News @ M-Media

Tag: Israel

  • အလ်-အက်ဆာ ဗလီအား ဖြိုဖျက်ရန် အစ္စရေး စီစဉ်နေသည်ဟု ပါလက်စတိုင်းပြော

    မတ် ၃၁၊ ၂၀၁၄
    M-Media

    – ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်အား သိမ်းပိုက်ထားသည့် အစ္စရေးမှာ အလ်-အက်ဆာ (Masjid Al-Aqsa) ဗလီဝတ်ကျောင်းတော်အား ဖြိုဖျက်ရန် စီစဉ်နေသည်ဟု ပါလက်စတိုင်းအစိုးရ၏ သာသနာရေးဝန်ကြီး မဟ်မူဒ် အလ်-ဟက်ဘာ့ရှ်က ပြောကြားခဲ့သည်။

    336430_al-Aqsa-Mosque

    လွန်ခဲ့သည့်လများမှစ၍ အစ္စရေး စစ်သားများနှင့် အစွန်းရောက်များက အလ် အက်ဆာ ဗလီဝတ်ကျောင်းတော်သို့ ၀တ်ပြုရန် လာရောက်ကြသည့် ပါလက်စတိုင်းများအား တိုက်ခိုက်မှုများ ဖြစ်ပွားလာခဲ့ပြီး၊ နှစ်ဖက် ထိပ်တိုက်တွေ့ဆုံမှုများလည်းရှိခဲ့သည်။

    “အစ္စရေးအစိုးရက ထောက်ခံပြီး၊ အစ္စရေးစစ်တပ်က ကာကွယ်ပေးထားတဲ့ ဒီအစီအစဉ်ကို စနစ်တကျနဲ့၊ ဖြည်ဖြည်းခြင်း အစ္စရေးက လုပ်ဆောင်နေတာပါ။ သူရဲ့ရည်ရွယ်ချက်က အလ် အက်ဆာကို ပိုင်းခြားဖို့ ဖြစ်တယ်ဆိုတာ ကျွန်တော်ပြောပါမယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ဟာ အက်ဆာ ဗလီတ်ကျောင်းတော်ကို ဖယ်ရှားဖို့ပါ” ဟု ဟက်ဘာ့ရှ်က အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    အစ္စရေးမှာ အဆိုပါ ဗလီဝတ်ကျောင်းတော် အတွင်းသို့ မွတ်စလင်များ ၀င်ရောက်ဝတ်ပြုခြင်းကို တားဆီးရန် တင်းကျပ်သည့် ကန့်သတ်ချက်များကို ပြဌာန်းထားသည်။ ထို့ပြင် ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အား ၀င်ရောက်သိမ်းပိုက်ရန် အစီအစဉ်တစ်ခုကို အစ္စရေးပါလီမန်၌ ဖေဖော်ရီ ၂၅ ရက်နေ့က ဆွေးနွေးခဲ့ကြသေးသည်။

    အစ္စရေး၏ ထိုလုပ်ရပ်အား ပါလက်စတိုင်းများက ရှုတ်ချခဲ့ပြီး အာရပ်လူမျိုးများနှင့် အစ္စလာမ့် ယဉ်ကျေးမှုကို ဖျက်ဆီးရန် ကြိုစားခြင်းဖြစ်သည်ဟု ပြောကြား ခဲ့သည်။ အရှေ့ဂျေရုစလင်အား ပါလက်စတိုင်း၏ မြို့တော်အဖြစ် သတ်မှတ်ရန် ပါလက်စတိုင်းတို့က ဆန္ဒရှိနေပြီး ရှေးဟောင်းအမွေအနှစ်များကိုလည်း ပကတိအတိုင်း ကျန်ရှိနေစေချင်ကြသည်။

    လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်းကပင် တရားမ၀င်အိမ်ရာများဆောက်လုပ်ခြင်း၊ သမိုင်းဝင်နေရာများဖျက်ဆီးခြင်းနှင့် ဒေသခံပါလက်စတိုင်းများအား မောင်းထုတ်ခြင်းတို့ကို ပြုလုပ်ကာ အရှေ့ဂျေရုစလင်၏  ပထ၀ီအနေအထားနှင့် လူအဖွဲ့အစည်းတို့အား ပြောင်းပစ်ရန် အစ္စရေးတို့က ကြိုးစားခဲ့သည်။
    PG/HMV/SL

  • ဂျော်ဒန် တရားသူကြီး တစ်ဦးအား အစ္စရေးက ပစ်သတ်မှု အစ္စရေးသံရုံး ပိတ်ပစ်ရန် ဂျော်ဒန်ပြည်သူများ ဆန္ဒပြ

    မတ် ၂၉ ၊ ၂၀၁၄
    M-Media

    – ဂျော်ဒန်တရားသူကြီးတစ်ဦးအား အစ္စရေးစစ်တပ်မှ ယခုလအစောပိုင်းတွင် ပစ်သတ်ခဲ့ပြီး၊ ထိုကျူးလွန်မှုအား တုံ့ပြန်သည့်အနေဖြင့် အမ်နန်ရှိ အစ္စရေးသံရုံးအား ပိတ်ပစ်ရန် ဂျော်ဒန်ပြည်သူများက ယမန်နေ့တွင် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    000_Nic6306089-635x339

    ယမန်နေ့ သောကြာဝတ်ပြုမှုအပြီးတွင် ထောင်ပေါင်းများစွာသော ဂျော်ဒန်ပြည်သူများမှာ မြို့တော် အမ်နန်တွင် ဆန္ဒပြခဲ့ကြပြီး အစ္စရေးသံအမတ်အား တိုင်းပြည်မှ မောင်းထုတ်ရန် တောင်းဆိုခဲ့ကြသည်။ ထို့ပြင် ၁၉၉၄ ခုနှစ်က အစ္စရေးနှင့်ချုပ်ဆိုထားသော ငြိမ်းချမ်ရေး သဘောတူညီချက်ကိုလည်း ဖျက်သိမ်းပေးရန်လည်း တောင်းဆိုခဲ့ကြသည်။

    အစ္စရေးက ပိတ်ဆို့ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေတွင် မတ်လ ၁၀ ရက်နေ့က အသက် ၃၈ နှစ်အရွယ်ရှိ ဂျော်ဒန်တရားသူကြီး ရာအစ် ဇေတာကို အစ္စရေးစစ်တပ်က ပစ်သတ်ခဲ့သည်။ ထိုသတ်ဖြတ်မှုမှာ ဆိုးရွားသောရာဇ၀တ်မှုတစ်ခုဖြစ်ပြီး အစ္စရေးအစိုးရတွင် လုံးဝတာဝန် ရှိသည်ဟု ဂျော်ဒန် ၀န်ကြီးချုပ် အက်ဘ်ဒူလာ အန်ဆောရ်က ပြောကြားခဲ့သည်။

    “အစ္စရေးဘက်က တရားဝင်တောင်းပန်ဖို့ ဂျော်ဒန်က ဖိအားပေးထားပါတယ်။ ဒီပစ်ခတ်မှုအတွက် အသေးစိတ်စုံစမ်းမှုတွေမှာလည်း ဂျော်ဒန်က တစ်စိတ်တစ်ပိုင်း ပါဝင်နေပါတယ်” ဟု အန်ဆောရ်က ပစ်ခတ်မှုဖြစ်ပွားပြီးနောက်တစ်နေ့တွင် ပြောကြားခဲ့သည်။

    အဆိုပါတရားသူကြီးမှာ အစ္စရေးစစ်သား၏ လက်နက်ကို လုခြင်းကြောင့် ပစ်ခဲ့ခြင်းဖြစ်သည်ဟု အစ္စရေးအာဏာပိုင်များက ကာကွယ်ပြောကြားခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကမူ ထိုသေဆုံးမှုအပေါ် စိတ်မကောင်းဖြစ်မိသည်ဟု နောက်ပိုင်းတွင်ပြောကြားခဲ့သည်။

    အစ္စရေးစစ်တပ်က တရားသူကြီးအား အနီးကပ်ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ရာမာလာရှိ ပါလက်စတိုင်းအာဏာပိုင်များက ပြောကြားခဲ့ပြီး၊ ထိုသတ်ဖြတ်မှုကိုလည်း ရှုတ်ချခဲ့သည်။
    DB/HSN/HRB

  • ပါလက်စတိုင်းတို့ နေအိမ်များကို အစ္စရေး ဖျက်ဆီးပြန်

    မတ် ၇ ၊ ၂၀၁၄
    M-Media

    negev_demolitions

    -ပါလက်စတိုင်း လူမျိုးများ ပိုင်ဆိုင်သော အိမ်ယာများကို အကြောင်းအမျိုးအမျိုးပြ၍ ဖျက်ဆီးနေသော အစ္စရေးမှာ ဗုဒ္ဓဟူးနေ့ကလည်း နီဂျီဗ်ကန္တာရရှိ  ပါလက်စတိုင်းတို့၏ နေအိမ်များကို ထပ်မံ ဖျက်ဆီးခဲ့သည်ဟု သိရသည်။

    နီဂျီဗ် ကန္တာရအနောက်ပိုင်း  ကျေးရွာများထဲမှ အလ်-ဇာရူရာရွာရှိ အိမ်များအားလုံးကို အစ္စရေးစစ်တပ်မှ စောင့်ကြပ်ထားသည့် ဘူဒိုဇာများက ၀င်ရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

    ၂၀၁၃ ခုနှစ်နောက်ပိုင်း ဗြိတိန်ရှိ ထင်ရှားကျော်ကြားသူ အယောက် ၅၀ ကျော်မှ အတည်ပြု လက်မှတ်ထိုးခဲ့သည့်စာတွင် အစ္စရေး၏ ထိုလုပ်ရပ်များမှာ ပါလက်စတိုင်းတို့းအား ၎င်းတို့၏နေအိမ်မှ မောင်းထုတ်ခြင်းနှင့် စနစ်တကျ ခွဲခြားဆက်ဆံခြင်း၊ ခွဲထုတ်ခြင်းသာဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    ပါလက်စတိုင်း ကျေးရွာ ၃၅ ရွာကိုဖျက်ဆီးပြီး လူ ၇၀၀၀၀ ခန့်ကိုမောင်းထုတ်ရန် အစ္စရေးက Prawer အစီအစဉ်ကို ချမှတ်ထားပြီး ယခုကဲ့သို့ဖျက်ဆီးမှုမှာ ထိုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။ Prawer အစီအစဉ်ကို ၂၀၁၁ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ဟု အစ္စရေးက ခေါင်းစဉ်တပ်ထားသည်။

    အစ္စရေးမှာ ပါလက်စတိုင်းလူမျိုးများ၏ အခွင့်အရေးများကို အသိအမှတ်ပြုရန် ငြင်းပယ်ထားပြီး၊ အခြေခံဝန်ဆောင်မှုများကိုလည်း ပေးခြင်းမရှိပေ။ ထို့ပြင် ပါလက်စတိုင်းတို့နေထိုင်သည့် နေရာများကိုလည်း သိမ်းဆည်း၍ စစ်ရေးနှင့် အခြေချအိမ်ရာ ပရောဂျက်များ ဆောက်လုပ်လျက်ရှိနေသည်။ ထိုကဲ့သို့သောလုပ်ရပ်များက ထိုဒေသတွင်နေထိုင်သည့် ပါလက်စတိုင်း လူမျိုးစုလိုက်ရှင်းလင်းရေးသို့ ဦးတည်နေသည်ဟု လူ့အခွင့်အရေး အဖွဲ့များက ပြောကြားထားသည်။
    Press TV

  • ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အစ္စရေး အချိန်ဆွဲမှု ပါလက်စတိုင်း ကန့်ကွက်၊ တောင်းဆိုချက်များ မရလျှင် ဆွေးနွေးပွဲ ဆက်မလုပ်ဟုပြော

    မတ် ၃ ၊ ၂၀၁၄
    M-Media

    352982_Plaestine- Shaath-Fatah

    “အစ္စရေးတို့၏ တရားမ၀င်ကျူးကျော်နေထိုင်မှုများကို ရပ်တန့်ရန် နှင့် အစ္စရေးနိုင်ငံ အကျဉ်းထောင်များ အတွင်းရှိ ပါလက်စတိုင်းအကျဉ်းသားများကို လွှတ်ပေးမှသာလျှင် ဤငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆက်လက် ပါဝင်သွားမှာပါ ” ဟု ပါလက်စတိုင်း Fatah ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့  Nabil Shaath က တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

    ဆက်လက်၍   ဧပြီလ မှာ အပြီးသတ် ဆွေးနွေးသွားမှာဖြစ်သည့် ဒီညှိနှိုင်းပွဲများတွင် ကျွန်တော်တို့လိုချင်သော ဒီတောင်းဆိုမှုများ ပါဝင်ရမှာပါ ဟု ၄င်းက ပြောကြားခဲ့သည်။ သို့သော်လည်း အမေရိကန်သမ္မတ ဘာရက် အိုဘားမား က အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု အား  တနင်္လာနေ့က ၀ါရှင်တန်မြို့တွင် တွေ့ဆုံရာ၌ ဤကိစ္စနှင့်ပက်သက်၍ ဖိအားပေးမည်ဟုလည်း ရှက်သ်က  သံသယ ရှိနေပါသည်။

    အမေရိကန်နိုင်ငံ၏ ကြိုးကိုင် စီစဉ်သည့်အတိုင်း အစ္စရေးတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကို သတ်မှတ်ကာလ ပြီးဆုံးမည့် ဧပြီလကုန်ပြီးသည်အထိ အချိန်ဆွဲမည့် ညှိနှိုင်းပွဲအား ပါလက်စတိုင်း အာဏာပိုင်များက ဖေဖော်ဝါရီ(၂၇) ရက်နေ့တွင် ပယ်ချခဲ့သည်။

    “အကယ်လို့ အစ္စရေးတို့ဖက်မှ နိုင်ငံတကာ ဥပဒေကို မလိုက်နာနိုင်ဘူးဆိုရင် နောက်ထပ် တစ်နာရီမကကြာတဲ့ ဆွေးနွေးပွဲဆိုတာ ဘာမှ အဓိပ္ပါယ်ရှိမှာမဟုတ်ပါဘူး ” ဟု ပါလက်စတိုင်း ညှိနှိုင်းရေးခေါင်းဆောင် ဆအိဗ် အရိကတ် က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီရဲ့ ဒီဆွေးနွေးပွဲဟာ နောက်ထပ် ကိုးလလောက်ကြာဦးမှာပါဟု   ပြောကြားချက်အား ချေပ ပြောဆိုခဲ့သည်။

    အစ္စရေးတို့ သည် တဲလ်လဗစ်မြို့မှ စ၍ ပါလက်စတိုင်းနိုင်ငံ အနောက်ဘက်ကမ်း သို့ကျူးကျော်မှုများကို ရုပ်သိမ်းရန်ငြင်းဆိုခဲ့မှုများကြောင့် နှစ်နိုင်ငံ ညှိနှိုင်းရေး သည် (၂၀၁၀) စက်တင်ဘာလအတွင်း ပျက်ပြားခဲ့ပြီးနောက်၊ (၂၀၁၃) ဂျူလိုင်လတွင် တဖန် ပြန်လည် ဆွေးနွေးညှိနှိုင်းပွဲများစတင်ခဲ့ခြင်းဖြစ်သည်။

    ပါလက်စတိုင်းတို့သည် အနောက်ဘက်ကမ်း၊ အဲကွဒ်စ် ဒေသ အရှေ့ဖက်နှင့် ဂါဇာ ကမ်းမြောင် ဒေသ တို့ အား လွတ်လပ်စွာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများအဖြစ် လိုလားလျက်ရှိပြီး၊ အသိမ်းပိုက်ခံ ပါလက်စတိုင်း နယ်မြေများအား အစ္စရေးတို့ထံမှ ပြန်လည်ရယူလိုကြသည်။

    (၁၉၆၇) ခုနှစ်တွင် အစ္စရေးတို့ သိမ်းပိုက်ထားသော တဲလ်လဗစ်မြို့ နှင့် အဲလ်ကွဒ်စ် ဒေသ ကိုလည်း ပြန်ပေးရန်ငြင်းဆိုခဲ့ပြီး ၊ အဲလ်ကွဒ်စ် အရှေ့ဖက်နှင့် အနောက်ဘက်ကမ်းဒေသများတွင် အစ္စရေးတို့၏ တရားမ၀င် ကျူးကျော် ဆောက်လုပ်နေထိုင်မှုများရှိနေဆဲဖြစ်သည်။                           ။

    IA/MAM/AS

  • ပါလက်စတိုင်း ပိုင်နက်များတွင် အစ္စရေး၏ လူ့အခွင့်ရေး ချိုးဖောက်မှုများနှင့် ပတ်သက်သည့် အစီရင်ခံစာ တစ်စောင် ကုလသို့ပေးပို့

    ပါလက်စတိုင်း ပိုင်နက်များတွင် အစ္စရေး၏ လူ့အခွင့်ရေး ချိုးဖောက်မှုများနှင့် ပတ်သက်သည့် အစီရင်ခံစာ တစ်စောင် ကုလသို့ပေးပို့

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၄
    M-Media

    – ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေတွင် ပြုလုပ်နေသော အစ္စရေး၏ ပေါ်လစီများနှင့် ဂါဇာကမ်းမြှောင်ဒေသအား ပိတ်ဆို့ထားခြင်းမှာ လူမျိုးစု အလိုက် ခွဲခြားဆက်ဆံသောလုပ်ရပ်နှင့် တူညီနေသည်ဟု ကုလသမဂ္ဂမှ လူ့အခွင့်အရေးဆိုင်ရာ အကြီးတန်း ကျွမ်းကျင်သူ ရစ်ချတ် ဖော့လ်က်က ပြောကြားလိုက်သည်။

    အသိမ်းပိုက်ခံ ပါလက်စတိုင်းဒေသများ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ ဖော့လ်က် က မှတ်ချက်ပေးခဲ့ခြင်းဖြစ်ပြီး ထိုဒေသများရှိ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေကို ဖော်ပြထားသည့် စာမျက်နှာ ၂၂ မျက်နှာပါ အစီရင်ခံစာတစ်စောင်ကိုလည်း ကုလ၏ လူ့အခွင့်အရေး ကောင်စီ သို့ ယမန်နေ့က တင်သွင်းခဲ့သည်။

    “သိမ်းပိုက်ထားတဲ့ ကာလတစ်လျှောက်လုံးတွင် လူမျိုးရေးနှင့် အသားအရောင်ခွဲခြားမှု စနစ်အားတည်ထောင်သော လက်တွေ့လုပ်ဆောင်ချက်များ၊ ပေါ်လစီများနှင့်အတူ အိမ်ရာများ တိုးချဲ့ဆောက်လုပ်နေခြင်း၊ ပိတ်ဆို့ထားသော ပါလက်စတိုင်းပိုက်နက်၏ အစိတ်အပိုင်းများကို လက်တွေ့ကျကျ သိမ်းပိုက်ခြင်းနှင့် တူညီသော အငြင်းပွားဖွယ် တံတိုင်းကြီး ဆက်လက်တည်ဆောက်နေမှု၊ ပါလက်စတိုင်းတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးကို အစ္စရေးက ငြင်းပယ်ခြင်း စသည်တို့မှာ ထင်ရှားသည်” ဟု အဆိုပါ သုံးသပ်ချက်တွင် ရေးသားဖော်ပြထားသည်။

    ထို့ပြင် အစ္စရေးမှ အင်အားသုံးကာ ပါလက်စတိုင်းများအား သတ်ဖြတ်မှုများကိုလည်း ဖော့လ်က်က ရှုတ်ချခဲ့ပြီး၊ အစ္စရေးအား ပိတ်ဆို့မှုများ ချမှတ်ရန် ကုလမှ စဉ်းစားသင့်သည်ဟု ထည့်သွင်းဖော်ပြခဲ့သည်။

    ဂါဇာကမ်းမြှောင်ရှိ ပါလက်စတိုင်းလယ်သမားများအား တိုက်ခိုက်ခြင်း၊ ပါလက်စတိုင်းတို့၏ အလုပ်အကိုင်၊ ပညာရေး၊ လွတ်လပ်စွာလှုပ်ရှားခွင့်နှင့် စုဝေးခွင့် စသည့် အခွင့်အရေးများအား အစ္စရေးမှ ချိုးဖောက်မှုများကိုလည်း ၎င်းကဝေဖန်ပြောဆိုခဲ့သည်။

    ဂါဇာကမ်းမြှောင်ဒေသအား ၂၀၀၇ ဇွန်လမှ စတင်ကာ အစ္စရေးက ပိတ်ဆို့ခဲ့ပြီး၊ ထိုပိတ်ဆို့မှုက ဒေသအတွင်း လူနေမှုစနစ်နိမ့်ကျခြင်း၊ အလုပ်လက်မဲ့များ တိုးပွားမှုနှင့် ဆင်းရဲမွဲတေမှု မြင့်တက်လာခြင်းတို့ကို ဖြစ်စေခဲ့သည်။

    ပါလက်စတိုင်း နယ်မြေများတွင် အစ္စရေး၏ တရားမ၀င်အိမ်ရာဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ “အရှေ့ဂျေရုစလင်မှာ နေထိုင်ခွင့် ပါမစ်များအား ရုပ်သိမ်းခြင်း၊ ပါလက်စတိုင်း မိသားစုများကို အတင်းအဓ္ဓမနှင်ထုတ်ခြင်း၊ ထိုနည်းတူစွာ ပါလက်စတိုင်းတို့၏ နေအိမ်များအား ပစ်မှတ်ထားဖျက်ဆီးခြင်း စသည့်လုပ်ရပ်များမှာ တရိရိနှင့် ဗျူရိုကရက်ဆန်သော နည်းလမ်းဖြင့် လူမျိုးစု သုတ်သင်ခြင်းနှင့် ဆင်တူနေသည်” ဟု ထိုအစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြထားသည်။

    နိုင်ငံတကာမှ ပြင်းပြင်းထန်ထန် ဆန့်ကျင်ခြင်းနှင့် ပိတ်ဆို့မှုများ ပြုလုပ်နေသော်လည်း အစ္စရေးမှာ ပါလက်စတိုင်းနယ်မြေများအတွင်း အိမ်ရာ တည်ဆောက်မှုများကို ပြောင်ပြောင်းတင်းတင်း ဆက်လက်လုပ်ဆောင်နေပြီး၊ ထိုဆောက်လုပ်ရေးလုပ်ငန်းများ ရပ်တန့်ရန်ကိုလည်း ငြင်းဆိုခဲ့သည်။

    ၁၉၆၇ ခုနှစ် စစ်ပွဲပြီးကတည်းက ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေနှင့် အရှေ့ဂျေရုစလင်တို့တွင် အစ္စရေးမှ တည်ဆောက်ထားသော တရား မ၀င်အိမ်ယာမှာ ၁၂၀ ခန့်ရှိနေပြီး အစ္စရေးနိုင်ငံသား သန်းဝက်ခန့်နေထိုင်နေကြသည်။

    Ref : PressTV