News @ M-Media

Tag: Japan

  • ဒုတိယကမ္ဘာစစ်က ကိုရီးယားကျွန်းဆွယ်တွင် အဓမ္မလုပ်အားခိုင်းစေမှုအတွက် ဂျပန်ကုမ္ပဏီက နစ်နာကြေး ပေးရမည်

    ဒုတိယကမ္ဘာစစ်က ကိုရီးယားကျွန်းဆွယ်တွင် အဓမ္မလုပ်အားခိုင်းစေမှုအတွက် ဂျပန်ကုမ္ပဏီက နစ်နာကြေး ပေးရမည်

    အောက်တိုဘာ ၃၀၊ ၂၀၁၈
    M-Media

    – ကိုရီးယားကျွန်းဆွယ်ကို ဂျပန်ဧကရာဇ်စစ်တပ်က ကျူးကျော်သိမ်းပိုက်ခဲ့ချိန် ဒုတိယကမ္ဘာစစ်အတွင်း အဓမ္မလုပ်အား ခိုင်းစေမှုအတွက် လူ ၄ ဦးကို နစ်နာကြေးပေးဖို့ တောင်ကိုရီးယားတရားရုံးချုပ်က ဂျပန်ကုမ္ပဏီတစ်ခုကို အမိန့်ချမှတ်လိုက်ပါတယ်။

    Nippon Steel & Sumitomo Metal ကုမ္ပဏီဖြစ်ပြီး တရားစွဲသူ တစ်ဦးချင်းစီကို ၀မ် သန်း ၁၀၀ (ဒေါ်လာ ၈၇၇၀၀) ပေးဖို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

    တရားစွဲဆိုသူတွေထဲမှာ အသက်ရှင်ကျန်ရစ်ဆဲ တစ်ဦးတည်းသောသူဖြစ်တဲ့ အသက် ၉၈ နှစ်အရွယ် လီချွန်ရှစ်က ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပြီး ‘ဒီလိုနေ့မျိုးကို သူတစ်ဦးတည်းသာ မြင်တွေ့ခွင့်ရတဲ့အတွက် ကြေကွဲဝမ်းနည်းမိတယ်’ လို့ ရုပ်သံကနေတစ်ဆင့် ပြောကြားခဲ့ပါတယ်။

    တောင်ကိုရီးယား တရားရုံးချုပ်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ တောင်ကိုရီးယား-ဂျပန်တို့ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံမှုတွေအပေါ် သိသိသာသာ ရိုက်ခတ်မှုရှိနိုင်တယ်လို့ နိုင်ငံရေးသုတေသီတွေက သုံးသပ်ကြပါတယ်။

    ဂျပန်ဟာ ကိုရီးယားကျွန်းဆွယ်ကို ၁၉၁၀ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ ၃၅ နှစ်ကြာ ကျူးကျော်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီလို သိမ်းပိုက်မှုအတွင်း ဌာနေအမျိုးသမီးတွေကို လိင်ကျွန်အဖြစ် အသုံးချမှု၊ အမျိုးသားတွေကို ချွေးတပ်ဆွဲမှုတွေအတွက် ဂျပန်နဲ့ တောင်ကိုရီးယားအကြား တင်းမာမှုတွေဟာ အခုအချိန်အထိ ရှိနေပါတယ်။

    Nippon Steel ကုမ္ပဏီကတော့ ဒီကနေ့ဆုံးဖြတ်ချက်အတွက် စိတ်ပျက်ရပြီး ပြန်လည်သုံးသပ်ကာ ဂျပန်အစိုးရဲ့ တုန့်ပြန်မှုကိုရဖို့ ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကိစ္စအတွက် ဂျပန်သံအမတ်ကို ဆင့်ခေါ်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera

  • အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၂၊ ၂၀၁၈
    M-Media

    ဂျပန်တိုင်ဖုန်းမုန်တိုင်းမြင်ကွင်း

    တိုင်ဖုန်းတရာမီကြောင့် ဂျပန်တွင် ၄ ဦးသေဆုံး
    =========
    ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဂျပန်နိုင်ငံအရှေ့ပိုင်းမှာ ၀င်ရောက်တိုက်ခတ်သွားတဲ့ တိုင်ဖုန်းမုန်တိုင်း တရာမီကြောင့် ၄ ဦးသေဆုံးခဲ့တယ်လို့ ဂျပန်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ ဒဏ်ရာရရှိသူက ၁၂၀ လောက်ရှိပြီး၊ သစ်ပင်တွေ၊ ဓာတ်တိုင်တွေ ပြိုလဲတာတွေလည်း ရှိခဲ့ပါတယ်။ မုန်တိုင်းကြောင့် ရထားခရီးစဉ်တွေ၊ လေယာဉ်ခရီးဉ်တွေကိုလည်း ပိတ်ထားခဲ့ရပါတယ်။ စက်တင်ဘာလအစောပိုင်းက နိုင်ငံအနောက်ပိုင်းမှာ တိုင်ဖုန်းဂျီဘီ ၀င်ရောက်တိုက်ခတ်ခဲ့ပြီး ၁၁ ဦးသေဆုံးခဲ့သလို၊ အခုနှစ်အစောပိုင်းက နိုင်ငံအနောက်ပိုင်းမှာ ရေကြီးခဲ့တာကြောင့် ၂၀၀ ကျော်သေဆုံးခဲ့ပါတယ်။

    တောင်တရုတ်ပင်လယ်တွင် အမေရိကန်နှင့်တရုတ် တင်းမာမှုဖြစ်
    ==================
    တောင်တရုတ်ပင်လယ်က အငြင်းပွားရေပိုင်နက်အနီး အမေရိကန်ရေတပ်က ဖျက်သင်္ဘော USS Decatur အင်္ဂါနေ့က ခုတ်မောင်းသွားလာမှုကို ကန့်ကွက်တယ်လို့ တရုတ်က ဒီကနေ့မှာ ပြောကြားလိုက်ပြီး ဒါဟာ သူတို့ရဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက်မှုဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန် စစ်ဖက်တာဝန်ရှိသူတစ်ဦးက  လွတ်လပ်စွာ ရေကြောင်းသွားလာမှု တရုတ်ဖက်က ကန့်သတ်တာကို သူတို့ဖက်က တုန့်ပြန်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ တရုတ်ကလည်း သူတို့စစ်သဘော်တွေလွှတ်ကာ အမေရိကန်ဖျက်သင်္ဘောကို သတိပေးခဲ့ပါတယ်။

    ဆူနာမီကြောင့် အင်ဒိုတွင် သေဆုံးသူ ၈၄၄ ဦးအထိ ရှိလာ
    ================
    ပြီးခဲ့တဲ့တစ်ပတ်မှာ ငလျင်နဲ့ ဆူနာမီဒဏ် ခံစားခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်း ပါလူမြို့က ပြိုကျနေတဲ့ ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာ ကျောင်းသားအလောင်း ၃၄ လောင်း တွေ့ခဲ့ရတယ်လို့ မနေ့မှာ အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။ သေဆုံးသူအရေအတွက်ဟာ အနည်းဆုံး ၈၄၄ ဦးအထိ ရှိလာပြီဖြစ်ပြီး ပျက်ဆီးမှုပမာဏ များပြားတာကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကလည်း ကြန့်ကြာနေပါတယ်။ ဒီကနေ့မနက်ပိုင်းက အင်ဒိုနီးရှားပိုင်နက် ဆမ်ဘာကျွန်းကမ်းလွန်မှာ ပြင်းအား ၅.၉ နဲ့ ၆.၀ မဂ္ဂနီကျုရှိတဲ့ ငလျင်နှစ်ခု လှုပ်ခတ်သွားပါတယ်။

    ကိုရီးယားနှစ်နိုင်ငံ မြေမြှုပ်မိုင်းများ ရှင်းလင်း
    =============
    နှစ်ဖက်နယ်စပ်မှာ စစ်မဲ့ဇုန်မှာ ရှိနေတဲ့ မြေမြှုပ်မိုင်း ၈ သိန်းလောက်ကို တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားက စစ်သားတွေက မနေ့မှာ စတင်ရှင်းလင်းနေပါတယ်။ ဒီလိုဆောင်ရွက်ဖို့ ပြီးခဲ့တဲ့လ ပြုံးယမ်မှာ နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ တွေ့ဆုံမှုအတွင်း သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ ရက်ပေါင်း ၂၀ အတွင်း အပြီး ရှင်းလင်းမှာ ဖြစ်ပြီး နောက်ပိုင်းမှာ ကင်းစခန်းတွေ၊ လက်နက်တွေကိုပါ ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ လက်နက်မဲ့ စစ်သားတွေကိုသာ ချထားသွားဖို့ ရှိနေပါတယ်။

    Ref: CNA, BBC

  • ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို ဂျပန်နှင့် အမေရိကန်မှ သိပ္ပံပညာရှင် ၂ ဦး ရရှိ

    ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို ဂျပန်နှင့် အမေရိကန်မှ သိပ္ပံပညာရှင် ၂ ဦး ရရှိ

    အောက်တိုဘာ ၁၊ ၂၀၁၈
    M-Media

    ဟွန်ဂျို (၀ဲ) နှင့် အယ်လီဆန် (ယာ)

    – ၂၀၁၈ ခုနှစ်အတွက် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို ကိုယ်ခံအားနဲ့ပတ်သက်တဲ့ သုတေသနတွေ လုပ်ဆောင်ခဲ့တဲ့ သိပ္ပံပညာရှင်နှစ်ဦးက ပူးတွဲ ရရှိသွားပါတယ်။

    အမေရိကန် သိပ္ပံပညာရှင် ဂျိမ်းစ် အယ်လီဆန်နဲ့ ဂျပန်သိပ္ပံပညာရှင် တာဆူကို ဟွန်ဂျိုတို့ဖြစ်ပြီး သူတို့နှစ်ဦးဟာ သာမန် ကင်ဆာကုသနည်းတွေနဲ့မတူတဲ့ ကိုယ်ခံအားအခြေပြု နည်းလမ်းကို လေ့လာဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

    “သူတို့နှစ်ဦးရဲ့ အရေးပါတဲ့ ရှာဖွေတွေ့ရှိမှုက ကင်ဆာတိုက်ဖျက်ရေးနယ်ပယ်မှာ မှတ်တိုင်တစ်ခုပါပဲ” လို့ နိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။

    အသက် ၇၀ အရွယ် ရှိပြီဖြစ်တဲ့ အယ်လီဆန်က ဒီလိုရွေးချယ်ခံရမှုကို ဂုဏ်ယူတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော့်ရဲ့ သုတေသနပြုမှုဟာ ဒီလောက်အထိ ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ပါဘူး။ (သူဖော်ထုတ်ခဲ့တဲ့) immune checkpoint blockade နည်းလမ်းနဲ့ ကုသလို့ ပျောက်ကင်းသွားတဲ့ ကင်ဆာလူနာတွေကို တွေ့ဆုံရတဲ့အခါ ကျွန်တော် တကယ့်ကို ကြည်နူးပီတိဖြစ်မိပါတယ်။ သူတို့ဟာ သိပ္ပံအခြေခံစွမ်းအားရဲ့ သက်သေအဖြစ် ရှင်သန်နေကြတာ ဖြစ်ပါတယ်”

    ဟွန်ဂျိုက အသက် ၇၆ နှစ်အရွယ် ရှိပြီဖြစ်ပြီး သုတေသနလုပ်ငန်းကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကိုယ်ခံအားအခြေပြု ကုသနည်းနဲ့ ကင်ဆာရောဂါသည်တွေကို အရင်ကထက်ပိုပြီး ကယ်တင်နိုင်ဖို့အတွက် သုတေသနကို ဆက်လုပ်သွားမှာပါ” လို့ အလုပ်လုပ်ကိုင်ရာ ကျိုတိုတက္ကသိုလ်မှာ ဟွန်ဂျိုက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့က သုတေသနပညာရှင်တွေဟာ ကင်ဆာရောဂါကို တိုက်ဖျက်ရာမှာ ကိုယ်ခံစွမ်းအားကို အသုံးချရေးအတွက် နှစ်ပေါင်း ၁၀၀ ကျော်လောက် ကြိုးစားခဲ့ပြီး အယ်လီဆန်နဲ့ ဟွန်ဂျိုတို့လက်ထက်ကျမှ အောင်မြင်ခဲ့တာ ဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: PressTV

  • လကမ္ဘာသွားလည်ရန် ပထမဆုံးစာရင်းပေးထားသူကို Space X ထုတ်ပြန်

    လကမ္ဘာသွားလည်ရန် ပထမဆုံးစာရင်းပေးထားသူကို Space X ထုတ်ပြန်

    စက်တင်ဘာ ၁၈၊ ၂၀၁၈
    M-Media

    ဂျပန်ဘီလီယံနာ ယူဆာကူ မယ်ဇာဝါ

    – လကမ္ဘာအလည်အပတ်ခရီးအတွက် ပထမဆုံးစာရင်းပေးထားသူကို SpaceX က ဒီကနေ့ ကယ်လီဖိုးနီးယားက သူတို့ရုံးချုပ်မှာ မိတ်ဆက်လိုက်ပြီး သူကတော့ ဂျပန်က ဘီလီယံနာ ယူဆာကူ မယ်ဇာဝါ ဖြစ်ပါတယ်။

    Space X ဟာ ၂၀၂၃ ခုစ်မှာ လကမ္ဘာကို ခရီးသည်တွေ သွားနိုင်ဖို့ စီစဉ်ထားတာဖြစ်ပြီး ဒါဟာ ၁၉၇၂ ခုနှစ်နောက်ပိုင်း လူသားတွေ လကမ္ဘာကို ပထမဆုံး သွားရောက်မှုလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

    အသက် ၄၂ နှစ်အရွယ် ယူဆာကူ မယ်ဇာဝါဟာ အွန်လိုင်း ဖက်ရှင်လုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်ကာ လကမ္ဘာသွားမယ့်အကြောင်းကို Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    “လကမ္ဘာသွားဖို့ ကျွန်တော်ရွေးချယ်လိုက်ပါတယ်”

    ကွယ်လွန်သွားပြီဖြစ်တဲ့ ပန်းချီပညာရှင် ဂျီယန်-မီခေးလ် ဘက်စ်ကတ်ရဲ့ အကောင်းဆုံး လက်ရာတစ်ခုကို ပြီးခဲ့တဲ့နှစ်မှာ ကန်ဒေါ်လာ ၁၁၀.၅ သန်းနဲ့ ၀ယ်ယူခဲ့ပြီးတဲ့နောက် မယ်ဇာဝါဟာ လူသိများလာခဲ့တာပါ။

    လကမ္ဘာကို သူနဲ့အတူသွားရောက်ဖို့အတွက် အနုပညာသမား ၆ ဦးကနေ ၈ ဦးအထိ ဖိတ်ခေါ်သွားမယ်လို့လည်း သူက ပြောပါတယ်။

    လကမ္ဘာသွား အာကာသယာဉ် လွှတ်တင်နိုင်မယ့် ဒုံးကျည်ကို လက်ရှိအချိန်မှာ Space X က ထုတ်လုပ်နိုင်ခြင်း မရှိသေးဘဲ ကုမ္ပဏီပိုင်ရှင် အေလွန်မက်စ်ကတော့ ဒီခရီးစဉ် ဖြစ်ပေါ်လာဖို့အတွက် ရာနှုန်းပြည့် မသေချာသေးဘူးလို့ ပြောကြားခဲ့ပါတယ်။

    လကမ္ဘာကို လူသား ၂၄ ဦးသာ သွားရောက်ဖူးပြီး သူတို့တွေအားလုံးဟာ အမေရိကန်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။ အဲဒီထဲက ၁၂ ဦးဟာ လရဲ့မျက်နှာပြင်ပေါ်ကို ဆင်းသက်ခဲ့ကြပါတယ်။

    အေလွန်မက်စ်ဟာ လကမ္ဘာသွားရာမှာ အသုံးပြုမယ့် ဒုံးကျည်နဲ့ အာကာယာဉ်ငယ် ပုံစံတွေရဲ့ ဂရက်ဖစ်ဒီဇိုင်းတွေကို တနင်္လာနေ့က ထုတ်ပြခဲ့ပါတယ်။

    Ref: BBC

  • စနေနေ့မနက် နိုင်ငံတကာ သတင်းများ

    စနေနေ့မနက် နိုင်ငံတကာ သတင်းများ

    စက်တင်ဘာ ၈၊ ၂၀၁၈
    M-Media

    ဂျော့ဂ်ျ ပါပါဒိုပူလော့စ်

    ရွေးကောက်ပွဲ မသမာမှုအတွက် ထရမ့်၏ အကြံပေးဟောင်း ထောင်ကျ
    =============
    ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် ထရမ့်ရဲ့ မဲဆွယ်ရေး တာဝန်ရှိသူတွေ ရုရှားနဲ့ ပူးပေါင်းခဲ့သလားဆိုတဲ့ စုံစမ်းစစ်ဆေးမှုမှာ FBI ကို လိမ်လည်ထွက်ဆိုခဲ့မှုအတွက် ထရမ့်ရဲ့ မဲဆွယ်ရေးအကြံပေး ဟောင်း ဂျော့ဂ်ျ ပါပါဒိုပူလော့စ်ကို ၀ါရှင်တန် ခရိုင်တရားရုံးက မနေ့မှာ ထောင် ၁၄ ရက် ချလိုက်ပါတယ်။ ဒါဟာ အထူးကိုယ်စားလှယ် ရောဘတ်မူလာရဲ့ ရွေးကောက်ပွဲကိစ္စ စုံစမ်းစစ်ဆေးမှုအတွင်း ပထမဆုံး ထောင်ချခံရတဲ့ ထရမ့်ရဲ့ အကြံပေးလည်း ဖြစ်ပါတယ်။ ပါပါဒိုပူလော့စ်ကလည်း သူ့အနေနဲ့ FBI ကို လိမ်ပြောကြောင်း ၀န်ခံခဲ့ပြီး အဲဒီအတွက် ရှက်မိတယ်လို့ဆိုပါတယ်။ ထောင်ဒဏ် ၁၄ ရက်အပြင် သူဟာ ဒဏ်ငွေ ကန်ဒေါ်လာ ၉၅၀၀ ပေးဆောင်ရမှာဖြစ်သလို လူမှုရေးလုပ်ငန်းကိုလည်း တစ်နှစ် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

    အီရတ်နိုင်ငံ ဘာဆရာမြို့တွင် ပြည်သူများ ဆန္ဒပြ
    =============
    အခြေခံဝန်ဆောင်မှုတွေနဲ့ အလုပ်အကိုင်မရရှိမှုတို့ကြောင့် အီရတ်နိုင်ငံတောင်ပိုင်း ဘာဆရာမြို့မှာ ပြည်သူတွေဟာ တနင်္လာနေ့ကတည်းက ဆန္ဒပြခဲ့ကြပြီး မနေ့က မြို့တွင်းမှာရှိတဲ့ အီရန် ကောင်စစ်ဝန်ရုံးကို မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။ ဆန္ဒပြမှုအတွင်း လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုကြောင့် ဆန္ဒပြသူတော်တော်များများ သေဆုံးခဲ့ပြီး အစိုးရအဆောက်အဦးတွေလည်း မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။ လက်ရှိမှာ အီရတ်အစိုးရက ကာဗျူးအမိန့်ထုတ်ပြန်ထားပါတယ်။

    ဂျပန်ငလျင် သေဆုံးသူ ၂၀ အထိ ရှိလာ
    ==============
    ကြာသာပတေးနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးကျွန်းမှာ သေဆုံးသူအရေအတွက်ဟာ ၂၀ အထိ ရှိလာခဲ့ပြီး၊ ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေပါတယ်။ လက်ရှိမှာ ကယ်ဆယ်ရေးလုပ်သား ၂၂၀၀၀ လောက်နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ငလျင်ကြောင့် ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ပေမယ့် မနေ့ကညပိုင်းမှာတော့ ဟိုကိုင်းဒိုး တစ်ခုလုံးနီးပါးကို ဓာတ်အား ပြန်လည်ပေးနိုင်ခဲ့တယ်လို့ ဂျပန်တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ဒေသခံတွေက နောက်ဆက်တွဲ ငလျင်တွေ လှုပ်ခတ်မှာကိုလည်း စိုးရိမ်နေပါတယ်။

    အာဖရိက၀က်တုပ်ကွေင်း ကင်းစင်ကြောင်း မလေးရှား ကြေငြာ
    ==========
    သြဂုတ်လ ၃ ရက်နေ့က စတင်တွေ့ရှိခဲ့တဲ့ အာဖရိက၀က်တုပ်ကွေး ASF ရောဂါဟာ အခုအချိန်မှာ တိုင်းပြည်အတွင်း လုံးဝ ကင်းစင်သွားပြီလို့ မလေးရှားနိုင်ငံက မနေ့မှာ ကြေငြာခဲ့ပါတယ်။ လယ်ယာစိုက်ပျိုးရေး ဒုတိယ၀န်ကြီး ဆင်မ် တဇီ တဇင်မ်က ၀န်ကြီးဌာနအနေနဲ့ နိုင်ငံ ၆ နိုင်ငံက ၀က်တွေ၊ အေးခဲဝက်သားတွေ တင်သွင်းတာကို ပိတ်ပင်တာအပြင် အဲဒီရောဂါ နိုင်ငံအတွင်း ၀င်မလာရေးအတွက် လိုအပ်တာတွေအားလုံးကို လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ မလေးရှား စိုက်ပျိုးရေးအဖွဲ့က တရုတ်နိုင်ငံအနေနဲ့ ဒီဗိုင်းရပ်စ်ကို မြန်မြန်ဆန်ဆန် တားဆီးမှု မရှိဘူးဆိုရင် ကိုရီးယားကျွန်းဆွယ်နဲ့ အရှေ့တောင်အာရှက အခြားနိုင်ငံတွေကို ကူးစက်နိုင်တယ်လို့ အရင်က သတိပေးထားပါတယ်။

    Ref: Aljazeera, CNA