News @ M-Media
Tag: JefreyTinOhn
  • 7 July ကျောင်းသားအရေးတော်ပုံကြီးကို ပြည်သူတွေ ယနေ့တိုင် မမေ့နိုင်ဖြစ်ရသည်မှာ
    7 July ကျောင်းသားအရေးတော်ပုံကြီးကို ပြည်သူတွေ ယနေ့တိုင် မမေ့နိုင်ဖြစ်ရသည်မှာ
    မြန်မာ့လွတ်လပ်ရေးအတွက် သန္ဓေတည်ခဲ့သော လွတ်လပ်ရေးမော်ကွန်းဝင်များ၊ ခေါင်း ဆောင်ကောင်းများ မွေးထုတ်ပေးခဲ့သော ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦး ကြီးကို ဗြိတိသျှနယ်ချဲ့လက်အောက်ကျရောက်စဉ် ၅-၁၂-၁၉၂၇ နေ့တွင် အုတ်မြစ်ချခွင့်ပြုခဲ့သည်။ သူဋ္ဌေးကြီး ဒေါက်တာဦးညိုက ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးကို ဆောက်လုပ်လှူဒါန်းခဲ့ သည်။ ထိုအဆောက်အဦးကြီးသည် ရန်ကုန်တက္ကသိုလ် ပင်မအဓိပတိလမ်းမကြီးကို မျက်နှာမူလျက်တည်ရှိပြီး မန္တလေးဆောင်နှင့် မျက်နှာချင်းဆိုင်ဖြစ်သည်။
    လွတ်လပ်ရေး ဗိသုကာလည်းဖြစ် တပ်မတော်ဖခင်လည်းဖြစ်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း သည် ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂ အဖွဲ့အစည်းကြီး၏ ဥက္ကဋ္ဌတာဝန်ကို ယူခဲ့ဖူးသူတစ်ဦး ဖြစ်သည်။
    7 July ကျောင်းသားအရေးတော်ပုံကြီး  ဖြစ်ပေါ်လာစေရန်စေ့ဆော်ဖန်တီးခဲ့သည့် သမိုင်း နောက်ခံ အကြောင်းရင်းများ အမှန်တကယ်ရှိခဲ့ပါသည်။ ဝန်ကြီးချုပ်ဦးနုခေါင်းဆောင်သော သန့်ရှင်း ဖဆပလအစိုးရသည် ၁၉၅၈ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းဦးဆောင်သော စစ်အစိုးရတစ်ရပ်အား တရားဝင် ခေတ္တအာဏာလွှဲပြောင်းပေးခဲ့သည့် လုပ်ရပ်သည် “အရူးအမဲသားကျွေးသည့် လုပ်ရပ်ဖြစ်ခဲ့ သည့်အတွက် ဝန်ကြီးချုပ်ဦးနုတွင် တာဝန် အပြည့်အဝရှိသည်ဟု ကျောင်းသားထုက ဝေဖန်ထောက်ပြခဲ့ကြသည်။ သမိုင်း သုတေသီများကလည်း ဤအချက်ကိုထောက်ခံခဲ့သည်။
    ၁၉၆၀ခု ဇန်နဝါရီလ ၈ရက်နေ့တွင် ပြည်ထောင်စုဘဏ်က ဦးကောင်းလက်မှတ်ပါ ဒေါင်းတံ ဆိပ် တစ်ရာတန်ငွေစက္ကူများကို တရားမဝင်ငွေများအဖြစ် ကြေညာခဲ့ပြီး ဦးစံလင်း လက်မှတ်ပါ ဒေါင်းတံဆိပ် တစ်ရာတန် ငွေစက္ကူများကိုမူ ဆက်လက်သုံးစွဲခွင့်ပြုခဲ့သည်။ အာဏာ အရသာတွင် ယစ်မူးသွားခဲ့သော ဗိုလ်ချုပ်နေဝင်းဦးဆောင်သော (၁၇)ဦးပါ စစ်ခေါင်းဆောင်များသည် ပြည်သူလူ ထု၏ ရွေးကောက်ခံ သမ္မတကြီးစပ်ရွှေသိုက်နှင့် ဝန်ကြီးချုပ်ဦးနုတို့ထံမှာ ၁၉၆၂ခု မတ်လ ၂ရက် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သောအခါ သမ္မတကြီး၏ သားတစ်ဦး သေနတ်မှန်ကာ သေဆုံးခဲ့ သည်။
    နောက်ဆက်တွဲရလာဒ်အနေဖြင့် ဗိုလ်ချုပ်နေဝင်း၏ စစ်အစိုးရသစ်ကို ရန်ကုန်၊မန္တလေး၊ မော်လမြိုင်၊ပုသိမ်မြို့ရှိ ကျောင်းသားသမဂ္ဂအဖွဲ့အစည်းများက ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ ၁၉၆၂ ခုဇူလိုင်လ (၅) ရက်နေ့တွင် တန်းမြင့်စာမေးပွဲ မေးခွန်းပေါက်ကြားသည့်ကိစ္စနှင့်ပတ်သက်၍ စစ်အစိုးရ၏ အရေးယူကိုင်တွယ်ခဲ့ပုံကို ကျောင်းသားများက မကျေနပ်ခဲ့ကြပေ။ ထို့ကြောင့် ၁၉၆၂ ခု ဇူလိုင်လ ၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ကမာရွတ်ရဲစခန်းအနီးတွင် တက္ကသိုလ်ကျောင်းသား များ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြရာတွင် ရဲတပ်ဖွဲ့၏ပစ်ခတ်ဖြိုခွင်းမှု့ကြောင့် ကျောင်းသား တစ်ဦး အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်။
    ထို့အပြင် အာဏာပိုင်များသည် တက္ကသိုလ်နယ်မြေကို ပုဒ်မ ၁၄၄ နေဝင်မီးငြိမ်း ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့သည်။ ထိုလုပ်ရပ်ကို ကျောင်းသားများက မကျေနပ် ဆန့်ကျင် ကန့်ကွက်ဆန္ဒပြ ရာမှ တက္ကသိုလ်ကျောင်းသားပေါင်း ၁၀၀ကျော် သွေးစွန်းခဲ့သည့် 7 July ကျောင်းသားအရေးတော်ပုံ ကြီး စတင်ခဲ့သည်။ ထိုနေ့ စနေနေ့ နေ့လည် ၁နာရီခန့်က အသက်ပေးစွန့်လှူသွားခဲ့သော တက္က သိုလ်ကျောင်းသား၊သူများသည် “တကသ” အဆောက်အဦးရှေ့မှ အဓိပတိလမ်းမတစ်လျှောက်လုံး တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမကြီးအထိ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ရာတွင်
    “ မတရားစည်းကမ်းတွေ အလိုမရှိ”
    “ မတရားချုပ်ချယ်မှု့တွေ အလိုမရှိ”
    “ ကျောင်းဆောင်တွေကို အကျဉ်းဆောင်မလုပ်နဲ့”
    “ ချုပ်ချပစ်မှု့တွေ အလိုမရှိ”
    “ မတရားစည်းကမ်းတွေ ဖျက်သိမ်းပစ်”
    “ ကျောင်းသားထု ညီညွတ်ကြ” ဟူ၍ ကြွေးကြော်ခဲ့ကြသည်။
    ထိုနေ့ည ဇူလိုင် ၇ ရက်နေ့တွင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းသည် မြန်မာ့ အသံရေဒီယိုမှ အသံလွင့်ပြောကြားရာ၌ “ဓား ဓားချင်း ဒုတ် ဒုတ်ချင်း ရင်ဆိုင်မယ်” ဟူ၍ လူမိုက်ဆန်ဆန် ပြောကြားခဲ့သော မိန့်ခွန်းသည် မဆလ တစ်ပါတီအာဏာရှင်ခေတ် ၈-၈-၈၈ ရှစ်လေးလုံး အရေး တော်ပုံ မတိုင်ခင် ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ကျင်းပခဲ့သော ပြည်နယ်တိုင်း မဆလ ဗဟိုကော်မတီ အစည်းအဝေးတွင် တစ်ပါတီအာဏာရှင် ဥက္ကဋ္ဌ ဦးနေဝင်း၏ “စစ်တပ်ဆိုတာ ပစ်ရင် တည့်တည့်ပစ်တယ်။ မိုးပေါ်ထောင်မပစ်ဖူး” ဟု ပြောကြားခဲ့ပုံနှင့် အတော်ဆင်တူကြောင်း ရှေ့မှီ၊ နောက်မှီ ဝါရင့်နိုင်ငံရေးသမားတစ်ဦးက စာရေးသူအားပြောပြခဲ့ဖူးသည်ကို အမှတ်ရမိပါသည်။
    ၁၉၆၂ ခု “ 7 July” အရေးတော်ပုံကြီးကို အဓိကဖြိုခွင်းခဲ့သည့် ရှေ့တန်းစစ်ဆင်ရေးမှူးမှာ ဒု- ဗိုလ်မှူးကြီးစိန်လွင်ဖြစ်ပြီး နောက်တန်းစစ်ဆင်ရေးမှူးများမှာ ဗိုလ်မှူးကြီး ကျော်စိုး၊ ဗိုလ်မှူး ကြီးလှဟန်၊ ဗိုလ်မှူးကြီး သန်းစိန်၊ ဗိုလ်မှူးကြီးစိုးမြင့်၊ ဗိုလ်မှူးကြီး တန်ယုဆိုင် တို့ဖြစ်ပါသည်။
    ဗိုလ်နေဝင်း စစ်အုပ်စု၏လက်နက်အားကိုး အကြမ်းဖက်ဖြိုခွင်းမှု့ကြောင့် ဇူလိုင်လ ၈ရက် မနက် ၄ နာရီအချိန်တွင် သမိုင်းဝင်တည်ရှိခဲ့သော ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းသား သမဂ္ဂ အဆောက်အဦးကြီးသည် ဒိုင်းနမိုက်ဖြင့်ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး ထိုအဆောက်အဦးကြီး၏ အတွင်းအပြင်ကျောင်းသားအများအပြားလည်း သွေးမြေကျ အသက်စတေးခံ သွားခဲ့ကြ ရပေသည်။
    မြန်မာနိုင်ငံတွင် ဗိုလ်နေဝင်းစစ်အစိုးရ မတိုင်မှီ အစိုးရများသည် ကျောင်းသားထု၏ ဆန္ဒပြပွဲ များကို လွတ်လပ်စွာခွင့်ပြုခဲ့သည်။ တောင်းဆိုချက်များထဲမှ လိုက်လျောခွင့်ပြုတန်သည်များကို လည်း ခွင့်ပြုခဲ့သည့် အစဉ်အလာများရှိခဲ့ဖူးသည်။ မည်သည့်လက်နက်မျှမပါရှိဘဲ အနာဂတ်မျိုး ဆက်တက္ကသိုလ်ကျောင်းသားလူငယ်များနှင့် တွေ့ဆုံဆွေးနွေး စားပွဲဝိုင်းထိုင်ကာ ဖြေရှင်းခဲ့လျှင် သမိုင်းဝင်တက္ကသိုလ်ကြီးနှင့် သမိုင်းဝင်ကျောင်းသားသမဂ္ဂအဆောက်အဦးကြီး သွေးစွန်းအကျည်း တန်ခဲ့မည်မဟုတ်ပေ။ အတိတ်ဟူသည် ယူတတ်လျှင်အဖိုးတန်သင်ခန်းစာများကိုပေးစွမ်းပါသည်။ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ တောရိုင်းဝါဒ ဥပဒေသတစ်ခုဖြစ်သည့် “အင်အားကြီးသူ အနိုင်ယူ” (Might is right )မူကို လက်ကိုင်ထားကာ လက်နက်အားကိုးဖြေရှင်း လျှင် သမိုင်းဆိုးမွေ အရိပ်မဲကြီး ကမ္ဘာတည်သရွေ့နောက်က လိုက်နေမည်ကို 7 July ကျောင်းသား အရေးတော်ပုံကြီးက မီးမှောင်းထိုးပြနေပါတော့သည်။
    လေးစားလျက်
    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှု့တက္ကသိုလ်)
  • “အမှန်တရားဖော်ထုတ်သည့် နိုင်ငံသားများအား ခြိမ်းခြောက်နေသည့် ဥပဒေ ၆၆(ဃ)”
    “အမှန်တရားဖော်ထုတ်သည့် နိုင်ငံသားများအား ခြိမ်းခြောက်နေသည့် ဥပဒေ ၆၆(ဃ)”
    ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) အမြန်ဆုံး ပြင်ဆင်ပေးရေး လှုပ်ရှားမှု ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့စဉ် Photo: Htet Arkar/RFA
    ယနေ့ကမ္ဘာကြီး ရွာကဲ့သို့ ဖြစ်လာရခြင်းသည် အင်တာနက်ခေါ် ဆက်သွယ်ရေးနည်းပညာ ကြောင့်ဖြစ်သည်။  Information Technology (IT) ခေတ်ကြီးတွင် လူမှု့ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေး စသည့် ကဏ္ဍအစုံစုံကို သိရှိဖို့ရန် လူမှုရေးကွန်ရက်များကို အသုံးပြုလာသည့် ဦးရေသည် တစ်နှစ်ထက်တစ်နှစ်များပြားလာပါသည်။ ယင်းတို့အနက် Instagram, Twitter နှင့်  Facebook တို့သည် လူသုံးများသည့် လူမှု့ရေးကွန်ရက်များ ဖြစ်ကြပါသည်။ ကမ္ဘာ့လူဦးရေသန်း ပေါင်း ၇၀၀၀ကျော်အနက် Facebook သုံးစွဲသူပေါင်းမှာ သန်း ၂၀၀၀ ကျော်ဖြစ်ပြီး မြန်မာပြည်တွင် ၁၂ သန်းကျော် ရှိကြောင်းသိရပါသည်။
    စတုတ္ထမဏ္ဏိုင် မီဒီယာတို့သည် တိုင်းပြည်နှင့်ပြည်သူလူထုကြီးအတွက် လိုအပ်ရင် လိုအပ် သလို အကြံပြုသည်။ ဝေဖန်သည်။ ထောက်ပြကြသည်မှာ တာဝန်တစ်ရပ်ဖြစ်ပေသည်။ ဒီမိုကရေစီ အရပ်သားအစိုးရ လက်ထက်တွင် လူမှုရေးကွန်ရက်သုံးစွဲသူ လူထုတစ်ရပ်လုံးအား တုန်လှုပ် ခြောက်ခြားဖွယ်ရာ အရုပ်ဆိုးအကျည်းတန်စေသည့် ပုဒ်မ ၆၆ (ဃ) ကြောင့် နိုင်ငံအကျိုးပြု စာရေး ဆရာများ၊ အယ်ဒီတာချုပ်များ၊ ထောင်နန်းစံရသည့်ဖြစ်ရပ်သည် နိုင်ငံပုံရိပ်ကျဆင်းစေသည့်အပြင် ကမ္ဘာ့မီဒီယာများပင် အံ့သြတုန်လှုပ်ခဲ့ရသည်။ ပုဒ်မ ၆၆(ဃ)ဟူသည် ၂၀၁၃ခုနှစ် အောက်တိုဘာ လ ၈ရက်နေ့၌ ပြည်သူ့လွှတ်တော် ဥပဒေပုဒ်မ ၃၁ အဖြစ် သမ္မတဟောင်း ဦးသိန်းစိန် လက်မှတ်ရေး ထိုး ထုတ်ပြန်ခဲ့သော ဆက်သွယ်ရေးဥပဒေ တစ်ခုဖြစ်သည်။ “ ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်ခြင်း၊ အနိုင်အထက်ပြုခြင်း၊မတရားတားဆီးကန့်ကွက် ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း” တို့နှင့် ပတ်သက်၍ စွဲဆိုသော ရဲ အရေးယူပိုင်ခွင့်ရှိသော ပြစ်မှုဖြစ်သည်။ ဥပမာပေးတင်ပြရလျှင် – ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)  ဖြင့် တက်ကြွလှုပ်ရှားသူ ဂုဏ်သရေရှိ ဒိမိုကရေစီဘက်တော်သား တစ်ဦးဦးကို ရဲက စစ်ဆေးဖို့ အချိန် မရွေးလာဖမ်းနိုင်တယ်။ တရားစွဲခံရသူက အချုပ်ထဲကနေ တရားရင်ဆိုင်ရပါမယ်။ အထူးသဖြင့်     လူမှု့ရေးကွန်ရက် Facebook ကိုသုံး၍ ကျွန်တော့်ကို ချောက်တွန်းလိုသူတစ်ဦးက ကျွန်တော့်နာမည် နဲ့ Facebook အကောင့်အတု တစ်ခုဖွင့်မယ်။ ကျွန်တော့်ရဲ့ဓာတ်ပုံတွေ၊စာတွေ ကိုဖြစ်စေ ယူလိုက်မယ်။ ကျွန်တော်ရေးတင်ခဲ့တဲ့ post တွေကနေ copy ယူပြီးတင်မယ်။ ဒါကိုမသိ တဲ့ မိတ်ဆွေတွေက ကျွန်တော်ထင်ပြီး “ Add Friend” လုပ်ကြမယ်။ အချိန်အတိုင်းအတာ တစ်ခုမှာ ဒီအကောင့်အတု (Fake Account) ကနေ နိုင်ငံတော်အကြီးအကဲဆိုသူ တစ်ဦးဦးကို စော်ကားရိုင်း ပြတဲ့ post တွေတင်မယ်။ ဓာတ်ပုံတွေတင်မယ်။ comment တွေမှာ စည်းလွတ် ဝါးလွတ်တွေ လျှောက်ရေးမယ်။ အဲဒီလို ရေးတင်လိုက်တဲ့ မဖွယ်မရာတွေကို screen shot ရိုက်ပြီး ၆၆ (ဃ)နဲ့ ရဲ စခန်းမှာ အမှု့ဖွင့်တိုင်ကြားမယ်။ တရားစွဲမယ်။ ဒီလိုဖြစ်ရပ်မျိုးတွေကို လက်ရှိဝန်ကြီးဋ္ဌာန အားလုံး လိုလိုက ခွင့်ပြုနေတော့ တရားလိုရဲ့ screen shot လုပ်ပြီးတင်လာတဲ့ ဓာတ်ပုံအထောက်အထား ကနေ အကောင့်အတု လုပ်ခံရသူကိုပဲ ရဲကစစ်ဆေးမယ်။ အချုပ်ထဲနေရမယ်။ တရားရုံးကနေ အာမ ခံပေးမယ်၊ မပေးမသေချာဘူး။ ဒီလို၆၆(ဃ) နဲ့တရားစွဲခံရသူတွေကို လေ့လာကြည့်လျှင် အာမခံရတဲ့သူတွေရှိသလို၊ အာမခံငြင်းပယ်ပြီး ချုပ်ရမန်ယူကာ ထောင်ပို့ခံလိုက်ရသူတွေလည်းရှိ ပါတယ်။ ဒါကြောင့်လည်း ဥပဒေပညာရှင် အချို့က ဒီဆက်သွယ်ရေးဥပဒေကို “သားရေကွင်းလို ဥပဒေ” ဟုတင်စားခေါ်ဝေါ်ကြပါတယ်။
    ထိုဆက်သွယ်ရေးဥပဒေဖြင့် ဗဟန်းမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေရသော “ကျည်တောင်စုသစ္စာ” ဆောင်းပါးကိုရေးသားခဲ့သည့် ဗြိတိသျှကိုကိုမောင်က “မီဒီယာဥပဒေတွေရှိ ပါလျက်နဲ့ ပုံနှိပ်မီဒီယာတစ်ခုကို အွန်းလိုင်းပေါ်တင်တာနဲ့ တရားစွဲခံထားရတဲ့ The Voice Daily အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ အနေနဲ့ အများကြီးနစ်နာသလို ကျွန်တော်အတွက်လည်း အများ ကြီး နစ်နာခဲ့ပါတယ်။ ကျွန်တော်တို့ အပြစ်မရှိကြောင်း မသေချာခင်မှာပဲ ထောင်ထဲမှာနေခဲ့ရပါ တယ်။ ကျွန်တော်တို့အတွက် ဂုဏ်သိက္ခာပိုင်းပါ ထိခိုက်ပါတယ်” ဟု မီဒီယာများအားပြောဆိုခဲ့ပါ သည်။ ထို့နောက် ဆောင်းပါးရှင်အား တရားရုံးမှ အပြစ်မရှိဟု ဆုံးဖြတ်ပြီး အမှု့မှ ပလပ်ခဲ့ပါသည်။
    ဇွန်လ ၇ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြီမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ခေတ္တရပ်နားချိန်၌ သတင်းမီဒီယာများ၏ ပုဒ်မ ၆၆ (ဃ) နှင့်ပတ်သက်၍ မေးမြန်း ချက်ကို ယခင်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဟောင်း မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်အောင်မြင့်က “ပုဒ်မ ၆၆(ဃ) နှင့်ပတ်သက်၍ မိမိနိုင်ငံ၏ အခြေအ နေပေါ် မူတည်၍ မလျှော့မတင်းလုပ်ရန် လိုကြောင်း တင်းတင်းကြီး ပြတ်ပြတ်ကြီး မလုပ်သင့်ဖူး” ဟု သတင်းမီဒီယာများအား ဖြေကြားသွားခဲ့ပါသည်။
    “ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲထားတဲ့ အမှု့ပေါင်း ၇၀ ကို သုံးသပ်ကြည့်လျှင် ၆၁မှု့မှာ လက်ရှိ အစိုးရသစ် လက်ထက်မှာ ဖြစ်ပြီး အမုန်းစကား (Hate Speech) ပြောဆိုရေးသားလို့ တရားစွဲခံထား ရတဲ့ အမှု့မှာ တစ်မှု့မျှ မရှိသည်မှာ ထူးဆန်းနေသည်” ဟု ၆၆(ဃ)ဖျက်သိမ်းရေး၊ ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရေး ပူးပေါင်းအဖွဲ့တို့မှ ဒေါ်ဝေဖြိုးမြင့်က ထောက်ပြပါသည်။ အမျိုးသားလွှတ်တော် အမတ် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၆)မှ ဦးရဲထွဋ် (ခ) စာရေးဆရာ ဝင်းထွဋ်ဇော် က “၆၆ (ဃ) ဖျက်လိုက်ရင်ရပါတယ်။ တခြားစွဲလို့ရတဲ့ ရာဇသတ်ကြီး ပုဒ်မတွေလည်း ရှိနေတာပဲ။  အခုဒီပုဒ်မကို ကြောက်ပြီး စာရေးဆရာတွေက စာမရေးတော့ရင် သတင်းမီဒီယာတွေက သတင်းအမှန်မတင်ပြနိုင်တော့ရင် ဒီမိုကရေစီကိုသွားတဲ့ အရွေ့က ပိုနှောင့်နှေးသွားနိုင်တယ်” ဟု ထောက်ပြပါသည်။
    ထို့ကြောင့် ပုဒ်မ ၆၆(ဃ) အရ လူတစ်ယောက်သည် “ဒီနေ့အပြင်မှာ နောက်နေ့ထောင်ထဲ မှာ ရောက်ရှိနိုင်သည့် မတရားသည့် ဥပဒေတစ်ရပ်ဖြစ်ကြောင်း” ဥပဒေပညာရှင်များက ထောက် ပြနေပါသည်။ နိုင်ငံသားတစ်ဦးချင်း၏ ဂုဏ်သရေထိခိုက်ပျက်ပြားနစ်နာမှု မရှိအောင် နိုင်ငံ တော်လုံခြုံရေး အများပြည်သူတည်ငြိမ်အေးချမ်းမှုရှိရေးအတွက် ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေ များလည်းရှိနေပါသည်။ ဗြိတိသျှနယ်ချဲ့လက်ထက်က မဆလပါတီအာဏာရှင် အစိုးရလက်ထက် က နဝတ၊နအဖ စစ်အစိုးရများလက်ထက်က သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့သော ဥပဒေများသည် နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်၊ စံညွှန်းများနှင့် ဆန့်ကျင်နေမည်။ မြန်မာပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိ၊မရှိဆိုသည်ကို ပြည်သူ့ကိုယ်စားလှယ်များက လေ့လာသုံးသပ်ပြီး ပြင်ဆင်သင့်သည်ကို ပြင်ဆင်ဖျက်သိမ်းသင့်သည်တို့ကို ဖျက်သိမ်းဖို့ အချိန်တန် နေပါပြီ။
    ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး ဦးဝင်းမြင့်ကလည်း “နိုင်ငံသားတစ်ယောက်ချင်းစီရဲ့ ဥပဒေပါ အခွင့်အရေးတွေကို ကာကွယ်ပေးရမှာက ဥပဒေရဲ့အလုပ်ပါ” ဟု ပြည်သူ့ဆန်စား ပြည်သူ့ကိုယ် စားလှယ်များအား ပြောကြားခဲ့ဖူးသည်ကို ကိုယ်စားလှယ်တော်ကြီးများ နှလုံးပိုက်ကာ အစွမ်းကုန် အလုပ်လုပ်ကြဖို့ လိုပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်။
    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှု့တက္ကသိုလ် R.I.T)
  • “ဘယ်လိုပဲဖြစ်စေ ငြင်းလို့မရတဲ့ ဂုဏ်ယူစရာပါ'”
    “ဘယ်လိုပဲဖြစ်စေ ငြင်းလို့မရတဲ့ ဂုဏ်ယူစရာပါ’”
    ရန်ကုန်မြို့ ရှိ အဝတ်အထည်ရောင်းသည့် Store ဆိုင် တဆိုင်မှ အီးဒ်ပွဲတော် ကာလ ဆိုင်းဘုတ်ချိတ် ရောင်းချနေပုံ
    လူတိုင်းသည် မိမိတို့စားဝတ်နေရေး အတွက်လည်းကောင်း ကြီးပွါးရေးအတွက် စီးပွါး ရှာရာတွင် လည်းကောင်း အလုပ် လုပ်ကြရသည်မှာ ဓမ္မတာပင်တည်း။ထိုသို့ နေ့တဓူဝ စားဝတ်နေရေးအတွက် ငွေအရင်းအနှီးမြှုပ်နှံ၍ သမာအာဇီဝကျကျ ရောင်းဝယ်ဖောက်ကား စီးပွါးရှာကြသူတွေရှိသလို အချို့လည်း မိမိတတ်သည့် အတတ်ပညာဖြင့် အစိုးရဝန်ထမ်းလုပ်ကြသူများ။ ကာယအား ဥာဏအားများသုံးကာ အသက်မွေးဝမ်းကြောင်းနေကြသူများမှာလည်း မြန်မာပြည်အနှံ့ ဒုနဲ့ဒေး ဖြစ်ကြပါသည်။
    မြန်မာပြည်ရှိ နှစ်စဉ် ဘာသာရေး ပွဲတော်ကျရောက်တိုင်း သက်ဆိုင်ရာ ဘာသာဝင်များသည် အခါကြီး နေ့ကြီးများတွင် မိမိတို့နှင့်မိမိတို့ မိသားစုအတွက်လည်းကောင်း မရှိဆင်းရဲသားများနှင့် ကျေးဇူးတင်ထိုက်သူများ အတွက်လည်းကောင်း အမှတ်တရအနေဖြင့် အဝတ်အစားနှင့်စားစရာ တို့ကို လက်ဆောင်ပေးခြင်း စသည့် ကောင်းသည့်အမွေကို ပြုလုပ်လာခြင်းဓလေ့သည် မနေ့တနေ့က မဟုတ်။နှစ်ပရိစေဒ ကြာညောင်းခဲ့ပြီ ဖြစ်သည်။
    ထိုမတူကွဲပြားဘာသာဝင်များ၏ ဘာသာရေးပွဲတော်များအနက် ရောင်းသူ ဝယ်သူ ပျော်ရွှင်ကြည်နူးပီတိဝေဖြာသည့် ပွဲတော်တစ်ခုရှိပါသည်။ ထိုပွဲတော်မှာ အစ္စလမ်ဘာသာဝင်တို့၏ ရမသွာန် ဥပုတ်လ ဝါကျွတ်အီးဒ်ပွဲတော်တစ်ခု ဖြစ်ပါသည်။အများစုက ဝါကျွတ်အီးဒ်ပွဲတော်ဟု ခေါ်ဝေါ်ကြသော်လည်း အမှန်တကယ်မှာ အခြားဘာသာရေးပွဲတော်များနှင့် အစစအရာရာ မတူကွဲပြားကြပါသည်။အတီးအမှုတ် အက အခုန် အသောက်အစား များကို ဦးစားပေးကျင်းပသည့် ပွဲတော်ကား လုံးဝ မဟုတ်ပါ။
    နှလုံးသားကြည်နူးမှု့နှင့်ချစ်ကြည်မှု့ကို အခြေခံသည့် တစ်လတာ ဥပုသ်စောင့်ထိန်းသူတို့အတွက် အနှစ်သာရရှိသည့် ပွဲတော်ဖြစ်ပါသည်။”ပွဲတော်” ဟူ၍သာ မြန်မာစကားလုံးတို့ကို ချေးငှါးခေါ်ဝေါ်သုံးစွဲလိုက်ရခြင်း ဖြစ်ပါသည်။မြန်မာနိုင်ငံ၏ မြို့ကြီးပြကြီးများတွင် ထို အီးဒ်ပွဲတော်နီးလာပြီဆိုလျှင် အစ္စလမ်ဘာသာဝင် ဆင်းရဲချမ်းသာမရွေး မွတ်စလင်များသည် မိမိတို့နေထိုင်ရာ မြို့အသီးသီးရှိ ဈေးများတွင် အဝတ်အစားသစ်များကို ဝယ်ယူကြသည်။
    လက်တွေ့သာဓက တစ်ရပ်အနေနဲ့တင်ပြရလျှင်
    ရန်ကုန်တိုင်းဒေသကြီးရှိ သိမ်ကြီးဈေး B ရုံ C ရုံ D ရှိ အထည်အလိပ်မျိုးစုံ ။အစားအသောက်မျိုးစုံ ရောင်းချသောဆိုင်များ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ယခင်မီးလောင် မင်္ဂလာဈေးအနီးရှိ အထည်အလိပ်မျိုးစုံ အစားအသောက်မျိုးစုံရောင်ချသောဆိုင်များနှင့် ယုဇန ပလာဇာရှိ ဈေး ဆိုင်ပိုင်ရှင်များ၏ ပြောဆိုတင်ပြချက်အရ မြန်မာပြည်ရှိ ဘာသာကြီး ၄ ခု၏ ဘာသာရေးပွဲတော်များနီးလျှင် အဝတ်အစားများအပါဝင် စားစရာသောက်စရာ အသုံးအဆောင်များကို အနည်းနှင့် အများ ရောင်းရသည်မှာ နှစ်စဉ်လိုလိုပင် ဖြစ်သည်။
    ဒါပေမယ့် အဲဒိပွဲတော်တွေအနက် မြန်မာပြည်ရှိ လူအများစုကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ သီတင်းကျွတ်ပွဲတော် တန်ဆောင်တိုင်ပွဲတော် ။ခရစ်ယာန်ဘာသာဝင်တို့ရဲ့ Christmas ပွဲတော် ။ ဟိန္ဒူဘာသာဝင်တို့၏ ဒေပါပလီ ပွဲတော် နှင့်အစ္စလမ် ဘာသာဝင်တို့၏ အီးဒ် ပွဲတော်များ အနက်အစ္စလမ်ဘာသာဝင်တွေရဲ့ ဝါကျွတ်အီးဒ် ပွဲတော်နီးလာပြီဆိုလျှင် အဝတ်အထည်အသစ်အဆန်းတွေ ပိတ်တွေကိုပွဲတော်အမှီ ကြိုပြီး မှာယူထားရတယ်။ ဗုဒ္ဓဘာသာဝင်များရဲ့ သီတင်းကျွတ်ပွဲတော်မှာ အဝတ်အစား အထည်အလိပ်တွေကို ရောင်းချရတဲ့ ပမာဏနှင့် အစ္စလမ်ဘာသာဝင်များ၏ ဝါကျွတ်အီးဒ်ပွဲတော်မှာ ဝယ်ယူအားပေးသည့် ဝယ်အားပမာဏကို နှိုင်းယှဉ်လျှင် အီးဒ်ပွဲတော်အတွက် ရောင်းအားက ပိုသာကြောင်း။ အီးဒ် ပွဲတော်အတွက် ဝယ်ယူကြသည့် သူများသည် အများစုဖြစ်ကြောင်း မိမိတို့ဈေးရောင်းသည့် သက်တမ်းတစ်လျောက်အတွေ့အကြုံအရ ပြောခြင့်းဖြစ်ကြောင်း။ ထိုပွဲတော်ကို မိမိတို့ကြိုပြီး မျှော်နေမိကြောင်း။ ရောင်းအားကောင်း၍ မိမိတို့ဈေးသည်များ အလွန်အဆင်ပြေကြောင်း။ စသည်တို့ကို Yuzana Plaza အထည်ဆိုင်မှ စာရေးသူ၏ မိတ်ဆွေ ဘွဲ့ရပညာတတ် ဦးနေလင်း ဆိုသူက ပြောပြခဲ့ပါသည် ။
    စာရေးသူအနေဖြင့်သုံးသပ်တင်ပြလိုသည်မှာ အစ္စလမ်ဘာသာဝင်များသည် ဘာသာရေးခုတုံးလုပ် နိုင်ငံရေးအမြတ်ထုတ်လိုကြသည့် စစ်အာဏာရှစ်စနစ်ကို လက်ယပ်ခေါ်လိုသည့် အခွင့်ထူးခံ လူအုပ်စုတစ်စု၏ အဆိပ်မှိုင်းများမိထားသည့် ဗုဒ္ဓဘာသာအစွန်းရောက် ဦးမျိုးချစ် ကိုမျိုးချစ် ဒေါ်မျိုးချစ် မမျိုးချစ်များ ထင်သလို မိမိတို့အီးဒ်ပွဲတော်အတွက် ဆင်မြန်းရန် အဝတ်အစားများ ဖိနပ်များ စားသောက်ဖွယ်ရာအဖြာဖြာတို့ကို မိမိတို့နှင့်ဘာသာတူသည့်ဆိုင်ဖြစ်စေ မတူကွဲပြားသည့်ဆိုင်ဖြစ်စေ မခွဲခြားဘဲ မတူကွဲပြားဘာသာဝင်များထံတွင် ဝယ်ယူအားပေးနေခြင်းသည် လူမျိုးရေး ဘာသာရေး အစွန်းမရောက်ကြောင်း သက်သေသာဓကတစ်ရပ်ပင် ဖြစ်ပေသည်။
    ဂျက်ဖရီတင်အုန်း(ရန်ကုန်စက်မှု့တက္ကသိုလ်)
  • “ယနေ့ကျောင်းသားလူငယ်များ အရေး ရတက်မအေးဖြစ်မိ”
    “ယနေ့ကျောင်းသားလူငယ်များ အရေး ရတက်မအေးဖြစ်မိ”
    ဇွန် ၁၉ ၊ ၂၀၁၇
    M-Media
    မကြာမီရက်ပိုင်းအတွင်းက လူမှု့ရေးကွန်ယက် Facebook ပေါ်တွင် အိပွင့်ဖြူအမည်ရှိ အမျိုးသမီးတစ်ဦးရေးသားထားသော န၀မတန်း ကျောင်းသား၊ကျောင်းသူလေးများ၏ အရက် သေစာသောက်စားမူးယစ်ပုံ၊ စာရိတ္တမဏ္ဏိုင်ယိမ်းယိုင်နေပုံနှင့် ပတ်သက်၍ ဖတ်လိုက်ရသောအခါ လူငယ်များ၏ အနာဂတ်အရေး၊ ရတတ်မအေးဖြစ်မိသည်။ ပိုစ့်တင်သူက သူမ၏ရုံးအဖွဲ့သားအချို့  နှင့် ကားမောင်းလာရာတွင် အဖြူအစိမ်းကျောင်းဝတ်စုံဖြင့် ဒယိမ်းဒယိုင်လမ်းလျှောက်လာနေသော န၀မတန်းကျောင်းသား၊ကျောင်းသူအချို့ကို တွေ့မိ၍ အလွန်စိတ်ဝင်စားသွားခဲ့သည်။ ထူးခြားသည် မှာ ကျောင်းသူလေးတစ်ဦး၏ ကြယ်သီးမျာပြုတ်ထွက်နေသည်။ “ဘာဖြစ်ကြတာလဲ” ဟု လှမ်းမေး ရာ ထိုအုပ်စုထဲက ကျောင်းသားတစ်ဦးက “အစာအဆိပ်သင့်လို့” ပါဟု ခပ်လွယ်လွယ် ခပ်ပေါ့ပေါ့ ပြောပြီး ရှေ့သို့ဆက်သွားခဲ့သည်။ သိလိုစိတ်ပြင်းပြသဖြင့် နောက်ယောင်ခံလိုက်ကြည့်မိသည်။ လမ်းမလျှောက်နိုင်တဲ့ ကျောင်းသူလေးတစ်ယောက်ကို ထားခဲ့ပြီး ကျန်ကျောင်းသား၊ကျောင်းသူ များမှာ ထွက်ပြေးသွားခဲ့ကြသည်။ မျက်မြင်ကိုယ်တွေ့ပိုစ့်တင်သူ အမျိုးသမီးက အမူအရာပျက်ပြီး ရှေ့ကိုထွက်ပြေးသွားကြတဲ့ ကျောင်းသား၊ကျောင်းသူလေးများကို သားသမီးချင်းကိုယ်ချင်းစာပြီး ဟန့်တားချင်တာနဲ့ သူ၏ရုံးအဖွဲ့သားများနှင့်အတူ အနီးရှိ ရပ်ကွက်က လူကြီးအချို့ကို အကူအညီ တောင်းခဲ့ပြီးည ဟန့်တားနိုင်ခဲ့သည်။ ကျောင်းသူလေးတစ်ဦးဆိုလျှင် မတ်တပ်တောင်မရပ်နိုင်ဘဲ လမ်းပေါ်ထိုင်ချလိုက်တော့သည်။ “သမီးကို မဆွဲနဲ့၊ သမီးကို မဆွဲနဲ့၊ကိုယ့်ဘာသာကိုယ်သွားနိုင် တယ်” ဟု ဇွတ်အော်နေသောကြောင့် အသံကျယ်ကျယ်နဲ့ ငေါက်ငမ်းလိုက်တော့မှ ရှေ့ဆက်ဘာမှ မပြောဘဲငြိမ်နေခဲ့သည်။ ထိုကျောင်းသူလေး၏အနားကို တိုးကပ်ကြည့်လိုက်သောအခါ အရက်နံ့ တထောင်းထောင်းထွက်နေသည်ကို သတိပြုမိသည်။
    ကျောင်းဝတ်စုံဝတ်ပြီး အရက်သောက်ထားသော ကိုးတန်းကျောင်းသား၊ကျောင်းသူလေး များရဲ့ မိဘများ၏ဖုန်းနံပါတ်များကို မေးကြည့်ခဲ့သော်လည်း ဘာမျှမဖြေကြားခဲ့ပေ။ ကျောင်းသူ လေးတစ်ဦးက “အိမ်မပြန်ဖူးနော်၊ အိမ်မပြန်ဖူးနော်” ဟုပဲ ပြောနေခဲ့သည်။ ဒါကြောင့် အနီးရှိအဖော် ကျောင်းသားလေးတစ်ဦးအား ကျောင်းအမည်မေးကာ ကားတစ်စီးငှားကာ ကျောင်းသို့ကိုယ်တိုင် မရောက်ပို့ခဲ့သည်။ ကျောင်းရောက်တော့ အတန်းပိုင်ဆရာမနှင့်တွေ့ကာ သိသလောက်ဖြစ်စဉ်တွေ ကိုရှင်းပြခဲ့သည်။ ထို့အပြင် “ဒီခလေးတွေကို ဆူပူကြိမ်းမောင်း အပြင်းအထန် အပြစ်မပေးဖို့ သူတို့ မှာ ဘာစိတ်ညစ်စရာတွေ၊ဘာအခက်အခဲတွေရှိလို့ အခုလိုလုပ်တာလဲ” ဆိုတာကိုဆွေးနွေးတိုင်ပင် လမ်းညွှန်ပေးဖို့ မေတ္တာရပ်ခံပြောတဲ့အခါ ဆရာမက “ဒီ “ဘီ” တန်းက ကလေးတွေက ဆိုးကို ဆိုး ပါတယ်”ဟုသာပြန်ပြောပါသည်။
    အထက်ပါဖြစ်ရပ်ကို သုံးသပ်ကြည့်လျှင်တာဝန်အရှိဆုံးသူများမှာ (၁)ကာယကံရှင်လူငယ် လေးများ (၂) သူတို့မိဘတွေ (၃) သူတို့ကျောင်း (၄) သူငယ်ချင်းအပေါင်းအသင်းများ (၅) အရက် ရောင်းတဲ့ဆိုင်တွေ ဆိုတာတွေ့ရပါတယ်။
    စာရေးသူအနေဖြင့် အဆုံးစွန်နောက်ဆက်တွဲ ဖြစ်ရပ်လေးများကိုတွေ့ကြည့်ရာတွင် တွေ့ရှိ လိုက်သည်က “ဆရာမ ဆူမည်။ ကျောင်းအုပ်ကို အကြောင်းကြားမည်။ အလယ်အလတ် အယူအ ဆရှိသော ကျောင်းအုပ်ဆိုလျှင် ခလေးများကို ထိုက်သင့်သလို ဆိုဆုံးမမည်။ မိဘတွေကို ၀န်ခံလက်မှတ်ထိုးခိုင်းပြီး ထိုဖြစ်ရပ်ကို အဆုံးသတ်နိုင်ဖွယ်ရှိသည်။ အယူအဆပြင်းသော ကျောင်းအုပ်ဖြစ်လျှင် လူငယ်လေးများအား ကျောင်းထုတ်မည်။ ထိုခလေးများ ဘ၀ပျက်မည်။ စိတ် ကူးပေါက်ရာ ထင်ရာစိုင်းမည်။ ပညာသင်ချိန် ပညာသင်ကြားနိုင်ရေး အခွင့်အရေးကြီး လက်လွှတ်  ဆုံးရှုံးခဲ့ရသည့်အတွက် ကာယကံရှင်များနှင့် မိဘများအတွက် ဆုံးရှုံးနစ်နာသလို နိုင်ငံတော်အ တွက် လူ့စွမ်းအား အရင်းအမြစ်များ နစ်နာဆုံးရှုံးရတော့သည်။
    ယနေ့ခေတ်စနစ်အရ စာရေးသူအနေဖြင့် ကျောင်းဆရာသက်တမ်းနှစ်၃၀ ကျော်လုပ်ခဲ့ သည့်အတွက် မိဘချင်း ကိုယ်ချင်းစာနာမိ ပါသည်။ မိဘအများစုသည် စားဝတ်နေရေးအတွက် ရုန်း ကန်လှုပ်ရှားနေချိန်များ၍ သားသမီးများ၏ အရေးကို အချိန်သိပ်မပေးနိုင်ခြင်း ကျောင်းဆရာမများ အနေနဲ့လည်း စာသင်ကြားချိန် ၉ လတာအတွင်း သင်ရိုးများကို သတ်မှတ်ချိန်အတွင်း ပြီးစီးရန် စာ သင်ရ၊စာစစ်ရ၊ ရံဖန်ရံခါ ကျောင်းလုံခြုံရေး တာဝန်ယူရစသည့် တာဝန်များကြောင့် ကျောင်းတွင် စာ ရိတ္တရေးရာ ဗဟုသုတများကို ကျောင်းသား လူငယ်ထုအတွင်း ထိထိရောက်ရောက် ပညာမပေးနိုင် ခြင်း ကျောင်းသားလူငယ်များအနေနဲ့ ကျောင်းစာသင်ချိန်၊ ကျူရှင်ချိန်၊ ဂိုက် (guide) အချိန် ရုပ်မြင် သံကြားဇာတ်လမ်းများမှ ကိုးရီးယားဇာတ်လမ်းတွဲများအတွက် ပေးရသည့်အချိန် ခေတ်စနစ်အရ ပေါ်ပေါက်နေသည့် Android ဖုန်းများသုံးပြီး လူမှု့ရေးကွန်ယက်များကို အသုံးပြုနေသည့် အချိန်တွေ အတွက် ပြင်ပမှဗဟုသုတ အလင်းပေးသည့် စာကောင်းပေမွန်များနှင့် အလှမ်းဝေးကာ သွားတော့သည်။ “အလိမ္မာ စာမှာရှိ” ဆိုသည့် ဆိုရိုးစကားနှင့် ပြဒါးတစ်လှမ်း၊သံတစ်လှမ်း ဖြစ်သွား ကြတော့သည်ကို စာရေးသူ ဆန်းစစ်မိပါသည်။
    နိုင်ငံတော်အနေနဲ့ စင်္ကာပူနိုင်ငံကဲ့သို့ တိုးတက်ချင်လျှင် လိုလျှင်ကြံဆ၊နည်းလမ်းများရနိုင် ပါသည်။ မိမိနိုင်ငံအတွင်း ဆေးလိပ်၊အရက်မျိုးစုံ၊ကွမ်းစသည့် ပြည်တွင်းထုတ်လုပ်ရောင်းချသူများ၊ ပြည်ပမှတင်သွင်းသူများကို အခွန်တိုးမြှင့်ကောက်ခံခြင်းများ၊ သုံးစွဲသူများအား အသက်အရွယ် ကန့်သတ်ကာ ရောင်းချစေခြင်းများ၊ အများပြည်သူ သွားလာနေသည့်နေရာများတွင် ဆေးလိပ်၊ အရက်၊ကွမ်း စသည်တို့ကို “မသုံးစွဲရန်” လူထုဆက်သွယ်ရေး မီဒီယာများဖြစ်သည် သတင်းစာများ၊ ဂျာနယ်များ၊ ရေဒီယို၊ ရုပ်မြင်သံကြားများ၊ နံရံကပ်ပိုစတာ ဆိုင်းဘုတ်များဖြင့် ပညာပေး၊ အသိပေး ပြီး ဖောက်ဖျက်ကျူးလွန်သူများအား ဒဏ်ငွေ (fine) ဆောင်စေခြင်းကဲ့သို့သောလုပ်ဆောင်မှု့မျိုး ကို မဆိုင်းမတွ လုပ်ဆောင်သင့်ပါသည်။
    လူငယ်ကျောင်းသားများအနေနဲ့ နိုင်ငံကို ပညာဖြင့်အလှဆင်သည့် အလင်းပေးသည့်ကြယ် တံခွန်များဖြစ်အောင် စာရိတ္တမဏ္ဏိုင်ကြံ့ခိုင်အောင် ထိန်းသိမ်းရမည်မှာ အသက်သွေးပမာ အရေးကြီးလှပါသည်။ မူးယစ်ဆေးအပေါင်းတွင် တစ်ခုအပါဝင်ဖြစ်သည့် အရက်သည် မကောင်းမှု့ ဒုစရိုက်အပေါင်းကို လက်ယပ်ခေါ်သည့် “ဓားသွားထက်က ပျားရည်စက်များ” သာဖြစ်ကြောင်း မီး မှောင်းထိုးကာ အကြံပြုလိုက်ပါသည်။
    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှုတက္ကသိုလ်)
  • “ မျှော်လင့်တိုင်းဖြစ်မလာသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများ”
    “ မျှော်လင့်တိုင်းဖြစ်မလာသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများ”
    မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်တွင်းတစ်စုံ၊ ပြည်ပတစ်စုံ စစ်မေးလေ့ရှိခဲ့သည့် အစဉ်အလာသည် ၁၉၉၈ ခုနှစ်တွင် အဆုံးသတ်ခဲ့ပြီး ၁၉၉၉ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ပြည်တွင်းပြည်ပ မေးခွန်း (၁၁)စုံ စစ်မေးခဲ့ပြန်သည်။ မေးခွန်းထုတ်သူ စာစစ်မှူးချုပ်များ မတူ၍ မေးခွန်း၏ အတိမ်အနက်လည်း မတူ ညီချေ။ ထို့ကြောင့် စာဖြေသူတိုင်းနှင့် ပြည်နယ်အသီးသီးရှိကျောင်းသားကျောင်းသူများ အတွက် အလွယ်/အခက် မတူညီ၍တိုင်းနှင့်ပြည်နယ်အသီးသီး၏ တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်း သည်လည်း မတူညီကြကြောင်းကို သတိပြုမိသည်။ ၂၀၁၅ခုနှစ်မှစ၍ ၂၀၁၇ ခုနှစ်ထိလည်း ပြည်တွင်းတစ်စုံ၊ ပြည်ပတစ်စုံ စစ်မေးသည့်အစဉ်အလာကို ကျင့်သုံးခဲ့ပြန်သည်။
    မေလ ၂၆ရက်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်တွင် ပညာရေးနှင့်ပတ်သက် ၍ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးကြသည်ကို စိတ်ဝင်စားဖွယ်တွေ့ရသည်။ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက မြန်မာ့ပညာရေးကို “ လှုပ်မြင်းရုပ် ကုလားထိုင်လို ပညာရေး” ဟု ဝေဖန် ပြောကြားသွားခဲ့ပါသည်။ အခြားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးကလည်း “အထက်တန်း သင်ရိုး ညွှန်းတမ်း ပြဋ္ဌာန်းစာများကို မြန်မာလိုသင်လိုက်၊ အင်္ဂလိပ်လိုပြောင်းလိုက်၊ အင်္ဂလိပ်လိုကနေ မြန် မာလို ပြန်ပြောင်းလိုက်ဖြင့် အစမ်းသပ်ခံ ပညာရေး ဖြစ်ခဲ့ရသည်ကို ထောက်ပြသွားခဲ့သည်။ တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦးကလည်း သူတို့တိုင်းရင်းသား နယ်မြေများတွင် တိုင်းရင်းသား ဘာသာစကားဖြင့်မသင်ဘဲ မြန်မာဘာသာဖြင့် သင်ကြားသည့်အတွက် ပတ်ဝန်းကျင်နှင့် အံ့ဝင်ခွင် ကျ မဖြစ်ပုံ “ဗမာနိုက်ဇေးရှင်း”ပြုလုပ်လိုပုံ ပေါ်လွင်နေပြီး တိုင်းရင်းသားများအတွက် ဗမာစာသည် နိုင်ငံခြားဘာသာစကားလို ဖြစ်နေရပုံကိုလည်း ခံစားပြောဆိုသွားပါသည်။
    နိုင်ငံတစ်နိုင်၏ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ဆုတ်ယုတ်ခြင်းသည် ထိုနိုင်ငံ၏ ပညာရေး အဆင့်အ တန်းပေါ်များစွာ မူတည်ပါသည်။ သက်ဆိုင်ရာအစိုးရများ၏ (၁) ပညာရေးစနစ်အပေါ် စီမံခန့်ခွဲမှု စ နစ်အားကောင်းခြင်း၊ (၂) နိုင်ငံတော်ဘဏ္ဍာငွေမှ ငွေကြေးအများစုကို ပညာရေးကဏ္ဍတွင် ထိထိ ရောက်ရောက်သုံးစွဲခြင်း (၃) ပညာရေးတွင် လာဘ်ပေးလာဘ်ယူမှု့များ ကင်းစင်ခြင်း စသည်တို့ သည် ပညာရေး အဆင့်အတန်း “စံ” သတ်မှတ်ချက်များဖြစ်ပါသည်။
    မြန်မာနိုင်ငံ၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းရလာဒ်များသည် ဖြေဆိုသူ ကာယကံရှင် ကျောင်းသား၊ ကျောင်းသူများနှင့် သက်ဆိုင်သူမိဘများအတွက် စိတ်လှုပ်ရှားဖွယ်ရာ အကောင်းဆုံးဖြစ်သည်ကို စာသင်ကြားနေသူ ဆရာတစ်ဦးအနေဖြင့် စာရေးသူ သတိပြုမိပါသည်။  တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းသည်လည်း မြို့နယ်တစ်ခုအတွင်းရှိ ကျောင်းတစ် ကျောင်းနှင့် တစ်ကျောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးတစ်ခုနှင့်တစ်ခု၊ မတူညီကြသည်ကိုလည်း တွေ့ရပြန်သည်။ ထို့အပြင် တစ်နှစ်ထက်အောင်ချက် ရာခိုင်နှုန်းများသည်လည်း ကွဲပြားခြားနားကြ ပြန်သည်။ ဥပမာပြရလျှင် ၂၀၁၅ခုတွင် တက္ကသိုလ် ၀င်တန်းဖြေဆိုသူ ၅၉၇၉၄၆ ယောက်ရှိခဲ့သော် လည်း အောင်မြင်သူပေါင်းမှာ၂၂၄၈၄၇ ယောက်သာရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၃၇ ဒသမ ၆ ရာခိုင် နှုန်းရှိခဲ့သည်။ ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုသူပေါင်းမှာ ၆၃၆၂၃၇ ဦးရှိခဲ့သော်လည်း အမှန်တကယ်အောင်မြင်သူပေါင်းမှာ ၁၉၀၃၈၈ ဦးသာ ရှိခဲ့ကြောင်း ရာခိုင်နှုန်းအားဖြင့် ၂၉ ဒသမ ၉၂ ရာခိုင်နှုန်း ရှိခဲ့သည်ကိုကြည့်လျှင် အောင်ချက်ရာခိုင်နှုန်းများကွာဟ နေသည်ကို တွေ့ရပြန် သည်။
    တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အောင်ချက်ရာခိုင်နှုန်းများကို လေ့လာကြည့်လျှင် ၂၀၁၅ ခုနှစ် ဧရာဝတီတိုင်းဒေသကြီး၏ အောင်ချက်ရာခိုင်နှုန်းသည် ၅၁ ဒသမ၇၈ ရာခိုင်နှုန်း (၅၁. ၇၈%) ဖြစ်ပြီးနံပါတ်တစ်နေရာတွင် ရှိခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီး ၏အောင်ချက် ရာခိုင်နှုန်းသည် ၃၆ ရာခိုင်နှုန်းသာရှိခဲ့သည်။ ၂၀၁၆ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် စာရင်းရလာဒ်ကို လေ့လာ ကြည့်လျှင် မွန်ပြည်နယ်သည်အောင်ချက်ရာခိုင်နှုန်း ၃၉ဒသမ၃၇ ရာခိုင်နှုန်း ( ၃၉.၃၇%)ဖြင့် အဆင့်တစ်နေရာတွင်ရပ်တည်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၏ အောင်ချက်ရာခိုင်နှုန်းသည် ၃၃ ဒသမ၂၁ ရာခိုင်နှုန်း (၃၃.၂၁%)သာရှိခဲ့သည်။
    လမ်းပန်းဆက်သွယ်ရေးလည်းခက်၊ သင်ထောက်ကူများလည်းခက်ဖြစ်သည့် ချင်းပြည်နယ် သည် ၂၀၁၅ခုနှစ်တွင် အောင်ချက်ရာခိုင်နှုန်း ၁၇.၈၅%၊၂၀၁၆ခုတွင် ၁၄.၃၆% ဖြစ်၍ အောင်ချက် အနိမ့်ဆုံးပြည်နယ်စာရင်းဝင်နေသည်ကို တွေ့ရသည်။
    ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးကို မတ်လ ၈ရက်နေ့မှ မတ်လ ၁၇ ရက် အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆေးခဲ့ရာ စာစစ်ဋ္ဌာန ၈၁၂ခုနှင့် နိုင်ငံခြားစာစစ်ဋ္ဌာန ၃ခု၌ စစ်ဆေးခဲ့ပြီး ဖြေဆိုသူပေါင်း ၇၁၆၂၁၆ဦးရှိခဲ့သည်။
    မေလ ၂၆ ရက် ရက်စွဲဖြင့် ပြည်ထဲရေးဝန်ကြီး၏ဋ္ဌာန နေပြည်တော်ကောင်စီသို့ ပေးပို့သော ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဝင်း လက်မှတ်ရေးထိုးထုတ်ပြန်သော စာအရ တက္ကသိုလ် ၀င်တန်းစာမေးပွဲ အောင်စာရင်းကို ၁၇-၆-၂၀၁၇ရက်နေ့ (စနေနေ့) ၌ ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။ အောင်စာရင်းထုတ်ပြန်မည့် မနက် ၆နာရီတွင် မြန်မာနိုင်ငံစာစစဦးစီးဋ္ဌာန website ဖြစ် သည့် www.myanmar.org  တွင် ၀င်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံစာစစ် ဦးစီးဋ္ဌာနမှ အသိပေး အကြောင်းကြားထားပေသည်။
    အမှန်တကယ်တော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းရလာဒ်များသည် စာဖြေသူ ၏ကံ၊ ဥာဏ်၊၀ီရိယ တစ်ဦးချင်း၏ မှတ်တမ်းများကို ထုတ်ပြန်ကြေညာပေးခြင်းသာဖြစ်ပေသည်။
    တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်လျှင် ကာယကံရှင်ကျောင်းသား၊ကျောင်းသူများ ပျော် ကြသည်။ သက်ဆိုင်ရာမိဘများလည်း ၀မ်းသာ ပီတိဖြစ်ကြသည်။ မိမိမျှော်မှန်းထားသည့် ဂုဏ်ထူးများ၊ အမှတ်များရရှိပါက အတိုင်းမသိ ၀မ်းသာပီတိဖြစ်ကြရသည်။ အနာဂတ် ပညာရေး ခရီးကို ဆက်လက်ချီတက်ရန် ကြိုတင်ပြင်ဆင်မှု့များ ပြုလုပ်ရတော့မည်ဖြစ်သည်။
    စာရေးသူတို့ ငယ်စဉ်ကျောင်းသားဘ၀က  ပြောလေ့ရှိခဲ့သော စကားတစ်ခွန်းမှာ “ ၁၀ တန်း စာမေးပွဲ အောင်သည့်နေ့ ဘ၀မှာအပျော်ဆုံးနေ့” ဟူ၍ဖြစ်သည်။ သို့သော် ယနေ့မြန်မာနိုင်ငံ တွင် တက္ကသိုလ်တန်း (၁၀တန်း) အောင်သော်လည်း ရာခိုင်နှုန်းပြည့် မပျော်ရွှင်နိုင်သူတွေရှိလာပြီ ဖြစ်သည်။ အကြောင်းမှာ(၁) တက္ကသိုလ်များကို မြို့ပြင်များတွင် ဆောက်လုပ်ထား၍ သွားရေး၊ လာရေး အဆင်မပြေမှုများ၊ အချိန်ကြန့်ကြာမှု့များရှိခြင်း (၂) ဆေးတက္ကသိုလ်မှစ၍ ၀ိဇ္ဇာသိပ္ပံတက္က သိုလ်များအဆုံး ကျူရှင်ယူရသည့်ဒုက္ခ၊ ကျူရှင် fees မြင့်မားလွန်းသည့်ဒုက္ခကို ရင်ဆိုင်ရခြင်း (၃) အချိန်တန်ဘွဲ့ရပြီးသောအခါ ဘ၀အာမခံချက်ရှိသည့် အလုပ်တစ်ခုခုကို ရရှိရန် မသေချာခြင်းတို့ ကြောင့် ဖြစ်သည်။
    မည်သို့ပင်ဆိုစေကာမူ လောကတွင် အခက်အခဲပြဿနာမှန်သမျှကို ရင်ဆိုင်ကြုံတွေ့ရ ပါက မျက်နှာလွှဲကာ ရှောင်ကွင်း၍မရပေ။ အကောင်းဆုံး အဖော်မွန် ဇွဲ၊လုံ့လ၊၀ိရီယတို့ကို အားကိုးကာ ရင်ဆိုင်ကျော်လွှား ဖြတ်သန်းရပေမည်။ “အခက်အခဲ၏နောက်တွင် အောင်မြင်မှု့ တည်း” ဟူသော “ပန်းတိုင်”ရှိနေသည်ကို နားလည်ထားသင့်ပေသည်။ ထို့အပြင်လက်ရှိ အရပ်သားအစိုးရအနေဖြင့် မြန်မာ့ပညာရေးကို ယခင့်၊ယခင် အစိုးရများထက် အစွမ်းကုန်အားပေး ထောက်ခံနေသည်ကို အလုပ်များက သက်သေတည်နေပေသည်။ဇွန်လ (၁၇)ရက်နေ့ထွက်ရှိမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကား မြန်မာပြည်သူလူထုအား စိတ်လှုပ်ရှားဖွယ်ရာဖြစ်စေမှာက တော့ မုချဧကန်ဖြစ်ပေသည်။ ပညာရေးသရဖူ လှမ်းဆွတ်ခူးလိုသူတွေအတွက် တက္ကသိုလ်ဝင် တန်းစာမေးပွဲကြီး အောင်မြင်ရေးသည် အရေးကြီးသော မဟာတံတိုင်းတစ်ခုပင် မဟုတ်ပါလော။
    ဆရာဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှုတက္ကသိုလ်)