News @ M-Media

Tag: Japan

  • ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ

    ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ

    သြဂုတ် ၉၊ ၂၀၁၈
    M-Media

    အင်ဒိုငလျင်တွင် သေဆုံးသူ ၁၆၀ ကျော်ပြီ
    ================
    တနင်္ဂနွေနေ့ညနေပိုင်က အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း လွမ်ဘွတ်မှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၁၆၄ ဦးရှိလာခဲ့တယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒဏ်ရာရသူအရေအတွက်ကတော့ အနည်းဆုံး ၁၄၀၀ လောက်ရှိနေပြီး၊ ၁၅၆၀၀၀ ဟာ နေအိမ်တွေ ဆုံးရှုံးခဲ့ရပါတယ်။ ငလျင်နောက်ဆက်တွဲအဖြစ် ပြည်သူတွေဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ခံစားခဲ့ရနေသလို၊ အစာရေစာပြတ်လတ်မှုကိုလည်း စတင်ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

    ဂျပန် ကားလုပ်ငန်တစ်ချို့ အချက်အလက်များကို လိမ်လည်ဖော်ပြ
    ==============
    ဂျပန်နိုင်ငံက ထိပ်တန်း ကားထုတ်လုပ်ရေးလုပ်ငန်းတွေဖြစ်ကြတဲ့ Suzuki Motor၊ Mazda နဲ့ Yamaha တို့ဟာ တစ်ချို့ကားတွေမှာ ကာဘွန်ထုတ်လွှတ်မှု အချက်အလက်တွေကို လိမ်လည်ဖော်ပြခဲ့တယ်လို့ ဂျပန် ပို့ဆောင်ရေးဝန်ကြီးဌာနက ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ Nissan နဲ့ Subaru တို့ဟာ ဆီစားမှုနဲ့ ကာဘွန်ထုတ်လွှတ်မှု အချက်အလက်တွေကို လိမ်လည်ဖော်ပြခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် ၀န်ကြီးဌာနဟာ ပြီးခဲ့တဲ့လမှာ ကားနဲ့ ဆိုင်ကယ်ထုတ်လုပ်ရေး လုပ်ငန်း ၂၃ ခုကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာပါ။ တစ်ချို့မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းတွေကို ဆက်လက်စစ်ဆေးနေပြီး စည်းကမ်းဖောက်ဖျက်သူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးသွားမယ်လို့လည်း ၀န်ကြီးဌာနက ပြောပါတယ်။

    ယူကေသူလျှိုကိစ္စအတွက် အမေရိကန်က ရုရှားကို ပိတ်ဆို့မှု လုပ်မည်
    ===============
    ရုရှားသူလျှိုဟောင်း ဆာဂျီစကရီပဲလ်နဲ့ သူ့ရဲ့သမီး ယူလီယာ စကရီပဲလ်တို့ကို ယူကေမှာ အဆိပ်ဓာတ်ငွေ့နဲ့ လုပ်ကြံခံရတာဟာ ရုရှားလက်ချက်ဖြစ်တယ်လို့ ဆုံးဖြတ်ပြီး ရုရှားအပေါ် ပိတ်ဆို့မှုတွေ လုပ်သွားမယ်လို့ အမေရိကန်က မနေ့မှာ ကြေငြာလိုက်ပါတယ်။ အဲဒီအမိန့်ဟာ သြဂုတ်လ ၂၂ ရက်နေ့မှာ စတင်သက်ရောက်မှာဖြစ်တယ်လို့ အမေရိကန်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဟီသာနျူအာ့တ်က ပြောကြားခဲ့ပေမယ့် ဘယ်လို ပိတ်ဆို့မှုမျိုးလည်းဆိုတာကိုတော့ မပြောခဲ့ပါဘူး။ အဲဒီ သူလျှိုကိစ္စအတွက် အမေရိကန်ပါအ၀င် နိုင်ငံတော်တော်များများဟာ ယူကေဘက်က ရပ်တည်ကာ ရုရှားသံတမန်တွေကို နှင်ထုတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    Ref : CNA, Aljazeera

  • တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    သြဂုတ် ၆၊ ၂၀၁၈
    M-Media

    အင်ဒိုနီးရှားငလျင် သေဆုံးသူ ၉၀ ကျော်ပြီ
    ============
    အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း လွမ်ဘွတ်မြို့မှာ မနေ့ညနေပိုင်းက ပြင်းအား ၆.၉ မဂ္ဂနီကျုရှိတဲ့ ငလျင်တစ်ခု လှုပ်ခဲ့မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၉၁ ဦးရှိလာပြီလို့ အာဏာပိုင်တွေက ဒီကနေ့မနက်မှာ ပြောကြားလိုက်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ စည်ကားရာ လွမ်ဘွတ်မှာ ဒီငလျင်ဟာ ၁၀ ရက်အတွင်း ဒုတိယမြောက်ငလျင်လည်းဖြစ်ပါတယ်။ မနေ့ကငလျင်ကြောင့် အဆောက်အဦး တော်တော်များများ ပြိုကျပျက်ဆီးခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနေပါတယ်။

    ယာဉ်မတော်တဆမှုပြစ်ဒဏ်ကို တိုးမြှင့်ရန် ဘင်္ဂလားဒေ့ရှ် စဉ်းစားနေ
    ==================
    ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှုတွေမှာ တာဝန်ရှိသူတွေကို ပြင်းထန်တဲ့ပြစ်ဒဏ်မျိုး ပေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်လွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးဖို့ ရှိနေပါတယ်။ ကျောင်းသား ၂ ဦး ကားမှောက်သေဆုံးပြီးတဲ့နောက် နိုင်ငံရဲ့ ပို့ဆောင်ရေးစနစ် ဆိုးရွားမှုကို နိုင်ငံတစ်ဝှမ်းက ကျောင်းသားတွေ ဆန့်ကျင်ဆန္ဒပြနေတာဟာ ဒီကနေ့မှာ ၉ ရက်မြောက်လာခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုကြောင့် ထိခိုက်ဒဏ်ရာရမှုလည်း ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ယာဉ်မတော်တဆမှုအတွက် အမြင့်ဆုံးပြစ်ဒဏ်ဟာ ထောင်ဒဏ် ၃ နှစ်ဖြစ်ပြီး အခု လွှတ်တော်အမတ်တွေက သေဒဏ်အထိပေးဖို့ စဉ်းစားနေကြတာ ဖြစ်ပါတယ်။

    ဟီရိုရှီးယားမြို့ နျူဗုံးကြဲခံရမှု ၇၃ နှစ်ပြည့်ပြီ
    ====================
    ဟီရိုရှီးမားမြို့ နျူဗုံးအကြဲခံရတဲ့ ၇၃ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ဒီကနေ့မနက်ပိုင်းက ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့မှာ အမေရိကန်ကပြုလုပ်ခဲ့တဲ့ ဒီတိုက်ခိုက်မှုကြောင့် ဂျပန်ပြည်သူ ၁ သိန်း ၄ သောင်းလောက် သေဆုံးခဲ့ပါတယ်။ ဟီရိုရှီးမားမြို့တော်ဝန် ကာဇူမီ မတ်ဆူအီက နျူကလီးယားကင်းစင်တဲ့ ကမ္ဘာကြီးဖြစ်အောင် ဆောင်ရွက်ဖို့ ဒီကနေ့မိန့်ခွန်းမှာ ဆော်သြခဲ့ပြီး၊ ကမ္ဘာကြီးမှာ အမျိုးသားရေးဝါဒ မြင့်တက်လာတာဟာ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတယ်လို့ သတိပေးခဲ့ပါတယ်။

    SingHealth ဆိုက်ဘာတိုက်ခိုက်မှု ထိပ်တန်းဟက်ကာအဖွဲ့၏ လက်ချက်ဟု စင်ကာပူပြော
    ===========
    စင်ကာပူကျန်းမာရေးဌာန SingHealth ရဲ့ ဒေတာဘေ့စ်ကို ဇွန်လက တိုက်ခိုက်ခံရမှုဟာ အစိုးရ ကျောထောက်နောက်ခံပြုလေ့ရှိပြီး စွမ်းရည်မြင့်ဟက်ကာတွေနဲ့ဖွဲ့စည်းထားတဲ့ APT လို အဖွဲ့မျိုးရဲ့ လက်ချက်ဖြစ်တယ်လို့ စင်ကာပူ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်ဝန်ကြီး အစ္စရာဝမ်က ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း SingHealth က လူနာတွေရဲ့ အချက်အလက်သန်းချီ ခိုးယူခံခဲ့ရပါတယ်။ အစ္စရာဝမ်က ဟက်ကာတွေဟာ သူတို့အဖွဲ့ရဲ့အမည်ကို ရေးသားခဲ့ပေမယ့် အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စတွေကြောင့် ဒီကိစ္စကို အသေးစိတ် ထုတ်ပြန်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

    Ref: Aljazeera, CNA

  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    ဇူလိုင် ၂၇၊ ၂၀၁၈
    M-Media

    ဂျပန်တွင် ယခုလအစောပိုင်း ရေကြီးမှု

    ရေကြီးခဲ့သည့် ဂျပန်အနောက်ပိုင်းကို တိုင်ဖုန်းမုန်တိုင်း ၀င်မည်
    =============
    အခုလအစောပိုင်းမှာ ရေကြီးမှု၊ မြေပြိုမှုတွေဖြစ်ခဲ့ပြီး လူပေါင်း ၂၀၀ ကျော်လောက် သေဆုံးခဲ့တဲ့ ဂျပန်နိုင်ငံ အနောက်ပိုင်း ဒေသကို အားကောင်းတဲ့ တိုင်ဖုန်းမုန်တိုင်းတစ်ခု ဦးတည်နေတယ်လို့ ဂျပန်အာဏာပိုင်တွေက ဒီကနေ့မှာ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ ဂျွန်ဒါရီလို့ခေါ်တဲ့ အဲဒီတိုင်ဖုန်းမုန်တိုင်းဟာ စနေနေ့ညမှာ ဂျပန်ကျွန်းမကြီးကို ၀င်ရောက်ဖို့ရှိနေပြီး မိုးသည်ထန်စွာရွာသွန်းမှု၊ မြေပြိုမှု၊ လေပြင်းတိုက်ခတ်မှု၊ လှိုင်းကြီးမှုတွေ ဖြစ်ပေါ်နိုင်ပြီး ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေပါတယ်။

    အီရန် ထိပ်တန်းဗိုလ်ချုပ်က အမရိကန်ကို ခြိမ်းခြောက်
    =========
    အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ အထူးတပ်ဖွဲ့ Quds Forces အကြီးအကဲ ဗိုလ်ချုပ် ကာစင် ဆူလေမာနီက အမေရိကန်အနေနဲ့ စစ်ပွဲစမယ်ဆိုရင် အီရန်က အဆုံးသတ်ပေးမယ်လို့ မနေ့က ခြိမ်းခြောက်လိုက်ပါတယ်။ အခုရက်ပိုင်းအတွင်းမှာ အီရန်နဲ့ အမေရိကန်ခေါင်းဆောင်တွေဟာ အပြန်အလှန် ပုတ်ခတ်နေကြတာပါ။ အီရန်သမ္မတ ရူဟာနီက အမေရိကန်ဟာ အီရန်ကို စစ်တိုက်လာမယ်ဆိုရင် အဆုံးမသတ်နိုင်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်လာမယ်လို့ သတိပေးခဲ့ပြီး အမေရိကန်သမ္မတထရမ့်ကလည်း အမေရိကန်အပေါ် ခြိမ်းခြောက်လို့မရဘူးလို့ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

    ကိုရီးယားနှစ်နိုင်ငံ ဗိုလ်ချုပ်အဆင့် စစ်ရေးဆွေးနွေးမည်
    ================
    တောင်နဲ့ မြောက်ကိုရီးယားတို့ဟာ လာမယ့်တစ်ပတ် အင်္ဂါနေ့မှာ စစ်ရေးဆွေးနွေးမှုတွေ ပြုလုပ်မယ်လို့ တောင်ကိုရီးယားသတင်းဌာန Yonhap က ဒီကနေ့မှာ ဖော်ပြပါတယ်။ ဗိုလ်ချုပ်အဆင့် အဲဒီဆွေးနွေးမှုကို နှစ်နိုင်ငံနယ်ခြား အပစ်ရပ်ရေးဇုန်မှာရှိတဲ့ ပန်မွန်ဂျွန်းရွာမှာ ပြုလုပ်မှာဖြစ်ပါတယ်။ ကိုရီးယားနှစ်နိုင်ငံဟာ ဇွန်လကတည်း စစ်ရေးဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    ဟူသီသူပုန်များက ယူအေအီးလေဆိပ်ကို ဒရုန်းဖြင့်တိုက်ခိုက်
    ===============
    ယီမင်က ဟူသီသူပုန်တွေက သူတို့ဟာ အာရပ်စော်ဘွားများပြည်ထောင်စု အဘူဒါဘီက နိုင်ငံတကာလေဆိပ်ကို မနေ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။ ထိခိုက်မှုကို အသေးစိတ် မသိရှိရသေးပါဘူး။ အဘူဒါဘီလေဆိပ်ကတော့ ပို့ဆောင်ရေးယာဉ်တစ်ခု ထိခိုက်မှုရှိတယ်လို့ မနေ့က Twitter စာမျက်နှာ ရေးသားခဲ့ပြီး ဟူသီတို့ရဲ့ တိုက်ခိုက်မှုကြောင့် ဒီလိုဖြစ်လားဆိုတာ တိတိကျကျမသိရှိရသေးပါဘူး။ ဟူသီတို့ဟာ ဆော်ဒီကို ဒုံးကျည်တွေနဲ့ မကြာမကြာ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး အခုနောက်ပိုင်း ယူအေအီးကိုပါ ပစ်မှတ်ထားလာခဲ့ပါတယ်။

    Ref: Aljazeera, CNA

  • ဂျပန်နိုင်ငံတွင် အပူလှိုင်းဖြတ်မှုကြောင့် အနည်းဆုံး ၁၅ ဦး သေဆုံး

    ဂျပန်နိုင်ငံတွင် အပူလှိုင်းဖြတ်မှုကြောင့် အနည်းဆုံး ၁၅ ဦး သေဆုံး

    ဇူလိုင် ၂၂၊ ၂၀၁၈
    M-Media

    – ဂျပန်နိုင်ငံမှာ အပူလှိုင်းဖြတ်သန်းမှုကြောင့် ဇူလိုင်လ ပထမ သီတင်း ၂ ပတ်မှာပဲ အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ပြီး ၁၂၀၀၀ ကျော်လောက် ဆေးရုံတင်ခဲ့ရတယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။

    ဇူလိုင် ၂၂ ရက်နေ့ (ဒီကနေ့) မှာာ နိုင်ငံတစ်ဝှမ်း မြို့တော်တော်များများမှာ အပူချိန်ဟာ ၄၀ ဒီဂရီ ဆဲလ်စီးယက်စ်အထိ ရှိနေပြီး၊ လတ်တလောမှာ အပူချိန်လျော့ဖို့ အလားအလာ မရှိသေးပါဘူး။

    စနေနေ့တစ်နေ့ထဲမှာပဲ အပူရှပ်မှုကြောင့် အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့ပြီး အများစုက သက်ကြီးရွယ်အိုတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်မှာ သေဆုံးသူ ၃ ဦးသာ ရှိခဲ့ရာကနေ အခုတစ်ပတ်အတွင်းမှာ ၁၅ ဦးအထိ ဖြစ်လာတာပါ။

    အပူချိန်မြင့်တက်မှုကြောင့် ဆေးကုသမှု ခံယူရသူ အရေအတွက်ကလည်း အခုတစ်ပတ်အတွင်း ၉၉၀၀၀ ကျော်လာခဲ့ပြီး စုစုပေါင်း ၁၂၀၀၀ ကျော် ရှိလာပါတယ်။

    တိုကျိုမြို့မှာ မနေ့ကတစ်နေ့တည်းမှာပဲ လူနာတင်ယာဉ် စေလွှတ်ရမှုဟာ ၃၀၉၁ ကြိမ် ရှိခဲ့ပါတယ်။

    ဂျပန် မိုးလေ၀သ ဌာနကလည်း နိုင်ငံတစ်ဝှမ်းမှာ အပူချိန် ဆက်လက်မြင့်တက်မယ်လို့ သတိပေးထားပြီး ရေများများသောက်ဖို့၊ အရိပ်ထဲမှာနေထိုင်ဖို့ တိုက်တွန်းထားပါတယ်။

    ပညာရေးဝန်ကြီးဌာနကတော့ ကျောင်းတွေမှာ ပြင်ပလှုပ်ရှားမှုတွေ မလုပ်ဖို့ ညွှန်ကြားထားပါတယ်။

    Ref : CNA

  • တနင်္လာနေ့မနက် နိုင်ငံတကာ သတင်းများ

    တနင်္လာနေ့မနက် နိုင်ငံတကာ သတင်းများ

    ဇူလိုင် ၉၊ ၂၀၁၈
    M-Media

    မလေးဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်နှင့် သူ့ကို ထောက်ခံသူများ

    နာဂျစ် အာမခံငွေအတွက် ထောက်ခံသူများ စုပေါင်းထည့်ဝင်
    =========
    မလေးရှား ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်အတွက် အာမခံငွေ ပေးနိုင်ဖို့ သူ့ကို ထောက်ခံသူတွေက စုပေါင်းထည့်ဝင်ခဲ့ကြပါတယ်။ နာဂျစ်ဟာ နိုင်ငံပိုင်လုပ်ငန်း 1MDB က ငွေကြေး ဒေါ်လာ ဘီလီယံချီ ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့တစ်ပတ်မှာ ဖမ်းခံခဲ့ရတာပါ။ ဒါပေမယ့် ရင်းဂစ် တစ်သန်းနဲ့ အာမခံရခဲ့ပြီး တစ်ဝက်ကို သူ့ရဲ့ သားသမီးနှစ်ဦးက ပေးချခဲ့ကြပါတယ်။ ဒုတိယတစ်ဝက်ကို ဒီကနေ့မှာ ပေးဆောင်ရမှာပါ။ သူ့ကို ထောက်ခံသူတွေဟာ ရင်းဂစ် ၃ သိန်းကျော် စုပေါင်းထည့်ဝင်ကာ မနေ့က ဂျလန် လန်ဂတ် ဒူတာမှာရှိတဲ့ နာဂျစ်အိမ်မှာ သွားရောက်ပေးအပ်ခဲ့ပါတယ်။

    ဂျပန်ရေကြီးမှု သေဆုံးသူ ၁၀၀ အထိ မြင့်တက်
    =========
    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဂျပန်နိုင်ငံတစ်ဝှမ်း မိုးသည်းထန်စွာ ရွာသွန်းကာ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ အရေတွက်ဟာ ၁၀၀ အထိ ရှိလာပြီလို့ အာဏာပိုင်တွေက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ နိုင်ငံအလယ်ပိုင်းနဲ့ အနောက်ပိုင်းတွေက ရေကြီးမှုဒဏ်ကို အဆိုးဝါးဆုံး ခံစားခဲ့ရပြီး ပျောက်ဆုံးနေသူတွေလည်း အများအပြား ရှိနေပါတယ်။ ပြည်သူတွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေး ကြန့်ကြာနေတယ်လို့ ဆိုရှယ်မီဒီယာတွေမှာ ဝေဖန်ပြောဆိုခဲ့ကြပါတယ်။ လူပေါင်း ၂ သန်းလောက်ကို ဘေးကင်းရာရွှေ့ပြောင်းပို့ အာဏာပိုင်တွက အမိန့်ထုတ်ထားပေမယ့် တော်တော်များများက သူတို့ရဲ့ အိမ်တွေမှာပဲ ဆက်ရှိနေပါတယ်။

    အင်္ဂလန်တွင် အဆိပ်ဓာတ်ငွေ့ဖြင့် တိုက်ခိုက်မှု ထပ်ဖြစ်
    ===================
    အင်္ဂလန်နိုင်ငံတောင်ပိုင်းမှာ အာရုံကြောအဆိပ်ဓာတ်ငွေ့ Novichok နဲ့ ထိတွေ့မှုကြောင့် ဒေါန်း စတာဂတ်စ်ဆိုတဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး လန်ဒန်ရဲတပ်ဖွဲ့က လူသတ်မှုနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ Novichok ဟာ ပြီးခဲ့တဲ့ ၄ လက ရုရှားသူလျှိုဟောင်း ဆာဂျီ စကရီပါလ်နဲ့ သမီးဖြစ်သူတို့ကို လုပ်ကြံမှုမှာ အသုံးပြုခဲ့တဲ့ အဆိပ်ဓာတ်ငွေ့ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုကို ရုရှားက လုပ်တယ်လို့ ဗြိတိန်က စွပ်စွဲထားပါတယ်။ စတာဂတ်စ်နဲ့အတူ အမျိုးသားတစ်ဦးလည်း ဒီဓာတ်ငွေ့ကို ရှူရှိုက်မိခဲ့ပြီး ဆေးရုံမှာ စိုးရိမ်ရတဲ့ အနေအထား ရှိနေပါတယ်။

    တူရကီတွင် ရထားမှောက်မှုကြောင့် လူ ၁၀ ဦးသေဆုံး
    ==========
    တူရကီနိုင်ငံအနောက်မြောက်ပိုင်းမှာ ရထားတစ်စင်း မနေ့က လမ်းချော်တိမ်းမှောက်မှုကြောင့် အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ပြီး ၇၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ခရီးသည်ပေါင်း ၃၆၂ ဦး သယ်ဆောင်သွားတဲ့ အဲဒီရထားဟာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုကြောင့် လမ်းချော်ခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ သမ္မတ အာဒိုဂန်ကလည်း ထိခိုက်သေဆုံးသူတွေအတွက် ၀မ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: CNA, Aljazeera