News @ M-Media

Tag: Israel

  • ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်း ဂျော်ဒန်တောင်ကြားရှိ ရွာတစ်ရွာအား အစ္စရေး ဖျက်ဆီးပြန်

    ဇန်နဝါရီ ၊ ၁၀၊ ၂၀၁၄
    M-Media

    Israel destroys Palestinian village in West Bank
    – အစ္စရေးက ပိတ်ဆို့ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်း ဂျော်ဒန်တောင်ကြားရှိ ဗဒူအင်လူမျိုးများနေထိုင်သည့် ရွာတစ်ရွာကို အစ္စရေးစစ်တပ်က ဦးဆောင်ကာ ယမန်နေ့တွင် ဖြိုဖျက်ခဲ့သည်ဟု သိရသည်။

    Ein Karzaliyah ခေါ်သည့် အဆိုပါရွာအား အစ္စရေးစစ်သားများက ဘူဒိုဇာများဖြင့် ၀င်ရောက်ခဲ့ပြီး တစ်ရွာလုံးအား ဖျက်ဆီးခဲ့သောကြောင့် ထိုရွာတွင်နေထိုင်သူ ၂၅ ဦးခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ ထို့ပြင် ထိုရွာသို့ သွယ်တန်းထားသည့် ရေပိုက်ကိုလည်း အစ္စရေးက ဖျက်ဆီးပစ်ခဲ့ပြီး၊ လူ့အခွင့်အရေးအဖွဲ့များ၊ မီဒီယာများကိုလည်း ထိုရွာအတွင်းသို့ ၀င်ရောက်ခွင့်မပေးခဲ့ပေ။

    “ရွာသားတွေကတော့ အခုအချိန်မှာ တောင်ပေါ်တွေမှာ နေနေရပြီး အဲဒီနေရာကို အစ္စရေးက ပန်းခြံလုပ်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒီဒေသကို ဗဒူအင်လူမျိုးမိသားစု တစ်ခုရဲ့ အမည် Karzaliyah ကိုအစွဲပြုပြီး Ein Karzaliyah လို့ မှည့်ခေါ်ခဲ့ကြတာပါ။ အခုတော့ အဲဒီမိသားစုရဲ့ ဘ၀တွေ ရိုက်ချိုး ဖျက်ဆီးခံလိုက်ရပါပြီ” ဟု လူ့အခွင့်အရေး အဖွဲ့ B’Tselem မှ အီယဒ် ဟက်ဒဒ်က ပြောကြားခဲ့သည်။

    ကလေးငယ်အများအပြားပါဝင်သည့် အဆိုပါရွာသားများမှာ ယခုအချိန်တွင် မည်သည့်နေရာကိုမှ သွားစရာမရှိဘဲ သောက်သုံးရေနှင့် အကူအညီများပေးအပ်ခွင့်ကိုလည်း အစ္စရေးစစ်တပ်က တားမြစ်ထားသည်။ ဂျော်ဒန်တောင်ကြား၏ ၉၀ ရာခိုင်နှုန်းအား အစ္စရေးက ထိန်းချုပ်ထားပြီး၊ ထိုတောင်ကြားရှိ ရွာများအား ဖျက်စီးမှုမှာ ပါလက်စတိုင်း နယ်မြေများအတွင်း အစ္စရေး၏ တရားမ၀င် အိမ်ရာဆောက်လုပ်မှုအား ပိုမိုချဲ့ထွင်ရန် ဆောင်ရွက်ခြင်းလည်းဖြစ်သည်။

    Ref: Press TV

  • ပါလက်စတိုင်း နယ်မြေအတွင်း တရားမ၀င်အိမ်ရာများ ထပ်ဆောက်ရန် အစ္စရေး ပြင်ဆင်နေ

    ဇန်နဝါရီ ၂ ၊ ၂၀၁၄
    M-Media

    map-story-of-palestinian-nationhood
    – ကုလသမဂ္ဂနှင့် အမေရိကန်တို့က တားမြစ်ထားသော်လည်း ပါလက်စတိုင်း ပိုက်နက်အတွင်း အိမ်ရာများ ထပ်မံဆောက်လုပ်သွားရန် အစ္စရေးက စီစဉ်နေပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ အရှေ့အလယ်ပိုင်းသို့ လာရောက်ရန် ရှိနေသောကြောင့် ထိုအစီအစဉ်အား ကြေညာခြင်း မပြုသေးဟု အစ္စရေး တာဝန်ရှိသူများ၏ ပြောကြားမှုများကို ကိုးကား၍ နယူးယောက် တိုင်မ်းသတင်းစာက ယနေ့တွင်ဖော်ပြခဲ့သည်။

    ဂျွန်ကယ်ရီမှာ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးမှုအား ကြားဝင်ဆောင်ရွက်ရန်အတွက် အရှေ့အလယ်ပိုင်းသို့ ယနေ့တွင် ရောက်ရှိမည်ဖြစ်ပြီး တနင်္ဂနွေနေ့အထိ ရှိနေမည်ဖြစ်သည်။ အစ္စရေးမှာ ၁၉၆၇ ခုနှစ် စစ်ပွဲပြီးကတည်းက ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေနှင့် အရှေ့ဂျေရုစလင်တို့အား သိမ်းပိုက်ထားပြီး အိမ်ရာများကို တိုးချဲ့ဆောက်လုပ်နေခဲ့သည်။ ပါလက်စတိုင်းအစိုးရကမူ အစ္စရေး၏ ထိုအိမ်ရာဆောက်လုပ်မှုအား ရှုတ်ချပြောဆိုခဲ့ပြီး ထိုကဲ့သို့ အိမ်ရာဆောက်လုပ်မှုများက ငြိမ်းချမ်းရေးဆွေးနွေးပွဲအား ထိခိုက်စေသည်ဟု ပြောကြားထားသည်။

    ဓါတ်ပုံအညွှန်း- ၁၉၄၆ ခုနှစ် စတင်ပြီး ပါလက်စတိုင်းနယ်မြေများကို အစ္စရေးတို့ နှစ်အလိုက် ကျူးကျော်သိမ်းပိုက်ခဲ့သည့် မြေပုံ

    Ref: Press TV

  • အစ္စရေး အစိုးရကို မကျေနပ်၍ အမေရိကန်ရှိ အော်ဒိုဒေါ့စ်ဂျူးများ UN ရုံးရှေ့တွင် ဆန္ဒပြ

    ဒီဇင်ဘာ ၂၉၊ ၂၀၁၃
    M-Media
    newyork_yahudi_eylem_2-jpg20131225110125-jpg20131225111908
    – အစ္စရေး၏ နိုင်ငံအတွင်းနှင့် အရှေ့အလယ်ပိုင်းပေါ်လစီများကို ဆန့်ကျင်သောအနေဖြင့် အမေရိကန်ရှိ အော်ဒိုဒေါ့စ်ဂျူးများက အင်္ဂါနေ့တွင် နယူးယောက်မြို့၌ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    အစ္စရေးရှိ အော်သိုဒေါ့စ်ဂျူးများကို စစ်တပ်အတွင်းသို့ မ၀င်မနေရဟု အစ္စရေး၏ ဥပဒေပြဌာန်းမှုကို မကျေနပ်သောကြောင့် နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အဆောက်အအုံရှေ့တွင် အစ္စရေးကိုစားလှယ်အဖွဲ့ ထွက်အလာကိုစောင့်ဆိုင်း၍ အော်သိုဒေါ့စ် ဂျူးများက ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

    ဆန္ဒပြသူများက ထိုဥပဒေအား မလိုချင်ဟု ဟစ်အော်ခဲ့ကြပြီး၊  Torah ကျမ်းစာ၏ ကျမ်းပိုဒ်များကိုလည်း ရွတ်ဆိုခဲ့ကြသည်။ ထို့ပြင် ထိုဥပဒေအား လက်မခံသည့် လူငယ်များကို အစ္စရေးက ထောင်ဒဏ်ချမှတ်သည်ဟုလည်း ဆန္ဒပြသူများက ပြောကြားခဲ့သည်။

    အော်သိုဒေါ့စ်ဂျူးများအနေဖြင့် စစ်မှူးထမ်းခြင်းကိစ္စအား ဆန့်ကျင်သည့်အကြောင်းနှင့် ပက်သက်ပြီး ဂျူးတရားဟောဆရာ မိုရှေး အင်ဒစ်ဂ်က “နေ့တိုင်း ဥပဒေအသစ်တွေသတ်မှတ်ဖို့ ကျွန်တော်တို့ အယူဝါဒက ခွင့်မပြုပါဘူး။ အော်သိုဒေါ့စ် ဂျူးတစ်ယောက်အနေနဲ့ အစ္စရေးနိုင်ငံနဲ့ သူတို့ရဲ့ စစ်ပွဲတွေကို ဆန့်ကျင်ပါတယ်” ဟု ပြောကြားခဲ့သည်။

    အခြားသော ဆန္ဒပြသူတစ်ဦးဖြစ်သူ ကီလ်နာကလည်း “အစ္စရေးနိုင်ငံနဲ့ စစ်တပ်ဟာ တရားမ၀င်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ကျမ်းစာမှာ ဂျူးနိုင်ငံထူထောင်ဖို့ ခွင့်မပေးထားပါဘူး” ဟု ပြောကြားခဲ့သည်။

    အော်သိုဒေါ့စ် ဂျူးဝါဒမှာ Torah ကျမ်းစာအတွင်း ပါဝင်သည့် ဥပဒေများနှင့် ကျင့်ဝတ်များအား အတိအကျလိုက်နာသော အယူဝါဒတစ်ခုဖြစ်သည်။
    Ref : AA

  • ခရစ်စမတ်သစ်ပင် ပါလီမန်တွင် ထားရန် အစ္စရေး လွှတ်တော်ဥက္ကဌ ခွင့်မပြု၊

    ဒီဇင်ဘာ ၂၇၊ ၂၀၁၃
    M-Media

    ခရစ်စမတ်သစ်ပင် ပါလီမန်တွင် ထားရန် အစ္စရေး လွှတ်တော်ဥက္ကဌ ခွင့်မပြု၊ လူမြင်ကွင်းမှာ ထားခြင်းမှာ ဂျူးများကို စော်ကားခြင်းဖြစ်ဟုပြော

    541bcfe9-35fc-4363-8dab-2345af5a219d_16x9_788x442
    – ဂျူးလူမျိုးများအကြား နာကျင်သောအမှတ်ရမှုများအား ပြန်လည်သတိရစေသောကြောင့် ခရစ္စမတ်သစ်ပင်ကို ပါလီမန် အဆောက်အဦးတွင် ထားရှိခြင်းအား အစ္စရေးပါလီမန်ဥက္ကဌ ယူလီ အီဒဲလ်စတိန်က ငြင်းဆိုခဲ့သည်ဟု သိရသည်။

    ခရစ်ယာန်တို့၏ အမှတ်အသားဖြစ်သည့် ထိုခရစ္စမတ်သစ်ပင်အား လူမြင်ကွင်းတွင် ထားရှိခြင်းမှာ စော်ကားမှု တစ်ရပ်ကို ဖော်ပြခြင်းအဖြစ် အီဒဲလ်စတိန်က အစ္စရေး ရေဒီယိုသို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။ ဂျူးလူမျိုးများမှာ ခရစ်ယာန်များ၏ နှိပ်စက်ညှင်းပန်းမှုကို ရာစုနှစ်များစွာကြာ ခံစားခဲ့ရသည်။

    ယခုသီတင်းပတ်အစောပိုင်းက အာရဗ် ခရစ်ယာန် အမတ်တစ်ဦးက ပါလီမန်တွင် ခရစ္စမတ်သစ်ပင် ထားရှိရန် တောင်းဆိုမှုအား အီဒဲလ်စတိန်က ပယ်ချခဲ့ပြီး ပါလီမန်အမတ်များအနေဖြင့် ခရစ္စမတ်သစ်ပင်ကို ၎င်းတို့၏ရုံးခန်းနှင့် ပါတီ၏အစည်းအဝေးခန်းမတွင်သာ ထားရှိရမည်ဖြစ်ကြောင်း၊ ထို့ကဲ့သို့ ခရစ္စမတ်သစ်ပင်ထားခြင်း ခွင့်ပြုခဲ့ပါက နောက်ပိုင်းတွင် လက်ဝါးကပ်တိုင်နှင့် လခြမ်းကိုပါထားရန် တောင်းဆိုမှုနှင့် ကြုံတွေ့လာရနိုင်ကြောင်း ၎င်းက ထပ်လောကာင်းပြောကြားခဲ့သည်။

    Ref: AP

    ဓါတ်ပုံအညွှန်း ခရစ်တော်မွေးဖွားရာ ပါလက်စတိုင်းနယ်မြေအတွင်းရှိ အနောက်ဘက်ကမ်းဒေသ ဘက်သလီဟမ်တွင် ခရစ်စမတ်နေ့ အခမ်းအနား ကျင်းပစဉ်

  • ပါလက်စတိုင်း လူမျိုးများ၏ နေအိမ်များအား အစ္စရေး ထပ်မံဖျက်စီးပြန်

    ဒီဇင်ဘာ ၂၆၊ ၂၀၁၃
    M-Media

    un-condemns-israeli-demolition-.si
    – ခရစ္စမတ်အကြိုနေ့ဖြစ်သည့် အင်္ဂါနေ့တွင် ပါလက်စတိုင်း အနောက်ဘက်ကမ်းခြေရှိ ဗဒူအင် လူမျိုးများ၏ နေအိမ်များအား ဖျက်ဆီးသော အစ္စရေး၏လုပ်ရပ်ကို ကုလသမဂ္ဂ အလုပ်အကိုင်နှင့် အကူအညီပေးရေးအေဂျင်စီ UNRWA က ရှုတ်ချလိုက်ပြီး၊ ထိုလုပ်ရပ်များအား ချက်ချင်းရပ်တန့်ရန် တိုက်တွန်းလိုက်သည်။

    UNRWA မှာ ပါလက်စတိုင်း ဒုက္ခသည်များအား အကူအညီပေးနေသော အဖွဲ့အစည်းဖြစ်ပြီး ထိုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ခရစ် ဂန်းနက်စ်က “အနောက်ဘက်ကမ်းခြေမှာ အခုနောက်ဆုံး ဖြစ်ပွားခဲ့တဲ့ ဒီဖျက်ဆီးမှုကို ကျွန်တော်တို့ UNRWA က ကန့်ကွက်ပါတယ်။ ဒီလုပ်ရပ်ကြောင့် ပါလက်စတိုင်း ၆၈ ဦး အိုမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်” ဟု ပြောကြားခဲ့သည်။ ထိုဒုက္ခသည်များတွင် ကလေးငယ် ၃၂ ဦးပါဝင်ကြောင်း၊ သိုးနှင့် ဆိတ် ၇၅၀ ခန့်မှာလည်း နေစရာမရှိသောကြောင့် ဒုက္ခရောက်နေကြောင်း ဂန်းနက်စ်က ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ယခုနှစ်အတွင်း နေအိမ် ၂၅၉ လုံးအပါအ၀င် ပါလက်စတိုင်းရှိ အဆောက်အအုံ ၆၆၃ လုံးကို အစ္စရေးက ဖျက်ဆီးခဲ့ကြောင်း၊ ထို့ကဲ့သို့ဖျက်ဆီးမှုကြောင့် ပါလက်စတိုင်း ၁၁၀၃ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့ပြီး၊ အစ္စရေးအနေဖြင့် ထိုကဲ့သို့ ဖျက်ဆီးမှုများအားရပ်တန့်ရန်နှင့် နိုင်ငံတကာ ဥပဒေများကိုလိုက်နာရန် ဂန်းနက်စ်က တိုက်တွန်းပြောကြားခဲ့သည်။

    ၁၈၉၇-ခုနှစ်က ဆွစ်ဇာလန်နိုင်ငံ ဘရပ်ဆဲလ်တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ဇီယွန် ကွန်ဂရက်အစည်းဝေးကတည်းက ပါလက်စတိုင်းအား သိမ်းပိုက်ရန် ဂျူးလူမျိုးများ ကစီစဉ်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် အရှေ့ဥရောပရှိ ဂျူးလူမျိုးများမှာ ပါလက်စတိုင်းနယ်မြေသို့ တရားမ၀င်ရောက်နေထိုင်ခဲ့ကြပြီး အမေရိကန်နှင့် အနောက်နိုင်ငံအချို့၏အကူအညီဖြင့် ပါလက်စတိုင်းများကိုသတ်ဖြတ်ကာ၊ နယ်မြေများကို အပိုင်စီးပြီး ၁၉၄၈ ခုနှစ် မေလတွင် အစ္စရေးနိုင်ငံအဖြစ်ထူထောင်ခဲ့ကြသည်။ ထိုအချိန်မှစ၍ အစ္စရေးမှာ ယခုအချိန်အထိ နည်းမျိုးစုံဖြင့် ပါလက်စတိုင်းပိုင်နယ်မြေများကို သိမ်းပိုက်လျက်ရှိသည်။
    Ref: RT