News @ M-Media

Tag: Japan

  • သက်ကြားအိုများအား အယုံသွင်း၍ ငွေကြေးယူပြီး သတ်ဖြတ်သူ အမျိုးသမီးကို ဂျပန်က သေဒဏ်ချမှတ်

    သက်ကြားအိုများအား အယုံသွင်း၍ ငွေကြေးယူပြီး သတ်ဖြတ်သူ အမျိုးသမီးကို ဂျပန်က သေဒဏ်ချမှတ်

    နိုဝင်ဘာ ၈၊ ၂၀၁၇
    M-Media

    – သက်ကြားအို ရည်စားများကို ဆိုင်ယာနိုက်အဆိပ်ခတ်၍ အသက်သေအောင်ပြုလုပ်ပြီး အမွေနှင့် အာမခံများထုတ်၍ ငွေသန်းပေါင်းများစွာရယူခဲ့သူ အမျိုးသမီးကို ဂျပန်က ယမန်နေ့တွင် သေဒဏ်ချမှတ်လိုက်သည်ဟု သိရသည်။

    အသက် ၇၀ အရွယ် ချီဆာကို ကာကီဟီဖြစ်ပြီး ‘ဒုစရိုက်မုဆိုးမ’ ဟု နာမည်ကျော်သည့်သူမကို ခင်ပွန်းသည်အပါအ၀င် အမျိုးသား ၃ ဦးကို သတ်ဖြတ်မှု၊ အခြားသူများကို သတ်ဖြတ်ရန် ကြိုးစားမှုတို့ဖြင့် တိုကျို ခရိုင်တရားရုံးက ကြိုးပေးသတ်ရန် အမိန့်ချခဲ့တာ တိုင်းပြည်ကို တုန်လှုပ်စေခဲ့သည့် အမှုကြီးတစ်ခု အဆုံးသတ်သွားပြီဖြစ်သည်။

    ကာကီဟီမှာ အသက်ကြီးကြီး အမျိုးသားများနှင့် ချစ်ရည်လူးပြီးနောက် အဆိပ်ခတ်သတ်မှုဖြင့် တိုင်းပြည်တွင် နာမည်ဆိုးဖြင့် ကျော်ကြားပြီး သံဝါသပြုပြီး ကိုယ့်အဖော်ကို ပြန်သတ်သော ပင့်ကူနှင့် နှိုင်းယှဉ်ခြင်း ခံခဲ့ရသည်။

    သူမ၏အမှုမှာ ၁၃၅ ရက် ကြာမြင့်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ဂျပန်က ခုံသမာဓိအဖွဲ့နှင့် စစ်ဆေးသည့် စနစ်ကို စတင်ခဲ့ပြီးနာက်ပိုင်း ဒုတိမြောက် ရက်အကြာဆုံး စစ်ဆေးရသည့် အမှုဖြစ်သည်။

    တရားရုံးက ကာကီဟီမှာ ဒေါ်လာသန်းချီသည့် အသက်အာမခံကြေးကို သူမအမည်နှင့် ရရှိပြီးနောက်တွင် အဖော်အမျိုးသားများအား အဆိပ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

    သူမမှာ ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ထိုနည်းလမ်းဖြင့် ယန်း ၁ ဘီလီယံ (ကန်ဒေါ်လာ ၈.၈ သန်း) ရရှိခဲ့ပြီး နောက်ပိုင်းတွင် စတော့ရှယ်ယာဈေးကွက်၌ အများအပြား ဆုံးရှုံးသွားခဲ့သည်။

    စုံတွဲများကို ချိန်းပေးသည့် ၀ဘ်ဆိုက်များမှတစ်ဆင့် ကြွယ်ဝပြီး ကလေးမရှိသော သက်ကြားအိုအမျိုးသားများ၊ နေမကောင်းသည့် အမျိုးသားများနှင့် ကာကီဟီက ဆက်သွယ်ကာ အယုံသွင်း သတ်ဖြတ်ခြင်းဖြစ်သည်။

    အမိန့်ချမှတ်သည့်အချိန်တွင် ကာကီဟီမှာ မည်သည့် တုန့်လှုပ်မှုမှ ပြသခဲ့ခြင်း မရှိပေ။

    Ref : CNA

  • မြောက်ကိုရီးယားကို ဆက်လက်သည်းမခံတော့ဟု ထရမ့်ပြော

    မြောက်ကိုရီးယားကို ဆက်လက်သည်းမခံတော့ဟု ထရမ့်ပြော

    နိုဝင်ဘာ ၆၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယား ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ အနီးကပ်မဟာမိတ် ဂျပန်ဖက်မှ ရပ်တည်သွားမည်ဖြစ်ပြီး မြောက်ကိုရီးယားအပေါ် သည်းခံသည့်ခေတ် ကုန်ဆုံးသွားပြီဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယနေ့တွင် ပြောကြားလိုက်သည်။

    ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံပြီးနောက် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး မိမိတို့နှစ်နိုင်ငံမှာ မြောက်ကိုရီးယား၏ အန္တရာယ်ရှိသော ရန်စမှုများကို တုန့်ပြန်ရန် အတူတကွ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမေရိကန်မှ စစ်လက်နက်ပစ္စည်းများကို ၀ယ်ယူပြီးနောက် ဂျပန်မှာ မြောက်ကိုရီးယား၏ ဒုံးကျည်များကို ပ
    စ်ချသွားမည်ဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။

    မြောက်ကိုရီးယားမှာ မကြာသေးမီက ဂျပန်ကိုဖြတ်၍ ဒုံးကျည် ၂ စင်းကို ပစ်လွှတ်စမ်းသပ်ခဲ့ပြီး ထရမ့်က ထိုပစ်လွှတ်မှုမှာ ယဉ်ကျေးသောကမ္ဘာနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့ကို ခြိမ်းခြောက်မှုဖြစ်သည်ဟု ဆိုသည်။

    အာဘေးက ဂျပန်မှာ မြောက်ကိုရီးယားနှင့်ပတ်သက်၍ အမေရိကန်၏ ရပ်တည်ချက်ကို ထောက်ခံကြောင်း၊ မြောက်ကိုရီးယားအပေါ် အမြင့်ဆုံးဖိအားပေးရန် အချိန်ကျရောက်လာပြီဖြစ်ကြောင်း၊ မိမိတို့ပိုင်နက်အတွင်း ဒုံးကျည်ရောက်လာပါက ပစ်ချသွားမည်ဖြစ်ကြောင်း ပောကြားခဲ့သည်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ အာရှသို့ ၁၂ ရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေပြီး တရုတ်နိုင်ငံသို့လည်း သွားရောက်မည်ဖြစ်သည်။

    Ref: CNA

  • ဂျပန်တွင် F-35 တိုက်လေယာဉ်များ အမေရိကန်ချထားမည်

    ဂျပန်တွင် F-35 တိုက်လေယာဉ်များ အမေရိကန်ချထားမည်

    အောက်တိုဘာ ၂၅၊ ၂၀၁၇
    M-Media

    – ကိုရီးယားကျွန်းဆွယ် တင်းမာမှုများ မြင့်တက်နေသည့်အချိန်တွင် အမေရိကန်လေတပ်က လာမည့်ရက်အနည်းငယ်အတွင်း ဂျပန်သို့ F-35 Lightning II တိုက်လေယာဉ်များ ပေးပို့ရန် စီစဉ်နေသည်ဟု သိရသည်။

    တိုက်လေယာဉ်များမှာ အိုကီနာဝါကျွန်းရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိမည်ဟု ပစိဖိတ်လေတပ် (PAF) က တနင်္လာနေ့တွင် ကြေငြာခဲ့သည်။

    လေယာဉ်များနှင့်အတူ လေယာဉ်မှူးများ၊ အင်ဂျင်နီယာများနှင့် အခြား သက်ဆိုင်သူ စစ်သား ၃၀၀ ကျော်လည်း ပါဝင်လာမည်ဖြစ်ပြီး ဂျပန်တွင် ၆ လတာ တပ်စွဲမည်ဖြစ်သည်။

    ပြီးခဲ့သည့်တစ်ပတ် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ပြုလုပ်သော နိုင်ငံတကာလေကြောင်းအာကာသနှင့် ကာကွယ်ရေးပြပွဲ၌ F-35A တိုက်လေယာဉ်များကို ထုတ်ဖော်ပြသပြီးနောက် အာရှဒေသတွင် အဆိုပါလေယာဉ်များ ချထားတော့မည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

    လေတပ်ဝန်ကြီးဟောင်း ဒီဘိုရာ လီ ဂျိမ်းစ်က ဖေဖော်ဝါရီလ ရာထူးမှ အနားမယူမီတွင် အမေရိကန်လေတပ်အနေဖြင့် ၂၀၁၇ ခုနှစ် အကုန်တွင် F-35 တိုက်လေယာဉ်များကို အာရှတွင် နှစ်နေရာခွဲ၍ ချထားမည်ဟု အရိပ်အမြွက်ပြောကြားခဲ့သည်။

    F-35 တိုက်လေယာဉ်များကို အမေရိကန်က ဥရောပတွင် ပထမဆုံးချထားခဲ့သည်။

    အမေရိကန် ရေတပ်တွင် ပြေးလမ်းတိုများတွင် အတက်အဆင်း လုပ်ဆောင်နိုင်သည့် F35B တိုက်လေယာဉ်များ ပိုင်ဆိုင်ထားပြီး ဇန်န၀ါရီလမှစ၍ ဂျပန်နိုင်ငံ အီဝါကူနီကျွန်းရှိ အမေရိကန်စစ်စခန်းတွင် တပ်ဖြန့်ထားသည်။

    Ref : Press TV

  • ဂျပန်သတင်းထောက်တစ်ဦး အချိန်ပိုအလွန်အကျွံလုပ်ရမှုကြောင့် သေဆုံး

    ဂျပန်သတင်းထောက်တစ်ဦး အချိန်ပိုအလွန်အကျွံလုပ်ရမှုကြောင့် သေဆုံး

    အောက်တိုဘာ ၇၊ ၂၀၁၇
    M-Media

    အချိန်ပို အလွန်အကျွံလုပ်ရမှုကြောင့် သေဆုံးခဲ့ရသည့် NHK သတင်းထောက် မီဝါစာဒို

    – ဂျပန်လူငယ်သတင်းထောက်တစ်ဦးသည် တစ်လအတွင်း အချိန်ပို ၁၅၉ နာရီ အလုပ်လုပ်ခဲ့ရသောကြောင့် နှလုံးရပ်သေဆုံးခဲ့သည့်သတင်း ထွက်ပေါ်လာခဲ့ပြီးနောက် ဂျပန်ထိပ်တန်းသတင်းဌာန NHK က အလုပ်ချိန်များကို ပြုပြင်ပြောင်းလဲသွားမည်ဟု ကတိပြုခဲ့သည်။

    တိုကျိုမြို့တွင် နိုင်ငံရေးသတင်းများကို တာဝန်ယူတင်ဆက်နေသူ အသက် ၃၁ နှစ်အရွယ်ရှိသူ NHK သတင်းထောက် မီဝါစာဒိုမှာ သူမ၏လက်ကိုင်ဖုန်း ဆုပ်ကိုင်ထားလျက် အိပ်ယာထဲ၌ သေဆုံးလျက်ရှိနေသည်ကို ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် တွေ့ခဲ့ရသည်။

    သူမ၏ သေဆုံးမှုမှာ အချိန်ပို အလွန်အကျွံလုပ်ကိုင်ခြင်းနဲ့ ဆက်စပ်နေကြောင်း တစ်နှစ်အကြာတွင် ဂျပန်အာဏာပိုင်များက ဖော်ထုတ်နိုင်ခဲ့သည်။

    သူမမသေဆုံးခင် ယင်းလ၌ ပိတ်ရက်နှစ်ရက်သာ ရရှိခဲ့ကာ ဆာဒို၏ မိဘများက ဖိအားပေးခြင်း၊ နောက်နောင် ထိုကဲ့သို့ မဖြစ်စေရန် တောင်းဆိုခြင်းတို့ကြောင့် NHK သတင်းဌာနက အဆိုပါဖြစ်ပွားမှုကို လေးနှစ်ကြာပြီးမှ လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။

    ဂျပန်နိုင်ငံတွင် အလုပ်ချိန် ကြာရှည်လွန်းမှုအတွက် ဝေဖန်မှုများ မြင့်တက်နေချိန် ယခုသတင်း ပေါ်ထွက်လာပြီး အလုပ်ချိန်ကြာရှည်မှုကို ဆန့်ကျင်နေသော NHK သတင်းဌာနက ယခုကိစ္စတွင် ပါဝင်နေမှုအတွက် အရှက်ရစရာ ဖြစ်ခဲ့သည်။

    NHK အကြီးအကဲ အလုပ်အကိုင်အခြေအနေများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့ပြီး၊ စာဒိုသေဆုံးမှုအတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ သူမသေဆုံးမှုမှာ အလုပ် အလွန်အကျွံလုပ်ရမှုကြောင့် ဖြစ်သည်ဆိုသည်ကိုလည်း လက်ခံကြောင်း ကြာသာပတေးနေ့တွင် ပြောကြားခဲ့သည်။

    Ref: Alarabiya

  • ဂျပန်ကိုကျော်၍ မြောက်ကိုရီးယားက ဒုံးကျည်လွှတ်

    ဂျပန်ကိုကျော်၍ မြောက်ကိုရီးယားက ဒုံးကျည်လွှတ်

    စက်တင်ဘာ ၁၅၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားမှာ ယနေ့မနက်ပိုင်းတွင် ဒုံးကျည်တစ်ခုကို ပစ်လွှတ်လိုက်ပြီး ဂျပန်နိုင်ငံမြောက်ပိုင်း ဟိုကိုင်းဒိုးကျွန်းကိုကျော်၍ ပစိဖိတ်သမုဒ္ဒရာထဲသို့ ကျရောက်ခဲ့သည်ဟု သိရသည်။

    “ဒီပစ်လွှတ်မှုကို ဂျပန်နိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပြီး၊ ကုလနဲ့ အခြားနေရာတွေကနေတစ်ဆင့် သင့်လျော်တဲ့ ဆောင်ရွက်ချက်တွေကို လျင်လျင်မြန်မြန် ပြုလုပ်သွာမှာပါ။ အမေရိကန်၊ တောင်ကိုရီးယားနိုင်ငံတွေနဲ့လည်း အနီးကပ် ဆက်သွယ်ဆောင်ရွက်သွားပါမယ်” ဟု ဂျပန်ကက်ဘိနတ် အတွင်းရေမှူး ယိုရှီဟီဒီ ဆူဂါက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အနေဖြင့် ထိုကဲ့သို့ ထပ်တလဲလဲ ရန်စသည့်လုပ်ရပ်မျိုးကို လုံးဝ သည်းခံမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဒုံးကျည်မှာ ကီလိုမီတာ ၃၇၀၀ အကွာအဝေအထိ ပျံသန်းသွားခဲ့ပြီး အမြင့် ကီလိုမီတာ ၇၇၀ အထိ ရောက်ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ အဆိုပါ အကွာအဝေးနှစ်ခုစလုံးမှာ ယခင်က စမ်းသပ်ပစ်လွှတ်မှုများထက် ပိုမိုများပြားခဲ့သည်။

    မြောက်ကိုရီးယား၏ အဆိုပါပစ်လွှတ်မှုကို တုန့်ပြန်သည့်အနေဖြင့် မိမိတို့မှာလည်း ကျည်အစစ်ဖြင့် စစ်ရးလေ့ကျင့်မှုကို ဆောင်ရွက်ခဲ့သည်ဟု တောင်ကိုရီးယားက ထည့်သွင်းပြောဆိုခဲ့သည်။

    အမေရိကန် ပစိဖိတ်စစ်ဌာနချုပ်က ယခုပစ်လွှတ်မှုမှာ အမေရိကန်၊ အမေရိကန်၏ မဟာမိတ်များကို ခြိမ်းခြောက်မှုမဖြစ်ဆိုသည်ကို ကနဦး သုံးသပ်မှုများအရ သိရှိရကြောင်း ပြောကြားခဲ့သည်။

    မြောက်ကိုရီးယားမှာ ပြီးခဲ့သည့်လနှောင်းပိုင်းက ၆ ကြိမ်မြောက် နျူဗုံးကို စမ်းသပ်ခဲ့ပြီး ကုလက ထိုကိစ္စအတွက် တနင်္လာနေ့တွင် ပိတ်ဆို့မှုအသစ်များ ချမှတ်ခဲ့သည်။

    Ref: Aljazeera