News @ M-Media

Tag: Japan

  • ၁၄ နှစ်ကြာပျောက်နေသည့် ဂျပန်ယာကူဇာခေါင်းဆောင်ကို ထိုင်းတွင် ဖမ်းမိ

    ၁၄ နှစ်ကြာပျောက်နေသည့် ဂျပန်ယာကူဇာခေါင်းဆောင်ကို ထိုင်းတွင် ဖမ်းမိ

    ဇန်န၀ါရီ ၁၁၊ ၂၀၁၈
    M-Media

    – ၁၄ နှစ်ကြာ ထွက်ပြေးလွတ်မြောက်နေသည်ခဲ့သည့် ဂျပန်လူဆိုးခေါင်းဆောင်တစ်ဦးကို ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

    အသက် ၇၂ နှစ်အရွယ် ရှီဂီဟာရူ ရှီရိုင်ဖြစ်ပြီး ထိုင်းအထူးတပ်ဖွဲ့ SWAT က ယမန်နေ့တွင် နိုင်ငံအလယ်ပိုင်း လော့ပ်ဘူရီမြို့တွင် ၎င်းဈးဝယ်ထွက်စဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    ၂၀၀၃ ခုနှစ် ဂိုဏ်းစတားများအချင်းချင်း ပစ်ခတ်သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သည်ဟုဆိုကာ ရှီရိုင်ကို ဖမ်းဆီးရန် ဂျပန်အစိုးရက ထိုင်းအာဏာပိုင်များကို အကြောင်းကြားခဲ့သည်။ ထိုဖြစ်အပျက်ဖြစ်ပွားပြီးနောက်ပိုင်းတွင် ၎င်းမှာ ထိုင်းနိုင်ငံသို့ ထွက်ပြေးကာ ထိုင်းအမျိုးသမီးတစ်ဦးနှင့် လက်ထပ်၍ ဇာတ်မြှုပ်နေထိုင်ခဲ့သည်။

    ဖမ်းဆီးပြီးနောက် ထိုင်းအာဏာပိုင်များက ယာကူဇာတက်တူး အပြည့်ထိုးထားသော ခန္ဓာကိုယ်၊ ဘယ်ဖက်လက်သန်း ဖြတ်ခံထားရမှုတို့ကို ဓာတ်ပုံရိုက်ကာ ဆိုရှယ်မီဒီယာတွင် လွှင့်တင်ခဲ့သည်။ ယာကူဇာဂိုဏ်းဝင်များမှာ အပြစ်တစ်ခုခု ကျူးလွန်မိပါက လက်သန်းဖြတ်သည့် ထုံးစံရှိသည်။

    ထိုင်ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ၀ီရာချိုင် ဆွန်မက်တာက ဖမ်းဆီးခံရသူမှာ ယာကူဇာဂိုဏ်းခွဲ ကိုဒိုကိုင်၏ ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ဖူးကြောင်း ၀န်ခံခဲ့သည်ဟု ဆိုသည်။

    ယာကူဇာအဖွဲ့မှာ စစ်အပြီး ဂျပန်နိုင်ငံ ၀ရုန်းသုန်းကားဖြစ်နေချိန်တွင် ပေါ်ထွက်လာခဲ့ပြီး နောက်ပိုင်းတွင် လောင်းကစား၊ မူးယစ်ဆေးဝါး၊ ပြည့်တန်ဆာလုပ်ငန်း၊ ငွေတိုးပေးခြင်း၊ မှောင်ခိုလုပ်ခြင်း၊ ကြေးစားလူသတ်ခြင်း စသည့်လုပ်ငန်းများဖြင့် ဒေါ်လာဘီလီယံချီ ၀င်ငွေရသည့် ရာဇ၀တ်ဂိုဏ်းတစ်ခု ဖြစ်လာခဲ့သည်။

    Ref: CNA

     

  • ၃ နှစ်အတွင်း လကမ္ဘာကို လဆင်းယာဉ်ရောက်ရန် ဂျပန်စီစဉ်

    ၃ နှစ်အတွင်း လကမ္ဘာကို လဆင်းယာဉ်ရောက်ရန် ဂျပန်စီစဉ်

    ဒီဇင်ဘာ ၁၃၊ ၂၀၁၇
    M-Media

    – စီးပွားဖြစ် အာကာသစူးစမ်းရှာဖွေရေးအတွက် စံချိန်တင် ရန်ပုံငွေကို ရှာဖွေနိုင်ခဲ့တဲ့ ဂျပန်နိုင်ငံက တက်သစ်စ အာကာသကုမ္ပဏီတစ်ခုဟာ ၂၀၂၀ ခုနှစ်မှာ လကမ္ဘာကို ခြေချဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

    ၂၀၁၀ ခုနှစ် စက်တင်ဘာလက တည်ထောင်ခဲ့တဲ့ ispace ကုမ္ပဏီဖြစ်ပြီး လကမ္ဘာကို စူးစမ်းနိုင်ခဲ့တဲ့ စာရင်း ဆိုဗီယက်၊ တရုတ်နဲ့ အမေရိကန်တို့နဲ့အတူ ဂျပန်နိုင်ငံပါဝင်ဖို့ ရည်ရွယ်ထားတာပါ။

    သူတို့ရဲ့ နောက်ဆုံး ရန်ပုံငွေရှာဖွပွဲမှာ ကန်ဒေါ်လာ သန်း ၉၀ ရခဲ့တယ်လို့ ispace က ကြေငြာခဲ့ပြီး SpaceX က စံချိန်တင် ရန်ပုံငွေ ရှာဖွေနိုင်ခဲ့တဲ့ ၁၂.၁ သန်းထက် ပိုမိုများပြားနေတာ ဖြစ်ပါတယ်။ ispace ကို ရန်ပုံငွေ ထောက်ပံ့ခဲ့တဲ့အထဲမှာ ဂျပန်လုပ်ငန်းတွေ အမြောက်အများ ပါဝင်ပါတယ်။

    ကုမ္ပဏီထူထောင်သူ တာကာရှိ ဟာကာမာဒါက သူတို့အနေနဲ့ လကမ္ဘာကို ပုံမှန်သွားရောက်နိုင်မယ့် စနစ်တစ်ခုကို ဖန်တီးသွားမှာဖြစ်ပြီး၊ micro-robotic စနစ်နဲ့ လမျက်နှာပြင်ပေါ်မှာ စူးစမ်းလေ့လာမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

    ispace ရဲ့ ရေရှည်မျှော်မှန်းချက်က နာဆာကို ယှဉ်ပြိုင်ဖို့ဖြစ်ပြီး လာမယ့် ၃ နှစ်အတွင်းမှာ လကမ္ဘာစီမံကိန်း ၂ ခု ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

    ၂၀၁၉ ခုနှစ် နှောင်းပိုင်းမှာ ကနဦး စူးစမ်းလေ့လာမှုတွေ လုပ်ဖို့အတွက် လပတ်လမ်းကြောင်းအတွင်း လဆင်းယာဉ်ပို့ဖို စီစဉ်ထားပြီး ၂၀၂၀ နှစ်ကုန်ပိုင်းမှာ စက်ရုပ်အများအပြား သယ်ဆောင်သွားမယ့် လဆင်းယာဉ်ကို လမျက်နှာပြင်မှာ ဆင်းသက်စေမှာ ဖြစ်ပါတယ်။

    ispace က ဟာကူတိုအဖွဲ့ဟာ လက်ရှိမှာ ဂူးဂဲလ်ရဲ့ ကန်ဒေါ်လာ သန်း ၃၀ ဆုကြေးချီးမြှင့်မယ့် Lunar XPRIZE ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နေပါတယ်။ ပြိုင်ပွဲမှာ အနိုင်ရရှိသူရဲ့ ဂြိုဟ်တုဟာ လမျက်နှာပြင်ပေါ်မှာ ဆင်းသက်ကာ မီတာ ၅၀၀ အထိသွားပြီး အရည်အသွေးမြင့် ပုံရိပ်တွေနဲ့ ဗီဒီယိုတွေကို ကမ္ဘာမြေပြင် ပြန်ပို့ပေးရမှာ ဖြစ်ပါတယ်။

    ၂၀၄၀ ခုနှစ်ရောက်ရင် လကမ္ဘာမှာ လူပေါင်း ၁၀၀၀ လောက် နေထိုင်ပြီး တစ်နှစ်ကို လူပေါင်း ၁၀၀၀၀ လောက် သွားရောက်လည်ပတ်ကြလိမ့်မယ်လို့ ispace က ခန့်မှန်းထားပါတယ်။

    Ref: RT

  • တိုကျိုအိုလံပစ်၌ စက်ရုပ်များဖြင့် ၀န်ဆောင်မှုပေးမည့်အစီအစဉ်ကို ဂျပန်ထုတ်ပြ

    တိုကျိုအိုလံပစ်၌ စက်ရုပ်များဖြင့် ၀န်ဆောင်မှုပေးမည့်အစီအစဉ်ကို ဂျပန်ထုတ်ပြ

    ဒီဇင်ဘာ ၁၂၊ ၂၀၁၇
    M-Media

    – ၂၀၂၀ တိုကျိုအိုလံပစ်မှာ လာရောက်ကြမယ့် နိုင်ငံခြားသားတွေကို လေဆိပ်မှာ စက်ရုပ်နဲ့ ၀န်ဆောင်မှုပေးမည့် အစီအစဉ်တစ်ခုကို ဂျပန်က ဒီကနေ့မှာ ချပြလိုက်ပါတယ်။

    စက်ရုပ်အမျိုးစား ၇ မျိုးနဲ့ ပစ္စည်းတွေ သယ်ဆောင်မှုကနေ ဘာသာစကားကိစ္စတွေအထိ ဧည်သည့်တွေကို ၀န်ဆောင်မှုပေးသွားမှာပါ။

    ကြောင်အရုပ်ပုံစံ စက်ရုပ်လေးဟာ ဘာသာစကား ၄ မျိုးအထိ ဘာသာပြန်ပေးနိုင်မှာဖြစ်ပြီး အသုံးပြုသူတွေ အရုပ်နားသွားကာ စကားပြောလိုက်တာနဲ့ စခရင်မှာ ချက်ခြင်း ဘာသာပြန်ပေးမှာ ဖြစ်ပါတယ်။

    Cinnamon လို့ အမည်ပေးထားတဲ့ လူသားပုံတူ စက်ရုံလေးဟာ ခရီးသည်တွေနားသွားပြီး အကူအညီ လိုအပ်လားဆိုတာကို မေးမြန်ကာ ၀န်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။ ဒီစက်ရုပ်ကို ဉာဏ်ရည်တု AI စနစ်နဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။

    လေဆိပ်အတွင်းမှာ ခရီးသည်တွေရဲ့ အထုပ်တွေကို သယ်ပေးမယ့် စက်ရုပ်တစ်ခုလည်း ပါဝင်ပြီး ဂျပန်လေဆိပ်ဆိုင်ရာ တာဝန်ရှိသူ ယူတာကာ ကူရာတိုမီက ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကျရင် လေဆိပ်တွေမှာ စက်ရုပ်တွေ ပြန့်ကျဲနေတာမျိုး၊ စက်ရုပ်တွေက ခရီးသွားတွေနဲ့ အပြန်အလှန် ဆက်သွယ်ပြောဆိုနေတာမျိုး
    တွေ့ရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    သက်ကြီးရွယ်အိုများပြားမှုကြောင့် လုပ်သားအင်အား ပြတ်လတ်လာတဲ့အချိန်မှာ ဂျပန်ရဲ့ ဒီလို စက်ရုပ်အစီအစဉ် ပေါ်လာတာဖြစ်ပါတယ်။

    ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ Haneda လေဆိပ်ဟာ ခရီးသွားတွေ မြင့်တက်လာမယ့် အနေအထား ရှိနေပြီး အခုစက်ရုပ်တွေကို Haneda လေဆိပ်မှာ ဇန်န၀ါရီ ၉ ရက်နေ့ကစပြီး စမ်းသပ်အသုံးပြုမှာ ဖြစ်ပါတယ်။

    Ref: CNA

  • ဂျပန်ရှင်ရှိ ရှင်တိုဘုရားကျောင်းတွင် ကျောင်းထိုင်နေရာလုရာမှ ဓားခုတ်မှုဖြစ်

    ဂျပန်ရှင်ရှိ ရှင်တိုဘုရားကျောင်းတွင် ကျောင်းထိုင်နေရာလုရာမှ ဓားခုတ်မှုဖြစ်

    ဒီဇငဘာ ၈၊ ၂၀၁၇
    M-Media

    – ဂျပန်နိုင်ငံရှိ ရှင်တိုဘုရားကျောင်းတစ်ခုတွင် ကျောင်းထိုင်နေရာလုရာမှ ယမန်နေ့တွင် ဓားခုတ်မှုဖြစ်ပွားခဲ့ပြီး လူ ၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    တိုကျိုမြို့တွင်ဖြစ်ပြီး အသက် ၅၈ နှစ်အရွယ် ကျောင်းထိုင် သီလရှင်ကြီး နာဂါကို တိုမီယိုကာမှာ ဘုရားကျောင်းသို့ ၀င်ရောက်ရန် ကားထဲမှထွက်စဉ် ၎င်း၏မောင် အသက် ၅၆ နှစ်အရွယ် ရှီဂျီနာဂါ တိုမီယိုကာနှင့် အသက် ၃၀ ကျော် ဇနီးဖြစ်သူတို့က ဆာမူရိုင်းဓားများဖြင့် ၀င်ခုတ်ခဲ့ခြင်းဖြစ်သည်။

    ရှီဂျီနာဂါမှာ ဇနီးဖြစ်သူကို ဓားဖြင့် ထိုးသတ်ခဲ့ပြီး နောက်ပိုင်းတွင် မိမိကိုယ်ကိုကိုယ် အဆုံးစီရင်ခဲ့သည်။

    တိုက်ခိုက်မှုအတွင်း သီလရှင်ကြီး နာဂါကို၏ ယဉ်မောင်းလည်း ထိခိုက်ခဲ့ပြီး ကားဖြင့် ထွက်ပေးလွတ်မြောက်သွားခဲ့သည်။

    ဒေသတွင်းမီဒီယာများက အဆိုပါတိုက်ခိုက်မှုမှာ ဘုရားကျောင်းကို နာဂါကို အုပ်စိုးမှုကို ရှီဂျီနာဂါက မကျေနပ်ရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    ရှင်တိုအယူဝါဒမှာ ဂျပန်နိုင်ငံ၏ ရှေဟောင်း ဘာသာတရားတစ်ခုဖြစ်ပြီး ဂျပန်ပြည်သူများ၏ ၈၀ ရာခိုင်နှုန်း ယုံကြည်ကိုးကွယ်ကြသည်။ ရှင်တိုဘုရားကျောင်းများတွင် ကျောင်းထိုင်အဖြစ် မျိုးဆက်အလိုက် ဆက်ခံရပြီး အမျိုးသမီးများလည်း ဆက်ခံပိုင်ခွင့်ရှိနေသည်။

    Ref: BBC

  • ဂျပန်ဧကရာဇ် အခီဟီတို ၂၀၁၉ ခုနှစ်တွင် နန်းစွန့်မည်

    ဂျပန်ဧကရာဇ် အခီဟီတို ၂၀၁၉ ခုနှစ်တွင် နန်းစွန့်မည်

    ဒီဇင်ဘာ ၁၊ ၂၀၁၇
    M-Media

    –  အသက် ၈၅ နှစ်အရွယ် ဂျပန်ဘုရင်ကြီး အခီဟီတို၏ နန်းစွန့်မည့် အစီအစဉ်ကို ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် ပြုလုပ်ရန်အတွက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဦးဆောင်သည့် အထူးအဖွဲ့က သဘောတူခဲ့သည်ဟု ဂျပန်နိုင်ငံပိုင်သတင်းဌာန NHK သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။

    နှလုံးခွဲစိပ်မှု အကြီးအကျယ် လုပ်ထားရပြီး၊ ဆီးကျိတ်ကင်ဆာရောဂါကိုလည်း ကုသနေရသည့် ဂျပန်ပြည့်ရှင်မှာ ကျန်းမာရေးကြောင့် တာဝန်များကို ထမ်းဆောင်နိုင်မည်မဟုတ်ဟု စိုးရိမ်သောကြောင့် နန်းစွန့်မည်ဟု ပြီးခဲ့သည့်နှစ်က ကြေငြာခဲ့သည်။ ဘုရင်ကြီးမှာ ရာစုနှစ် ၂ ခုအတွင်း ပထမဆုံး နန်းစွန့်သည့် ဂျပန်ဘုရင် ဖြစ်လာမည်ဖြစ်သည်။

    ဘုရင်ကြီး နန်းစွန့်ရေး မူကြမ်းကို ဇွန်လတွင် အတည်ပြုခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို နောက်ပိုင်းမှ သတ်မှတ်နိုင်ခဲ့သည်။

    ၎င်း၏နေရာကို အကြီးဆုံးသားတော် အိမ်ရှေ့မင်းသား နာရူဟီတိုက ဆက်ခံမည်ဖြစ်သည်။

    ဘုရင်ကြီး အခီဟီတိုနှင့် မိဘုရား မီချီကိုတို့မှာ ခမည်းတော် ဟီရိုဟီတိုက ဒုတိယကမ္ဘာစစ်တွင် ပါဝင်တိုက်ခိုက်မှုအတွင်း ကျူးလွန်ခဲ့သည့် ကျူးလွန်မှုများအတွက် ၎င်းတို့၏ နန်းသက်တစ်လျှောက်လုံးတွင် တာဝန်ယူ ပေးဆပ်ခဲ့ရသည်။

    Ref :CNA