News @ M-Media

Tag: israeli-raids-gaza

  • ဂါဇာအမြဲတမ်း အပစ်ရပ်ရေး သဘောတူညီနိုင်ဖွယ်မရှိ

    ဂါဇာအမြဲတမ်း အပစ်ရပ်ရေး သဘောတူညီနိုင်ဖွယ်မရှိ

    သြဂုတ် ၁၃ ၊ ၂၀၁၄
    M-Media

    Israel-Hamas talks tackle Gaza blockade

    – ကိုင်ရိုမြို့တွင် ပြုလုပ်နေသည့် အစ္စရေးနှင့် ဟားမက်စ်တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ဂါဇာအား အစ္စရေးမှ ပိတ်ဆို့ထားမှုကို ဖွင့်ပေးရန် အသေးစိတ် ဆွေးနွေးခဲ့သော်လည်း အောင်မြင်မှုမရခဲ့ဟု သိရသည်။

    ဂါဇာနှင့်တကွ ပိတ်ဆို့ခံထားရသည့် ပါလက်စတိုင်းပိုင်နက်အားလုံးကို ဖွင့်ပေးရန်နှင့် မတရားဖမ်းဆီးထားသည့် ပါလက်စတိုင်း အကျဉ်းသားများအား ပြန်လည် လွှတ်ပေးရန် ပါလက်စတိုင်းတို့ဘက်က တောင်းဆိုထားသည်။

    အစ္စရေးကမူ ထိုတောင်းဆိုချက်များကို လိုက်လျောမည့် ပုံစံမျိုးမပြဘဲ ဂါဇာဒေသတွင် လက်နက်ကိုင် ကင်းမဲ့ဇုန်ဖြစ်ရေးကိုသာ လိုချင်သည်ဟု ပြောကြားထားသည်။

    အင်္ဂါနေ့က စတင်ခဲ့သည့် ၇၂ နာရီကြာ အပစ်ရပ်ရေးမှာ မနက်ဖြန်တွင် ပြည့်မည်ဖြစ်ပြီး အမြဲတမ်းငြိမ်းချမ်းရေး သဘောတူညီချက်ရရန် အလှမ်း ကွာဝေးနေခြင်းကြောင့် ဂါဇာဒေသတွင် အစ္စရေး၏ ပစ်ခတ်မှုများ ပြန်လည် မြင်တွေ့ရဖွယ်ရှိနေသည်။

    ဟားမက်စ်တို့၏ ဒုံးကျည်ပစ်ခတ်မှုကို တုံ့ပြန်သည်ဟုဆိုကာ ဇူလိုင် ၈ ရက်နေ့မှစ၍ ဂါဇာအား အစ္စရေးတို့က ကျူးကျော်တိုက်ခိုက်ခဲ့ပြီး တစ်လကျော်ကြာမြင့်ခဲ့သည့် တိုက်ခိုက်မှုများအတွင်း ပါလက်စတိုင်းပြည်သူ ၂၀၀၀ ကျော် သေဆုံးခဲ့သည်။ ဂါဇာဒေသအတွင်း မြေပြင်တပ်များ ၀င်ရောက်ကျူးကျော်တိုက်ခိုက်မှုအတွင်း အစ္စရေးစစ်သား ၆၀ ကျော် သေဆုံးခဲ့သည်။

    Agencies

  • ပါလက်စတိုင်းပြည်သူများ ပျက်ဆီး အိုးအိမ်များ သွားရောက်ကြည့်ရှု ၊ အပစ်ရပ်ရေး ၂ ရက် မြောက်ရှိပြီ

    ပါလက်စတိုင်းပြည်သူများ ပျက်ဆီး အိုးအိမ်များ သွားရောက်ကြည့်ရှု ၊ အပစ်ရပ်ရေး ၂ ရက် မြောက်ရှိပြီ

    သြဂုတ် ၁၂ ၊ ၂၀၁၄
    M-Media
    606x340_275540
    – ဂါဇာဒေသ ဒုတိယအကြိမ်မြောက် ၃ ရက်တာ အပစ်ရပ်ရေးမှာ ဒုတိယနေ့သို့ ရောက်ရှိလာခဲ့ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူ ပါလက်စတိုင်းများမှာလည်း ပြိုကျပျက်စီးနေသော ၎င်းတို့၏ အိမ်ရာများသို့ သွားရောက်ကြည့်ရှုနေကြသည်ဟု သိရသည်။

    ယမန်နေ့ည သန်းခေါင်ယံအထိ အပစ်ရပ်ရေးကို မည်သူမှ ချိုးဖောက်ခြင်းမရှိသေးဘဲ ဒုက္ခသည်များ ခိုလှုံရာ ကုလ၏ စာသင်ကျောင်းများတွင်လည်း ကားများ၊ မြင်းလှည်းများက ဒုက္ခသည်များအား စောင့်ဆိုင်းကာ ၎င်းတို့၏ နေရပ်များသို့ ပြန်လည် ပို့ဆောင်ပေးနေကြသည်။

    “ကျွန်တော်တို့အိမ်လေး ဘယ်လိုဖြစ်သွားတယ်ဆိုတာ ကျွန်တော်တို့ ပြန်ကြည့်ချင်ပါတယ်” ဟု သေးငယ်သောလှည်းပေါ်သို့ မိသားစုများနှင့် အတူ တိုးဝှေ့တက်ခဲ့ရသည့် အသက် ၅၈ နှစ်အရွယ် ဟစ်ကမတ် အတ္တာက ပြောကြားခဲ့သည်။

    ယာယီအပစ်ရပ်ရေးမှ အမြဲတမ်းအပစ်ရပ်ရေးဖြစ်လာရန် အစ္စရေးနှင့် ပါလက်စတိုင်း ကိုယ်စားလှယ်များက ကိုင်ရိုတွင် တစ်ဆင့်ခံဆွေးနွေးမှုများ ပြုလုပ်နေသည်။

    အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုများအတွင်း ဒဏ်ရာများရခဲ့သည့် အသက် ၁ လအရွယ် ကလေးငယ်တစ်ဦးမှာ ထိုဒဏ်ရာများကြောင့် ယမန်နေ့တွင် သေဆုံးခဲ့သည်ဟု ပါလက်စတိုင်း အရေးပေါ်ဌာနမှ ပြောကြားခဲ့သည်။

    ထို့ကြောင့် တစ်လကျော်ကြာ ကြာမြင့်ခဲ့သည့် အစ္စရေး၏ တိုက်ခိုက်မှုများအတွင်း သေဆုံးသူအရေအတွက်မှာ ၁၉၄၅ ဦးအထိ ရောက်ရှိ ခဲ့ပြီဖြစ်သည်။ သေဆုံးသူ အများစုမှာ အရပ်သားများဖြစ်ကြသည်ဟု ကုလ၏ စစ်တမ်းများအရသိရသည်။

    Agencies
  • ဂါဇာ၌ အစ္စရေးတို့ စစ်ရာဇ၀တ်မှု ကျူးလွန်ခြင်း ရှိ/မရှိ  စုံစမ်းရန် ကုလ စုံစမ်းရေး ကော်မရှင်ဖွဲ့

    ဂါဇာ၌ အစ္စရေးတို့ စစ်ရာဇ၀တ်မှု ကျူးလွန်ခြင်း ရှိ/မရှိ စုံစမ်းရန် ကုလ စုံစမ်းရေး ကော်မရှင်ဖွဲ့

    သြဂုတ် ၁၂၊ ၂၀၁၄
    M-Media
    201481234332353734_20
    – ဂါဇာကမ်းပြဿနာအတွင်း ကျူးလွန်နိုင်ဖွယ်ရှိသည့် စစ်ရာဇ၀တ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအား စုံစမ်းစစ်ဆေးရန်အတွက် ကျွမ်းကျင်သူများပါဝင်သော နိုင်ငံတကာ စုံစမ်းစစ်ဆေးရး ကော်မရှင်တစ်ခုကို ကုလသမဂ္ဂက ယမန်နေ့တွင် ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

    အဆိုပါ အဖွဲ့မှာ လွတ်လပ်သောအဖွဲ့ဖြစ်ပြီး ဇွန်လ ၁၃ ရက်နေ့မှ စတင်ကာ အစ္စရေးက ပြုလုပ်ခဲ့သော စစ်ဆင်ရေးများတွင် လူသားချင်း စာနာထောက်ထားသည့် နိုင်ငံတကာ ဥပဒေများနှင့် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများအား ချိုးဖောက်မှု အားလုံးကို စုံစမ်းစစ်ဆေးသွားမည်ဟု ကုလမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    အစ္စရေးကမူ အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ငြင်းပယ်လိုက်ပြီး ကုလလူ့အခွင့်းအရေးကောင်စီအား “သားပိုက်ကောင် ခုံရုံး” ဟု ပြက်ရယ်ပြု ပြောဆိုခဲ့သည်။

    အစ္စရေးက အကြမ်းဖက်အဖွဲ့စည်းဟု သမုတ်ထားသည့် ဟားမက်စ်မှ ပြောရေးဆိုခွင့်ရှိသူ အဘူဇူဟ်ရီကမူ ကုလ၏ အဆိုပါ စုံစမ်း စစ်ဆေးရေးကော်မတီ ဖွဲ့စည်းမှုကို ကြိုဆိုခဲ့ပြီး စုံးစမ်းစစ်ဆေးရေး လုပ်ငန်းများ အမြန်ဆုံး စတင်ရန် တိုက်တွန်းခဲ့သည်။

    အဆိုပါ အဖွဲ့ကို ကနေဒါမှ လူသားချင်း စာနာထောက်ထားမှု ဥပဒေရေးရာ ကျွမ်းကျင်သူ ၀ီလီယံချာဘတ်စ်က ဦးဆောင်မည်ဖြစ်ပြီး နိုင်ငံတကာမှ ဥပဒေရေးရာ ကျွမ်းကျင်သူများ ပါဝင်မည်ဖြစ်သည်။

    နိုင်ငံတကာ စုံစမ်းရေးကော်မရှင်မှာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ၂၀၁၅ ခုနှစ် မတ်လ နောက်ဆုံးထား၍ ၎င်းတို့၏ တွေ့ရှိချက်များကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ တင်သွင်းရမည်ဖြစ်သည်။ အစ္စရေးကမူ အဖွဲ့ဝင် ၄၇ နိုင်ငံ ပါဝင်သည့် အဆိုပါ ကောင်စီမှာ ဘက်လိုက်သည်ဟု ပြောဆိုထားသည်။

    ဟားမက်စ်တို့၏ ဒုံကျည်ပစ်ခတ်မှုကို လက်တုံ့ပြန်သည်ဟုဆိုကာ ဂါဇာဒေသအား အစ္စရေးတို့က တစ်လကျော်ကြာ တိုက်ခိုက်မှုအတွင်း ဂါဇာပြည်သူ ၂ ထောင်နီးပါး သေဆုံးခဲ့ရသည်။

    အစ္စရေး၏ ထိုလုပ်ရပ်များအတွက် ထင်ရှားကျော်ကြားသူများအပါအ၀င် ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူများက ရှုတ်ချမှုများပြုလုပ်ခဲ့ကြသည်။ ကုလလူ့အခွင့်အရေး အကြီးအကဲ နဗီးပီလေးကမူ အစ္စရေး၏ လုပ်ရပ်မှာ စစ်ရာဇ၀တ်မှုအဖြစ် မှတ်ယူ၍ ရနေပြီဟု ပြောကြားခဲ့သည်။

     

    ref_Reuters

  • ဂါဇာတွင် ၃ ရက်ထပ်ပြီး အပစ်ရပ်၊  ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ကိုင်ရိုတွင် တစ်ကျော့ပြန် ပြုလုပ်နေ

    ဂါဇာတွင် ၃ ရက်ထပ်ပြီး အပစ်ရပ်၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ကိုင်ရိုတွင် တစ်ကျော့ပြန် ပြုလုပ်နေ

    သြဂုတ် ၁၁ ၊ ၂၀၁၄
    M-Media
    gaza-return
    – ပါလက်စတိုင်းတို့၏ ၇၂ နာရီကြာ အပစ်ရပ်ရေးကို အစ္စရေးတို့က ယမန်နေ့တွင် လက်ခံခဲ့ပြီးနောက် အစ္စရေး-ပါလက်စတိုင်း တစ်ဆင့်ခံဆွေးနွေးပွဲကို ကိုင်ရိုတွင် ပြန်လည် ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ပထမအကြိမ် အပစ်ရပ်ရေးမပြီးဆုံးခင် ဆွေးနွေးပွဲမှ ထွက်ခွာသွားခဲ့သည့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့မှာ ယနေ့နံနက်တွင် ကိုင်ရိုသို့ ရောက်ရှိလာခဲ့သည်။ အပစ်ရပ်ရေး ၁၂ နာရီအတွင်းသို့ ၀င်ရောက်လာသည့်အထိ ဂါဇာကောင်းကင်ယံတွင် တိတ်ဆိတ် ငြိမ်သက်လျက်ရှိနေပြီး ပါလက်စတိုင်းတို့မှာလည်း ပျက်ဆီးနေသာ ၎င်းတို့၏ နေအိမ်များကို ပြန်လည် ရောက်ရှိလာကာ ငါးဖမ်းသမားများမှာလည်း ပင်လယ်ပြင်သို့ ထွက်ကာ ၎င်းတို့၏ လုပ်ငန်းများကို ပြန်လည်လုပ်ကိုင်လျက်ရှိနေသည်။

    ဇွန်လ ၈ ရက်နေ့ အစ္စရေးက ဂါဇာအား ကျူးကျော်ပြီးနောက်ပိုင်း ယခုဆွေးနွေးမှုမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ယခုသဘောတူညီထားသည့် သုံးရက်ကြာ အပစ်ရပ်မှုအတွင်း ပြည့်ဝပြီး အမြဲတမ်းတည်မြဲမည့် ငြိမ်းချမ်းရေးရရှိရေး ဆောင်ရွက်ကြရန် အီဂျစ်က နှစ်ဖက်စလုံးအား တိုက်တွန်းခဲ့သည်။

    ဟားမက်စ်ကမူ အမြဲတမ်းငြိမ်းချမ်းရေးတွင် အစ္စရေး၏ ဂါဇာအား ပိတ်ဆို့ထားမှု ရုပ်သိမ်းပေးခြင်း ပါဝင်ရမည်ဟု ပြောဆိုထားသည်။ အစ္စရေးဘက်ကမူ ထိုပြဿနာအား အင်အားသုံး ဖြေရှင်းချင်းထက် သံတမန်နည်းလမ်းအရ ဖြေရှင်းရန်မျှော်လင့်ကြောင်း ထိုကဲ့သို့ ဖြစ်မလာပါ ဂါဇာအား ထပ်မံတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ဂါဇာဒေသအား အစ္စရေး၏ တစ်လကျော်ကြာ ကျူးကျော်တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း ပြည်သူ ၂၀၀၀ နီးပါးသေဆုံးခဲ့သည်။ လူပေါင်း သောင်းချီ ဒဏ်ရာရခဲ့ကြပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများမှာ တစ်သန်းနီးပါးရှိခဲ့သည်။ အစ္စရေးဘက်မူ ဂါဇာသို့ ၀င်ရောက်ကျူးကျော်တိုက်ခိုက်ခဲ့သည့် စစ်သား ၆၀ ကျော် သေဆုံးခဲ့သည်။

    Agencies
  • ဂါဇာအား အစ္စရေး၏ ကျူးကျော်မှုအတွက် ကမ္ဘာတစ်ဝှမ်း ဆန္ဒပြမှုများပြုလုပ်

    ဂါဇာအား အစ္စရေး၏ ကျူးကျော်မှုအတွက် ကမ္ဘာတစ်ဝှမ်း ဆန္ဒပြမှုများပြုလုပ်

    သြဂုတ် ၁၀ ၊ ၂၀၁၄
    M-Media

    CAPE TOWN

    ဂါဇာကမ်းမြှောင်အား အစ္စရေးက ကျူးကျော်တိုက်ခိုက်မှုကို ဆန့်ကျင်သော ဆန္ဒပြပွဲများကို သြဂုတ်လ ၉ ရက်နေ့က ကမ္ဘာတစ်ဝှမ်းတွင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    လန်ဒန်မှ ပဲရစ်အထိ၊ တီဟီရန်မှ ကိပ်တောင်းအထိ မြို့ကြီးများတွင် ပြည်သူထောင်ပေါင်း များစွာတို့မှာ စုရုံးခဲ့ကြပြီး အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုကို ရှုတ်ချခဲ့ကာ၊ ပါလက်စတိုင်း ပိုင်းနက်များဖြစ်သည့် ဂါဇာကမ်းမြှောင်နှင့် အနောက်ဘက် ကမ်းခြေတို့အား သိမ်းပိုက်ထားမှုကို အဆုံးသတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ထို့ပြင် ပါလက်စတိုင်းများဘက်မှ ရပ်တည်ပေးရန်အတွက်လည်း နိုင်ငံတကာ အသိုင်းအသိုင်းအား တောင်းဆိုခဲ့သည်။

    ကျူးဘား သမ္မတဟောင်း ဖီဒယ်လ် ကက်စရိုကလည်း ပါလက်စတိုင်းများကို ထောက်ခံပြီး၊ ကုလ၏ ဆုံးဖြတ်ချက်ကို လေးစားရန်နှင့် ပါလက်စတိုင်းပိုင်နက်များအား ကျူးကျော်မှုကို အဆုံးသတ်ပေးရန် အစ္စရေးအား တောင်းဆိုခဲ့သည့် ကြေညာစာတမ်းတစ်စောင်ကို ဟာဗာနာတွင် လက်မှတ်ရေးထိုးခဲ့သည်။

    လန်ဒန်ပြည်သူများမှာ BBC ရုံးချုပ်သို့ ပထမဆုံး ချီတက်ခဲ့ကာ အစ္စရေးကို အသားပေးရေးသည့် တစ်ဖက်သတ် သတင်းဖော်ပြမှုများအတွက် ဆန္ဒပြခဲ့ကြသည်။

    ထို့နောက် အစ္စရေး၏ လုပ်ရပ်များအား ဆန့်ကျင်သည့် ကျွေးကျော်သံများကိုလည်း ကျွေးကျော် ခဲ့ကြပြီး အစ္စရေးအား လက်နက်ရောင်းချနေမှုကို ပိတ်ပင်ရန်လည်း အစိုးရအား တိုက်တွန်း ခဲ့ကြသည်။

    ဥရောပတွင် ဂျူးလူ့အဖွဲ့အစည်းနှင့် မွတ်စလင်လူ့အဖွဲ့အစည်းအများဆုံးရှိသည့် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင်လည်း ထိုကဲ့သို့သော ဆန္ဒပြမှုများကို ပြုလုပ်ခဲ့ပြီး၊ ဂျာမနီနိုင်ငံ ဘာလင်မြို့တွင်လည်း လူပေါင်း တစ်ထောင်ကျော် စုဝေးခဲ့ကာ ဆန္ဒပြမှုနှစ်ခုကို သီးခြားစီ ပြုလုပ်ခဲ့ပြီး မြို့လည် ရင်ပြင်တွင် အဆုံးသတ်ခဲ့သည်။

    ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန်တို့မှ နိုင်ငံခြားရေးဝန်ကြီးများ သောကြာနေ့က ပူးပေါင်း ထုတ်ပြန်သောကြေညာချက်တွင် ဂါဇာအား အစ္စရေးက ကျူးကျော်တိုက်ခိုက်မှု ချက်ချင်းရပ်ရန် တောင်းဆိုခဲ့သည်။

    အစ္စရေး၏ လူမဆန်သောတိုက်ခိုက်မှုများကို ဆန့်ကျင်ရာတွင် အာဖရိက၏ ဒီမိုကရေစီ အထွန်းကားဆုံး တောင်အာဖရိက နိုင်ငံလည်း ပါဝင်ခဲ့ပြီး မြို့တော် ကိပ်တောင်းတွင် အစ္စရေးအား ဆန့်ကျင်သော ဆန္ဒပြပွဲများကို ယမန်နေ့က ပြုလုပ်ခဲ့ပြီး လူမျိုးရေး ခွဲခြားမှု ဦးဆောင်ဆန့်ကျင်သူ ဘုန်းတော်ကြီး ဒက်စမွန် တူးတူးလည်း ပါဝင်ခဲ့သည်။

    “ပါလက်စတိုင်းနိုင်ငံ လွတ်မြောက်ဖို့၊ အရှက်ရခြင်း၊ နှိပ်စက်ငြှင်းပမ်းခံရခြင်းနဲ့၊ အစ္စရေးရဲ့ တရားမဲ့တဲ့ ပေါ်လစီတွေကနေ ပါလက်စတိုင်းပြည်သူတွေ လွတ်မြောက်ဖို့အတွက် လုပ်ဆောင်တာဟာ ဘယ်တော့မှရပ်တန့်မယ့် ကိစ္စမဟုတ်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ဒါဟာ တရားမျှတတဲ့ ကိစ္စတစ်ခု ဖြစ်တာကြောင့်ပါပဲ” ဟု တူးတူးက ပြောကြားခဲ့သည်။

    တစ်လကျော်ကြာကြာမြင့်နေပြီဖြစ်သည့် ဂါဇာဒေသအား အစ္စရေး၏ တိုက်ခိုက်မှုအတွင်း သေဆုံးသူ ပါလက်စတိုင်း အရေအတွက်မှာ ၁၉၀၀ ကျော် ရှိသွားပြီဖြစ်ပြီး ဒဏ်ရာရသူမှာ သောင်းနှင့် ချီရှိပြီဖြစ်ကာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူမှာ တစ်သန်းနီးပါး ရှိလာပြီးဖြစ်သည်။

     

    FB တွင် ဓါတ်ပုံများ ကြည့်ရန် http://goo.gl/mWViht