News @ M-Media

Tag: Israel

  • အစ္စရေး ဝန်ကြီးချူပ်အား ဖမ်းဆီးရေး အွန်လိုင်းမှ လက်မှတ်ထိုး တောင်းဆိုမှု  UK တွင် အရှိန်မြင့်လာ

    အစ္စရေး ဝန်ကြီးချူပ်အား ဖမ်းဆီးရေး အွန်လိုင်းမှ လက်မှတ်ထိုး တောင်းဆိုမှု UK တွင် အရှိန်မြင့်လာ

    သြဂုတ် ၂၈ ၊ ၂၀၁၅
    M-Media
    1439727302
    –  ၂၀၁၄ ခုနှစ်တွင် အစ္စရေးက ဂါဇာအား တိုက်ခိုက်မှု၌ စစ်ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သည်ဆိုသော စွပ်စွဲချက် အတွက် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအား ဖမ်းဆီးရန် တိုက်တွန်းသည့် အွန်လိုင်းမှ တောင်းဆိုမှုမှာ ယူကေပါလီမန်တွင် ဆွေးနွေးရန် လိုအပ်သော ပြည်သူများ၏ လက်မှတ် တစ်သိန်း ရရှိတော့မည်အခြေအနေ ရှိနေသည်။

    “ရိုးရိုးသားသားပြောရရင် ကမ္ဘာ့ တရားစီရင်ရေး ဥပဒေတွေကြောင့် သူ့(နေတန်ယာဟု)ကို ဖမ်းဆီးဖို့ မမျှော်လင့်ပါဘူး။ သူ့ကို ဒီမလာစေချင်တဲ့သူ တော်တော်များများ ရှိတယ်ဆိုတဲ့ သတင်းစကားကိုပဲ ရှင်းရှင်းလင်းလင်း ပေးချင်တာပါ” ဟု ယူကေသို့ စက်တင်ဘာလတွင် လာရောက်မည်ဟု နေတန်ယာဟု၏ ကြေညာချက်ကို တုန့်ပြန်သည့်အနေဖြင့် အဆိုပါ တောင်းဆို လှုပ်ရှားမှုကို စတင် ဖော်ဆောင်ခဲ့သော ဒါမိန်း မော်ရန်က ပြောကြားခဲ့သည်။

    သြဂုတ်လ ၇ ရက်နေ့က စတင်လွှင့်တင်ခဲ့သော အဆိုပါ တောင်းဆိုမှုတွင် ယခုအချိန်အထိ လူပေါင်း ၇၆၀၀၀ ကျော် လက်မှတ်ရေးထိုးထားပြီး အစိုးရထဲမှ တရားဝင် တုန့်ပြန်ပြောကြားရေး အတွက် လိုအပ်သော လက်မှတ် ၁၀၀၀၀ ကို ကောင်းမွန်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။

    အဆိုပါလက်မှတ်များ တစ်သိန်းကျော်သွားပါက တောင်းဆိုမှုတွင်ပါဝင်သည့် အကြောင်းအရာများကို ပါလီမန်တွင် ဆွေးနွေးရန်အတွက် စဉ်းစားခံရမည်ဖြစ်သည်။

    လက်နက်သဘောတူညီချက်

    မော်ရန်၏ အဆိုပါအသနားခံစာတွင် အဓိကဖော်ပြမှုမှာ ၂၀၁၄ ခုနှစ် ဇူလိုင်လမှစ၍ ၅၁ ရက်ကြာပြုလုပ်ခဲ့ပြီး အရပ်သား ၁၄၉၂ ဦးအပါအ၀င် ပါလက်စတိုင်းပြည်သူ ၂၂၀၀ ကျော် သေဆုံးခဲ့သည့် ဂါဇာကို အစ္စရေးက ဗုံးကြဲမှုဖြစ်သည်။

    အဆိုပါတိုက်ခိုက်မှုအတွင်း အစ္စရေးစစ်သား ၆၆ ဦးနှင့် အရပ်သား ၅ ဦး သေဆုံးခဲ့သည်။

    “ဘင်ဂျမင်နေတန်ယာဟုက ဒီစက်တင်ဘာမှာ လန်ဒန်လာပြီး ဆွေးနွေးမှာပါ။ နိုင်ငံတကာဥပဒေအောက်မှာ နေတန်ယာဟုကို ယူကေရောက်တာနဲ့ ၂၀၁၄ ခုနှစ်က အရပ်သား ၂၂၀၀ ကျော် သေဆုံးမှုအတွက် စစ်ရာဇ၀တ်မှုနဲ့ ဖမ်းဆီးသင့်ပါတယ်” ဟု အဆိုပါ တောင်းဆိုမှု ကမ်ပိန်းတွင် ရေးသားထားသည်။
    fe2fe18865d84d7e845dbe7be823cbd4_18
    ဒါရီတွင် မွေးဖွားပြီး လက်ရှိတွင် မန်ချက်စတာ၌ နေထိုင်နေသော ဆော့ဖ်ဝဲ ပညာရှင် မော်ရန်က ၎င်းအနေဖြင့် ထိုလှုပ်ရှားမှုကြောင့် ရလဒ် တစ်ခုခုထွက်ရန် မမျှော်လင့်ဟုဆိုသည်။ သို့သော်လည် အစ္စရေး၏ ဂါဇာတွင် စစ်ရေးဆောင်ရွက်မှုကို ထင်ရှားစေချင်နေ၏။

    “ယူကေက နိုင်ငံရေးသမားတွေက အစ္စရေးကို ထောက်ခံကြတယ်။ (၀န်ကြီးချုပ်) ဒေးဗစ် ကင်မရွန်းကလည်း အစ္စရေးကို ထောက်ခံတယ်။ ဗြိတိန်အစိုးရကလည်း လက်နက်ရောင်းချဖို့ အစ္စရေးနဲ့သဘောတူညီချက်သစ် တစ်ခု ရထားတယ်။ ပြီးတော့ ဗြိတိန်ရဲ့လက်နက်တွေကို ဂါဇာအပေါ် ကျူးလွန်မှုမှာ သုံးမလားဆိုတာကိုလည်း သူတို့ သေသေချာချာ မပြောနိုင်ပါဘူး” ဟု မော်ရန်က ပြောကြားခဲ့သည်။

    “တိုက်ခိုက်နေတဲ့ သီတင်းပတ်အတွင်းမှာပဲ သဘောတူညီချက်ကို ဒေးဗစ် ကင်မရွန်းက အတည်ပြုလိုက်တယ်။ ဒါမျိုးက မဖြစ်သင့်ဘူးဗျ။ လူတွေက ဒါကိုမလိုချင်ဘူးဆို၊ ဘာ့ကြောင့် အစိုးရက လုပ်ရတာလဲ။ ဒီမှာ ဘယ်သူက ဘယ်သူ့အတွက် အလုပ်လုပ်နေတာလဲ” ဟု ယူကေက အတည်ပြုခဲ့သော ကန်ဒေါ်လာ ၆.၃ သန်းတန် လက်နက်ရောင်းချရေး သဘောတူညီချက်ကို ရည်ညွှန်း၍ ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ အဆိုပါ သဘောတူညီချက်တွင် ဝေဟင်မှ မြေပြင်ပစ် မစ်ဆိုင်းဒုံးကျည်များလည်း ပါဝင်လေသည်။

    ယခုနှစ်ဇူလိုင်လတွင် အစ္စရေးအပေါ် ကျန်ရှိနေသည့် လက်နက်ရောင်းဝယ်ရေး ကန့်သတ်ချက်အားလုံးကို ယူကေအစိုးရက ဖယ်ရှားလိုက်သည်။ ယူကေ၏ နိုင်ငံခြားသို့ လက်နက်ရောင်းချမှု သတ်မှတ်ချက်တွင် လက်နက်များကို လူ့အခွင့်အရေးအား ချိုးဖောက်ရေး အသုံးပြုမည်ဟု “ထင်ရှားသော အန္တရာယ်” ရှိနေသည့် မည်သည့်နေရာကိုမဆို လက်နက်ရောင်းချမှုကို ပိတ်ပင်ရမည်ဟု ပါဝင်သည်။

    အစိုးရက တုန့်ပြန်မှုပြုလုပ်ရန်အတွက် လိုအပ်သော လက်မှအရေအတွက် ရရှိခဲ့ပြီး သီတင်းပတ်အနည်းငယ် ကြာမြင့်ခဲ့သော်လည်း အစိုးရ၏ တုန့်ပြန်မှုကို မော်ရန်တစ်ယောက် စောင့်နေရဆဲဖြစ်သည်။ သို့သော်လည်း မိမိ၏ အဓိကရည်ရွယ်ချက်မှာ လွှတ်တော်တွင် ငြင်းခုံရသည့် ကိစ္စတစ်ခု ဖြစ်လာရန် ဖြစ်သည်ဟု သူကဆိုသည်။ ထိုကိစ္စအား ဖြေရှင်းပေးရေး အတွက်တော့ သူက မမျှော်လင့်။

    “သူတို့က ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ရေးစနစ်၊ ကံကောင်းပါစေ.. ဘာညာ လျှောက်ပြောမှာပေါ့ဗျာ”

    လန်ဒန်ရှိ အစ္စရေးသံရုံးမှ အလ်ဂျာဇီးရားသတင်းဌာနသို့ ပေးပို့သော အီးမေးလ်တွင် အဆိုပါ တောင်းဆိုမှုကို “အဓိပ္ပါယ်မရှိသော စတန့်တစ်ခု” သာ ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    “အစ္စရေးနဲ့ ယူကေအစိုးရတို့ရဲ့ဆက်ဆံရေးဟာ ဘယ်တုန်းကမှ နီးကပ်မှု မရှိခဲ့ပါဘူး အပြန်အလှန်ကုန်သွယ်မှုတွေက ပြီးခဲ့သည့်နှစ်တွေမှာ ၂ ဆ တိုးလာတယ်။ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ကလည်း ပုံမှန်တိုးတက်နေပါတယ်” ဟု အဆိုပါမေးလ်တွင် ထည့်သွင်းရေးသားထားသည်။

    စစ်ရာဇ၀တ်မှုလား

    Operation Protective Edge (ဂါဇာအား အစ္စရေးတို့၏ တိုက်ခိုက်မှုအမည်) နှင့်ပတ်သက်၍ စစ်ရာဇ၀တ်မှု ပြဿနာများအဖြစ် အသံထွက်လာခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်တော့။

    အစ္စရေး၏ဗုံးကြဲမှုပြီးဆုံးပြီး သိပ်မကြာခင်မှာပင် Amnesty International က “ထိုတိုက်ခိုက်မှုများမှာ အရပ်သားများနှင့် အရပ်သားများ၏ ပိုင်ဆိုင်မှုများကို တမင်သက်သက် ပစ်မှတ်ထား ဆောင်ရွက်ပုံပေါ်ပြီး စစ်ရာဇ၀တ်မှုတွင် အကြုံးဝင်သည်” ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ပါလက်စတိုင်းပြည်သူများအပေါ် အစ္စရေးတို့၏ လုပ်ရပ်များကို မှတ်တမ်းတင်ထားသော အစီရင်ခံစာတစ်စောင်ကိုလည်း ထိုအဖွဲ့က ထုတ်ပြန်ခဲ့သည်။

    “အစ္စရေးတပ်ဖွဲ့တွေဟာ….. အရပ်သားတွေရဲ့ အိမ်တွေကို အကြိမ်ကြိမ်အခါခါ တိုက်ခိုက်ခြင်း၊ လူသတ်ပွဲနဲ့မခြား လုပ်ပြခြင်းဖြင့် စစ်ပွဲ၏ ဥပဒေများကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခဲ့သည် ” ဟု Amnesty အဖွဲ့၏ အရှေ့အလယ်ပိုင်းနှင့် အမြောက်အာဖရိကဆိုင်ရာ ဒါရိုက်တာ ဖီးလစ် လူသာက ပြောကြားခဲ့သည်။

    “အစ္စရေးတပ်ဖွဲ့တွေက အရပ်သားအိမ်တွေဆီ တိုက်ခိုက်မှုတွေကို ဒီအစီရင်ခံစာမှာ ဖော်ပြထားပြီး ဒါတွေက သတိပေးချက်မရတဲ့၊ ထွက်ပြေးဖို့အခွင့်အရေးမရတဲ့ ပါလက်စတိုင်းပြည်သူတွေရဲ့ အသက်တွေအပေါ် အလေးမထားမှုကို တုန်လှုပ်ဖွယ်ရာ တွေ့ရတာလည်းဖြစ်ပါတယ်”

    “လူနေအိမ်တွေကို ထပ်ခါတစ်လဲလဲနဲ့ မသင့်လျော်တဲ့တိုက်ခိုက်မှုတွေက အစ္စရေးရဲ့ လက်ရှိ စစ်ဘက်နည်းလမ်းတွေဟာ သိသိသာသာ အပြစ်အနာအဆာရှိနေပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့လည်း အခြေခံကျကျကို ဆန့်ကျင်နေပါတယ်” ဟု လူသာက ထပ်လောင်းပြောကြားခဲ့သည်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကမူ အစ္စရေး၏ လုပ်ရပ်များကို ကာကွယ်ပြောကြားခဲ့ပြီး ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ဝေဖန်မှုများကို ပယ်ချခဲ့သည်။

    “အစ္စရေးဟာ နိုင်ငံတကာဥပဒေအရ ကိုယ့်ကိုယ်ကို ကာကွယ်တာပါ။ ဒီလိုပြောတာ ကျွန်တော်တို့ တစ်နိုင်ငံတည်း မဟုတ်ပါဘူး” ဟု ၂၀၁၄ ခုနှစ်က ပြည်သူအား ပြောကြားသော မိန့်ခွန်း၌ ထည့်သွင်းပြောဆိုခဲ့သည်။

    အဆိုပါအသနားခံစာ၏ တရားဝင်မှုကလွဲလျှင် အမှန်တစ်ကယ် အရာရောက်သည့် ရလဒ်မျိုး ထွက်လာနိုင်သည့် အလားအလာမရှိ။

    ယူကေ၏ နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာ ရုံးမှ အလ်ဂျာဇီးရားသို့ ပြောကြားရာတွင် နိုင်ငံတကာ ဥပဒေအောက်၌ မိမိနိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံခြား တိုင်းပြည်အစိုးရ၏ အကြီးအကဲတစ်ဦးမှာ ဥပဒေရေးရာ လုပ်ငန်းစဉ်များနှင့် ကင်းလွတ်ခွင့်ရှိပြီး ဖမ်းဆီး ထိန်းသိမ်း၍ မရဟု ဆိုသည်။

    သို့သော်လည်း အဓိကအချက်က အစိုးရ၏ အရေးယူမှုများ မဟုတ်ဘဲ၊ ပြည်သူများ၏ တုံ့ပြန်မှုသာ ဖြစ်လေသည်။

    “လက်မှတ်တစ်သောင်းလောက်ထက်ပိုပြီး ကျွန်တော် မမှန်းခဲ့ပါဘူး။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး မီးမောင်းထိုးပြချင်ရုံလောက်ပါပဲ။ ဒါကြီးကို လစ်လျူမရှုစေချင်ပါဘူး”

    Source: Al Jazeera

  • အာရပ်-အမေရိကန်များအား ပြည်ဝင်ခွင့်မပေးသည့် အစ္စရေးကို အမေရိကန် သတိပေး

    အာရပ်-အမေရိကန်များအား ပြည်ဝင်ခွင့်မပေးသည့် အစ္စရေးကို အမေရိကန် သတိပေး

    သြဂုတ် ၁၉၊ ၂၀၁၅
    M-Media

    is

    – ပါလက်စတိုင်း-အမေရိကန်တစ်ဦးကို အစ္စရေးက ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် အမေရိကန်နိုင်ငံသားများအပေါ် အစ္စရေး၏ ဆက်ဆံပုံနှင့်စပ်လျဉ်း၍ မိမိတို့အနေဖြင့် စိုးရိမ်မိသည်ဟု အမေရိကန်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    “ဇာတိ ဒါမှမဟုတ် လူမျိုးတွေကို ဂရုမထားဘဲ အမေရိကန်နိုင်ငံသားအားလုံးအပေါ် တူညီတဲ့ ဆက်ဆံမှုနဲ့ လွတ်လပ်ခွင့်ကို အမေရိကန်အစိုးရက လိုချင်ပါတယ်။ အထူးသဖြင့် ပါလက်စတိုင်း-အမေရိကန်နဲ့ အခြား အာရပ်အမေရိကန်တွေ အစ္စရေး နယ်စပ်နဲ့ စစ်ဆေးရေးဂိတ်တွေမှာ မမျှမတ ဆက်ဆံခံရတာကို အမေရိကန်က စိုးရိမ်ပါတယ်” ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကီရ်ဘီက ပြောကြားခဲ့သည်။

    ပါလက်စတိုင်းအာဏာပိုင်များက ထုတ်ပေးထားသော ID ကို ရယူပိုင်ခွင့်ရှိသည့် အမေရိကန်နိုင်ငံသားများ တလ်အဗီးမြို့အပြင်ဘက်ရှိ ဘင်ဂူရီယန်လေဆိပ်သို့ ရောက်ရှိပြီးနောက်တွင် အစ္စရေးက ပြည်ဝင်ခွင့်မပေးခဲ့ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် အမေရိကန်အစိုးရက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

    ကီရ်ဘီမှာ အဖြစ်အပျက်တစ်ခုခုကို ကိုကားခဲ့ခြင်းမရှိဘဲ အစ္စရေးအာဏာပိုင်အားလုံးကို ရည်ရွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

    အစ္စရေးကမူ လူတစ်ယောက်မှာ အမေရိကန်နိုင်ငံသား ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ၎င်း၏ မိဘ၊ သို့မဟုတ် အဖိုးအဖွားများမှာ ပါလက်စတိုင်းပိုင်နက်များအတွင်း နေထိုင်သူ၊ သို့မဟုတ် မွေးဖွားသူဖြစ်ပါက ထိုပုဂ္ဂိုလ်မှာ ပါလက်စတိုင်း ID ကို ပြရမည်ဖြစ်ပြီး၊ ထိုသို့ပြလျှင်လည်း လေဆိပ်မှ ၀င်ခွင့်မရဘဲ ဂျော်ဒန်နယ်စပ်ရှိ အဲလန်ဘီတံတားမှသာ ၀င်ခွင့်ပေးမည်ဟု သတ်မှတ်ထားသည်။

    အမေရိကန်အစိုးရ ၀ဘ်ဆိုက်တွင်မှု အစ္စရေးမှာ ပါလက်စတိုင်းနိုင်သား သို့မဟုတ် နိုင်ငံနှစ်ခု၏ နိုင်ငံသားအဖြစ် ခံယူထားသူအများစုမှာ ဘင်ဂူရီယန်လေဆိပ်သို့ ရောက်ရှိသည့်အခါ ၀င်ခွင့်မပေးဘဲ၊ ၀င်ခွင့်ရသူများကိုလည်း ဘင်ဂူရီယန်လေဆိပ်မှ ပြန်လည်ထွက်ခွာခွင့်မပြုဟု ဖော်ပြထားပြီး ထိုကိစ္စအတွက်လည်း အစ္စရေးကို သတိပေးထားသည်။

    ကီရ်ဘီကမူ ထိုကိစ္စမှာ အမေရိကန်နှင့် အစ္စရေးတို့အကြား လက်ရှိဆွေးနွေးရမည့် ကိစ္စတစ်ခုဖြစ်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Alarabiya

  • ခရစ်ယာန်ချာ့ခ်ျ ဘုရားကျောင်းများကို မီးတိုက်ရန် အစ္စရေး အစွန်းရောက်ခေါင်းဆောင် လှုံ့ဆော်

    ခရစ်ယာန်ချာ့ခ်ျ ဘုရားကျောင်းများကို မီးတိုက်ရန် အစ္စရေး အစွန်းရောက်ခေါင်းဆောင် လှုံ့ဆော်

    သြဂုတ် ၉ ၊ ၂၀၁၅
    M-Media
    988451891
    ဂျေရုဆလင်။    ။ သဟဇာတဖြစ်မှု ဆန့်ကျင်ရေး အစွန်းရောက်အုပ်စု Lehava ၏ ခေါင်းဆောင် ဘင်ဇီ ဂေါ့ဗ်စတိန်း(Benzi Gopstein) သည် ဂျူးဘာသာရေး ကျောင်းသားများနှင့် တွေ့ဆုံမှု တစ်ရပ်၌ ခရစ်ယာန်ဝတ်ပြုကျောင်းများကို ဖျက်ဆီးပစ်ရမည်ဟု ပြောကြားခဲ့သည်။

    ယင်းဟောပြောပွဲသို့ တက်ရောက်လာသည့် ဂျူး ဘုန်းတော်ကြီး မိုရှေးကလိန်း Moshe Klein က ဂေါ့ဗ်စတိန်း၏ ရပ်တည်ချက်ကို မေးခွန်း ထုတ်လိုက်ပြီး အဆိုပါခြေလှမ်းမျိုးအား လက်ရှိ ကမ္ဘာက ဆန့်ကျင်ဖို့လိုအပ်ကြောင်း အချေအတင် ပြောဆိုလိုက်သလို၊ ဘင်ဇီဂေါ့ဗ်စတိန်း၏ပြောကြားမှုအပေါ် တုန်လှုပ်မိကြောင်း ဂျာနယ်လစ် ဘင်နီ ရာဗင်နိုဗိခ်ျ Beny Ravinovich ကလည်း ဆိုခဲ့သည်။

    စကားအချေအတင်လွန်ဆွဲမှုပြီးသည့်နောက်ဝယ် ဂေါ့ဗ်စတိန်းက မိမိသည် အကြမ်းဖက်မှုလှုံ့ဆော်ရန် ပြောဆိုခြင်းမဟုတ်၊ စပိန်နွယ် ဂျူးလူမျိုးဖြစ်သော ဘုန်းတော်ကြီး Rambam Maimonides ၏ အတွေးအမြင်ကို ရှင်းလင်းတင်ပြခြင်းသာဖြစ်သည်ဟု ဆိုသည်။

    လီဟာဗာ Lehava သည် ဂျူးနှင့် ဂျူး မဟုတ်သူများအကြား သဟဇာတဖြစ်ရေးအပေါ် ဆန့်ကျင်သည့် အတွေးအမြင်များကို ဖြန့်ဖြူးနေပြီး၊ လိင်တူဆက်ဆံမှုကို ပြစ်တင်ရှုတ်ချနေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

    ထိုအချက်နှင့်ပတ်သက်၍ ခေတ်သစ် ဂျူးဝါဒနှင့်ပြန်လည်ပြုပြင်ရေးဆိုင်ရာ တရားဝင် အဖွဲ့အစည်းဖြစ်သော အစ္စရေး ဘာသာရေးစင်တာ IRAC – Israel Movement for Reform and Progressive Judaism မှ ဂေါ့ဗ်စတိန်း၏ မှတ်ချက်များအပေါ် စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောကြားသည်။ IRAC သည် သူ၏အငြင်းပွားဖွယ် အမြင်ရှုထောင့်များအား အာဏာပိုင်များ၏ခေါ်ယူမေးမြန်းမှုခံယူရန် ကနဦးကပင် တောင်းဆိုထားခဲ့သည်။

    ဂေါ့ဗ်စတိန်း၏ စကားရပ်များအတွက် ချက်ခြင်း အရေးယူမှု မပြုပါက ဥပဒေစနစ်မှာ သွေးထိုးလှုံ့ဆော်မှု၊ လူမျိုးခွဲခြားမှုနှင့် အကြမ်းဖက်မှုများကို ခွင့်ပြုထားသည်ဟု အစ္စရေး လူ့အဖွဲ့အစည်းအပေါ် အများမှ သတ်မှတ်လိမ့်မည်ဖြစ်ကြောင်း IRAC ခေါင်းဆောင် ဘုန်းတော်ကြီး ဂီလာ့ဒ် ကာရိဗ် Gilad Kariv က ပြောဆိုလိုက်သည်ဟု ကြာသပတေးနေ့ထုတ် Haaretz နေ့စဉ် သတင်းစာ၌ ရေးသားဖော်ပြခဲ့သည်။

    –IANS/EFE

    ဓါတ်ပုံအညွှန်း- ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ အတွင်း တရားရုံမှာ အမှုရင်ဆိုင်နေရသည့် ဘင်ဇီ ဂေါ့ဗ်စတိန်း

  • အစ္စရေးရှိ ခရစ်ယာန်ဘုရားကျောင်းကို ဂျူးလူရမ်းကားများ မီးရှို့

    အစ္စရေးရှိ ခရစ်ယာန်ဘုရားကျောင်းကို ဂျူးလူရမ်းကားများ မီးရှို့

    ဇွန် ၁၉၊ ၂၀၁၅
    M-Media

    church
    “မှားယွင်းသော ရုပ်ထုကိုးကွယ်မှုများကို ဖျက်ဆီးပစ်ရမည်” ဟု ဟီဘရူးဘာသာစကားဖြင့် ဘုရားကျောင်းနံရံတွင် ရေးသားထားစဉ်

    church

    – ယေရူခရစ် တန်ခိုးပြရာနေရာဟု ခရစ်ယာန်ဘာသာဝင်များက ယုံကြည်ကြသော အစ္စရေးတောင်ပိုင်း နေရာတစ်ခုတွင် အမှတ်အသားပြု၍ ဆောက်လုပ်ထားသည့် ခရစ်ယာန်ဘုရားကျောင်းကို လူရမ်းကားတစ်စုက ယမန်နေ့တွင် မီးရှို့ခဲ့ကြပြီး ရဲတပ်ဖွဲ့က
    အမုန်းတရားကြောင့် ဖြစ်ပေါ်သည့် ရာဇ၀တ်မှုအဖြစ် စုံစမ်းမှုများ ပြုလုပ်နေသည်။

    Church of the Multiplication of the Loaves and the Fishes အမည်ရသည့် ဘုရားကျောင်းဖြစ်ပြီး ထိုနေရာတွင် ပေါင်မုန့်ငါးလုံး၊ ငါးနှစ်ကောင်ဖြင့် လူပေါင်း ၅၀၀၀ ကို ကျွေးမွေးနိုင်ရန် ယေရှုခရစ်က တန်ခိုးဖြင့် ပြောင်းလဲပေးခဲ့သည်ဟု ခရစ်ယာန်ကျမ်းစာများ၌ ဖော်ပြထားသည်။

    ဂျူးလူရမ်းကားများ၏ မီးရှို့မှုကြောင့် ဘုရားကျောင်း၏ စတိုခန်းနှင့် ရုံးခန်းအချို့မှာ ဆိုးဝါးစွာ ပျက်ဆီးခဲ့ရပြီး ၀တ်ပြုဆုတောင်းသည့် အခန်းတစ်ခုမှာလည်း အနည်းငယ် ပျက်ဆီးခဲ့သည်။ သို့သော်လည်း ရှေးဟောင်းအနုပညာလက်ရာများနှင့် အဓိက အထွဋ်အမြတ်ထားရာ နေရာတို့မှာ ထိခိုက်ခဲ့ခြင်း မရှိချေ။

    မီးရှို့မှုအတွက် ထိုနေရာအနီးတစ်ဝိုက်တွင် နေထိုင်သည့် အရွယ်မရောက်သေးသော ဂျူးလူငယ် ၁၆ ဦးကို ရဲတပ်ဖွဲ့က ခေါ်ယူမေးမြန်းခဲ့ပြီး နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။

    အစ္စရေးရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မစ်ကီ ရိုဆန်ဖဲလ်ဒ်ကမူ အဆိုပါမီးရှို့မှုမှာ ယခင်က ဘုန်းကြီးကျောင်းများ၊ ဘုရားကျောင်းများ၊ ဗလီများနှင့် သုဿန်များကို ပစ်မှတ်ထားဖျက်ဆီးကြသည့် ဂျူးအစွန်းရောက်များ၏ လုပ်ရပ်များနှင့် ဆင်တူနေသည်ဟု ပြောကြားခဲ့သည်။ထိုဘုရားကျောင်း၏ နံရံ၌လည်း “မှားယွင်းသော ရုပ်ထုကိုးကွယ်မှုများကို ဖျက်ဆီးပစ်ရမည်” ဟု အဓိပ္ပါယ်ရသည့် ဂျူးဆုတောင်းစာမှ စာကြောင်းတစ်ကြောင်းကို လူရမ်းကာများက ဟီဘရူးဘာသာစကားဖြင့် ဂရပ်ဖစ်တီ ရေးသားခဲ့သည်။

    ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းတွင် အစ္စရေးက ကျူးကျော်ဆောက်လုပ်သည့် တရားမ၀င် ဂျူးအခြေချအိမ်ရာများအား ပါလက်စတိုင်းများနှင့် အစ္စရေးအာဏာပိုင်များက ကန့်ကွက်မှုအတွက် ဂျူးအစွန်းရောက်များက ခရစ်ယာန်ဘုရားကျောင်းများနှင့် ဗလီများကို ထိုကဲ့သို့ တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် အစ္စရေးနိုင်ငံတစ်ဝှမ်း ပြန့်နှံခဲ့ပြီ ဖြစ်သည်။

    ထိုကဲ့သို့ အမုန်းတရားကို အခြေခံသော တိုက်ခိုက်မှုများကို အကြမ်းဖက်ဝါဒအဖြစ် သတ်မှတ်ရန်အတွက် အစ္စရေးတွင် ဆွေးနွေးငြင်းခုံမှုများလည်း ရှိနေသည်။

    “ဒီဘုရားကျောင်းကို တုန်လှုပ်ဖွယ် မီးရှို့မှုဟာ ကျွန်တော်တို့အားလုံးကို နာကျင်စေပါတယ်” ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောကြားခဲ့ပြီး စက်ဆုပ်ဖွယ်ကောင်းသည့် အဆိုပါ လုပ်ရပ်အတွက် တာဝန်ရှိသူကို တရားဥပဒေရှေ့မှောက်သို့ ခေါ်ဆောင်လာမည်ဟု ယမန်နေ့တွင် ကတိပြုခဲ့သည်။

    Ref: Washingtonpost

  • ဂါဇာတိုက်ခိုက်မှု အတွင်း မြင်သမျှ ပါလက်စတိုင်း အားလုံး ပစ်ရန် အစ္စရေး စစ်တပ် အမိန့်ပေးခဲ့ကြောင်း အစီရင်ခံစာထွက်

    ဂါဇာတိုက်ခိုက်မှု အတွင်း မြင်သမျှ ပါလက်စတိုင်း အားလုံး ပစ်ရန် အစ္စရေး စစ်တပ် အမိန့်ပေးခဲ့ကြောင်း အစီရင်ခံစာထွက်

    မေ ၅၊ ၂၀၁၅
    M-Media

    – ပြီးခဲ့သည့်နှစ် နွေရာသီက ဂါဇာကမ်းမြှောင်အား ကျူးကျော်တိုက်ခိုက်မှုအတွင်း အစ္စရေးစစ်သားများမှာ မြင်မြင်သမျှကို ပစ်ခတ်ရန် အမိန့်ပေးခြင်း ခံခဲ့ရပြီး ဂါဇာပြည်သူများနေထိုင်ရာ နေရာများမှာလည်း တိကျမှုမရှိသော လက်နက်များဖြင့် တမင်တကာ ပစ်ခတ်ခြင်းခံခဲ့ရသည်ဟု အစ္စရေး NGO အဖွဲ့တစ်ခုဖြစ်သော Breaking the Silence အဖွဲ့မှ ထုတ်ပြန်သည့် အစီရင်ခံစာတွင်
    ဖော်ပြထားသည်။

    အစ္စရေးစစ်သားဟောင်းများက ဆောင်ရွက်နေသည့် အဆိုပါ NGO မှာ ဂါဇာပြည်သူ ၂၂၀၀ ကျော် သေဆုံးခဲ့သည့် ထိုတိုက်ခိုက်မှုပြီးနောက် ၈ လကြာ စုံစမ်းစစ်ဆေး မှုများ ပြလုပ်ခဲ့ပြီး ၂၃၇ မျက်နှာပါသော အဆိုပါအစီရင်ခံစာကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

    ရက် ၅၀ ကြာမြင့်ခဲ့သည့် ဂါဇာတိုက်ခိုက်မှုအတွင်း ပါဝင်ခဲ့သော အစ္စရေး ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များမှ ဗိုလ်မှူးအဆင့်အထိ စစ်သားများကို စုံစမ်းစစ်ဆေးမှု အတွင်း တွေ့ဆုံမေးမြန်းခဲ့သည်။ အစီရင်ခံစာတွင် လည်း စစ်သားများ၏ အဆင့်နှင့် တာဝန်ထမ်းဆောင်သည့် တပ်ဖွဲ့တို့ကိုသာ ဖော်ပြခဲ့ပြီး ၎င်းတို့၏ လုံခြုံမှုကို ကာကွယ်ရန် အမည်များကို ဖော်ပြခဲ့ခြင်း မရှိပေ။

    ဟာမက်စ်မှ ဒုံးကျည်များ ပစ်လွှတ်မှုအား တုံ့ပြန်သည်ဟုဆိုကာ ပြုလုပ်ခဲ့သည့် အဆိုပါ တိုက်ခိုက်မှုအတွင်း အရပ်သားများ သေကြေပျက်ဆီးမှုကို ရှောင်ရှားရန် ဂရုစိုက်ခဲ့သည်ဟု အစ္စရေး တာဝန်ရှိသူများက ပြောကြားခဲ့သော်လည်း Breaking the Silence ၏
    တွေ့ရှိမှုများမှာ ထိုပြောကြားချက်နှင့် ကွဲလွဲနေသည်။ ဝေဖန်သူများကလည်း အစ္စရေးစစ်သားများမှာ မလျော်ကန်စွာ တုန့်ပြန်ခဲ့သည်ဟု ပြောကြားခဲ့ကြသည်။

    Breaking the Silence မှ စုဆောင်းရရှိခဲ့သည့် အစ္စရေးစစ်သားများ၏ ၀န်ခံမှုတွင် စစ်သားတစ်ဦးချင်းစီမှာ ဂါဇာပြည်သူများအား ပစ်သတ်ခြင်း၊ အခြားသော ဆောင်ရွက်မှုများကို လုပ်နိုင်သည့်အချိန်တွင် ပြည်သူများအ အသက်အန္တရာယ်ရှိစေသာ ကိစ္စများကို အစ္စရေးစစ်ဘက် ထိပ်တန်းအရာရှိများက ဆုံးဖြတ်ခြင်း စသည်တို့ ပါဝင်သည်။

    ထို့ပြင် ဂါဇာကမ်းမြှောင်အတွင်း တွေ့ရှိရသည့် မည်သူမဆို ရန်သူအဖြစ် ယူဆရမည်ဟု အစ္စရေးစစ်သားများအား ညွှန်ကြားထားကြောင်း၊ ထိုယူဆချက်ကြောင့် တပ်မှူးများကလည်း တွေ့ရှိသူတိုင်းကို ပစ်သတ်ရန် လက်အောက်ရှိ စစ်သားများအား အမိန့်ပေးထားကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    စစ်သားတစ်ဦကမူ စေ့စပ်မှုစည်းကမ်းများတွင် အစ္စရေးစစ်သားအချင်းချင်း ပြန်၍ မပစ်ခတ်ရဟူသော စည်းကမ်းချက်တစ်ခုသာရှိသည်ဟု ဆိုသည်။

    “တိုက်ပွဲစတိုင်းမှာ သူတို့က “မြင်မြင်သမျှ ပစ်သာပစ်” လို့ ကျွန်တော်တို့ကို ပြောပါတယ်။ IDF (အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့) က အဲဒီမှာ အရပ်သားတွေနေတယ်လို့ မယူဆပါဘူ” ဟု ၎င်းက ပြောကြားခဲ့သည်။

    အခြားစစ်သားတစ်ဦးက ချက်ခြင်းတိုက်ခိုက်မည်ဟူသော သတိပေး စာရွက်အား ဂါဇာတွင် ကြဲချခဲ့ပြီးသည့်နောက် ထိုဒေသအတွင်း ကျန်ရှိနေသူအားလုံးမှာ စစ်သွေးကြွများသာဖြစ်သည်ဟု မိမိတို့က ယူဆကြောင်း ပြောကြားခဲ့သည်။

    အဆောက်အဦးများအား ဗုံးကြဲမှုတွင်လည်း အစ္စရေးက မိမိတို့မှာ ဗုံးမကြဲခင် အရပ်သားများ တိမ်းရှောင်ချိန်ရရန်အတွက် သတိပေးဗုံးတစ်ခုကို ချပြီး ထိုသို့ လုပ်ဆောင်ခြင်းကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရမှုမှာ အနည်းဆုံး ဖြစ်ခဲ့သည်ဟု ပြောကြားခဲ့သော်လည်း လက်တွေ့တွင် ထိုကဲ့သို့ မဟုတ်သည်ကိုလည်း တွေ့ရှိခဲ့ရသည်။

    အစ္စရေးစစ်သားတစ်ဦးက ခီရန်ဘတ် ခူဇာဒေသရှိ ၅ ထပ်အဆောက်အဦးအား ဗုံးကြဲရာတွင် သတိပေးဗုံးချပြီး ချက်ခြင်းဆိုသလိုပင် ဗုံးအစစ်ကို ချခဲ့ကြောင်း၊ အချိန် စက္ကန့် ၃၀နှင့် ၁ မိနစ်အတွင်း ပြည်သူများမှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရန်မှာ မဖြစ်နိုင်ကြောင်း ၀န်ခံခဲ့သည်။

    Breaking the Silence ကမူ အစ္စရေးစစ်တပ်မှ လက်နက်ကြီးများ၊ မော်တာများကဲ့သို့ တိကျမှုမရှိသော လက်နက်များဖြင့် တိုက်ခိုက်ခြင်းကို ၎င်းတို့၏ အစီရင်ခံစာတွင် ရှုတ်ချခဲ့သည်။

    အစ္စရေးက ထိုအစီရင်ခံစာအား ပယ်ချခဲ့ပြီး ထိုအစီရင်ခံစာပါ အချက်များမှာ သက်သေမရှိဘဲ၊ မိမိတို့ကလည်း စုံစမ်းစစ်ဆေးမှု မပြုလုပ်နိုင်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ထိုအစီရင်ခံစာမှာ အစ္စရေးက ဂါဇာအားတိုက်ခိုက်မှုအတွင်း စစ်ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သည်ဆိုသော ပါလက်စတိုင်း၏ တိုင်ကြားမှုအား ပိုမိုအားကောင်းသွားစေခဲ့သည်။

    Ref: RT, Aljazeera

    http://wp.me/p2QCYJ-awL