကြားချက်တွေကို အစ္စရေးတွေကိုယ်တိုင်က ဆန့်ကျင်ခဲ့ကြပါတယ်။ နိုင်ငံရဲ့ အဓိကအတိုက်အခံ ဇီယွန်နစ်ပါတီ အကြီးအကဲ အိုက်ဇက် ဟာဇော့ဂ်က နေတန်ယာဟုဟာ အစ္စရေး ၀န်ကြီးချုပ်ဖြစ်ရုံသာမက ဂျူးလူမျိုးတွေရဲ့ဝန်ကြီးချုပ် ဖြစ်တယ် ဆိုတာကို မေ့သွားပြီးလို့ ဆိုပါတယ်။
    .
    “ဒါဟာ အန္တရာယ်ရှိတဲ့ သမိုင်းရုပ်ဖျက်မှုပါ။ ဒါကို မဆိုင်းမတွပြင်ဆင်ဖို့ နေတန်ယာဟုကို ကျွန်တော် တိုက်တွန်းပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူ့ရဲ့ ပြောကြားမှုတွေက ဟိုလိုကော့စ်အဖြစ်အပျက်ကို သေးနုပ်စေပြီး၊ ဒီအဖြစ်အပျက်အတွင်းမှာ ကျွန်တော်တို့ လူမျိုးတွေအပေါ် နာဇီတွေနဲ့ အာဏာရှင် ဟစ်တလာတို့က စီစဉ်ခဲ့တဲ့ ဆိုးရွားတဲ့ ဖြစ်ရပ်ဆိုးတွေ ကိုလည်း သေးနုပ်စေခဲ့ပါတယ်။ နောက်ပြီး ဟိုလိုကော့စ် ငြင်းပယ်သူတွေကို ဂွင်ဆင်ပေးလိုက်သလို ဖြစ်နေပြီး သူတို့ကို ပါလက်စတိုင်းတွေနဲ့ ပဋိပက္ခတွေဖြစ်အောင် လုပ်ပေးလိုက်တာပါပဲ” လို့ ဟာဇော့ဂ်က ဆိုပါတယ်။
    .
    ကမ္ဘာကလည်း ပြောပြီ
    —————————
    ကမ္ဘာတစ်ဝှမ်းက ပညာရှင်တွေ၊ ဂျူးတွေ၊ အနုပညာရှင်တွေကလည်း နေတန်ယာဟုရဲ့ ဒီမှတ်ချက်တွေကို ရှုတ်ချခဲ့ကြပါတယ်။
    .
    အင်္ဂလန်မှာရှိတဲ့ လက်စတာတက္ကသိုလ်က ခေတ်သစ် ဥရောပနှင့် ဂျူးသမိုင်းပညာရှင် ကလော်ဒီယာ ပရက်စ်တဲလ်က ဟစ်တလာ ဂျူးတွေကို သတ်ဖြတ်ဖို့ ဆုံးဖြတ်ချက်မှာ ပါလက်စတိုင်းမွဖ်သီ ဟူစိန်နီက လွှမ်းမိုးမှုရှိတယ်ဆိုတဲ့အကြောင်း သူမ ဘယ်တုန်းကမှ မကြားဖူး၊ မဖတ်ဖူးဘူးလို့ ဆိုပါတယ်။
    .
    “ဂျူးတွေကို နာဇီတွေက မောင်းထုတ်နေတာ၊ သတ်ဖြတ်နေတာတွေ ကောင်းကောင်း ဖြစ်နေတဲ့အချိန်မှ မွဖ်သီက ဘာလင်ကို ရောက်လာ ခဲ့တာပါ။ (ပါလက်စတိုင်းကို သိမ်းပိုက်ထားတဲ့) ဗြိတိန်ကို ဆန့်ကျင်တဲ့အတွက် နာဇီကို ထောက်ခံတာကိုတော့ ထည့်တွက်လို့ မရပါဘူး” လို့ ပရက်စ်တဲလ်က ပြောခဲ့ပါတယ်။
    .
    အစ္စရေး-ပါလက်စတိုင်း သုတေသနနဲ့ သတင်းအချက်အလက်စင်တာကို တည်ထောင်ခဲ့သူ ဂါရှန် ဘတ်စ်ကင်ကလည်း နေတန်ယာဟုရဲ့ ဒီလိုပြောကြားမှုဟာ ပါလက်စတိုင်း ခေါင်းဆောင်ပိုင်းက နာဇီတွေနဲ့ ဆက်စပ်မှုရှိနေတယ်ဆိုတဲ့ အစ္စရေးက အရပ်ပြောစကားတွေကို ခိုင်မာစေဖို့ ဆောင်ရွက်လိုက်တာလို့ ဆိုပါတယ်။
    .
    “မနေ့က (အောက်တိုဘာ ၂၀ရက်နေ့က) ဘန်ကီမွန်နဲ့ သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အခါမှာ နေတန်ယာဟုက (ပါလက်စတိုင်းသမ္မတ) အဘတ်စ်ဟာ ဟားမက်စ်နဲ့ IS အဖွဲ့လိုမျိုးသာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒါတွေအားလုံးဟာ လှုံ့ဆော်မှုတွေသာဖြစ်ပြီး ယုတ္တိမရှိတဲ့ ကိစ္စတွေပါပဲ” ဘတ်စ်ကင်က ဆိုပါတယ်။
    .
    “လူတိုင်းက သူ့ကို ကောင်းကောင်း ပြောနေကြပါတယ်။ Facebook နဲ့ Twitter တွေမှာ သွားပြီး နေတန်ယာဟုကို ဟီဘရူးဘာသာ စကားနဲ့ပြောထားတဲ့ မှတ်ချက်တွေကို ကြည့်ရင် သိရပါလိမ့်မယ်။ သူဟာ သမိုင်းဆရာရဲ့ သားဖြစ်ပေမယ့်၊ သမိုင်းကို နကန်းတစ်လုံးမှ မသိတဲ့ လူတစ်ယောက်ပါပဲ”
    .
    ဗြိတိန်က ဂျူးလူရွှင်တော် ဒေးဗစ် ရှနိုက်ဒါကလည်း နေတန်ယာဟုကို Twitter ကနေတစ်ဆင့် လှောင်ပြော ပြောခဲ့ပါတယ်။
    .
    “သေချာတာပေါ့ နေတန်ယာဟုရေ။ ဟစ်တလာဆိုတဲ့လူက အမြဲတမ်း ပေါ့ပေါ့နေပေါ့ပေါ့စား၊ နမော်နမဲ့ လူမျိုးမှတ်လား။ ဂျူးတွေကို ဘယ်လိုလုပ်ရမလဲဆိုတဲ့  ကိစ္စမှာ အကြံတွေဘာတွေ ယူချင်မှာပေါ့”

    800px-Rows_of_bodies_of_dead_inmates_fill_the_yard_of_Lager_Nordhausen,_a_Gestapo_concentration_camp
    .
    ဂျာမနီ အဓိပတိ မာကဲလ်လည်း မနေသာတော့
    ——————————
    ဂျေရုစလင်မှာ ပြောခဲ့တာကို အားမရသေးတဲ့ နေတန်ယာဟုဟာ အောက်တိုဘာ ၂၁ ရက်နေ့ ဘာလင်ကို ရောက်လာပြီးတဲ့ နောက်ပိုင်းမှာလည်း ဟိုလိုကော့စ် အတွက် တာဝန်ရှိသူဟာ ဟစ်တလာဖြစ်တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်သလို ဟူစိန်နီရဲ့ ပါဝင်ပတ်သက်မှုကိုလည်း ငြင်းဆန်လို့ မရဘူးလို့ ဆိုပါတယ်။
    .
    ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်ကတော့ နေတန်ယာဟုရဲ့ စည်းလွတ်ဝါးလွတ်ပြောကြားမှုကို လက်မခံခဲ့ဘဲ ဟိုလိုကော့စ်အတွက် ဂျာမနီသာလျှင် တာဝန်ရှိတယ်လို့ ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။
    .
    “သမိုင်းအပေါ် ကျွန်မတို့ရဲ့ ရှုမြင်ပုံကို ပြောင်းလဲစရာ ဘာအကြောင်းမှ မရှိပါဘူး။ အထူးသဖြင့် ဒီပြဿနာနဲ့ ပတ်သက်လို့ပေါ့။ ဟိုလိုကော့စ်အတွက် ကျွန်မတို့ ဂျာမနီသာ တာဝန်ရှိတယ်ဆိုတာကို လက်ခံပါတယ်” လို့ နေတန်ယာဟုရှေ့မှာပဲ မာကဲလ်က ပြောကြားခဲ့ပါတယ်။
    .220px-Ebensee_concentration_camp_prisoners_1945
    သမိုင်းကြောင်း
    ———————-
    ဟစ်တလာရဲ့ ဂျူးဆန့်ကျင်ရေးသဘောထားဟာ မှတ်တမ်း အတိအကျ ရှိနေပါတယ်။ အဲဒီတစ်ထဲက တစ်ခုကတော့ ၁၉၁၉ ခုနှစ်မှာ ဂျာမနီ ကြည်းတပ်က စစ်ဗိုလ်တစ်ယောက်ဆီကို ဟစ်တလာရေးတဲ့စာထဲမှာ ဂျူးဆိုတာ ဘာသာတရားမဟုတ်ဘဲ လူမျိုးတစ်မျိုးသာဖြစ်ပြီး အဲဒီလူမျိုးဟာ ဂျာမနီလူ့အဖွဲ့အစည်းကို ခြိမ်းခြောက်နေတယ်လို့ ပြောင်ပြောင်ပဲ ရေးသားဖော်ပြထားပါတယ်။
    .
    “နောက်ဆုံးရည်ရွယ်ချက်ကတော့ ဂျူးတွေကို ရှင်းပစ်ဖို့ပါပဲ။ ဒီရည်ရွယ်ချက်တွေ အောင်မြင်ဖို့ တစ်နိုင်ငံလုံးအပေါ် သြဇာသက်ရောက်တဲ့ အစိုးရတစ်ခုတည်းကသာလျှင် လုပ်နိုင်ပါလိမ့်မယ်” လို့ ဟစ်တလာက အဲဒီစာထဲမှာ ရေးသားခဲ့ပါတယ်။ ဒီစာကိုတော့ နုရင်ဘတ်က နာဇီမော်ကွန်းတိုက်မှာ တွေ့ခဲ့ရတာဖြစ်ပြီး အခုတော့ Simon Wiesenthal Center မှာ ရှိနေပါတယ်။
    .
    နောက်ဆုံးမှာ ဟစ်တလာဟာ အဲဒီလိုအစိုးရမျိုးကို ဦးဆောင်နိုင်ခဲ့ပြီး ဥပဒေပြဌာန်းခြင်း၊ ဂတ်တိုတွေထဲကို မောင်းထုတ်ခြင်း၊ လက်ဖြောင့်တပ်သားတွေနဲ့ပစ်သတ်ခြင်း၊ မရဏစခန်းတွေထဲမှာ သတ်ဖြတ်ခြင်းတွေကနေ တစ်ဆင့် ဂျူးကင်းစင်ရေး ပေါ်လစီတွေကို အကောင်အထည် ဖော်ခဲ့ပါတယ်။ ဒီလုပ်ရပ်တွေဟာ ပါလက်စတိုင်းမွဖ်သီ ဟိုစိန်နီနဲ့ မတွေ့ဆုံခင်ကတည်းက အကောင်အထည်ပေါ်နေတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။
    .
    အင်္ဂလိပ်ကိုလိုနီဖြစ်နေတဲ့ ပါလက်စတိုင်းနယ်မြေ လွတ်မြောက်ရေးအတွက် ကြိုးပမ်းတဲ့ ဟူစိန်နီကို အင်္ဂလိပ်နဲ့ ပြင်သစ်တို့က ဖမ်းဖို့ ကြိုးစားရာမှာတော့ ဟူစိန်နီတစ်ယောက် ထွက်ပြေးခဲ့ရပြီး နောက်ဆုံးမှာ ဂျာမနီကို ရောက်လာခဲ့ပါတယ်။ နောက်ပြီး ဟစ်တလာနဲ့လည်း ၁၉၄၁ ခုနှစ်မှာ တွေ့ဆုံခဲ့ပါတယ်။
    .
    ဒါပေမယ့် သူ ဒီလိုတွေ့ဆုံတဲ့အချိန်မှာ ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေက ဂျူးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေဖြစ်တဲ့ ဘာဘီယာရ် (Babi Yar)၊ ဂျက်ဝါဘ်နီ (Jedwabne) တို့လို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေဟာ လအတော်ကြာ ကတည်းက ဖြစ်ခဲ့ပြီးပါပြီ။
    .Eines_von_3_Massengräbern_in_Bergen-Belsen,_so_wie_es_von_den_Befreiern_vorgefunden_wurde,_1945
    မီးလောင်ရာလေ့ပင်
    ———————–
    အစ္စရေးစစ်သားတွေနဲ့ ဂျူးအစွန်းရောက်တွေဟာ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက အလ်အက်ဆွာ ဗလီဝတ်ကျောင်းတော်ကို ပြီးခဲ့တဲ့လမှာ ၀င်ရောက်စီးနင်းခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းပိုင်နက်တွေအတွင်းမှာ မငြိမ်မသက်ဖြစ်နေတဲ့အချိန် နေတန်ယာဟုရဲ့ ဒီလို ပြောဆိုမှုဟာ တင်းမာမှုတွေ ပိုပြီး မြင့်တက်လာအောင် မီးလောင်ရာ လေပင့်ပေးလိုက်တာပါပဲ။
    .
    ဂျူး-မွတ်စလင် ချစ်ကြည်ရေးကို မြှင့်တင်ဆောင်ရွက်ပေးနေတဲ့ မန်ဟက်တန်ကောလိပ်က မဟ်နဇ် အက်ဖ်ရီဒီက ဒီလိုအချိန်မျိုးမှာ ဒီလိုမှတ်ချက်တွေဟာ တော်တော်လေး ဆိုးဆိုးဝါးဝါး ဖြစ်စေတယ်လို့ ဆိုပါတယ်။
    .
    အရှေ့အလယ်ပိုင်းက မွတ်စလင်တွေဟာ ဟိုလိုကော့စ်ကို မငြင်းပယ်ကြပေမယ့် ဥရောပက ပြုလုပ်လိုက်တဲ့ ဒီရာဇ၀တ်မှုကြောင့် ဆယ်စုနှစ်ချီ ကြာလာတဲ့ အခုအချိန်မှာ အစ္စရေးရဲ့ ဗိုလ်ကျမှုကို ခံနေရတယ်လို့ ရှုမြင်နေကြပါတယ်။ ဒါ့ကြောင့် ဂျူးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ နာဇီတို့ရဲ့လုပ်ရပ်ကို ထင်ရှားတဲ့ ပါလက်စတိုင်း ပညာရှင်တစ်ဦးနဲ့ ဆွဲချိတ်လိုက်တာဟာ လက်ရှိ မတည်ငြိမ်တဲ့ အခြေအနေကို ပိုဆိုးအောင် လုပ်လိုက်တာပဲလို့ အများစုက ရှုမြင်နေကြပါတယ်။
    .
    “ကျွန်တော်တို့ ဒါမျိုး မလိုချင်တော့ပါဘူး။ ဒီလိုပြောတာဆိုတာဟာ ဒေါသတွေ၊ မခံချင်စိတ်တွေနဲ့ မှားယွင်းတဲ့ အချက်အလက်တွေကိုသာ ပိုပြီးဖြစ်စေပါတယ်” လို့ အက်ဖ်ရီဒီက ပြောကြားခဲ့ပြီး ဟူစိန်နီဟာ ဟစ်တလာနဲ့ တစ်ကြိမ်သာ တွေ့ဆုံခဲ့တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ (တကယ်တော့ ဟစ်တလာ တစ်ခိုးထွားနေတဲ့အချိန်မှာ ကမ္ဘာပတ်ပြီး နယ်မြေသိမ်းပိုက်နေတဲ့ ဗြိတိန်အပါအ၀င် ကမ္ဘာ့ခေါင်းဆောင်တွေဟာ ဂျာမနီကို တကူးတကသွားရောက်ပြီး ဟစ်တလာနဲ့တွေ့ဆုံတာ သဘောတူညီချက်တွေ၊ စာချုပ်တွေ ချုပ်ဆိုခဲ့တဲ့ သမိုင်းမှတ်တမ်းတွေလည်း အထင်အရှား ရှိနေပါတယ်)
    .
    Ref: CNN,Aljazeera

  • အစ္စရေးတွင် အပြစ်မဲ့ ဒုက္ခသည်တစ်ဦးကို လူအုပ်ဖြင့် ရိုက်နှက်သတ်ဖြတ်မှု လူ့အခွင့်အရေးအဖွဲ့များ ရှုတ်ချ

    အစ္စရေးတွင် အပြစ်မဲ့ ဒုက္ခသည်တစ်ဦးကို လူအုပ်ဖြင့် ရိုက်နှက်သတ်ဖြတ်မှု လူ့အခွင့်အရေးအဖွဲ့များ ရှုတ်ချ

    အောက်တိုဘာ ၂၀၊ ၂၀၁၅
    M-Media

    is

    – အစ္စရေးတောင်းပိုင်းရှိ ဘတ်စ်ကားဂိတ်တစ်ခု၌ သေနတ်ပစ်ခတ်မှုအတွင်း အီရစ်ထရီယာနိုင်ငံမှ ဒုက္ခသည်တစ်ဦးကို အစ္စရေးရဲတပ်ဖွဲ့မှ ပစ်ခတ်ပြီး လူအုပ်ကြီးက ရိုက်နှက်သတ်ဖြတ်ခဲ့မှုအတွက် လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်ပြောကြားလိုက်သည်။

    ပါလက်စတိုင်းတို့အား ဖိနှိပ်မှုကို မကျေနပ်၍ အာရပ်တစ်ဦးက တနင်္ဂနွေနေ့ညပိုင်းတွင် သေနတ်ဖြင့် ၀င်ရောက်ပစ်ခတ်ခဲ့သည့် အဆိုပါအဖြစ်အပျက်တွင် တိုက်ခိုက်မှုကို ရပ်ကြည့်နေသော ဟက်တမ် ဇာဟမ်ဟု အမည်ရသည့် အဆိုပါ ဒုက္ခသည်ကို အစ္စရေး လုံခြုံရေးရဲတပ်ဖွဲ့က မှားယွင်းပစ်ခတ်ခဲ့ပြီး နောက်ပိုင်းတွင် ပြည်သူများက ၀ိုင်းဝန်းကန်ကျောက် ရိုက်နှက်ခဲ့သည်။

    ထိုဒဏ်ရာများကြောင့် ဇာဟမ်မှာ ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့သည်။ လူ့အခွင့်အရေးအဖွဲ့များကမူ အသက် ၂၉ နှစ်အရွယ် ဇာဟမ်အား သတ်ဖြတ်သူများကို တရားဥပဒေရှေ့မှောက်သို့ ခေါ်ဆောင်လာရန် ယမန်နေ့တွင် တောင်းဆိုခဲ့ကြသည်။

    “လုံခြုံရေးတာဝန်ရှိသူတွေနဲ့ ဒေါသထွက်နေတဲ့လူအုပ်ကြီးရဲ့ လက်ထဲမှာ ဒုက္ခသည်တစ်ယောက် သေဆုံးသွားခြင်းဟာ ဆိုးရွားတဲ့ကိစ္စတစ်ခု ဖြစ်ပြီး အစ္စရေး နိုင်ငံရေးသမားတွေဟာ ပြည်သူတွေ ကိုယ့်လက်နဲ့ကိုယ် တရားစီရင်မှုကို ခွင့်ပြုထားတယ်ဆိုတဲ့ အခြေအနေ ကြီးထွားလာမှုကို မြင်ရတာလည်း ဖြစ်ပါတယ်” ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch မှ အစ္စရေး-ပါလက်စတိုင်းဆိုင်ရာ ဒါရိုက်တာဖြစ်သူ ဆာရီဘရှီးက ပြောကြားခဲ့သည်။

    “ဒီတိုက်ခိုက်မှုကို အစ္စရေး အာဏာပိုင်တွေက စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူတွေကို တရားစွဲဆိုသင့်ပါတယ်။ ပြည်သူ့လုံခြုံရေးအတွက် တကယ့်ခြိမ်းခြောက်မှုတွေကို အစ္စရေးက ရင်ဆိုင်နေရပေမယ့် အပြစ်မဲ့သူတွေ ထပ်ပြီး မထိခိုက်ဖို့၊ မသတ်ဖြတ်ဖို့ သတိထားရပါလိမ့်မယ်”

    Ref: Aljazeera

  • အစ္စရေးနိုင်ငံသား ဂျူးလူငယ် တစ်ဦး IS အဖွဲ့သို့ ဝင်ရောက် ပူးပေါင်းရန်ကြိုးစားခဲ့

    အစ္စရေးနိုင်ငံသား ဂျူးလူငယ် တစ်ဦး IS အဖွဲ့သို့ ဝင်ရောက် ပူးပေါင်းရန်ကြိုးစားခဲ့

    စက်တင်ဘာ ၂ ၊ ၂၀၁၅
    M-Media

    imrs
    (ဓာတ်ပုံ – ရိုက်တာ) ၂၀၁၄ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ Raqqa မြို့တွင် IS အလံဝှေ့ရမ်းနေသည့် အဖွဲ့ဝင်တစ်ဦး။

    IS အဖွဲ့သို့ ၀င်ရောက် ပူးပေါင်းရန်ကြိုးစားနေသည်ဟု သံသယရှိသူ အသက် ၂၁ နှစ်အရွယ် အစ္စရေး-ဂျူး လူငယ်တစ်ဦးကို တူရကီနိုင်ငံ၌ ရှာတွေ့ခဲ့ပြီး အစ္စရေးနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ဂျေရုဆလင်ရှိ နိုင်ငံခြားရေး ၀န်ကြီးဋ္ဌာနက သတင်းထောက်များထံ အင်္ဂါနေ့က ပြောကြားလိုက်သည်။ Haaretz သတင်းစာဖော်ပြချက်အရ အစ္စရေးသံရုံး၏ မေတ္တာရပ်ခံချက်ဖြင့် ယင်းလူငယ်အား  Iskenderun မြို့တွင် ရဲများက ထိန်းသိမ်းလိုက်ပြီး ၎င်း၏မိသားစုဝင်များက လေကြောင်းခရီးဖြင့် တူရကီသို့သွားကာ သူ့အား ပြန်လည်စောင့်ကြပ်ခေါ်ယူလာခဲ့သည်ဟု သိရသည်။

    ထိုသူမှာ ဥပဒေအရ မိဘအုပ်ထိန်းမှုအောက်တွင် ရှိနေဆဲဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေး ၀န်ကြီးဋ္ဌာနက ဆိုသည်။ အာဏာပိုင်များကမူ အသေးစိပ် ဖော်ပြခြင်း မရှိချေ။

    ဖေ့စ်ဘွတ်ပေါ် ထိုသူငယ်၏ ရေးသားချက်များကြောင့် ဆီးရီးယားသို့သွား၍ IS နှင့်ပူးပေါင်းမည့်အစီအစဉ်ကို မိသားစုအသိုင်းအ၀ိုင်းမှ ရိပ်စားသိရှိခဲ့သည်။ ကြာသပတေးနေ့တွင် ၀န်ကြီးဋ္ဌာနသည် မိဘများထံမှ ဖုန်းဆက်အကြောင်းကြားမှုကို လက်ခံရရှိခဲ့ကြောင်း၊ ထိုလူငယ်သည် Crete ၊ ၎င်းမှ တူရကီရှိ Izmir ၊ ထို့နောက် Adana၊ ၊ နောက်ဆုံးတွင် Iskenderun မြို့ထိ ခရီး အဆင့်ဆင့်နှင်ခဲ့ကြောင်း ဋ္ဌာန၏ပြောရေးဆိုခွင့်ရှိသူ Alon Lavi မှ ပြောကြားသည်ဟု Jerusalem Post သတင်းစာ၌ ဖော်ပြသည်။

    မတ်လအတွင်း IS အဖွဲ့မှ အသက် ၁၉ နှစ်အရွယ် မုဟမ္မဒ် စအီးဒ် အစ္စမာအီလ် မုစလ္လမ် ဆိုသူကို ကလေးငယ်တစ်ဦးမှ သတ်ဖြတ်သည့် ဗီဒီယို ထုတ်လွှင့်ခဲ့သည်။ အရှေ့ဂျေရုဆလင် ဇာတိသား မုစလ္လမ်မှာ မော့ဆက်အဖွဲ့မှ IS သို့စေလွှတ်သော သူလျှိုတစ်ဦးဖြစ်သည်ဟု ယင်းဗီဒီယို၏အောက်ခြေတွင် စာတန်းထိုးပြခဲ့သည်။ ၎င်းမှာ IS ၏ လှည့်စားမှုသာဖြစ်၍ မုစလ္လမ်သည် အစ္စရေးထောက်လှမ်းရေးအတွက် အလုပ်လုပ်ပေးခြင်း မဟုတ်ကြောင်း သူ့မိဘများက ၀ါရှင်တန်ပို့စ်သို့ ငြင်းဆိုပြောပြသည်။

    IS အဖွဲ့သို့ ချဉ်းကပ်ဝင်ရောက်ခဲ့ကြသည့် အစ္စရေး-ဂျူးများ မည်မျှရှိနေသည်ကို ရှင်းလင်းစွာ မသိရသေးပေ။  IS နှင့် ပူးပေါင်းခဲ့သည့်  လူ ၁၀၀၀ အနက် ဂျူးလူမျိုးများ အလုံးအရင်း သွားရောက် ပူးပေါင်းခဲ့သည့်ဟု ယုံကြည်ရကြောင်း ပြင်သစ် အာဏာပိုင်တစ်ဦးက ယမန်နှစ်တွင် ပြောကြားခဲ့ဖူးသည်။

    Ref : Washington Post

  • ကမ္ဘာတဝှမ်းမှ ပြည်တွင်းစစ်မီး ပဋိပက္ခအား လေပင့်ပေးသူ(သို့) အစ္စရေး

    ကမ္ဘာတဝှမ်းမှ ပြည်တွင်းစစ်မီး ပဋိပက္ခအား လေပင့်ပေးသူ(သို့) အစ္စရေး

    သြဂုတ် ၃၀ ၊ ၂၀၁၅
    M-Media
    pg-19-israel-south-sudan-2-getty
    – ဆိုးရွားသော လူ့အခွင့်ချိုးဖောက်မှု မှတ်တမ်းများရှိသည့် အာဏာရှင်များကို အစ္စရေးက လက်နက်များ ရောင်းချနေသည်ဆိုသည့် သတင်းများကို နှစ်ပေါင်းများစွာ ထပ်တလဲလဲ  ကြားလာရသည်။ ထိုကိစ္စကို အစ္စရေးနိုင်ငံအတွင်း ဆွေးနွေးခြင်း သို့မဟုတ် မေးမြန်းခြင်း မရှိခဲ့။ သို့သော်လည်း ယခုတွင်မူ ပြောင်းလဲလာခဲ့လေပြီ။

    လူငယ်ရှေ့နေတစ်ဦးဖြစ်သူ အီတေး မာ့က်က အစ္စရေး၏ လက်နက် တင်ပို့ရောင်းချမှု ၀န်းကျင်တွင် ရှိနေသည့် လျှို့ဝှက်တံတိုင်းကြီးကို ဖြိုချရန် ကြိုစားနေကာ ထိုရောင်းချမှု အဆုံးသတ်ရေး ဖိအားပေးနေသည်။ ထို့ပြင် အဆိုပါ လက်နက်ရောင်းချမှုများက လက်ရှိ တောင်ဆူဒန် စစ်ပွဲနှင့် အခြားသော ပဋိပက္ခများကို မည်သို့ မီးလောင်ရာ လေပင့်ပေးနေသည် ကိုလည်း သူက သိသည်။ လူပေါင်း ထောင်နှင့် ချီ၍ သေဆုံးသည်ဟု ပြောကြားမှုများရှိနေသည့် တောင်ဆူဒန်ပြဿနာကို အစ္စရေးက ပိုမို ရှည်ကြာစေသည်ဟု သူက အခိုင်အမာပြောလေသည်။

    မစ္စတာမာ့က်က ၎င်း၏ ဆောင်ရွက်မှုမှာ လူ့အသက်များကို ကယ်တင်ပေးမည့် မစ်ရှစ်တစ်ခုဖြစ်သည်ဟု ယုံကြည်နေသည်။ တစ်ခါတစ်ရံတွင် ၎င်း၏ အချိန် များစွာကို ပေးလိုက်ရသော်လည်း ထိုကိစ္စအား သူက ကိုယ့်ထမင်း ကိုယ်စား လုပ်ပေးခြင်းဖြစ်သည်။

    “တောင်ဆူဒန်က ပြည်သူတွေရဲ့ အကျိုးအတွက် စစ်ရာဇ၀တ်မှုတွေ၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ရပ်တန့်ဖို့ ကျွန်တော် တတ်နိုင်တာအားလုံးကို လုပ်ချင်တာပါ” ဟု မက်က ဂျေရုစလင် အနောက်ပိုင်းရှိ ၎င်း၏ ရုံးခန်းတွင် The Independent သို့ ပြောကြားခဲ့သည်။

    “ကျွန်တော်က ကမ္ဘာ့ပြည်သူတစ်ဦးပါ။ ကျွန်တော့်မှာ ကမ္ဘာလုံးဆိုင်ရာ တာဝန်ဝတ္တရား ရှိပါတယ်”

    ပြည်တွင်းစစ်ဖြစ်ပွားခဲ့ပြီး ပြည်သူ ၂ သန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီးနောက် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ဥရောပ သမဂ္ဂက တောင်ဆူဒန် အပေါ် လက်နက်ရောင်းချမှုကို ပိတ်ပင်လိုက်သည်။ ထိုပိတ်ပင်မှု အစိတ်အပိုင်းအဖြစ် အမေရိကန်ကလည်း တောင်ဆူဒန် အစိုးရအား စစ်ရေးအကူအညီပေးနေမှုကို ရပ်တန့်ခဲ့သည်။

    သို့သော်လည်း အစ္စရေးက ဂါလီလ် ရိုင်ဖယ်နှင့် တာဗိုရ်ရိုင်ဖယ်များကို တောင်ဆူဒန် အစိုးရတပ်များအား ထောက်ပံ့နေပြီး၊ ပြည်တွင်း လုံခြုံရေး နည်းလမ်းများကိုလည်း လေ့ကျင့် သင်ကြားပေးနေသည်ဟု အစီရင်ခံစာများ၊ အကူအညီပေးရေးဝန်ထမ်းများကို အင်တာဗျူးမှုများ၊ လူသိရှင်ကြားပြော၍ မရသည့် သတင်းရင်းမြစ်များက သိရသည်ဟု မစ္စတာမာ့က်က ဆိုသည်။

    ဥရောပ၏ လက်နက်ရောင်းချရေး ပိတ်ပင်မှု သက်ရောက်နေချိန် ဇွန်လက တဲလ်အဗီးမြို့ လက်နက် ပွဲတော်တစ်ခုတွင် တောင်ဆူဒန် အကြီးတန်း ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို အစ္စရေးက လက်ခံတွေ့ဆုံခဲ့သည်။ ကုလသမဂ္ဂ၏ တောင်ဆူဒန်ရေးရာအဖွဲ့က အပြင်ဘက်တွင် ဆန္ဒပြမှုများ ရှိခဲ့သည့် အဆိုပါ လက်နက်ပွဲတော်သို့ ရောက်ရှိလာသော ကိုယ်စားလှယ်အဖွဲ့ကို တောင်ဆူဒန် သယ်ယူ ပို့ဆောင်ရေးဝန်ကြီး အန်သိုနီ လီနို မာကာနာ ဦးဆောင်သည်ဟု ထင်ရကြောင်း ပြောကြားခဲ့သည်။

    အဆိုပါကိုယ်စားလှယ်များကို အစ္စရေးက ကြိုဆိုနေသည့်အချိန်တွင် တောင်ဆူဒန်၌ အစိုးရတပ်များနှင့် ၎င်းတို့၏ မဟာမိတ်များက ထိုးစစ်ဆင်မှုများကို တစ်ရှိန်ထိုး ပြုလုပ်ခဲ့ပြီး ထိုစစ်ဆင်ရေးများတွင် ရွာတစ်ခုလုံးကို ပြာကျအောင် မီးရှို့ခြင်း၊ အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းခြင်းတို့ကို ပြုလုပ်ခဲ့သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က ပြောကြားခဲ့သည်။

    “အစ္စရေးဟာ တောင်ဆူဒန်က တိုက်ခိုက်မှုကို ရှည်ကြာစေပါတယ်” ဟု မာ့က်က ပြောကြားခဲ့သည်။

    တောင်ဆူဒန်အား အစ္စရေးက လက်နက်တပ်ဆင်ပေးလားဆိုသည်နှင့် ပတ်သက်၍ မေးမြန်းမှုကို ပြန်လည်ဖြေကြားရန် အစ္စရေး ကာကွယ်ရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ယာကော့ဗ် ဟာဗာကွတ်က ငြင်းဆိုခဲ့သည်။ မစ္စတာမာ့က်၏ အခိုင်အမာပြောကြားမှုများအား တုန့်ပြန်ပြောဆိုရန်နှင့် အစ္စရေး-တောင်ဆူဒန်တို့၏ ဆက်ဆံရေးကို ရှင်းပြန်ရန် မေးမြန်းခဲ့ရာတွင် ဟာဗာကွတ်က

    “ကျွန်တော်တို့ရဲ့ ပေါ်လစီက လက်နက်ရောင်းချမှုတွေနဲ့ပတ်သက်ပြီး ပြောလို့မရတဲ့ ပေါ်လစီပါ။ နိုင်ငံတစ်နိုင်ငံစီ ကျွန်တော်တို့ ရည်ညွှန်းလေ့မရှိပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    မိမိတို့မှာ စစ်ရေး အကျပ်အတည်းဖြစ်မှုကို ဖြေရှင်းနိုင်ပြီး၊ စစ်ပွဲအား အနိုင်ရမည့်အတွက်ကြောင့် သံတမန်ရေးအရ ဖြေရှင်းမှု မလိုဟု တောင်ဆူဒန် သမ္မတ ဆာလ်ဗာကီရ် မာယာဒစ်နှင့် အခြားသောခေါင်းဆောင်များဘက်မှ ထင်မြင်ယူဆမှုကို ဆက်လက် တည်တံ့ရေးအတွက် အစ္စရေး၏ လက်နက်များ ဆက်လက်ထောက်ပံ့မှုက အကူအညီဖြစ်စေသည်ဟု မာ့က်က ရှုမြင်နေသည်။

    မာ့က်မှာ အစ္စရေး လစ်ဘရယ်နိုင်ငံရေးသမားဖြစ်သော တမာရ် ဇန်ဒ်ဘာ့ဂ်နှင့် မဟာမိတ်ဖွဲ့ထားပြီး ကာကွယ်ရေး ၀န်ကြီးဌာန အနေဖြင့် တောင်ဆူဒန်အား စစ်ရေးအကူအညီပေးမှုကို ဖြတ်တောက်ပစ်ရန် တောင်းဆိုခဲ့သည်။ ဇန်ဒ်ဘာ့ဂ်က ဆန္ဒပြမှု အသေးစားများကို ကူညီစီစဉ်ပေးခဲ့သည်။

    အီရစ်ထရီယာ၊ အဇာဘိုင်ဂျန်၊ ဘာကီနာဖာဆို၊ အီကွေတိုရီယဲလ်ဂီနီ၊ အန်ဂိုလာ၊ ကင်မရွန်း၊ ဂါဘွန်၊ ချဒ်နှင့် အခြားသောနိုင်ငံများသို့ အစ္စရေးက လက်နက်များရောင်းချခြင်း၊ စစ်ဘက်ဆိုင်ရာကျွမ်းကျင်သူများအား ထောက်ပံ့ပေးအပ်မှုများကိုလည်း မိမိက စောင့်ကြည့်နေသည်ဟု မာ့က်က ပြောကြားခဲ့သည်။

    ကာကွယ်ရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဟာဗာကွတ်ကတော့ ထိုနိုင်ငံများကို အစ္စရေးက လက်နက်များ တပ်ဆင်ပေးလား ဆိုသည်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အားပေးကူညီနေသည်ဟု ဝေဖန်မှုများအတွက် The Independent ၏ မေးမြန်းမှုကို မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

    “သူတို့ လူသိရှင်ကြား မဆွေးနွေးချင်ပါဘူး။ သူတို့ကို အခြိမ်းခြောက်ဆုံးအရာက သူတို့လုပ်နေတာတွေကို ပြည်သူလူထုက ၀င်စွက်လာမှာကိုပါပဲ” ဟု မာ့က်က ပြောကြားခဲ့သည်။

    အစ္စရေးအာဏာပိုင်များမှာ ယခင်က လက်နက်ပို့ဆောင်မှုများကို ခွင့်ပြုခြင်းဖြင့် စစ်ရာဇ၀တ်မှုနှင့် လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ အတွက် အပြစ်ရှိသည်ဟု သူက ယုံကြည်နေသည်။ သူ၏ အမြင်တွင် ယခင်ကျူးလွန်ခဲ့သည်ဟု ယိုးစွပ်ကြသော ရာဇ၀တ်မှုများကို ၎င်းတို့အား တာဝန်ယူခိုင်းခြင်းက အနာဂတ်တွင် ကျူးလွန်မှုများ မဖြစ်ပွားရေး သေချာစေရန် အဓိကကျသည်ဟု ခံယူထားသည်။

    ၁၉၉၄ ဧပြီမှ ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သော လူမျိုးတုန်းသတ်ဖြတ်မှုတွင် ရ၀မ်ဒါနှင့် ၁၉၉၁ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ ဘော့စနီးယား လူမျိုးတုန်း သတ်ဖြတ်မှုတွင် ဆာ့ဘ်တို့အား အစ္စရေးက လက်နက်ထောက်ပံ့ပေးမှုများနှင့် ဆက်စပ်သည့် စာရွက်စာတမ်းများအားလုံးကို ရရှိရန် မာ့က်နှင့် အစ္စရေး ပညာတတ်တစ်ဦးဖြစ်သူ ယာအီရ် အိုရွန်တို့မှာ လက်ရှိတွင် တရားရုံးတိုက်ပွဲ ဆင်နွှဲနေသည်။ ထိုသို့ လက်နက်ထောက်ပံ့မှုမှာ သေချာသည်ဟုလည်း မာ့က်ကဆိုသည်။

    အစ္စရေးကာကွယ်ရေး ၀န်ကြီးဌာနမူ စာရွက်စာတမ်းများ ထုတ်ပေးခြင်းမှာ နိုင်ငံခြားရေး ဆက်ဆံမှုများနှင့် နိုင်ငံလုံခြုံရေးတို့ ထိခိုက်စေမည်ဟုဆိုကာ မာ့က်၏ ဆောင်ရွက်မှုကို တုန့်ပြန်ခဲ့သည်။ အောက်ခြေတရားရုံးက ၀န်ကြီးဌာန၏ ပြောဆိုမှုကို ထောက်ခံခဲ့ပြီး မာ့က်နှင့် အိုရွန်တို့ကမူ ထိုဆုံးဖြတ်ချက်နှင့်ပတ်သက်၍ တရားရုံးချုပ်သို့ အယူခံဝင်ထားလေသည်။

    အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်သည့် မာ့က်မှာ ငယ်ရွယ်စဉ်ကပင် ကမ္ဘာကြီးအတွက် စတင် အလုပ်လုပ်ပေးခဲ့သည်။ bar mitzvah (ဂျူးအမျိုးသားများ အသက် ၁၃ နှစ်ရောက်သည့်အချိန်တွင် ပြုလုပ်ရသည့် ဘာသာရေးပွဲ) အတွက် ပါတီလုပ်ရန်အစား မာ့က်မှာ တရုတ်နိုင်ငံသို့ အလည်အပတ်ခေါ်သွားရန် မိဘများအား စည်းရုံးခဲ့သည်။ ၂၀၀၄ ခုနှစ် တောင်အမေရိကသို့ သွားရောက်သည့် အခါတွင်လည်း ကမ္ဘာပေါ်တွင် အစ္စရေးစစ်တပ်၏ အခန်းကဏ္ဍကို သူက သိသိသာသာ စတင်တွေးလာခဲ့သည်။

    သူ၏ ထိုခရီးစဉ်အတွင်း အစ္စရေးထုတ် ခြေညှပ်ဖိနပ်ဝတ်ထားသော အိုင်းရစ် အမျိုးသမီးခရီးသွားတစ်ယောက်နှင့် တွေ့ဆုံခဲ့သည်။ “အဘယ့်ကြောင့် အစ္စရေးထုတ် ဖိနပ်စီးထားသလဲ”ဟု မေးမြန်းရာတွင် အဆိုပါအမျိုးသမီးက တပ်ဖွဲ့များကို အစ္စရေးက လေ့ကျင့်ပေးနေသော ကိုလံဘီယာရှိ တောထဲသို့ သွားမည်ဖြစ်ကြောင်း၊ အစ္စရေးထုတ်ဖိနပ်ကို စီးသွားပါက ကာကွယ်မှု ရမည်ဖြစ်ကြောင်း ပြောကြားခဲ့လေသည်။

    “တကယ်လို့ ကျွန်တော်က အစ္စရေးတစ်ယောက်ဖြစ်ရင် ကျွန်တော် ကာကွယ်ခံရမယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ သူတို့ ကျွန်တော့်ကို ပစ်သတ်လိမ့်မယ်ဆိုတဲ့ အတွေး ၀င်ခဲ့ပါတယ်။ “ဘာ့ကြောင့် ငါတို့က သူတို့ဘက်မှာ ရပ်တည်နေရတာလဲ” လို့ ကျွန်တော်တွေးခဲ့ပါတယ်” ဟု မာ့က်က ပြောကြားခဲ့သည်။

    “ကျွန်တော် သုတေသနစလုပ်ခဲ့ပြီး အချို့ ကိစ္စတွေမှာ အစ္စရေးဟာ အစိုးရကိုရော၊ သူပုန်တွေကိုရော သင်တန်းတွေပေး၊ လက်နေက်တွေထောက်ပံ့နေတာကို တွေ့ခဲ့ရပါတယ်။ ပြီးတော့ ကျွန်တော်တို့ တိုင်းပြည်ဟာ အာဏာရှင်တော်တော်များများကို ကူညီထောက်ပံ့နေပြီး ကမ္ဘာတစ်ဝှမ်းက ဆိုးရွားတဲ့ ပဋိပက္ခတွေမှာ ပါဝင်တယ်ဆိုတာလည်း တွေ့ခဲ့ရပါတယ်”

    ref: Independent
    မိုးဝေတင်ဆက်သည်။