News @ M-Media

Tag: Kachin State

  • ကချင်ပြည်သူများအား အကူအညီပေးရေး အစိုးရ၏ပိတ်ပင်မှုတွင် တရုတ်လက်ချက်မကင်း

    ကချင်ပြည်သူများအား အကူအညီပေးရေး အစိုးရ၏ပိတ်ပင်မှုတွင် တရုတ်လက်ချက်မကင်း

    စက်တင်ဘာ ၄၊ ၂၀၁၈
    M-Media

    ကချင်ဒုက္ခသည်များ

    – ကချင်ပြည်နယ်မှ တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကို ကူညီမယ့် အဖွဲ့တွေကို မြန်မာအစိုးရက ပိတ်ပင်မှုမှာ တရုတ်လည်း ပါဝင်တယ်လို့ လူ့အခွင့်အရေအဖွဲ့ Fortify Rights က ပြောကြားလိုက်ပါတယ်။

    They Block Everything ဆိုတဲ့ အမည်နဲ့ မကြာသေးခင်က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ အခုလို ပြောကြားခဲ့တာဖြစ်ပြီး မြန်မာအာဏာပိုင်တွေ၊ အထူးသဖြင့် စစ်တပ်တာဝန်ရှိသူတွေဟာ ကချင်ပြည်နယ်မှာ အကူအညီပေးရေးကို လက်နက်တစ်ခုအဖြစ် နှစ်များစွာ အသုံးပြုခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

    ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ကချင်ပြည်နယ်မှာ တွေ့ဆုံမေးမြန်းမှုပေါင်း ၁၉၅ ခုကို လုပ်ဆောင်ခဲ့ပြီးတဲ့နောက်ပိုင်း ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တယ်လို့ Fortify Rights က ပြောပါတယ်။

    ဦးသိန်းစိန် အစိုးရလက်ထက် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု စတင်ကတည်းက တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာ သူတို့နဲ့ကပ်နေတဲ့ မြန်မာနယ်စပ်မှာ အကူအညီပေးရေး အဖွဲ့တွေကို ၀င်ရောက်ခွင့်မပေးရေး မြန်မာအာဏာပိုင်တွေကို ပြောကြားခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ကချင်ပြည်နယ်မှာ မြန်မာအစိုးရစစ်တပ်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့အကြား တိုက်ခိုက်မှုတွေဟာ ၂၀၁၁ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး စုစုပေါင်း ကချင်ပြည်သူ ၁ သိန်း ၂ သောင်းလောက်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    ပြည်နယ်အတွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေ နေထိုင်တဲ့ စခန်းတွေဟာ စုစုပေါင်း ၁၄၀ ရှိနေပြီး ၄၀ ရာခိုင်နှုန်းက KIA နဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်ရာဒေသတွေမှာ ရှိနေတာ ဖြစ်ပါတယ်။

    အကူအညီပေးရေးလုပ်သားတွေက မြန်မာအစိုးရဟာ ၂၀၁၅ ခုနှစ်ကတည်းကစပြီး ကချင်ပြည်နယ်မှာ ပိတ်ပင်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း အစိုးရထိန်းချုပ်ထားတဲ့ ဒေသတွေကို သွားရောက်နိုင်ဖို့အတွက် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေရဲ့ ခွင့်တောင်းမှု ၅၆၂ ခုမှာ မြန်မာအစိုးရက ၅ ရာခိုင်နှုန်းသာ ခွင့်ပြုခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    မြန်မာအစိုးရက အခုလို ပိတ်ပင်မှုတွေ လုပ်ထားတာကြောင့် အကူအညီပေးရေး အဖွဲ့တွေဟာ တရုတ်နိုင်ငံကနေတစ်ဆင့် အကူအညီတွေကို ပေးပို့နေရပြီး ဒါကလည်း တရားမ၀င်ဖြစ်တဲ့အတွက် ဖမ်းဆီးခံရနိုင်ခြေ မြင့်မားတယ်လို့ Fortify Rights အဖွဲ့က ပြောကြားခဲ့ပါတယ်။

    ကချင်ပြည်နယ်မှာ တိုက်ခိုက်မှုတွေ ပြန်လည်စတင်ကတည်းက တရုတ်ပြည်ထဲ ထွက်ပြေးရတဲ့ ဒုက္ခသည်တွေကို တရုတ်စစ်သားတွေက ပြန်လည်မောင်းထုတ်တာ၊ ၂၀၁၃ ခုနှစ်မှာ ယူနန်ပြည်နယ်က ဒုက္ခသည်စခန်းတစ်ခုကို တရုတ်စစ်သားတွေက မီးရှို့ပစ်တာတွေကိုလည်း အစီရင်ခံစာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

    Ref: Irrawaddy

  • ဖားကန့်တွင် မြေစာပုံပြိုကျမှု ထပ်မံဖြစ်ပေါ်ခဲ့ပြီး လူ ၃၀ နီးပါး သေဆုံးဖွယ်ရှိ

    ဖားကန့်တွင် မြေစာပုံပြိုကျမှု ထပ်မံဖြစ်ပေါ်ခဲ့ပြီး လူ ၃၀ နီးပါး သေဆုံးဖွယ်ရှိ

    ဇူလိုင် ၂၅၊ ၂၀၁၈
    M-Media

    – မြန်မာနိုင်ငံမြောက်ပိုင်း ဖားကန့်က ကျောက်မြတ်တူးဖော်ရာ နေရာတစ်ခုမှာ မနေ့က မြေစာပုံ ပြိုကျမှုကြောင့် အနည်းဆုံး ၂၇ ဦး သေဆုံးဖွယ်ရှိတယ်လို့ ရဲတပ်ဖွဲ့က ဒီကနေ့မှာ ပြောကြားလိုက်ပြီး တစ်လအတွင်း နှစ်ကြိမ်မြောက် မြေစာပုံပြိုကျမှုလည်း ဖြစ်ပါတယ်။

    မိုးသည်းထန်စွာရွာသွန်းပြီးတဲ့နောက် မနေ့ကမနက်အစောပိုင်းမှာ ပြိုကျခဲ့တာဖြစ်ပြီး ထိခိုက်ခံစားရသူ အများစုဟာ ရ၀မ်လူမျိုးတွေဖြစ်တယ်လို့ ဒေသခံရဲတပ်ဖွဲ့ တာဝန်ရှိသူ အောင်ဇင်ကျော်က ပြောကြားခဲ့ပါတယ်။

    “အလောင်းတွေတော့ မတွေ့သေးပါဘူး။ ကြက်ခြေနီ၊ မီးသတ်တို့နဲ့အတူ ကျွန်တော်တို့ ဒီနေ့ ရှာဖွေမှုတွေ လုပ်သွားပါမယ်”

    ဖားကန့်အပါအ၀င် မြန်မာနိုင်ငံက ကျောက်မြတ်တူးဖော်ရေးလုပ်ငန်းတွေမှာ အကျင့်ပျက်ခြစားမှု၊ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းပိုင်း အားနည်းမှုတွေကြောင့် မကြာခဏဆိုသလို ထိခိုက်မှုတွေ ဖြစ်ပေါ်နေပါတယ်။

    ဇူလိုင် ၁၄ ရက်နေ့ကလည်း လုံးခင်းမှာ မြေစာပုံပြိုကျမှုကြောင့် အနည်းဆုံး၁၅ ဦး သေဆုံးခဲ့ပါတယ်။

    အခုနှစ်တွေအတွင်း ဖားကန့်မှာ မြေစာပုံပြိုကျမှု မကြာခဏဆိုသလို ဖြစ်ပွားခဲ့ပြီး၊ အဆိုးဝါးဆုံးက ၂၀၁၅ ခုနှစ် နိုဝင်ဘာက ပြိုကျမှုဖြစ်ကာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။

    Ref : South China Morning Post

  • ဖားကန့်မြေစာပုံပြိုကျမှု သေဆုံးသူ ၁၅ ဦးရှိ

    ဖားကန့်မြေစာပုံပြိုကျမှု သေဆုံးသူ ၁၅ ဦးရှိ

    ဇူလိုင် ၁၅၊ ၂၀၁၈
    M-Media

    – မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ဖားကန့်မြို့မှာ မနေ့က မြေစာပုံ ပြိုကျမှုကြောင့် အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ပြီး ၄၅ ဦးလောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    လုံးခင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးဒဏ်ရာရသူတွေဟာ ရေမဆေးကျောက် ရှာဖွေကြသူတွေဖြစ်ပါတယ်။

    “အလောင်းရှာဖွေမှုကို ညနေ ၅ နာရီခွဲမှာ ရပ်ဆိုင်းခဲ့ပြီး မနက်ဖြန် (တနင်္ဂနွေနေ့) မှာ ဆက်လက်ရှာဖွေမှာ ဖြစ်ပါတယ်” လို့ ဖားကန့် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောကြားခဲ့ပါတယ်။

    ပျောက်ဆုံးနေသူတွေ ရှိမယ်ဆိုရင် သူတို့ကို အကြောင်းကြားဖို့ ပြည်သူတွေကို အသိပေးထားတယ်လို့လည်း ဆိုပါတယ်။

    လုံးခင်းမှာ မေလအတွင်းကလည်း မြေစာပုံပြိုကျမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၁၄ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ဖားကန်းမှာ မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူဟာ ၁၀၀ ကျော် ရှိခဲ့ပါတယ်။

    ဖားကန့် NLD ပါတီ အတွင်ရေးမှူး ဦးဟန်သာက မြေစာပုံထဲမှာ သေဆုံးသူတွေ ကျန်ရှိနေအုံးမယ်လို့ ပြောကြားခဲ့ပါတယ်။

    “လူ ၁၀၀ လောက်ရှိမယ်ဗျ။ မြေစာပုံက ရေကန်ထဲ ပြိုကျတဲ့အချိန်မှာ ရေထဲမှာရှိနေတဲ့သူတွေ မြုပ်သွားတာ”

    ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံက ထုတ်လုပ်တဲ့ ကျောက်စိမ်းတန်ဖိုးဟာ ကန်ဒေါ်လာ ၃၁ ဘီလီယံဖိုး ရှိတယ်လို့ သဘာပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုအဖွဲ့ Global Witness က ခန့်မှန်းပြီး အများစုဟာ တရုတ်နိုင်ငံကို တရားမ၀င် ရောက်ရှိသွားကြတယ်လို့ ဆိုပါတယ်။

    Ref: EWN

  • တရုတ်နယ်စပ်ရှိ မြို့သုံးမြို့တွင် စီးပွားရေးဇုန် ဖော်ဆောင်မည်

    တရုတ်နယ်စပ်ရှိ မြို့သုံးမြို့တွင် စီးပွားရေးဇုန် ဖော်ဆောင်မည်

    ဇူလိုင် ၁၄၊ ၂၀၁၈
    M-Media

    – ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က တရုတ်နယ်စပ်မှာရှိတဲ့ မြို့သုံးမြို့ကို ‘စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုံ’ တွေ ဖန်တီးဖို့အတွက် မြန်မာအစိုးရက ကြာသာပတေးနေ့မှာ အတည်ပြုလိုက်ပြီး တရုတ်ရဲ့ ရည်မှန်းချက်ကြီးရဲ့ Belt and Road စီမံကိန်း တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

    စီးပွားကူးသန်းဝန်ကြီး ဦးသန်းမြင့် တရုတ်နိုင်ငံကို မကြာသေးခင်က သွားရောက်ခဲ့ပြီးတဲ့နောက် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် ဗဟိုကော်မတီရဲ့ နေပြည်တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ ဒီလို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

    စီးပွားရေးဇုန် နေရာတွေဟာ ကချင်ပြည်နယ် အထူးဒေသ (၁) က ကချင် ဒီမိုကရေစီ တပ်မတော်သစ် ထိန်းချုပ်ရာ ကန်ပိုက်တီမြို့၊ ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လောက်ကိုင်မှာရှိတဲ့ ချင်းရွှေဟော်မြို့နဲ့ ရှမ်းပြည်နယ် မူဆယ်မြို့တို့ ဖြစ်ပါတယ်။

    ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်အောင်က စီမံကိန်းကို မကြာမီ စတင်မှာဖြစ်ပြီး တရုတ်နဲ့ မြန်မာဘက်ခြမ်း နှစ်ခုစလုံးမှာ ဇုန်တွ တည်ထောင်သွားမှာဖြစ်ကြောင်း၊ ကန်ပိုက်တီမှာ နေရာရှင်းလင်းရေး စတင်လုပ်ဆောင်နေကြောင်း မနေ့က ဧရာဝတီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    တရုတ်အာဏာပိုင်တွေက အဲဒီ စီးပွားရေးဇုန်နေတွေဟာ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမကဘဲ တည်ငြိမ်အေးချမ်းရေးအတွက်ပါ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ကြောင်း ၀န်ကြီး ဦးသန်းမြင့်ကို ပြောကြားခဲ့တယ်လို့ ဦးခက်အောင်က ဆိုပါတယ်။ ၀န်ကြီးရဲ့ ခရီးစဉ် အသေးစိတ်ကိုတော့ ထုတ်ပြန်ခြင်း မရှိပါဘူး။

    အခုစီးပွားရေးဇုန်တွေဟာ ဒေသခံတွေကို အလုပ်အကိုင်တွေ ဖန်တီးပေးကာ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ဖွံ့ဖြိုးတိုးတက်စေမှာဖြစ်ကြောင်း ၀န်ကြီးက ကြာသာပတေးနေ့ နေပြည်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

    အစည်းအဝေးကို ကချင်၊ ရှမ်းနဲ့ ကိုးကန့်ဒေသက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

    ကန်ပိုက်တီဇုန်မှာ ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၅ သန်းရှိကာ လာမယ့်နှစ်မှာ တည်ဆောက်ရေးလုပ်ငန်း ပြီးစီးမယ်လို့ ခန့်မှန်းထားကြောင်း ဦးခက်အောင်က ပြောကြားခဲ့ပါတယ်။

    Ref: Irrawadday

  • ကချင်ပြည်နယ်တွင် တစ်နှစ်ခွဲအတွင်း ခရစ်ယာန်ဘုရားကျောင်း ၆၀ ဖျက်ဆီးခံရ

    ကချင်ပြည်နယ်တွင် တစ်နှစ်ခွဲအတွင်း ခရစ်ယာန်ဘုရားကျောင်း ၆၀ ဖျက်ဆီးခံရ

    ဇူလိုင် ၄၊ ၂၀၁၈
    M-Media

    ကချင်ပြည်နယ်မှ ခရစ်ယာန် ဘုရားကျောင်းတစ်ခု

    – ပြီးခဲ့တဲ့တစ်နှစ်ခွဲအတွင်း ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်ဟာ ခရစ်ယာန်ဘုရားကျောင်း ၆၀ လောက်ကို ဖျက်ဆီးခဲ့ပြီး အဲဒီအထဲက တစ်ချို့ကို ဘုရားတွေအဖြစ် အသွင်ပြောင်းခဲ့တယ်လို့ ၀ါရှင်တန်အခြေစိုက် ကမ္ဘာ့အကြီးဆုံး ခရစ်ယာန်သတင်းဌာန The Christian Post က ဖော်ပြပါတယ်။

    အဲဒီဒေသကို မကြာသေးခင်က သွားရောက်ခဲ့တဲ့ အမေရိကန် သင်းအုပ်ဆရာတစ်ဦးရဲ့ ပြောကြားမှုကို ကိုးကားပြီး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

    ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့လတွေအတွင်း မြန်မာစစ်တပ်နဲ့ ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ KIA တို့အကြား တိုက်ခိုက်မှုတွေ အရှိန်မြင့်ခဲ့ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။

    အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ကဲလားမြို့မှာ Northwood Church ဘုရားကျောင်းကို တည်ထောင်ထားပြီး မကြာသေးခင်ကမှ ကချင်ပြည်နယ်ကို သွားရောက်ခဲ့တဲ့ သင်းအုပ်ဆရာ ဘော့ဘ် ရောဘတ်က KIA နဲ့ မြန်မာစစ်တပ်တို့ အပစ်ရပ်ရေး ပျက်ပြယ်သွားတဲ့ လွန်ခဲ့တဲ့ ၇ နှစ်ကတည်းက ကချင်ပြည်နယ်မှာ ရွာပေါင်း ၄၅၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    ပြည်နယ်လူဦးရေရဲ့ ၉၅ ရာခိုင်နှုန်း ခရစ်ယာန်တွေဖြစ်ကြတဲ့ ကချင်တွေဟာ လတ်တလော တိုက်ခိုက်မှုတွေမှာ ပိုမိုဆိုးဝါးစွာ ထိခိုက်ခံစားခဲ့ရတယ်လို့လည်း သူက ဆိုပါတယ်။

    “လွန်ခဲ့တဲ့ ၁၈ လအတွင်း သူတို့ဟာ ခရစ်ယာန်ဘုရားကျောင်း ၆၀ ကို ဗုံးကြဲခဲ့တယ်။ အဲဒီ ဗုံးကြဲခဲ့တဲ့ ၆၀ ထဲက နေရာ ၂၀ ကို ဘုရားတွေတည်ပြီး အပိုင်သိမ်းလိုက်ကြတယ်။ တော်တော်ကို ဆိုးဆိုးဝါးဝါး ကိစ္စပါ။ ရှင်းရှင်းလင်းလင်းပြောရရင် လူမျိုးစုလိုက် ရှင်းလင်းနေသလိုပါပဲ” လို့ သင်းအုပ်ဆရာ ရောဘတ်က The Christian Post နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်တွေအတွင်း ကမ္ဘာကြီးက ရိုဟင်ဂျာကိစ္စကိုသာ အာရုံစိုက်နေတဲ့အချိန် ရခိုင်မှာ အသုံးပြုခဲ့တဲ့ စစ်တပ် တော်တော်မျာများကို ကချင်ပြည်နယ်ကိုရွှေ့ပြီး တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာတယ်လို့လည်း ဆိုပါတယ်။

    “ရခိုင်က တပ်ဖွဲ့တွေကို သုံးနေတယ်ဆိုတဲ့ကိစ္စဟာ တော်တော်လေး စိုးရိမ်စရာကောင်းတဲ့ အချက်တွေထဲကတစ်ခုပါ။ ရခိုင်မှာ လူသတ်မှုတွေ၊ အဓမ္မကျင့်မှုတွေ၊ ဒီလို ဆိုးဆိုးဝါးဝါးတွေ ဖြစ်ခဲ့တယ်။ (ကချင်ပြည်နယ်မှာ) ရိုဟင်ဂျာတွေလို အခြေအနေမျိုး မဖြစ်သေးပေမယ့် လွယ်လွယ်ကူကူ ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုလည်း ရှိနေပါတယ်”

    အခြေအနေတွေဟာ တစ်ဖြည်းဖြည်းနဲ့ ဆိုးဝါးလာမလားဆိုတဲ့ စိုးရိမ်မှုတွေ ကြီးကြီးမားမား ရှိနေကြောင်း၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရပြီး ပြည်နယ်တစ်ဝှမ်းက ခရစ်ယာန်ဘုရားကျောင်းတွေမှာ ခိုလှုံနေရတဲ့ ကချင်ပြည်သူ ၁၃၀၀၀၀ လောက်ရှိကြောင်း သင်းအုပ်ဆရာရောဘတ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    “ကချင်ပြည်နယ်က နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းတိုင်းနီးပါးမှာ ဒုက္ခသည် ၄၀၀ ကနေ ၂၀၀၀ လောက်အထိ ရှိနေပါတယ်။ Kachin Baptist Convention အသင်းဟာ ကယ်ဆယ်ရေးလုပ်နေရပြီး၊ သူတို့တွေကို ကူညီဖို့ ကြိုးစားနေကြပါတယ်”

    ရောဘတ်ဟာ ကချင်ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံ စကားပြောခဲ့ပြီး အမျိုးသမီးတွေ အဓမ္မကျင့်ခံရတာ၊ သတ်ဖြတ်မှု၊ မီးရှို့ဖျက်ဆီးမှုတွေကို မျက်မြင်ကြုံရတာ စတဲ့ အကြောင်းအရာတွေကို ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

    “သားအဖနှစ်ယောက်ဆိုရင် ကွင်းပြင်မှာ နွားကျောင်းနေရင် တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ သူတို့ဆီပျံလာကာ ပစ်ခတ်တာနဲ့ ကြုံရပြီး သားကသေသွားတယ်။ ဖအေက ဒူးခေါင်းမှာ ဒဏ်ရာရခဲ့တယ်။ သူ့သားကို အမြန်မြေမြှုပ်ပြီး သူက ရွာကနေ ထွက်ပြေးခဲ့ရတယ်”

    ပြီးခဲ့တဲ့နှစ်အတွင်း ကချင်ပြည်နယ်မှာ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်မှု အကြိမ် ၆ ၀၀ လောက်ရှိခဲ့တယ်လို့လည်း ရောဘတ်က ပြောပါတယ်။

    အနောက်တိုင်းက ခရစ်ယာန်တွေဟာ သူတို့ကို မေ့ထားတယ်လို့ ကချင်ပြည်သူတွေက ခံစားနေရကြောင်း၊ တကယ်လည်း ကချင်ပြည်သူတွေ ခံစားနေရတဲ့ အခြေအနေတွေကို အနောက်နိုင်ငံတွေက မသိကြကြောင်း ရောဘတ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အမေရိကန်က အသင်းတော်အနေနဲ့ ဒီကိစ္စကို ကျယ်ကျယ်လောင်လောင်ပြောကြားဖို့၊ ဒီကိစ္စတွေအပေါ် အရေးယူရေး အစိုးရကို ဖိအားပေးဖို့ တိုက်တွန်းခဲ့သလို၊ သူနဲ့ အခြား ဘာသာရေးခေါင်းဆောင်တွေဟာ ဒီကိစ္စအတွက် သမ္မတထရမ့်နဲ့ ဒုတိယသမ္မတ မိုက်ပန့်စ်တို့ဆီ စာရေးသားကာ မြန်မာနိုင်ငံ အပေါ် ပိုမိုအရေးယူဖို့၊ ပိတ်ဆို့မှုတွေ ပြန်လည်လုပ်ဆောင်ဖို့ တောင်းဆိုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ရောဘတ်ဟာ အခြားသော ဧ၀ံဂေလိ ခရစ်ယာန်ခေါင်းဆောင်တွေ စာမှာ လက်မှတ်ထိုးဖို့ ပြောဆိုထားပြီး ဇူလိုင်လ ၁၀ ရက်နေ့မှာ ပေးပို့သွားဖို့ ရှိနေပါတယ်။

    Kachin Baptist Convention ကို ငွေကြေးထောက်ပံ့ဖို့လည်း အမေရိကန်အသင်းတော်ကို ရောဘတ်က တိုက်တွန်းခဲ့ပါတယ်။

    Ref: Christian Post