News @ M-Media
Tag: Japan
  • ဂျပန်ရေကြီးမှု လူ ၃၀ ကျော်သေဆုံးပြီး ပျောက်ဆုံးသူ အများအပြား ရှိနေ
    ဂျပန်ရေကြီးမှု လူ ၃၀ ကျော်သေဆုံးပြီး ပျောက်ဆုံးသူ အများအပြား ရှိနေ
    ဇူလိုင် ၇၊ ၂၀၁၈
    M-Media
    ရေကြီးမှုမြင်ကွင်း
    – ဂျပန်နိုင်ငံ အနောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားတာကြောင့် လူ ၂၀ လောက်သေဆုံးကာ ဒါဇင်နဲ့ချီ ပျောက်ဆုံးနေပါတယ်။
    မိုးရွာမှုကြောင့် မြေပြိုမှုတွေလည်း ဖြစ်ပွားနေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးကြန့်ကြာနေပါတယ်။
    ဒေသခံ အာဏာပိုင်တွေက လူ ၂၀ လောက်သေဆုံးတယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် NHK သတင်းဌာနက သေဆုံးသူ အရေအတွက်ကို ၃၈ ဦးလို့ ဖော်ပြပါတယ်။ လူပေါင်း ၁.၆ သန်းလောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အမိန့်ထုတ်ထားတယ်လို့လည်း သတင်းဌာနက ဆိုပါတယ်။ ပျောက်ဆုံးနေသူတွေကတော့ တော်တော်များများ ရှိနေပါတယ်။
    ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ထိခိုက်ခံစားရသူတွေကို အားသွန်ခွန်စိုက် ကယ်ဆယ်ကြဖို့အတွက် ၀န်ကြီးတွေကို တိုက်တွန်းခဲ့ပါတယ်။
    လာမယ့်ရက်တွေမှာ မိုးထပ်ရွယ်မယ်လို့ ဂျပန် မိုးလေသဌာနက ခန့်မှန်းထားပြီး အစိုးရကလည်း ရေကြီးမှုတွေ ဖြစ်လာနိုင်တဲ့ ဒေသတွေမှာ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
    Ref: Aljazeera
  • အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ
    အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ
    ဇွန် ၁၉၊ ၂၀၁၈
    M-Media
    ပြီးသည့်လအတွင်း ကင်ဂျုံအွန်နှင့် တရုတ်သမ္မတတို့ တွေ့ဆုံမှု
    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် တရုတ်ပြည်ကို ၃ ကြိမ်မြောက်လာမည်
    =============
    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ဟာ တရုတ်နိုင်ငံကို ဒီကနေ့မှာ လာရောက်လည်ပတ်ပြီး ၂ ရက်တာ နေထိုင်သွားမယ်လို့ တရုတ်နိုင်ငံပိုင်သတင်းဌာန CCTV က ဖော်ပြပါတယ်။ ရောက်နေပြီလား၊ မရောက်သေးဘူးလား ဆိုတာ တိတိကျကျ မသိရပါဘူး။ ဒါဟာ ကင်ဂျုံအွန်အနေနဲ့ မတ်လကတည်းက တရုတ်ြ
    ပည်ကို ၃ ကြိမ်မြောက် လာရောက်မှုလည်း ဖြစ်ပါတယ်။ တရုတ်ဟာ အရင်က ကင်ဂျုံအွန် ပြန်သွားပြီးမှ သတင်းထုတ်ပြန်လေ့ရှိတာပါ။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကလည်း သူတို့ရဲ့ ပူးပါင်း စစ်ရေးလေ့ကျင့်မှုကို ရပ်တန့်မယ်လို့ မနေ့မှာ ကြေငြာခဲ့ပါတယ်။
    အီရန်သူလျှိုလုပ်မှုအတွက် အစ္စရေးက ၀န်ကြီးဟောင်းကို တရားစွဲ
    ============
    အီရန်နိုင်ငံအတွက် သူလျှိုလုပ်ပေးတယ်လို့ စွပ်စွဲပြီး စွမ်းအင်ဝန်ကြီးဟောင်း ဂိုနန် ဆီဂဗ်ကို အစ္စရေးက ဖမ်းဆီးတရားစွဲဆိုလိုက်ပါတယ်။ နိုက်ဂျီးရီးယားနိုင်ငံမှာ နေထိုင်နေတဲ့ ဆီဂဗ်ဟာ ဂီနီနိုင်ငံကို လာရောက်စဉ်မှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။ သူဟာ အရင်က မူးယစ်ဆေး တရားမ၀င်တင်သွင်းမှုနဲ့ ထောင်ကျခဲ့ဖူးသူပါ။
    အစ္စရေးက စွမ်းအင်ဈေးကွက်၊ လုံခြုံရေးဆိုင်ရာ နေရာတွေနဲ့ ဆက်စပ်တဲ့ သတင်းအချက်အလက်တွေကို အီရန်ဟာ ဆီဂဗ်ကနေတစ်ဆင့် ထောက်လှမ်းခဲ့တယ်လို့ အစ္စရေးက ထုတ်ပြန်ပါတယ်။
    ဆီးရီးယားနယ်စပ်မြို့တွင် ကန်-တူရကီ ပူးပေါင်းကင်းလှည့်
    =============
    ဆီးရီးယားနိုင်ငံမြောက်ပိုင်းက မန်ဘစ်ဂ်ျမြို့ရဲ့ မြို့ပြင်မှာ အမေရိကန်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကင်းလှည့်မှုတွေ လုပ်နေတယ်လို့ တူရကီစစ်တပ်က မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဆီရီးယားနိုင်ငံက ကာ့ဒ်တပ်ဖွဲ့ YPG ကို တူရကီက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကာ YPG တွေသိမ်းထားတဲ့ နယ်စပ်က အက်ဖရင်မြို့ကို တူရကီက ပြီးခဲ့နှစ်နှောင်းပိုင်းမှာ ကျူကျော်သိမ်းပိုက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ မန်ဘစ်ဂ်ျမြို့ကိုပါ သိမ်းပိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီး YPG ကို ပံ့ပိုးပေးမှုအတွက် အမေရိကန်တပ်ဖွဲ့တွေကိုလည်း ဝေဖန်ပြစ်တင်ခဲ့ဖူးပါတယ်။ အခုတော့ မန်ဘစ်ဂ်ျမှာတပ်စွဲထားတဲ့ YPG တပ်ဖွဲ့တွေ ဆုတ်ခွာပေးဖို့ သဘောတူညီချက် ရရှိခဲ့တယ်လို့ တူရကီသမ္မတ အာဒိုဂန်က ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပါတယ်။
    မနေ့က ဂျပန်ငလျင်ကြောင့် သေဆုံးသူ ၄ ဦးအထိရှိလာ
    ===========
    မနေ့က ဂျပန်နိုင်ငံ အိုဆာကာမှာ လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် သေဆုံးသူဟာ ၄ ဦးအထိ ရှိလာခဲ့ပြီး ဒဏ်ရာရသူကလည်း ၃၈၀ လောက် ဖြစ်လာတယ်လို့ အာဏာပိုင်တွေက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ သေဆုံးသူတွေဟာ အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် ၈၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၈၀ နဲ့ ၈၄ နှစ်အရွယ် အမျိုးသားနှစ်ဦးတို့ ဖြစ်ကြပြီး အားလုံးဟာ ငလျင်ကြောင့် ပြိုကျတဲ့ပစ္စည်းတွေ ပိမိလို့ သေဆုံးတာ ဖြစ်ပါတယ်။ အစိုးရဟာ လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပြီး ငလျင်ကြောင့် ပျက်ဆီးသွားတဲ့ ရေပိုက်လိုင်းတွေ၊ ဓာတ်ငွေ့ပိုက်လိုင်းတွေကိုလည်း ပြင်ဆင်နေပါတယ်။
    Ref: Aljazeera, CNA
  • ယနေ့မနက် ဂျပန်ငလျင် အနည်းဆုံး ၃ ဦးသေဆုံး
    ယနေ့မနက် ဂျပန်ငလျင် အနည်းဆုံး ၃ ဦးသေဆုံး
    ဇွန် ၁၈၊ ၂၀၁၈
    M-Media
    – ဂျပန်နိုင်ငံ အိုဆာကာမှာ ဒီနေ့မနက် အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်မှုအတွင်း အနည်းဆုံး လူ ၃ ဦးသေဆုံးကာ ၂၀၀ ကျော် ဒဏ်ရာခဲ့ပါတယ်။
    ဒေသစံတော်ချိန် မနက် ၈ နာရီ လူစည်ကားချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူတွေဟာ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၊ အသက် ၈၀ အရွယ် အဖွားအိုတစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ဖြစ်တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။
    မိန်းကလေးငယ်ဟာ ကျောင်းက အုတ်နံရံ ပြိုကျမှုကြောင့် သေဆုံးခဲ့တာဖြစ်ပြီး၊ အဖွားအိုကလည်း အုတ်နံရံပြိုကျမှုကြောင့် သေဆုံးခဲ့တာပါ။ အမျိုးသားကတော့ အိမ်က စာအုပ်စင် ပိမိသေဆုံးတာ ဖြစ်ပါတယ်။
    ပြင်းအား ၆.၁ မဂ္ဂနီကျုရှိတဲ့ အဲဒီငလျင်ကြောင့် ဒဏ်ရာရသူကတော့ ၂၀၀ ကျော်လောက်ရှိပါတယ်။
    ငလျင်ဟာ အိုဆာကာပြည်နယ်မြောက်ပိုင်းကို ဗဟိုပြုတာဖြစ်ပြီး ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်း မရှိပါဘူး။
    ငလျင်ကြောင့် မြေအောက်ရေပိုက်တွေ ပေါက်ထွက်တာ၊ တစ်ချို့နေရာမှာ မီးလောင်တာတွေ ဖြစ်ခဲ့ပေမယ့် ကြီးကြီးမားမားပျက်ဆီးတယ်ဆိုတဲ့ သတင်းမျိုး မရသေးဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။
    ကျည်ဆံရထားလိုင်းအပါအ၀င် ရထားလိုင်းတွေနဲ့ စက်ရုံတစ်တွေကို ရပ်ဆိုင်းခဲ့ရပါတယ်။ အိုဆာကာမှာ နျူဓာတ်အားပေးစက်ရုံတွေ ရှိနေပမယ့် ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရမှု မရှိပါဘူး။
    Ref: CNA
  • ဂျပန်တွင် ရထားတစ်စီး ၂၅ စက္ကန့်စောထွက်မိသည့်အတွက် ကုမ္ပဏီက ပြည်သူကို ပြန်တောင်းပန်
    ဂျပန်တွင် ရထားတစ်စီး ၂၅ စက္ကန့်စောထွက်မိသည့်အတွက် ကုမ္ပဏီက ပြည်သူကို ပြန်တောင်းပန်
    မေ ၁၇၊ ၂၀၁၈
    M-Media
    – သတ်မှတ်ချိန်ထက် ၂၅ စက္ကန့်စောပြီး ဘူတာကနေ ရထားထွက်ခွာမိတဲ့အတွက် ဂျပန်က ရထားလိုင်းကုမ္ပဏီတစ်ခုဟာ ပြည်သူတွေကို ပြန်လည်တောင်းပန်လိုက်ပါတယ်။
    နိုင်ငံအလယ်ပိုင်း နိုတိုဂါဝါမြို့မှာ ဒီနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တာပါ။
    မနက် ၇ နာရီ ၁၂ မိနစ်မှာထွက်ဖို့ သတ်မှတ်ထားတဲ့ ရထားကို ကပ္ပတိန်က ၇ နာရီ ၁၁ မိနစ်မှာ တံခါးမှားပိတ်ခဲ့ပြီး သူ့ရဲ့အမှားကို သူသိပေမယ့် ဘူတာမှာ စောင့်နေတဲ့သူ မတွေ့တော့တဲ့အတွက် ၂၅ စက္ကန့်စောကာ ရထားကို ခုတ်မောင်းသွားခဲ့တာဖြစ်ပါတယ်။ အမှန်တကယ်မှာတော့ ရထားလွတ်သွားတဲ့သူတွေ ရှိခဲ့ပါတယ်။
    ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ ရထားလွတ်သွားသူတွေနဲ့ ပြည်သူတွေက ကန့်ကွက်မှုတွေ လုပ်ခဲ့ပြီးတဲ့နောက် ရထားလိုင်းကုမ္ပဏီဟာ သိပ်မကြာခင်မှာပဲ ပြန်လည်တောင်းပန်ခဲ့ပါတယ်။
    ဂျပန်က ရထားလိုင်းတွေဟာ အလွန်အမင်း အချိန်တိကျမှုအတွက် နာမည်ကျော်ကြားပါတယ်။
    ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာလည်း တိုကျိုနဲ့ ဆူကူဘာတို့ကို ပြေးဆွဲတဲ့ Tsukuba Express က ရထားတစ်စီးဟာ စက္ကန့် ၂၀ စောထွက်ခဲ့တဲ့အတွက် ပြည်သူတွေကို ပြန်လည်တောင်းပန်ခဲ့ရပါတယ်။
    Ref: BBC
  • တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ
    တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ
    ဧပြီ ၂၂၊ ၂၀၁၈
    M-Media
    ကွယ်လွန်သွားသည့် ကမ္ဘာ့အသက်အကြီးဆုံး အဘွားအို တာဂျီမာ
    ဆော်ဒီဘုရင့်နန်းတော်အနီး ဒရုန်းတစ်ခုကို ပစ်ချ
    ==========
    ဘုရင့်နန်းတော်အနီးမှာ ပျံဝဲနေတဲ့ ကစားစရာ ဒရုန်းတစ်ခုကို ပစ်ချလိုက်တယ်လို့ ဆော်ဒီအစိုးရက မနေ့မှာ သတင်းထုတ်ပြန်ခဲ့ပြီး ဒီအတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။ ဒရုန်းကို စက္ကန့် ၃၀ ကြာ ပစ်ခတ်ခဲ့တဲ့ ဗီဒီယိုတစ်ခု ဆိုရှယ်မီဒီယာတွေမှာ ပျံနှံ့ခဲ့တာကြောင့် ဆော်ဒီမှာ နိုင်ငံရေး မငြိမ်သက်မှုတွေ ဖြစ်ပြီလားဆိုတဲ့ ပြောကြားမှုတွေလည်း ပေါ်ထွက်လာပါတယ်။ ဒီအဖြစ်အပျက်ဖြစ်ပွားချိန် ဆော်ဒီဘုရင် ဆလ်မန်ဟာ နန်းတော်မှာ ရှိမနေပါဘူး။
    ဂျပန်နိုင်ငံမှ ကမ္ဘာ့အသက်အကြီးဆုံး အဘွားအို ကွယ်လွန်
    ===============
    ကမ္ဘာ့အသက်အကြီးဆုံးဖြစ်တဲ့ ဂျပန်နိုင်ငံက အသက် ၁၁၇ နှစ်အရွယ်အဖွားအို နဘီ တာဂျီမာဟာ မနေ့က သူမရဲ့ဇာတိမြို့ ကီကိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူမဟာ ဇန်န၀ါရီလကတည်းက ကျန်းမာရေးကြောင့် ဆေးရုံတက်ခဲ့ရတာ ဖြစ်ပါတယ်။ တာဂျီမာဟာ ၂၀၁၇ ခုနှစ် ဇူလိုင်လ အသက် ၁၁၇ နှစ်မှာ ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် စာရင်းဝင်ခဲ့တာပါ။ ဂျပန်နိုင်ငံက အသက် ၁၁၆ နှစ်အရွယ် အမျိုးသမီး ချီယို ယိုရှီဒါဟာ လက်ရှိမှာ ကမ္ဘာ့အသက်အကြီးဆုံးလူသား ဖြစ်လာပါတယ်။
    တရုတ်တွင် နဂါးလှေမှောက်မှု ၁၇ ဦးသေဆုံး
    ===============
    တရုတ်နိုင်ငံတောင်ပိုင်းမှာ မနေ့က နဂါးလှေ ၂ စီး နစ်မြုပ်ခဲ့တဲ့အတွက် လူ ၁၇ ဦးသေဆုံးခဲ့တယ်ုလို့ Xhinhua သတင်းဌာနက ဖော်ပြပါတယ်။ ပြိုင်ပွဲဝင်ဖို့ လေ့ကျင့်နေတဲ့အချိန်မှာ ဒီလို တိမ်းမှောက်ခဲ့တာဖြစ်ပြီး လူ ၆၀ လောက် ရေနစ်ခဲ့ပေမယ့် ၄၀ ကို ကယ်တင်နိုင်ခဲ့ပါတယ်။ ရွာသားတွေဟာ ရဲတပ်ဖွဲ့ကိုအကြောင်းမကြားဘဲ လေ့ကျင်မှုလုပ်ခဲ့တဲ့အတွက် စီစဉ်သူ ၂ ဦးကိ အာဏာပိုင်တွေက ထိန်းသိမ်းခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ နဂါးလှေလှော်ပြိုင်ပွဲကို နှစ်စဉ် ကျင်းပလေ့ရှိပါတယ်။
    ကန်ဘဏ္ဍာရေးဝန်ကြီး တရုတ်သွားမယ်
    =====================
    တရုတ်နဲ့ အမေရိကန်အကြား လတ်တလောဖြစ်နေတဲ့ ကုန်သွယ်ရေတင်းမာမှုကိစ္စ ဆွေးနွေးဖို့အတွက် ဘေဂျင်းကိုသွားဖို့ စဉ်းစားနေတယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဗင်မူချင်က မနေ့မှာ ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့ စီးပွားရေးအင်အားကြီးနိုင်ငံနှစ်ခုဟာ သွင်းကုန်တွေအပေါ် အခွန်တွေ တိုးကောက်မယ်လို့ အပြန်အလှန်ကြေငြာခဲ့ပြီး ကမ္ဘာ့စီးပွားရေး ကမောက်ကမ ဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
    Ref: CNA, Aljazeera