News @ M-Media

Tag: Japan

  • အမေရိကန်မောင်းသူမဲ့ လေယာဉ်နှစ်စင်း ဂျပန်ရှိ စစ်အခြေစိုက် စခန်းသို့ ရောက်ရှိ

    မေ ၃၁ ၊ ၂၀၁၄
    M-Media

    20145308231551734_20

    – ဂျပန်နိုင်ငံမြောက်ပိုင်း စစ်အခြေစိုက်စခန်းတွင် ခရီးရှည်ဖြန့်ကျက်နိုင်သည့် အဆင့်မြင့် ဒရုန်းလေယာဉ်နှစ်စင်းကို အမေရိကန်လေတပ်မှ ပြီးခဲ့သည့် တစ်ပတ်က ချထားခဲ့သည်ဟု သိရသည်။

    လက်နက်တပ်ဆင်ထားခြင်းမရှိသည့် အဆိုပါ Global Hawk ဒရုန်းလေယာဉ်မှာ ဂူအမ်ရှိ ပစိဖိတ်ကျွန်းသို့ ရောက်ရှိခဲ့ပြီး မြောက်ကိုရီးယားရှိ နျူကလီးယား ဆောင်ရွက်မှုများ၊ တရုတ်ရေတပ်၏ လုပ်ဆောင်ချက်များအား စောင့်ကြည့်ရန်နှင့် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက လူသာချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရန် ချထားခြင်းဖြစ်သည်ဟု ဆိုသည်။

    ဂျပန်နိုင်ငံမှာ အမေရိကန်၏ အဓိကမဟာမိတ်ဖြစ်ပြီး ယခုကဲ့သို့ ဒရုန်းလေယာဉ်များ ချထားခြင်းက ပစိဖိတ်ဒေသ စစ်အင်အားကို ချိန်ညှိရေး အမေရိကန်၏ ကတိက၀တ်ကို ဖြည့်ဆည်းရန် ရည်ရွယ်ဆောင်ရွက်ခြင်းလည်း ဖြစ်သည်။

    ထိုကိစ္စက မောင်းသူမဲ့ လေယာဉ်အုပ်စုများ တိုးတက်လာရန် ဆောင်ရွက်နေသည့် တရုတ်နှင့် မြောက်ကိုရီးယားတို့အတွက် အနှောက်အယှက်ဖြစ်လာနိုင်ဖွယ်ရှိနေသည်။

    Ref: aljazeera

  • ဟလာလ် စားသောက်ဆိုင် ရှာဖွေရန် နှင့် အစားအသောက် ဝယ်ယူနိုင်သည့် Mobile App ဂျပန်တွင်ဖြန့်ချီ

    မေ ၂၄ ၊ ၂၀၁၄
    M-Media

    ဟာလာလ်အစားအသောက်များကို ရွေးချယ်ဝယ်ယူနိုင်ပြီး ဟာလာလ် စားသောက်ဆိုင်များကို ရှာဖွေနိုင်သော Mobile App တစ်ခု ဂျပန်တွင်ဖြန့်ချီ

    JapanMuslimsGet-Halal-App

    ဟာလာလ်အစားအသောက်များကို ရွေးချယ်ဝယ်ယူနိုင်ပြီး ဟာလာလ် စားသောက်ဆိုင်များကို ရှာဖွေနိုင်သော Mobile App တစ်ခု ဂျပန်တွင်ဖြန့်ချီ
    ======================
    မေ ၂၄ ၊ ၂၀၁၄
    M-Media

    ဂျပန်နိုင်ငံတွင် အစ္စလာမ်ဘာသာဝင်များ အတွက် ၀က်သားမရောင်းသည့် အစားအသောက်များကို ရွေးချယ်ဝယ်ယူနိုင်ရန်နှင့် ဟာလာလ် စားသောက်ဆိုင်င်များကို အလွယ်တကူရှာဖွေနိုင်ရန်အတွက် ဖုန်းဆော့ဖ်ဝဲတစ်ခုကို အင်ဒိုကျောင်းသားတစ်ဦးက တီထွင်ခဲ့သည်ဟု သိရသည်။

    HalalMinds ဟု မည်ရပြီး အင်္ဂလိပ်ဘာသာဖြင့်ဖန်တီးထားကာ Android ဖုန်းများအတွက် ဧပြီလ ၃ ရက်နေ့တွင် လည်းကောင်း၊ iOS ဖုန်းများအတွက် ဧပြီ ၂၈ ရက်နေ့တွင်လည်းကောင်း အခမဲ့ ဖြန့်ချီခဲ့သည်။

    ဂျပန်နိုင်ငံတစ်ဝှမ်း ဟာလာလ်စားသောက်ဆိုင်များ၏ လိပ်စာများအပါအ၀င် နိုင်ငံအတွင်းရောင်းချသည့် အစားအသောက်များမှ ဟာလာလ် အစားသောက်များကို ထိုဆော့ဖ်ဝဲဖြင့် ရွေးချယ်နိုင်မည်ဖြစ်သည်။ အစားအသောက်အမျိုးအစားပေါင်း ၅ သိန်းနီးပါး၏ အချက်အလက်များကို ထည့်သွင်းထားပြီး အသုံးပြုသူအနေဖြင့် ဘာကုတ်များကို ထိုဆော့ဖ်ဝဲဖြင့် ဖတ်ကာ ဟာလာလ်အစားအသောက်ဟုတ်မဟုတ် ရွေးချယ်ဝယ်ယူနိုင်သည်။

    “ကျွန်တော်တို့ဟာ စွန့်ဦးစီးပွားရေးသမားတွေ၊ အစိုးရ အရာရှိတွေနဲ့ ဂျပန်နိုင်ငံတစ်ဝှမ်းက လုပ်ငန်းရှင်တွေနဲ့ ဆက်သွယ်နေပါတယ်။ ဒီဆော့ဖ်ဝဲအကြောင်း ကြားပြီးတဲ့နောက်မှာ သူတို့ထဲက တစ်ချို့ဟာ ကျွန်တော်တို့ကို ဆိုရှယ်နက်ဝက်တွေကနေတစ်ဆင့် ဆက်သွယ်လာခဲ့ကြပါတယ်” ဟု အဆိုပါဆော့ဖ်ဝဲကို တီထွင်သူ အဂ်အွန် ပန်ဘူဒီက Tech In Asia သို့ ယမန်နေ့က ပြောကြားခဲ့သည်။

    အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးဖြစ်သည့် ပန်ဘူဒီမှာ ဂျပန်နိုင်ငံ ကျူရှူတက္ကသိုလ်၌ သဘာဝအရင်းအမြစ် အင်ဂျင်နီယာဘာသာရပ်အထူးပြု PhD တက်ရောက် နေသူဖြစ်သည်။ ဂျပန်နိုင်ငံရှိ အစားအသောက်အများအပြားတွင် ၀က်သားကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြောင်း တွေ့ရှိခဲ့ပြီးနောက် ပန်ဘူဒီက ထိုဆော့ဖ်ဝဲအား တီထွင်ခဲ့ခြင်းဖြစ်သည်။

    ထို့ပြင် အစ္စလာမ်ဘာသာဝင်တို့ ၀တ်ပြုရာတွင် မျက်နှာမူရာအရပ်ကို ဖော်ပြသည့် သံလိုက်အိမ်မြှောက်ကိုလည်း ထိုဆော့ဖ်ဝဲတွင် ထည့်သွင်းထားသည်။ ထိုဆော့ဖ်ဝဲအတွက် ပြင်ပမှအကူအညီမယူဘဲ ပန်ဘူဒီ၏ Kyushu.Lab ကသာ ငွေကြေးစိုက်ထုတ်သုံးစွဲခြင်းဖြစ်ပြီး တောင်ကိုရီးယားနှင့် ထိုင်ဝမ်နိုင်ငံများသို့ပါ ဖြန့်ကျက်သွားရန် စီစဉ်နေသည်။

    ဟာလာလ်ဟူသည်မှာ အာရဗီဝေါဟာရအရ ခွင့်ပြုထားခြင်းဟုအမည်ရပြီး အစ္စလာမ့်နည်းကျ နေထိုင်မှုဘ၀တွင် အရေးပါသော အချက်ဖြစ်သည်။ အစားသောက်၊ အလုပ်အကိုင်၊ သုံးစွဲမှု စသည်တို့တွက် ဟာလာလ်နည်းလမ်းများကို သတ်မှတ်ထားပြီး အစ္စလာမ်ဘာသာဝင်များမှာ ထိုဟာလာလ်နည်းလမ်းများဖြင့်သာ စားသောက်၊ လုပ်ကိုင်ရသည်။  အစ္စလာမ်တွင် ၀က်သားစားသုံးခြင်းကိုတားမြစ်ထားပြီး အခြားသော ရုပ်ပိုင်း၊ နာမ်ပိုင်း သန့်ရှင်းခြင်းမရှိသည့် အစားသောက်များကိုလည်း တားမြစ်ထားသည်။

    ယခုလက်ရှိတွင် ဂျပန်လူဦးရေ ၁၂၇ သန်းတွင် ၁ သိန်း ၂ သောင်းကျော်မှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကာ အစ္စလာမ်ကို လက်ခံသူများမှာလည်း တိုးပွားလျက်ရှိနေသည်။

    OnIslam & News Agencies

     

  • ကမ္ဘာစစ်အတွင်း ဂျပန်၏ လိင်ကျွန်ကိစ္စ တောင်ကိုရီးယား ဆွေးနွေးမည်

    ကမ္ဘာစစ်အတွင်း ဂျပန်၏ လိင်ကျွန်ကိစ္စ တောင်ကိုရီးယား ဆွေးနွေးမည်

    မေ ၁၃ ၊ ၂၀၁၄
    M-Media
    – ကမ္ဘာစစ်အတွင်း တောင်ကိုရီးယားအမျိုးသမီးများအား လိင်ကျွန်ပြုခဲ့မှုနှင့် ပတ်သက်၍ ယခုတစ်ပတ်နှောင်းပိုင်း တိုကျိုတွင်ပြုလုပ်မည့်  သံတမန်အဆင့် ဆွေးနွေးပွဲသို့ သွားရောက်မည်ဟု တောင်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန အာရှအရှေ့မြောက်ပိုင်းရေးရာဗျူရို အထွေထွေဒါရိုက်တာ လီဆန်ဒွတ်မှာ ကြာသာပတေးနေ့တွင် ဂျပန် နိုင်ငံခြားရေး ၀န်ကြီှးှဌာန အာရှနှင့် သမုဒ္ဒရာပိုင်းရေးရာ ဗျူရိုအကြီးအကဲ ဂျူနီချီ အီဟာရနှင့် တွေ့ဆုံမည်ဖြစ်ပြီး ကမ္ဘာစစ်အတွင်း ဂျပန် ဘုရင်တပ်မတော် အတွက် ပျော်တော်ဆက်ဖြစ်ခဲ့သည့် လိင်ကျွန် ကိစ္စအား ဆွေးနွေးသွားမည်ဖြစ်သည်။

    လိင်ကျွန်ဖြစ်ခဲ့သူများကမူ စစ်အတွင်း ထိုရာဇ၀တ်မှုများ ကျူးလွန်ခဲ့ကြောင်း ဂျပန်အစိုးရက ၀န်ခံရန်နှင့် တောင်းပန်ရန် တောင်းဆိုထားသည်။ ဂျပန်နိုင်ငံကမူ ကိုရီးယား အမျိုးသမီးများအား ပြည့်တန်ဆာ အဖြစ် အဓ္ဓမစုဆောင်းမှုများ အပါအ၀င် စစ်အတွင်း ကျူးလွန်ခဲ့မှုများကို နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးပြုလုပ်ရန် ၁၉၆၅ ခုနှစ် သဘောတူ စာချုပ်အောက်တွင် ဖြေရှင်းပြီးဖြစ်သည်ဟု ပြောဆိုထားသည်။

    ထိုကိစ္စအား ဧပြီလ ၁၆ ရက်နေ့က ပထမဆုံးအကြိမ် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ကွာဟချကို လျော့နည်းအောင် ဆောင်ရွက်မည်ဟု နှစ်ဖက်စလုံးက အတည်ပြုခဲ့ကြသည်။ ဂျပန်နိုင်ငံမှာ ကမ္ဘာစစ်အတွင်းက တရုတ်၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ မြန်မာ၊ ဗီယက်နမ် တို့အပါအ၀င် ၎င်းတို့ သိမ်းပိုက်ခဲ့သည့် နိုင်ငံများမှ အမျိုးသမီးဦးရေ ခန့်မှန်းခြေ နှစ်သောင်းမှ နှစ်သိန်းကြားကို လိင်ကျွန်အဖြစ် စေခိုင်းခဲ့သည်ဟု သိရသည်။

    ဆင်ဟွာ

  • အငြင်းပွားဖွယ် ဂူဗိမာန်သို့ ဂျပန်ပါလီမန် အမတ်များ သွားရောက် ဂါရ၀ပြု

    ဧပြီ ၂၂၊ ၂၀၁၄
    M-Media

    – ဒုတိယကမ္ဘာစစ်အတွင်းက စစ်ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့ကြသူများအား မြှုပ်နှံထားသည့် အငြင်းပွားဖွယ် ဗိမာန်ကို ဂျပန်အစိုးရ အရာရှိများနှင့် ပါလီမန်အမတ် ၁၅၀ ခန့်က ဧပြီလ ၂၂ ရက်နေ့တွင် သွားရောက်ဂါရပြုခဲ့ကြသည်ဟု သိရသည်။

    0,,17581842_303,00

    ဂျပန်စစ်ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ အပါအ၀င် စစ်အတွင်း သေဆုံးသွားခဲ့ကြသော သူများအား မြှုပ်နှံကာ ဂုဏ်ပြုထားသည့် တိုကျိုမြို့ရှိ Yasukuni ဗိမာန်သို့ ဂျပန်ပြည်ထဲရေးဝန်ကြီး ယိုရှီတာကာရှင်ဒို အပါအ၀င် ပါလီမန်အမတ် ၁၅၀ ခန့်က ယနေ့တွင် သွားရောက်ဂါရပြုခဲ့သည်။ ထိုကဲ့သို့သွားရောက်ခြင်းမှာ ၃ ရက်ကြာ ကျင်းပမည့် နွေဦးရာသီပွဲတော် အထိမ်းအမှတ်အဖြစ် ဂါရ၀ပြုခဲ့ခြင်းလည်းဖြစ်သည်။

    ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကမူ ထိုဗိမာန်သို့ သွားရောက်ခြင်းမရှိခဲ့ဘဲ ယမန်နေ့က လက်ဆောင်သာပေးအပ်ခဲ့သည်။

    တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့ကမူ ထိုဗိမာန်မှာ ၂၀ ရာစု ပထမတစ်ဝက်အတွင်း ဂျပန်၏ စစ်ဝါဒကို ဖော်ကျူးသည့် ပြယုဂ်တစ်ခုအဖြစ် သတ်မှတ်ထားသည်။ တရုတ်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကွင်ဂန်က အဆိုပါဗိမာန်သို့ ရှင်ဇိုအာဘေး၏ လက်ဆောင်ပေးအပ်မှု၊ အစိုးရအရာရှိများ သွားရောက်ခဲ့မှုနှင့် ပတ်သက်၍ ရှုတ်ချခဲ့ပြီး၊ ဂျပန်ကတ်ဘိနတ်၏ သမိုင်းတွင်မည့် အမှားဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်ဒီဇင်ဘာလက ထိုဗိမာန်သို့ ၀န်ကြီးချုပ် ရှင်ဇိုအာဘေး သွားရောက် ဂါရ၀ပြုခဲ့ပြီး တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့က ရှုတ်ချခဲ့ကြကာ၊ အာဘေးအစိုးရ၏ ထိုလုပ်ရပ်မှာ အတိတ်က ဂျပန်နိုင်ငံ၏ ကိုလိုနီအုပ်ချုပ်ရေးကို ပြန်ပြောင်းဖော်ပြသကဲ့သို့ ဖြစ်နေသည်ဟု တရုတ်နိုင်ငံက ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံမှာ ဒုတိယကမ္ဘာစစ်အတွင်း ကိုရီးယားကျွန်းဆွယ်နှင့် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းများကို သိမ်းယူခဲ့ကာ စစ်ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့သည်။

    Ref: Press TV

  • ငှက်တုပ်ကွေး ဗိုင်းရပ်စ် ကူးစက်မှု တွေ့ရှိ၍ ဂျပန်တွင် ကြက်ကောင်ရေ ၁ သိန်းကျော် သုတ်သင်

    ဧပြီ ၁၃၊ ၂၀၁၄
    M-Media

    – နိုင်ငံတောင်ပိုင်း ဥစားကြက်မွေးမြူရေးခြံတွင် ငှက်တုပ်ကွေးရောဂါပိုး ကူးစက်နေသည်ဟု အတည်ပြုနိုင်ခဲ့ပြီးနောက် ထိုခြံရှိ ဥစားကြက် ၁၁၂၀၀၀ ခန့်ကို သုတ်သင်ရန် ဂျပန်အစိုးရက အမိန့်ပေးခဲ့သည်ဟု သိရသည်။

    201441342828849734_20

    ကူမာမိုတိုပြည်နယ်ရှိ ကြက်ကောင်ရေ ၅၆၀၀၀ ထိန်းသိမ်းထားသည့် ခြံတစ်ခုတွင် ကြက်များမှာ ရုတ်တစ်ရက် သေဆုံးနေသည်ဟု ပိုင်ရှင်ဖြစ်သူမှ ယမန်နေ့က အကြောင်းကြားသောကြောင့် DNA စစ်ဆေးမှုပြုလုပ်ခဲ့ရာ ငှက်တုပ်ကွေးဗိုင်းရပ်စ်မျိုးကွဲ H5 ကူးစက်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

    ထို့နောက် အဆိုပါပိုင်ရှင် ပိုင်ဆိုင်သော အနီးအနားရှိ အခြားကြက်ခြံတစ်ခုတွင်လည်း H5 ဗိုင်းရပ်စ်ပိုး ကူးဆက်နိုင်ဖွယ်ရှိသောကြောင့် ထိုခြံအတွင်းရှိ ကြက်ပေါင်း ၅၆၀၀၀ ကိုလည်း သုတ်သင်ရန် အမိန့်ပေးခဲ့သည်ဟု စိုက်ပျိုးရေး ၀န်ကြီးဌာနက ယနေ့ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ကက်ဘိနတ်အတွင်းရေးမှူးချုပ် ယိုရှီဟိုင်ဒီကလည်း စိုက်ပျိုးရေးဝန်ကြီး ယိုရှီမာဆာ ဟာယာရှီ အပါအ၀င် ၀န်ကြီးအချို့ကိုခေါ်ယူ၍ ထိုကိစ္စအတွက် ဆွေးနွေးခဲ့သည်။

    ဂျပန်နိုင်ငံတွင် ယခုကဲ့သို့ ငှက်တုပ်ကွေး ဗိုင်းရပ်စ်တွေ့ရှိရခြင်းမှာ သုံးနှစ်အတွင်း ပထမဆုံးဖြစ်ပြီး အဆိုပါ ကြက်ခြံနှစ်ခုနှင့် အနီးအနားရှိ ကြက်ခြံများမှ ကြက်များ တင်ပို့မှုကို ဒေသခံအာဏာပိုင်များက စနေနေ့တွင် ထိန်းချုပ်ခဲ့သည်။ ရောဂါပို့တွေ့ရှိရာ ဧရိယာရှိ အဓိကလမ်းမများပေါ်တွင် မောင်းနှင်မည့် ကားများကိုလည်း ပိုသတ်ပေးရန် အစိုးရက ပြင်ဆင်နေသည်။ ထို့ပြင် အဆိုပါရောဂါပိုး မည်ကဲ့သို့ ကူးစက်ခဲ့သည်ကို စစ်ဆေးရန်နှင့် အဏာပိုင်များ၏ လိုအပ်သောဆောင်ရွက်ချက်များကို ကူညီနိုင်ရန်အတွက် တာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များကို စေလွှတ်မည်ဟု သိရသည်။

    AFP