News @ M-Media

Tag: Japan

  • အကျိုးမရှိလျှင် ကင်ဂျုံအန်နှင့်ဆွေးနွေးမှုကို ဖျက်ပစ်မည်ဟု ထရမ့်ပြော

    အကျိုးမရှိလျှင် ကင်ဂျုံအန်နှင့်ဆွေးနွေးမှုကို ဖျက်ပစ်မည်ဟု ထရမ့်ပြော

    ဧပြီ ၁၉၊ ၂၀၁၈
    M-Media

    ဂျပန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံနေသည့် ထရမ့်

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် ဆွေးနွေးမည့် အစီအစဉ်အတွင် အကျိုးမဖြစ်ထွန်းဟု ယူဆပါက ဆွေးနွေးပွဲကို ဖျက်ပစ်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လိုက်သည်။

    အမေရိကန်သို့ ရောက်ရှိနေသည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ယမန်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထရမ့်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ထိုဆွေးနွေးမှုအတွက် အကောင်းမြင်သည်ဟုလည်း ဆိုသည်။

    “မြွေမသေ တုတ်မကျိုး ရှိနေတာကို ကျွန်တော် ကြိုက်ပါတယ်။ အခုလည်း ဒီလိုအခြေအနေမျိုးပါ”

    မြောက်ကိုရီးယားအနေဖြင့် နျူအစီအစဉ်ကို စွန့်လွှတ်သည်အထိ အမြင့်ဆုံး ဆက်လက်ဖိအားပေးသွားမည်ဟုလည်း ထရမ့်က ထည့်သွင်းပြောဆိုခဲ့သည်။

    ဂျပန်ဝန်ကြီးချုပ် အာဘေးက ဟန်ပြဆွေးနွေးပွဲအတွက် ကင်ဂျုံအန်ကို ဆုလာဘ်မပေးမိစေရန် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် အမေရိကန်တို့ကို တိုက်တွန်းခဲ့သည်။

    အမေရိကန် ထောက်လှမ်းရေးအကြီးအကဲ မိုက် ပွမ်ပီယိုမှာ အခုလအစောပိုင်းက မြောက်ကိုရီးယားသို့ သွားရောက်ကာ ကင်ဂျုံအန်နှင့် လျှို့ဝှက် တွေ့ဆုံခဲ့သည်ဆိုသည့် သတင်းကိုလည်း ထရမ့်က ယမန်နေ့တွင် အတည်ပြုခဲ့သည်။

    Ref: Aljazeera

  • တရုတ်ရန်ကြောင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံး မရိန်းတပ်ဖွဲ့ကို ဂျပန်ဖွဲ့စည်း

    တရုတ်ရန်ကြောင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံး မရိန်းတပ်ဖွဲ့ကို ဂျပန်ဖွဲ့စည်း

    ဧပြီ ၇၊ ၂၀၁၈
    M-Media

    အသစ်ဖွဲ့စည်းလိုက်သည့် ဂျပန်မရိန်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ချို့

    – ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်စစ်တပ်မှာ မရိန်းတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး အရှေ့တရုတ်ပင်လယ်အစွန်းရှိ ဂျပန်ပိုင်ကျွန်းများအား ကျူးကျော်သိမ်းပိုက်သူများကို ကာကွယ်ရန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Amphibious Rapid Deployment Brigade (ARDB) ဟု အမည်ပေးထားသည့် မရိန်းတပ်ဖွဲ့ ဖွဲ့စည်းခြင်းအခမ်းအနားကို ယနေ့မနက်ပိုင်းက နိုင်ငံအနောက်တောင်ပိုင်း ကျူရှုးကျွန်းရှိ ဆာဆီဘိုမြို့အနီး စစ်စခန်းတွင် ပြုလုပ်ခဲ့ပြီး တပ်ဖွဲ့ဝင် ၁၅၀၀ ခန့်မှာ စစ်ရေးပြခဲ့ကြသည်။

    “ဂျပန်နိုင်ငံပတ်ဝန်းကျင်မှာ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အခြေအနေတွေ ခက်ခဲမှု မြင့်တက်လာတာကြောင့် ကျွန်တော်တို့ရဲ့ ကျွန်းတွေကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတာ မလုပ်မဖြစ်တဲ့ တာဝန်မျိုး ဖြစ်လာပါတယ်” ဟု ဒုတိယကာကွယ်ရေးဝန်ကြီး တိုမိုဟီရို ယာမာမိုတိုက ပြောကြားခဲ့သည်။

    မရိန်းတပ်ဖွဲ့ဝင်များမှာ ဝေလံခေါင်ဖျားသည့် ကျွန်းတစ်ခုကို ရန်သူများလက်မှ ပြန်သိမ်းသည့် မိနစ် ၂၀ ကြာ စစ်ရေးပြမှုတစ်ခုကိုလည်း ပြုလုပ်ခဲ့သည်။

    ယခုဖွဲ့စည်းလိုက်သည့် မရိန်းတပ်ဖွဲ့ကို အသုံးပြု၍ အိမ်နီးချင်းနိုင်ငံများအား ခြိမ်းခြောက်လာနိုင်သည်ဟု ကျွမ်း ကျင်သူများက သတိပေးမှု ရှိနေသည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်နိုင်ငံ၏ အခြေခံဥပဒေတွင် စစ်ပွဲတိုက်ခိုက်မှုကို စွန့်လွှတ်ကြောင်း ဖော်ပြထားသည်။

    ဂျပန်၏ ယခုတပ်ဖွဲ့သစ်တွင် ရဟတ်ယာဉ်များ၊ ကုန်း/ရေ နှစ်မျိုးစလုံးတွင် မောင်းနှင်နိုင်သောယာဉ်များအပါအ၀င် ခေတ်မီ မရိန်းတပ်ဖွဲ့တစ်ခုတွင် အသုံးပြုရမည့် ပစ္စည်းကိရိယာများ၊ ယာဉ်များ ပါဝင်ပြီး ပစိဖိအနောက်ခြမ်းတွင် တရုတ်က အလွယ်တစ်ကူ ၀င်ရောက်နိုင်မှုကို ဟန့်တားရန် ဖြစ်သည်။

    တရုတ်မှာ အရှေ့တရုတ်ပင်လယ်ရှိ ဂျပန်က ထိန်းချုပ်ထားသော ကျွန်းများကို ပိုင်ဆိုင်ကြောင်း ပြောကြားထားသည်။

    ယခု ARDB တပ်ဖွဲ့တွင် စစ်သား ၂၁၀၀ ခန့် ပါဝင်ပြီး အမေရိကန်၏ US Marine Expeditionary Unit (MEU) ကဲ့သို့ အခြေစိုက်စခန်းနှင့် အလွန်ဝေးသည့် ပယ်လယ်ပြင်တွင် စစ်ဆင်ရေး လုပ်ဆောင်နိုင်သည့် တပ်ဖွဲ့မျိုး ဖွဲ့စည်းရန် ခြေလှမ်းအစလည်းဖြစ်သည်။

    Ref: CNA

  • ဂူးဂဲလ်ကဂုဏ်ပြုတဲ့ ဂျပန်အမျိုးသမီး သိပ္ပံပညာရှင် ဆာရူဟာရှီဆိုတာ ဘယ်သူလဲ

    ဂူးဂဲလ်ကဂုဏ်ပြုတဲ့ ဂျပန်အမျိုးသမီး သိပ္ပံပညာရှင် ဆာရူဟာရှီဆိုတာ ဘယ်သူလဲ

    မတ် ၂၂၊ ၂၀၁၈
    M-Media

    – Google ဟာ မတ်လ ၂၁ ရက်နေ့က နိုင်ငံပေါင်း ၁၅ နိုင်ငံမှာရှိတဲ့ သူ့ရဲ့ Homepage မှာ ဂျပန်အမျိုးသမီး ကက်ဆူကို ဆာရူဟာရှီရဲ့ပုံကို ဂုဏ်ပြုလွှင့်တင်ခဲ့ပါတယ်။

    ဆာရူဟာရှီဆိုတာ ဘယ်သူလဲ???

    ဂျပန်နိုင်ငံရဲ့ အကြီးအကျယ်ဆုံး သိပ္ပံပညာရှင်တွေထဲက တစ်ဦးဖြစ်ပြီး သက်ရှိထင်ရှား ရှိမယ်ဆိုရင် မတ်လ ၂၁ ရက်နေ့ဟာ သူမရဲ့အသက် ၉၈ နှစ် ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။

    ‘သံမဏိသိပ္ပံပညာရှင်’ လို့ ကင်ပွန်းတပ်ခံရတဲ့ ဆာရူဟာရှီဟာ ခယောင်းလမ်းကို ဖြတ်ခဲ့ရသူတစ်ယောက်ဖြစ်ပြီး သူမရဲ့ ထူးချွန်မှု၊ အောင်မြင်မှုတွေကို ထိုက်သင့်သလောက် ချီးကျူးမခံရတဲ့ မေ့လျော့ခံ သိပ္ပံပညာရှင်တစ်ယောက် ဖြစ်ပါတယ်။

    ၁၉၂၀ ခုနှစ် တိုကျိုမှာ မွေးဖွားခဲ့တဲ့ သူမဟာ ငယ်ငယ်က ရှက်ရွံ့ပြီး၊ ဒေါသထွက်လွယ်သူ တစ်ယောက်ပါ။

    မူလတန်းအရွယ် စာသင်ခန်းပြတင်းပေါက်ကနေ မိုးစက်မိုးပေါက်တွေ ကျတာကို ကြည့်ရှုရင်းကနေ သိပ္ပံပညာရပ်တွေကို စိဝင်စားခဲ့တာဖြစ်ပြီး အမျိုးသမီးတွေ လွတ်မြောက်ဖို့ဆိုရင် နည်းပညာပိုင်းဆိုင်ရာ အတတ်ပညာတွေကို တတ်မြောက်ဖို့လိုတယ်လို့ သူမက ယုံကြည်ခဲ့ပါတယ်။

    ဒုတိယကမ္ဘာစစ်ရဲ့ ခါးသီးမှုတွေကို ကြုံတွေ့ခဲ့ရပြီးတဲ့နောက် သူမဟာ အဲဒီတုန်းက ဧကရာဇ် သိပ္ပံဆိုင်ရာ အမျိုးသမီးကောလိပ်လို့ အမည်တွင်တဲ့ တိုဟိုတက္ကသိုလ်ကို တက်ရောက်ခဲ့ပြီး ၁၉၄၃ ခုနှစ်မှာ ဘွဲ့ရခဲ့ပါတယ်။

    သူမရဲ့ဆရာဖြစ်သူ မီယာကီ ယာဆူအိုရဲ့ ပျိုးထောင်ပေးမှုနဲ့ ဇလဗေဒ အင်စတီကျုမှာ နေရာတစ်နေရာရခဲ့တဲ့ ဆာရူဟာရှီဟာ ကာဘွန်ဒိုင်အောက်ဆိုက်ရဲ့ ဆိုးကျိုးတွေကို ကမ္ဘာပေါ်မှာ ပထမဆုံး စတင်လေ့လာခဲ့သူတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။

    ရာသီဥတုပြောင်းလဲမှုဆိုင်ရာတွေကို လေ့လာဖော်ထုတ်ခဲ့မှုကြောင့် သူမဟာ ၁၉၅၇ ခုနှစ်မှာ တိုကျိုတက္ကသိုလ်ကနေ ဒေါက်တာဘွဲ့ရခဲ့ပြီး ဂျပန်နိုင်ငံမှာ ပထမဆုံး ဒေါက်တာဘွဲ့ရတဲ့ အမျိုးသမီး ဖြစ်ခဲ့ပါတယ်။

    ဆာရူဟာရှီနဲ့ သူမရဲ့ အဖွဲ့ဟာ အမေရိကန်နဲ့ ဆိုဗီယက်ယူနီယံတို့က စမ်းသပ်တဲ့ နျူကလီးယားဗုံးတွေရဲ့ သက်ရောက်မှုကို စူစမ်းခဲ့တဲ့ ပထမဆုံးအဖွဲ့မှာလည်း ပါဝင်ခဲ့ပါတယ်။

    နျူဗုံးက ရေဒီယို သတ္တုကြွမှုဟာ ဂျပန်ကမ်းရိုးတန်းအထိ ရောက်လာတာကို သူမ သတိပြုမိခဲ့ပြီး သူမရဲ့ ဖော်ထုတ်မှုကြောင့် နောက်ပိုင်းမှာ အစိုးရဟာ နျူစမ်းသပ်မှုကို ရပ်တန့်ခဲ့ပါတယ်။

    ဒီလို အောင်မြင်မှုတွေရရှိခဲ့ပေမယ့် အနောက်တိုင်းက ရာသီဥတုပြောင်းလဲမှုကိစ္စ၊ ရေဒီယိုသတ္ထုကြွ ဓာတ်ရောင်ခြည်ကိစ္စ ဆွေးနွေးမှုတွေမှာ သူမရဲ့အမည်ကို အသိအမှတ်ပြုခြင်း မခံခဲ့ရပါဘူး။

    အသက် ၈၇ နှစ်အရွယ် ၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့မှာ ဆာရူဟာရှီတစ်ယောက် ကွယ်လွန်သွားခဲ့ပါတယ်။

    ဆာရူဟာရှီဟာ တိုကျိုတက္ကသိုလ်မှာ ဓာတုဗေဒနဲ့ ဒေါက်တာဘွဲ့ရတဲ့ ပထမဆုံး အမျိုးသမီးဖြစ်ပြီး၊ ၁၉၈၀ ပြည့်နှစ်မှာ ဂျပန်သိပ္ပံကောင်စီရဲ့ ပထမဆုံး အမျိုးသမီးအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံခဲ့ရသူပါ။

    ၁၉၈၅ ခုနှစ်မှာ ဘူမိဓာတုနယ်ပယ်အတွက် Miyake Prize ဆုကို ရရှိခဲ့ပြီး ဒီဆုကိုရရှိတဲ့ ပထမဆုံးအမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အမျိုးသမီးငယ်တွေအတွက် အတုယူစရာဖြစ်ပြီး ထူးချွန်ပြောင်မြောက်တဲ့ အမျိုးသမီး သိပ္ပံပညာရှင်တွေကို ချီးမြှင့်တဲ့ Suruhashi ဆုကိုလည်း သူမက ဖန်တီးပေးခဲ့ပါတယ်။

    ၁၉၉၃ ခုနှစ်မှာတော့ ဆာရူဟာရှီဟာ Society of Sea Water Sciences အဖွဲ့ကနေ Tanaka Prize ဆုကို ရရှိခဲ့ပါတယ်။

    Ref: Aljazeera

  • ဂျပန်ရဲတပ်ဖွဲ့က မှုခင်းတားဆီးရေးတွင် AI နည်းပညာကို အသုံးပြုမည်

    ဂျပန်ရဲတပ်ဖွဲ့က မှုခင်းတားဆီးရေးတွင် AI နည်းပညာကို အသုံးပြုမည်

    မတ် ၂၊ ၂၀၁၈
    M-Media

    – ၂၀၂၀ ခုနှစ် တိုကျိုအိုလံပစ်အတွက် ပြင်ဆင်တဲ့အနေနဲ့ ဂျပန်ရဲတပ်ဖွဲ့ ရဲလုပ်ငန်းစဉ်ရဲ့ ခန်းမှန်းတွက်ချက်မှု ကဏ္ဍမှာ ဉာဏ်ရည်တုနည်းပညာ (AI) ကို စတင်အသုံးပြုတော့မယ်လို့ သိရပါတယ်။

    ကာနာဂါဝါပြည်နယ် ရဲတပ်ဖွဲ့ဟာ ရာဇ၀တ်မှုတွေ မဖြစ်ခင်မှာ ထောက်လှမ်းဖော်ထုတ်ဖို့အတွက် ဒီနည်းပညာကို ပထမဆုံး အသုံးပြုသွားမှာပါ။

    AI နည်းပညာဟာ မှုခင်း တစ်ခုချင်းစီမှာ ရရှိတဲ့ အထောက်အထားတွေကို နှိုင်းယှဉ်ကာ လူတစ်ယောက်ဟာ ပြစ်မှုတစ်ခု၊ ဒါမှမဟုတ် ပြစ်မှုအများအပြား ကျူးလွန်ထားခြင်း ရှိ၊ မရှိကို ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ရာဇ၀တ်ကောင်ရဲ့ နောက်ထပ်ကျူးလွန်မယ့် ပြစ်မှု၊ ကျူးလွန်မယ့်နေရာတွေကိုလည်း  AI  က ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။

    ဒီလိုအသုံးပြုနိုင်ခြင်းအားဖြင့် ရာဇ၀တ်မှုတွေကို တားဆီးဖော်ထုတ်ရာမှာ အထောက်အကူဖြစ်စေပြီး ရဲတပ်ဖွဲ့အတွက်လည်း ၀န်ထုတ်ဝန်ပိုးတစ်ခု လျော့ကျသွားမယ်လို့ ပြည်နယ်အစိုးရက ပြောကြားခဲ့ပါတယ်။

    ကျိုတိုတက္ကသိုလ်က သတင်းအချက်အလက်သိပ္ပံဆိုင်ရာ ပါမောက္ခဖြစ်သူ တိုယိုအာကီ နီရှီဒါက AI နည်းပညာကို အသုံးပြုပြီး ခက်မှန်းတာမျိုးဟာ သတ်မှတ်ထားတဲ့ အချက်အလက်တွေ တူညီမှသာ အလုပ်လုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဒါပေမယ့် သာမန် ခန့်မှန်းမှုထက်စာရင်တော့ ပိုပြီး ပြဿနာတွေ ရှိလာနိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။

    Ref: Interesting Engineering

  • ကမ္ဘာ့အမြင့်ဆုံး သစ်သားမိုးမျှော်တိုက်တစ်ခု ဂျပန်ကုမ္ပဏီက တည်ဆောက်မည်

    ကမ္ဘာ့အမြင့်ဆုံး သစ်သားမိုးမျှော်တိုက်တစ်ခု ဂျပန်ကုမ္ပဏီက တည်ဆောက်မည်

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၈
    M-Media

    အဆောက်အဦးဒီဇိုင်း

    – ၂၀၄၁ ခုနှစ်မှာ ကျရောက်မယ့် တည်ထောင်မှု နှစ် ၃၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ကမ္ဘာ့အမြင့်ဆုံး သစ်သားမိုးမျှော်တိုက်တစ်ခုကို တည်ဆောက်သွားမယ်လို့ ဂျပန်ကုမ္ပဏီ Sumitomo Forestry က ကြေ ငြာလိုက်ပါတယ်။

    ၃၅၀ မီတာမြင့်မယ့် အဲဒီ အဆောက်အဦးကို W350 လို့ အမည်ပေးထားပြီး သံမဏိ ၁၀ ရာခိုင်နှုန်းသာ သုံးစွဲမှာဖြစ်ကာ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းကို ကျွန်းသစ် ကုဗမီတာ ၁၈၅၀၀၀ နဲ့ ဆောက်လုပ်သွားမယ်လို့ ဆိုပါတယ်။

    ငလျင်နဲ့ လေပြင်းတွေလို ဖြစ်ရပ်တွေကြောင့် အဆောက်အဦး ပုံမပျက်သွားစေဖို့အတွက် ဒီအဆောက်အဦးမှာ သံမဏိတိုင်တွေ ထောင့်ဖြတ် တုန်ခါမှုစနစ်ကို ထည့်သွင်းမှာပါ။

    အထပ် ၇၀ ရှိမယ့် အဲဒီအဆောက်အဦးမှာ ရုံးခန်းတွေ၊ ဆိုင်ခန်းတွေ၊ ဟိုတယ်တွေနဲ့ အိမ်ခန်း ၈ ထောင်လောက် ပါဝင်မှာဖြစ်ပါတယ်။ အထပ်တိုင်းမှာ လသာဆောင်တွေ၊ ပန်းခြံတွေလည်း ထည့်သွင်းတည်ဆောက်ဖို ရှိနေပါတယ်။

    W350 အဆောက်အဦးအတွက် ယန်း ဘီလီယံ ၆၀၀ လောက် ကုန်ကျမယ်လို့ ခန့်မှန်းထားပြီး သာမန် အဲဒီလို အဆောက်အဦးရဲ့ ကုန်ကျစားရိတ်ထက် ၂ ဆလောက် များနေတာ ဖြစ်ပါတယ်။

    Nikken Sekkei ကုမ္ပဏီနဲ့ ပူးပေါင်းတည်ဆောက်မယ့် ဒီအဆောက်အဦးကို သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီအောင် ဖန်တီးမှာဖြစ်ပြီး မြို့တွေမှာ သစ်သားအခြေပြု ဗိသုကာကို တိုးမြှင့်အသုံးပြုလာတာက သစ်တောတွေဆက်လက်ရှင်သန်နေဖို့ အထောက်အကူဖြစ်လိမ့်မယ်လို့ Sumitomo ကုမ္ပဏီက ဆိုပါတယ်။

    “လုံလောက်တဲ့ ထိန်းသိန်းစောင့်ရှောက်မှုတွေ မရှိတာကြောင့် ပြည်တွင်းက သစ်တောတွေ ပြုန်းတီးတာဟာ ပြဿနာတစ်ခု ဖြစ်လာပါတယ်။ ဒါ့ကြောင့် ကျွန်းသစ်ဝယ်လိုအား မြင့်တက်လာတာမျိုးက သစ်ပင်တွေ ပြန်လည်စိုက်ပျိုးဖို့၊ သစ်တောတွေကို အသက်သွင်းဖို့ တွန်းတားတစ်ခု ဖြစ်လာမှာပါ”

    Ref: CNA