News @ M-Media

Tag: Italy

  • စိန့်ဖရန်စစ်ဇာတိမြို့မှ ပြည်သူများကို ယူအေအီးက အဝတ်အထည်နှင့် ငွေကြေးလှူဒါန်း

    စိန့်ဖရန်စစ်ဇာတိမြို့မှ ပြည်သူများကို ယူအေအီးက အဝတ်အထည်နှင့် ငွေကြေးလှူဒါန်း

    ဒီဇင်ဘာ ၁၈၊ ၂၀၂၀
    M-Media

    -အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံဟာ အီတလီနိုင်ငံ အက်စီစီမြို့မှာ ကိုဗစ်ကပ်ရောဂါဒဏ် ခံနေရတဲ့ ပြည်သူတွေအတွက် အဝတ်အထည်တွေနဲ့ ငွေကြေးတွေ အခုတစ်ပတ်မှာ လှူဒါန်းခဲ့ပါတယ်။

    ခရစ်ယာန် ကက်သလစ် ကူညီကယ်ဆယ်ရေးအဖွဲ့ Caritas နဲ့ ပူးပေါင်းကာ ယူအေအီးက ဒီလိုလှူဒါန်းခဲ့တာပါ။ အက်စီစီမြို့တော်ခန်းမမှာလုပ်တဲ့ လှူဒါန်းပွဲအခမ်းအနားကို အီတလီဆိုင်ရာ ယူအေအီး ဒုတိယသံအမတ် အဟ်မဒ် အလ်-မူလာ တက်ရောက်ခဲ့ပါတယ်။

    အက်စီစီမြို့ဟာ ခရစ်ယာန်ကက်သလစ်ဘာသာရဲ့ သူတော်စဉ် စိန့်ဖရန်စစ် ဖွားမြင်​ရာဒေသ ဖြစ်ပါတယ်။

    မြို့တော်ဝန် စတီဖာနီယာ ပရိုအီတီက ဒီလှူဒါန်းမှုဟာ အက်စီစီမြို့နဲ့ ယူအေအီးနိုင်ငံတို့အကြား နှစ်များစွာ တည်ရှိခဲ့တဲ့ ခိုင်မာတဲ့ မိတ်ဖက်ဖြစ်မှုကို ပိုမိုအားကောင်းစေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဂျာကင်အပါအဝင် အင်္ကျီအဝတ်အစား အထည် ၆၀၀၊ စောင် အထည် ၁၀၀၊ ဦးထုပ် အလုံး ၂၀၀ နဲ့ ကလေးလက်အိတ် အစုံ ၁၀၀ ယူအေအီးက လှူဒါန်ခဲ့ပြီး၊ ငွေကြေးလည်း ထောက်ပံ့ပေးခဲ့ပါတယ်။

    “အက်စီစီပြည်သူတွေ အထူးသဖြင့် အကူအညီ အလိုအပ်ဆုံးသူတွေကို သံရုံးကနေတစ်ဆင့် လှူဒါန်းကာ စည်းလုံးမှုကို ပြသခဲ့တဲ့ ယူအေအီးကို ကျေးဇူးတင်လို့ မဆုံးပါဘူး။ ကျွန်တော်တို့ရဲ့ နှလုံးသားကို နွေးထွေစေပါတယ်”

    အီတလီဆိုင်ရာ ယူအေအီးသံအမတ် အိုမာရ် အိုဘိုက် အလ်-ရှမ်ဆီ ဇွန်လတုန်းကလည်း အက်စီစီက​ ပြည်သူတွေအတွက် အခြေခံအသုံးအဆောင်တွေ၊ အစားအသောက်တွေ လှူဒါန်းခဲ့သလို၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတုန်းက အတိဒုက္ခရောက်နေတဲ့ မိသားစု ၅၀၀ ကို ထောက်ပံ့ပေးခဲ့ပါတယ်။

    Ref: Arab News

  • အီတလီတွင် ကိုရိုနာဗိုင်းရပ် ကူးစက်သေဆုံးသည့် ဆရာဝန်အရေအတွက် ၁၀၀ ရှိလာ

    အီတလီတွင် ကိုရိုနာဗိုင်းရပ် ကူးစက်သေဆုံးသည့် ဆရာဝန်အရေအတွက် ၁၀၀ ရှိလာ

    ဧပြီ ၁၀၊ ၂၀၂၀
    M-Media

    -ဖေဖော်ဝါရီလ Covid-19 စတင်ပြန့်နှံ့ကတည်းက လူနာတွေကို ကုသရင်း ကူးစက်သေဆုံးခဲ့တဲ့ ဆရာဝန်အရေအတွက်ဟာ ၁၀၀ လောက်ရှိသွားပြီလို့ အီတလီကျန်းမာရေးအသင်း FNOMCeO က မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    သေဆုံးသွားသူတွေထဲမှာ လွန်ခဲ့တဲ့ တစ်လလောက်က အစိုးရရဲ့ အကူအညီတောင်းမှုကြောင့် တာဝန်ပြန်လည်ထမ်းဆောင်ခဲ့တဲ့ အငြိမ်းစား ဆရာဝန်တွေလည်း ပါဝင်ပါတယ်။ အီတလီမီဒီယာတွေကတော့ သူနာပြုနဲ့ သူနာပြုအကူ ၃၀ လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သေဆုံးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

    အီတလီမှာ ဗိုင်းရပ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ဧပြီ ၁၀ ရက်နေ့အထိ ၁၇၆၆၉ ဦး ရှိပြီဖြစ်ပါတယ်။

    FNOMCeO အဖွဲ့ရဲ့ ဥက္ကဌ ဖိလစ်ပို အနဲလ်လီက အသင်းဝင် ကျန်းမာရေးဝန်ထမ်းတွေ အကာအကွယ်မရှိဘဲ ကုသတာမျိုးကို ခွင့်ပြုမှာမဟုတ်ဘူးလို့ အသင်းရဲ့ ဝဘ်ဆိုက်မှာ ပြောကြားခဲ့ပါတယ်။

    ရောမမြို့ခြေစိုက် ISS ကျန်းမာရေး အင်စတီကျုက အီတလီမှာ ရောဂါကူးစက်သူ အရေအတွက်ရဲ့ ၁၀ ရာခိုင်နှုန်းလောက်ဟာ ကျန်းမာရေးလုပ်သားတွေ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • COVID-19 ကြောင့် အီတလီတွင်လူသေဆုံးမှု တရုတ်ထက် ပိုမိုများပြားလာ

    COVID-19 ကြောင့် အီတလီတွင်လူသေဆုံးမှု တရုတ်ထက် ပိုမိုများပြားလာ

    မတ် ၂၀၊ ၂၀၂၀
    M-Media

    -COVID-19 ကြောင့် အီတလီမှာ သေဆုံးသူအရေအတွက်ဟာ မနေ့က ၃၄၀၅ ဦးအထိ ရှိလာခဲ့ပြီး ဒါဟာ ဗိုင်းရပ်စ်စတင်ပြန့်နှံ့ရာ တရုတ်နိုင်ငံက သေဆုံးမှုထက် ပိုမိုများပြားသွားတာ ဖြစ်ပါတယ်။

    မနေ့ကတစ်ရက်တည်း အီတလီမှာ သေဆုံးသူ ၄၂၇ ဦး ရှိခဲ့တာပါ။ အီတလီဟာ မတ်လ ၁၂ ရက်နေ့ကစလို့ နိုင်ငံကို ၂ ပတ်ကြာ တံခါးပိတ်ခဲ့ပြီး မတ်လ ၂၅ ရက်နေ့မှာ ပြီးဆုံးမယ့် ဒီတံခါးပိတ်မှုကို သက်တမ်းတိုးခဲ့ ပေမယ့် ကူးစက်မှုနဲ့ သေဆုံးမှုအရေအတွက်ကတော့ ဆက်လက်မြင့်တက်နေပါတယ်။ မတ်လ ၁၉ ရက်နေ့အထိ အီတလီမှာ ကူးစက်သူအရေအတွက်ဟာ ၄၁၀၃၅ ဦးရှိနေပါတယ်။

    တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်စတင်ပြန့်နှံ့တဲ့ ဒီဇင်ဘာလကစလို့ အခုအချိန်အထိ ကူးစက်သူ ၈၁၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၃၂၄၅ ဦး ရှိခဲ့တာပါ။ ဗုဒ္ဓဟူးနေ့မှာတော့ ပထမဆုံး အကြိမ်အဖြစ် ပြည်တွင်းကူးစက်မှု လုံး၀ မရှိတော့ပါဘူး။

    အီတလီက တရုတ်နိုင်ငံထက် သေဆုံးသူအရေအတွက် ပိုမိုများပြားလာသလို၊ သေဆုံးမှုနှုန်းလည်း မြင့်မားနေတာ ဖြစ်ပါတယ်။

    Ref: BBC

  • ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီက ပြည်နယ် ၁၅ ခုကို တံခါးပိတ် (နောက်ဆုံးရ သတင်းများ)

    ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီက ပြည်နယ် ၁၅ ခုကို တံခါးပိတ် (နောက်ဆုံးရ သတင်းများ)

    မတ် ၈၊ ၂၀၂၀ (ည ၈ နာရီ)
    M-Media

    (ပုံ – အီတလီနိုင်ငံမြေပုံ)
    • ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ပြန့်နှံ့နေတာကို တားဆီးနိုင်ဖို့အတွက် နိုင်ငံမြောက်ပိုင်း ဒေသတော်တော်များများ အပါအဝင် ပြည်နယ် ၁၅ ခုကို အီတလီက အနီရောင်ဇုန်ကြေငြာကာ မနေ့မှာ တံခါးပိတ်လိုက်ပါတယ်။ တစ်လတာ ကြာမြင့်မယ့် ဒီတံခါးပိတ်မှုဟာ လူ ၁၆ သန်းလောက်အပေါ် သက်ရောက်မှုရှိမှာဖြစ်ပါတယ်။ အီတလီမှာ ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သိသိသာသာ မြင့်တက်လာပြီး စုစုပေါင်း ၅၈၈၃ ဦး ရှိလာကာ သေဆုံးသူကတော့ ၂၃၃ ဦး ရှိလာပါပြီ။ အခုတံခါးပိတ်လိုက်တဲ့ဒေသတွေကို ပြင်ပနဲ့ လုံး၀ အဆက်အသွယ် ဖြတ်တောက်ထားမှာဖြစ်ပြီး ဒေသတွင်း သွားလာလှုပ်ရှားမှုကိုလည်း ကန့်သတ်မှာ ဖြစ်ပါတယ်။
    • အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက ဘက်သလီဟမ်မြို့မှာ ဗိုင်းရပ်စ်ကူးစက်နေသူကို ပထမဆုံး တွေ့ခဲ့ရတာကြောင့် ပါလက်စတိုင်းအာဏာပိုင်တွေက မနေ့မှာ အရေးပေါ်အခြေအနေ ကြေငြာကာ တံခါးပိတ်လိုက်ပါတယ်။ အနောက်ဖက်ကမ်းမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်နေသူ စုစုပေါင်း ၁၉ ဦးအထိ ရှိနေပါတယ်။
    • ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အီရန်နိုင်ငံမှာ ၄၉ ဦးသေဆုံးခဲ့ပြီး COVID-19 ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ စုစုပေါင်း ၁၉၄ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။ ကူးစက်သူဟာ ၇၄၃ ဦးရှိခဲ့ပြီး စုစုပေါင်း ၆၅၆၆ ဦး ရှိလာတာဖြစ်ပါတယ်။ ဆော်ဒီအာရေဗျမှာ ကူးစက်နေသူ ၁၁ ဦးအထိ ရှိလာသလို၊ ကာတာမှာတော့ ၁၅ ဦးအထိ ရှိလာပါတယ်။
    • ဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့ရာ ဒေသတွေကို သွားရောက်ပြီး ပြန်လာတဲ့သူတွေဟာ နေအိမ်မှာ ၁၄ ရက်ကြာ သီးသန့်နေထိုင်တာမျိုး မလုပ်ရင် ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်မယ်လို့ ရုရှားနိုင်ငံ မော်စကိုမြို့ အာဏာပိုင်တွေက ဒီကနေ့မှာ သတိပေးလိုက်ပါတယ်။ ​ဗိုင်းရပ်စ်မပြန့်ပွားအောင် တားဆီးရေးလုပ်ငန်းတွေကိုလည်း မော်စကိုမြို့အစိုးရက တိုးမြှင့်ဆောင်ရွက်နေပါတယ်။
    • အာဆီယံဒေသက မောလ်ဒိုက်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်နေသူ ၂ ဦးကို မ​နေ့က ပထမဆုံးအကြိမ် တွေ့ခဲ့ရပြီး လက်ရှိမှာ အခြေအနေ တည်ငြိမ်နေတယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။ ဥရောပနိုင်ငံငယ်တွေဖြစ်တဲ့ မော်လ်ဒိုဗာနဲ့ ဘူလ်ဂေးရီးယားတို့မှာလည်း ဗိုင်းရပ်စ်ကူးစက်နေသူ အမျိုးသမီးတစ်ဦးကို ပထမဆုံး တွေ့ခဲ့ရပါတယ်။ အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီမှာ ဗိုင်းရပ်စ်ကူးစက်နေသူ အမျိုးသားတစ်ဦးကို မနေ့က ပထမဆုံး တွေ့ခဲ့ရပါတယ်။ အဲဒီအမျိုးသားဟာ ဗိုင်းရပ်စ်ပြန့်နှံ့နေတဲ့ နိုင်ငံတွေကို မသွားရောက်ဖူးသလို နိုင်ငံအတွင်း ကူးစက်နေသူတွေနဲ့ ထိတွေ့ဆက်ဆံဖူးတာမျိုးလည်း မရှိဘူးလို့ အာဏာပိုင်တွေက ဆိုပါတယ်။
    • တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှာ ဗိုင်းရပ်စ်ကူးစက်နေတယ်လို့ သံသယရှိသူတွေကို သီးသန့်ခွဲထားတဲ့ ဟိုတယ်တစ်လုံး မနေ့က ပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၀ ဦးသေဆုံးပြီး အများအပြား အပျက်အဆီးတွေကြားမှာ ပိတ်မိနေပါတယ်။ လူပေါင်း ၇၀ ကျော်လောက် ရှိတဲ့ အဲဒီဟိုတယ် ဘာ့ကြောင့် ပြိုကျလဲဆိုတာကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေကြပါတယ်။
    • အီတလီနိုင်ငံသားတော်တော်များများနဲ့ လူပေါင်း ၂၀၀၀ လောက်ပါဝင်တဲ့ အပျော်စီးသင်္ဘော Costa Fortuna ကို မလေးရှားနဲ့ ထိုင်းနိုင်ငံတို့က ကမ်းကပ်ခွင့်မပေးဘဲ လက်ရှိ အဲဒီသင်္ဘောဟာ စင်ကာပူနိုင်ငံကို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
    • ဗိုင်းရပ်စ်စတင်ရာ တရုတ်နိုင်ငံ ဟူဘေးပြည်နယ်မှာ အာဏာပိုင်တွေက ရောဂါကင်းရှင်းသူတွေကို ဒစ်ဂျစ်တယ် အသိအမှတ်ပြုလက်မှတ်တွေ ထုတ်ပေးနေပြီး လက်မှတ်ရထားသူတွေဟာ အလုပ်ပြန်လုပ်တာ၊ ခရီးသွားတာတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဟူဘေးပြည်နယ်တစ်ခုလုံးကိုတော့ လက်ရှိအချိန်အထိ တံခါးပိတ်ထားပါတယ်။
    • တောင်ကိုရီးယားနိုင်ငံမှာ စနေနေ့က ဗိုင်းရပ်စ် ထပ်မံကူးစက်သူ ၉၃ ဦး ရှိခဲ့ပြီး စုစုပေါင်း ၇၁၃၄ ဦး ရှိလာတာပါ။
    • အာဂျင်တီးနားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်နေသူတစ်ဦး မနေ့က သေဆုံးသွားခဲ့ပြီး ဒါဟာ လက်တင်အမေရိကမှာ ပထမဆုံး သေဆုံးမှု ဖြစ်ပါတယ်။ လက်တင်အမေရိကက ပါရာဂွေး၊ ကိုလံဘီယာ၊ ချီလီနဲ့ ပီရူးနိုင်ငံတွေမှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရောဂါကူးစက်နေသူတွေကို ပထမဆုံး တွေ့ခဲ့ရပါတယ်။
    • တရုတ်နိုင်မှာတော့ မနေ့က ရောဂါထပ်မံကူးစက်မှု ၄၄ ခုသာရှိခဲ့ပြီး သေဆုံးသူက ၂၇ ဦး ရှိပါတယ်။ ဒါ့ကြောင် တရုတ်နိုင်ငံမှာ စုစုပေါင်း သေဆုံးသူအရေအတွက်ဟာ ၃၀၉၇ ဦး ရှိလာပါတယ်။
    • စင်ကာပူနိုင်ငံမှာ ဒီကနေ့ ရောဂါထိပ်မံကူးစက်နေသူ ၁၂ ဦးကို ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း ကူးစက်မှုက ၁၅၀ အထိ ရှိလာပါတယ်။ အဲဒီအထဲမှာ လူ ၉၀ က လုံး၀ပျောက်ကင်းကာ ဆေးရုံက ဆင်းသွားပြီဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ မနေ့က ကူးစက်နေသူ ၆ ဦးကို ထပ်မံတွေ့ရှိခဲ့ရပြီး စုစုပေါင်း ၉၉ ဦးအထိ ရှိလာတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • COVID-19 ဗိုင်းရပ်စ်က ကမ္ဘာ့ကပ်ရောဂါ ဖြစ်တော့မည်ဟု ဩဇီဝန်ကြီးချုပ် သတိပေး (နောက်ဆုံးရသတင်းများ)

    COVID-19 ဗိုင်းရပ်စ်က ကမ္ဘာ့ကပ်ရောဂါ ဖြစ်တော့မည်ဟု ဩဇီဝန်ကြီးချုပ် သတိပေး (နောက်ဆုံးရသတင်းများ)

    ဖေဖော်ဝါရီ ၂၇၊ ၂၀၂၀ (ညနေ ၄ နာရီ)
    M-Media

    • တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒုန်ပြည်နယ်မှာ COVID-19 ပျောင်းကင်းပြီဆိုကာ ဆေးရုံးကဆင်းခွင့်ပေးခဲ့သူတွေရဲ့ ၁၄ ရာခိုင်နှုန်းလောက်မှာ ဗိုင်းရပ်စ်ရှိကြောင်း ပြန်တွေ့ရတယ်လို့ တရုတ်အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။ ဘာ့ကြောင့် ဒီလိုဖြစ်လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိသေးပါဘူး။ လည်ချောင်းနဲ့ နှာခေါင်းတို့ဖတ်နမူနာ ၂ ကြိမ်ဆက် စမ်းသပ်မှုအတွင်း ဗိုင်းရပ်စ်ရှိကြောင်း မတွေ့ရင်၊ CT စကန်ဖတ်မှုအရ အဆုတ်မှာ ဒဏ်ရာမတွေ့ရင်၊ အဖျားတက်တာလို ရောဂါက္ခဏာမျိုး မရှိတော့ရင် ဗိုင်းရပ်စ်မရှိဘူးလို့ ယူဆတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလူနာတွေဟာ နောက်ဆက်တွဲ ကျန်းမာရေးစစ်ဆေးမှုတွေကို ခံယူရပါတယ်။
    • ဥရောပနိုင်ငံတွေဖြစ်တဲ့ ရိုမေးနီးယား၊ အက်စ်တိုးနီးယားနဲ့ ဒိန်းမတ်နိုင်ငံတွေမှာ ဗိုင်းရပ်စ်ပိုး ကူးစက်နေသူတွေကို မနေ့က ပထမဆုံးအကြိမ် တွေ့ခဲ့ရပါတယ်။ အီတလီမှာတော့ မနေ့က ကူးစက်သူအရေအတွက်ဟာ ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်ကာ စုစုပေါင်း ၄၀၀ အထိ ရောက်လာပါတယ်။ သေဆုံးသူကတော့ ၁၂ ဦးအထိ ရှိနေပါတယ်။
    • အီရန်နိုင်ငံမှာ ကူးစက်မှုဟာ စုစုပေါင်း ၁၄၁ ဦးအထိ ရှိလာပြီး သေဆုံးသူကတော့ ၂၂ ဦး ရှိလာပြီဖြစ်ပါတယ်။ အီရန်နဲ့ကပ်နေတဲ့ အီရတ်နိုင်ငံမှာလည်း ဗိုင်းရပ်စ် ကူးစက်နေသူအရေအတွက်ဟာ ၆ ဦးအထိ ရှိလာပါပြီ။ အရှေ့အလယ်ပိုင်းက လက်ဘနွန်၊ ဘာရိတ်း၊ ကူဝိတ်တို့မှာလည်း ဗိုင်းရပ်စ်ကူးစက်မှုတွေ ရှိနေပါတယ်။
    • တောင်ကိုရီးယားနိုင်ငံမှာ မနေ့က ဗိုင်းရပ်စ်ကူးစက်နေသူ ရာနဲ့ချီ ထပ်တွေ့ခဲ့ရပြီး စုစုပေါင်း ကူးစက်သူ ၁၇၆၆ ဦး ရှိလာပြီဖြစ်ပါတယ်။ သေဆုံးသူကတော့ စုစုပေါင်း ၁၃ ဦးအထိ ရှိလာပါတယ်။ ဗိုင်းရပ်စ်ပြန့်နှံ့နေမှုကြောင့် မူလက စီစဉ်ထားတဲ့ ကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။
    • တရုတ်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က လူ ၄၃၃ ဦး ထပ်မံ ကူးစက်ခဲ့ပြီး သေဆုံးသူ ၂၉ ဦး ရှိခဲ့ပါတယ်။ တစ်ရက်အတွင်း သေဆုံးမှုဟာ ဇန်နဝါရီ ၂၈ ရက်နောက်ပိုင်း အနည်းဆုံးဖြစ်လာတာပါ။ တရုတ်မှာ စုစုပေါင်း ကူးစက်မှုဟာ ၇၈၄၉၇ ဦး ရှိကာ သေဆုံးသူက ၂၇၄၄ ဦး ရှိလာပြီ ဖြစ်ပါတယ်။ ရောဂါအကြီးအကျယ်ပြန့်နှံ့နေတဲ့ ဟူဘေးပြည်နယ်က ကျင်ကျန်းမြို့မှာ ရောဂါလက္ခဏာဖြစ်နေကြောင်း အာဏာပိုင်တွေကို လာရောက်အကြောင်းကြားတဲ့သူတွေကို ရောဂါရှိကြောင်းတွေ့ရရင် ယွမ်တစ်သောင်း (ဒေါ်လာ ၁၄၀၀) ဆုချမယ်လို့ ထုတ်ပြန်ထားပါတယ်။
    • သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်ဟာ COVID-19 ဗိုင်းရပ်စ်ကို တုန့်ပြန်နိုင်ရေး အဆင့်သင်အနေအထားမှာ ရှိနေတယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ ဒုတိယသမ္မတ မိုက်ပန့်စ်ကို တာဝန်ပေးထားပြီး နိုင်ငံအတွင်း အကြီးအကျယ် ပြန့်နှံ့တာမျိုး မဖြစ်နိုင်ဘူးလို့လည်း ထရမ့်က ဆိုပါတယ်။ ကယ်လီဖိုးနီးယာမှာ ထပ်တွေ့ရတဲ့ ရောဂါကူးစက်မှုတစ်ခုဟာ နိုင်ငံရပ်ခြားကို ခရီးသွားတာမျိုးကနေတစ်ဆင့် ကူးတာမျိုးမဟုတ်ဘဲ နိုင်ငံအတွင်းမှာတင် ပထမဆုံး ကူးစက်တာ ဖြစ်နိုင်တယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။
    • ကမ္ဘာကြီးဟာ COVID-19 ဗိုင်းရပ်စ် ကပ်ဘေးဆိုက်မယ့်အနေအထားကို ရောက်ရှိနေပြီလို့ ဩစတေးလျဝန်ကြီးချုပ် မောရစ်ဆန်က သတိပေးလိုက်ပါတယ်။ ဒီရောဂါဟာ တရုတ်နိုင်ငံအပြင် တောင်ကိုရီးယား၊ အီတလီနဲ့ အီရန်တို့မှာ သိသိသာသာ ပြန့်နှံ့လာပြီး အခြား ဥရောပနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေကိုလည်း ပြန့်နှံ့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ နိုင်ငံအတွင်း အရေးပေါ်စီမံကိန်းကို စတင်ထားပြီး ဗိုင်းရပ်စ်ကာကွယ်ရေးနဲ့ ကုသရေးကိစ္စတွေကို အာရုံစိုက်လုပ်ဆောင်သွားမယ်လို့လည်း မော်ရစ်ဆန်က ပြောပါတယ်။

    Ref: Strait Times, Aljazeera, BBC

    (ပုံ-တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့ မြင်ကွင်း)