News @ M-Media

အစ္စရေးနှင့် ဆက်ဆံရေးတည်ဆောက်နိုင်လျှင် ဒေသအတွက် အကျိုးရှိမည်ဟု ဆော်ဒီပြော

ဧပြီ ၂၊ ၂၀၂၁
M-Media

-အစ္စရေးနဲ့ မိမိတို့ ဆက်ဆံရေးတည်ဆောက်တာဟာ ဒေသအတွက် အကျိုးရှိမှာဖြစ်တယ်လို့ ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပြီး ဒါဟာ ငြိမ်ချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုအအပေါ်မှာ အဓိကမူတည်တယ်လို့ ဆိုပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဖိုက်ဆဲလ် ဘင် ဖာရ်ဟန် အလ် ဆာအွဒ်ဟာ CNN နဲ့ မနေ့ကလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဒီလိုမှတ်ချက်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၆၇ ခုနှစ် နယ်နမိတ်အတိုင်း ပါ​လက်စတိုင်းနိုင်ငံ ပေါ်ပေါက်လာမှ ဆော်ဒီက အစ္စရေးနဲ့ ဆက်ဆံရေးတည်ဆောက်မယ်လို့လည်း သူက ဆိုပါတယ်။

“ဒါဟာ စီးပွားရေးအရ၊ လူမှုရေးအရ၊ လုံခြုံရေး ရှုထောင့်အရ တော်တော်လေးကို အကူအညီဖြစ်စေမှာပါ။ ဒီဆက်ဆံရေးဖြစ်မြောက်ဖို့ ပါလက်စတိုင်းတွေ လက်ခံနိုင်ပြီး ဂုဏ်သိက္ခာရှိတဲ့၊ အချုပ်အခြာအာဏာ ပိုင်ခွင့်ရှိတဲ့ ပါလက်စတိုင်းနိုင်ငံ ဖြစ်ပေါ်လာစေမယ့် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခု လိုအပ်ပါတယ်”

ဒီသဘောထားဟာ ဆော်ဒီအာရေဗျနိုင်ငံရဲ့ အရင်ကတည်းက ထားရှိခဲ့တဲ့ သဘောထား ဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က ယူအေအီး၊ ဘာရိန်း၊ ဆူဒန်နဲ့ မော်ရိုကိုတို့ဟာ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်ဖို့ သဘောတူညီခဲ့ကြပါတယ်။ အမေရိကန် ကြားဝင်ဆောင်ရွက်ပေးတဲ့ ဒီသဘောတူညီချက်ကို ‘အီဘရာဟင် သဘောတူညီချက်’ လို့လည်း ခေါ်ဆိုပါတယ်။

အရှေ့အလယ်ပိုင်းနဲ့ အစ္စလာမ်ကမ္ဘာမှာ ဩဇာရှိတဲ့ ဆော်ဒီအာရေဗျ ဒီသဘောတူညီချက်မှာ ပါဝင်လာဖို့အတွက် အမေရိကန်က အလိုရှိနေပါတယ်။

ပါလက်စတိုင်းကတော့ အာရပ်နိုင်ငံတွေ အစ္စရေးနဲ့ ဆက်ဆံရေးတည်ဆောက်တာဟာ သူတို့နောက်ကျောကို ဓားနဲ့ထိုးတာဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

Ref: Aljazeera