News @ M-Media

Tag: LaLiga

  • စပိန်ရှုံးထွက်ဖလား ဗိုလ်လုပွဲကို ဘာစီလိုနာ၏ နူးကမ့်ကွင်းတွင် ပြုလုပ်မည်

    စပိန်ရှုံးထွက်ဖလား ဗိုလ်လုပွဲကို ဘာစီလိုနာ၏ နူးကမ့်ကွင်းတွင် ပြုလုပ်မည်

    မတ် ၂၆၊ ၂၀၁၅
    M-Media

    campnou-cropped_9oqconysd8mm1j7psa034ktvv

    – မေလ ၃၀ ရက်နေ့တွင် ကစားမည့် စပိန်ရှုံးထွက်ဖလား ဗိုလ်လုပွဲကို ဘာစီလိုနာအသင်း၏ အိမ်ကွင်း နျူးကမ့်တွင် ကျင်းပပြုလုပ်သွားမည်ဟု စပိန်ဘောလုံးအဖွဲ့ချုပ် RFEF က ကြေညာလိုက်သည်။

    ဘာစီလိုနာနှင့် ဘီလ်ဘာအိုအသင်းတို့ ယှဉ်ပြိုင်ကစားရမည့် အဆိုပါ ဗိုလ်လုပွဲအတွက် ၂ သင်းစလုံးက ရီးယဲလ်မက်ဒရစ်အသင်း၏ ဆန်တီယာဂို ဘာနေဗျူးကွင်းတွင် ကျင်းပပြုလုပ်ရန် အကြံပြုထားပြီး အခြားရွေးချယ်မှုအဖြစ် ဆီးဗီးလာအသင်း၏ ရာမွန်ဆန်းချက်ဇ် ပီဂျူအန်ကွင်းကို အဆိုပြုထားသည်။

    သို့သော်လည်း ရီးယဲလ်က ၎င်းတို့ကွင်းအား အသုံးပြုရန် ငြင်းဆိုခဲ့သောကြောင့် ဘာစီလိုနာနှင့် ဘီလ်ဘာအိုအသင်းများမှ ကိုယ်စားလှယ်များက ၂ နာရီကြာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း အဖြေမရခဲ့ပေ။ ထို့ကြောင့် စပိန်ဘောလုံးအဖွဲ့ချုပ်က ကြားဝင်ကာ ၎င်းတို့နှစ်သင်း၏ ကွင်းများတွင် ကျင်းပရန် အကြံပေးခဲ့သည်။

    ထို့နောက် မဲခွဲမှုများ ပြုလုပ်ခဲ့ရာ ဘာစီလိုနာအသင်း၏ အိမ်ကွင်း နူးကမ့်တွင် ကျင်းပပြုလုပ်သွားရန် အတည်ပြုနိုင်ခဲ့သည်။ ၂၀၁၃ ခုနှစ် စပိန်ရှုံးထွက်ဖလားဗိုလ်လုပွဲကို ဘာနေဗျူးတွင် ကျင်းပပြုလုပ်ခဲ့ပြီး အက်သလက်တီကိုက ရီးယဲလ်အား အနိုင်ရရှိကာ ဗိုလ်စွဲခဲ့သည်။

    Ref: Goal.com

  • ရီးယဲလ်အား ဂိုးသွင်းနိုင်သည့်အတွက် ဂုဏ်ယူသည်ဟု တိုက်စစ်မှူး ဆွာရက်ဇ် ပြော

    ရီးယဲလ်အား ဂိုးသွင်းနိုင်သည့်အတွက် ဂုဏ်ယူသည်ဟု တိုက်စစ်မှူး ဆွာရက်ဇ် ပြော

    မတ် ၂၃၊ ၂၀၁၅
    M-Media

    26E82C6700000578-0-image-a-47_1427070333288

    – ယမန်နေ့က ကစားခဲ့သည့် ရီးယဲနှင့်ပွဲတွင် ဂိုးသွင်းနိုင်ခဲ့သည့်အတွက် ဂုဏ်ယူမိပြီး၊ ဘာစီလိုနာ ကစားသမားသက်တမ်းတွင် အရေးပါဆုံး ဂိုးဖြစ်သည်ဟု ဘာကာတိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်က ပြောကြားလိုက်သည်။

    ဘာစီလိုနာမှ ဂျရမီ မက်သယူး၏ အဖွင့်ဂိုးကို ရော်နယ်ဒိုက ပြန်လည်ချေပခဲ့သောကြောင့် ၁ ဂိုးစီ သရေကျနေသည့်အချိန် ဒုတိယပိုင်း ၅၅ မိနစ်တွင် ဆွာရက်ဇ်မှာ ဒုတိယဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ထိုဂိုးဖြင့်ပင် ဘာကာက ရီးယဲလ်ကို အနိုင်ရခဲ့ကာ လာလီဂါအမှတ်ပေးဇယားကို ၄ မှတ်အသာဖြင့် ဦးဆောင်နိုင်ခဲ့သည်။

    ထိုဂိုးမှာ ဘာစီလိုနာအတွက် ပြိုင်ပွဲအားလုံးတွင် သွင်းယူပေးနိုင်ခဲ့သည့် ဆွာရက်ဇ်၏ ၁၄ ဂိုးမြောက်လည်း ဖြစ်သည်။

    “ဒါဟာ ဘာကာအတွက် ကျွန်တော်သွင်းပေးမျှ ဂိုးတွေထဲမှာ အရေးပါဆုံး ဂိုးပါပဲ။ ပြီးတော့ ကျွန်တော်တို့ ယှဉ်ပြိုင်ရတဲ့ ပြိုင်ဘက်ကြောင့် ဒီဂိုးဟာ ပိုထင်ရှားလာပါတယ်” ဟု ဆွာရက်ဇ်က ပွဲအပြီးတွင် ဘာစီလိုနာရုပ်သံသို့ ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့တစ်သင်းလုံးမှာ ပျော်ရွှင်နေကြောင်း ဇယား၏ ထိပ်ဆုံး၌ ဆက်ရှိချင်ပြီး အမှတ်ကွာဟာမှုကို တိုးမြှင့်ချင်လျှင် ထိုပွဲမှာ အရေးပါသည့်ပွဲ ဖြစ်သည်ကို မိမိတို့အားလုံး သိရှိခဲ့ကြောင်း ဆွာရက်ဇ်က ထပ်လောင်းပြောကြားခဲ့သည်။

    ထိုပွဲအနိုင်ရမှုအတွက် နည်းပြ အန်းရစ်ကလည်း အသင်းသားများအား ချီးကျူးခဲ့ပြီး ဆွာရက်ဇ်မှာ အသင်းအတွက် အဆုံးအဖြတ်ပေးမည့် ကစားသမားဖြစ်ကြောင်း ၎င်း၏ ကစားပုံ၊ အသင်းအတွက် ဆောင်ကျဉ်းပေးသည်တို့အတွက် ပျော်ရွှင်မိကြောင်း ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ရီးယဲလ်းနည်းပြ အန်ဆယ်လော့တီကမူ ၎င်းတို့အသင်းမှာ ဒုတိယဂိုး မပေးရခင်အချိန်အထိ ကစားပုံကောင်းခဲ့ပြီး ပွဲအခြေအနေအား ပြောင်းလဲရန် ခေါင်းအေးအေး မထားနိုင်ခဲ့ဟု ဆိုသည်။

    Ref: Dilymail

  • အနာဂတ်အတွက် ကြောက်ရွံ့နေသည်ဟု ရီးယဲလ်နည်းပြ ဆို

    အနာဂတ်အတွက် ကြောက်ရွံ့နေသည်ဟု ရီးယဲလ်နည်းပြ ဆို

    မတ် ၂၂၊ ၂၀၁၅
    M-Media

    971372_heroa (1)

    – ဘာစီလိုနာနှင့်ပွဲမှာ အရေးပါသော်လည်း အခြားသောအရေးပါသည့်ပွဲများ ကစားရန်ရှိနေပြီး မိမိ၏ ထုတ်ပယ်ခံရမှုအတွက်လည်း ကြောက်ရွံ့မှု ရှိနေသည်ဟု ရီးယဲလ်မက်ဒရစ်နည်းပြ ကားလို့စ် အန်ဆယ်လော့တီက ပြောကြားလိုက်သည်။

    ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှော်လ်ကာနှင့် ဒုတိယအကျော့တွင် ကစားပုံဆိုးရွားမှု၊ လာလီဂါထိပ်ဆုံးနေရာအား ဘာစီလိုနာလက်ထဲသို့ လွှဲပေးခဲ့ရမှု စသည်တို့ကြောင့် အန်ဆယ်လော့တီ၏ အနာဂတ်မှာလည်း မသေမချာ ဖြစ်လာခဲ့သည်။

    ယခုတစ်ပတ်တွင် ထိပ်ဆုံးမှ ဘာစီလိုနာနှင့် ကစားရမည်ဖြစ်ပြီး ရှုံးနိမ့်ခဲ့ပါက ၄ မှတ်ကွာဟမည် ဖြစ်သောကြောင့် ထိုပွဲမှာ ရီးယဲလ်အတွက် အရေးပါသည့် ပွဲတစ်ပွဲလည်း ဖြစ်လာမည် ဖြစ်သည်။ အန်ဆယ်လော့တီကမူ ထိုပွဲတွင် ပို၍ ပါးနပ်သောသူက အနိုင်ရမည်ဖြစ်ပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အက်သလက်တီကိုနှင့်ပွဲသာမက အခြားသော အရေးပါသည့် ပွဲများလည်း ရှိနေသးသည်ဟု ဆိုသည်။

    ၎င်း၏ အနာဂတ်နှင့် ပတ်သက်၍လည်း “ကျွန်တော့်အနာဂတ်ဟာ မသေမချာဖြစ်နေတယ်လို့ ကျွန်တော် မခံစားရပါဘူး” ဟု အန်ဆယ်လော့တီက ဆိုသည်။

    ထို့ပြင် မိမိတို့အနေဖြင့် ယခုတစ်လောတွင် ကစားပုံမကောင်းသော်လည်း ယုံကြည်မှုမှာ ယခင်ကဲ့သို့ပင် ရှိနေကြောင်း၊ မိမိတို့ကစားသမားများမှာ တည်ငြိမ်ပြီး၊ ယုံကြည်မှုအပြည့်အ၀ ရှိနေကာ အကောင်းဆုံးပြိုင်ပွဲ ဖြစ်လာရန် အဆင်သင့်ဖြစ်နေကြောင်း အန်ဆယ်လော့တီက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal.com

  • မက်ဆီနှင့် ရော်နယ်ဒို တစ်ဦးဦး လာလီဂါတွင်မရှိပါက ၎င်းတို့နှစ်ဦးကြား ပြိုင်ဆိုင်မှုလျော့သွားမည်

    မက်ဆီနှင့် ရော်နယ်ဒို တစ်ဦးဦး လာလီဂါတွင်မရှိပါက ၎င်းတို့နှစ်ဦးကြား ပြိုင်ဆိုင်မှုလျော့သွားမည်

    မတ် ၂၀၊ ၂၀၁၅
    M-Media

    messi and rnd

    – မက်ဆီနှင့် ရော်နယ်ဒိုတို့ တစ်ဦးဦး စပိန်မှ ထွက်ခွာပါက ၎င်းတို့နှစ်ဦးအကြား ပြိုင်ဆိုင်မှုမှာ လျော့နည်းသွားမည်ဟု ဘာစီလိုနာ တိုက်စစ်မှူးဟောင်း ကလွိုက်ဗတ်က ပြောကြားလိုက်သည်။

    မက်ဆီမှာ ၂၀၀၄ ခုနှစ်မှစ၍ ဘာစီလိုနာအသင်းတွင် ပွဲထွက်ကစားခွင့်ရခဲ့ပြီး ၂၀၀၉ ခုနှစ်နှောင်းပိုင်း ရော်နယ်ဒို ရီးယဲလ်သို့ ရောက်ပြီးကတည်းက လာလီဂါ၏ ခါးသီးသော ပြိုင်ဘက်အသင်းနှစ်သင်းတွင် ပါဝင်ကစားခဲ့သည့် ၎င်းတို့နှစ်ဦး၏ ပြိုင်ဆိုင်မှုမှာ မြင့်တက်လာခဲ့သည်။

    ကမ္ဘာ့အကောင်းအဆုံး ဘောလုံးသမားဆု နောက်ဆုံး ၇ ကြိမ်ကိုလည်း ၎င်းတို့နှစ်ဦးသာ အပိုင်စီးထားနိုင်ပြီး မက်ဆီကလေးကြိမ်နှင့် ရော်နယ်ဒိုက ၃ ကြိမ် ရရှိထားသည်။ ထို့ပြင် ၎င်းတို့၏ ထူးခြားသော စွမ်းရည်များက မည်သူက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဖြစ်သည်ဆိုသည့် ငြင်းခုံမှုများကို ဖြစ်စေခဲ့သည်။

    ဘာစီလိုနာအသင်းတွင် ၆ နှစ်ကြာ ကစားခဲ့သော တိုက်စစ်မှူးဟောင်း ကလွိုက်ဗတ်ကမူ ယခုလက်ရှိတွင် ၎င်းတို့ ၂ ဦး၏ အရည်အသွေးအား မီသည့် ကစားသမားမှာ ဘိုင်ယန်မြူးနစ်အသင်းမှ ရော်ဘင်တစ်ဦးတည်းသာရှိသေးပြီး၊ မက်ဆီနှင့် ရော်နယ်ဒို တစ်ဦးဦး ယခုနှစ်နွေရာသီတွင် အသင်းပြောင်းသွားပါက ၎င်းတို့နှစ်ဦးကြား ပြိုင်ဆိုင်မှုမှာ လျော့နည်းသွားမည်ဟု သံသယရှိနေသည်။

    “နှစ်ယောက်စလုံးဟာ အံ့သြလောက်တဲ့ ကစားသမားတွေပါ။ အရေးအကြီးဆုံးတစ်ခုက သူတို့နှစ်ယောက်စလုံး စပိန်မှာ ကစားနေလို့ ဖြစ်ပါတယ်။ တစ်ကယ်လို့ တစ်ယောက်က စပိန်မှာရှိပြီး နောက်တစ်ယောက်က အင်္ဂလန်မှာရှိမယ်ဆိုရင် သူတို့ရဲ့ ပြိုင်ဆိုင်မှုက ခြားနားသွားမှာပါ” ဟု ကလွိုက်ဗတ်က ဖီဖာ၏ ၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

    ထို့ပြင် မက်ဆီနှင့် ရော်နယ်ဒို ၂ ဦးစလုံးမှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားများ ဖြစ်ကြပြီး ၎င်းတို့နောက်တွင် ရော်ဘင်နှင့် အခြားကစားသမားများက လိုက်နေကြောင်း၊ မက်ဆီမှာ ထူးခြားသည့် ကစားသမားဖြစ်ကာ ၎င်း၏ ဘယ်ခြေမှာ ရွှေကဲ့သို့အဖိုးတန်ပြီး ထိသမျှအရာတိုင်းမှာ တန်ဖိုးရှိလာကြောင်း ကလွိုက်ဗတ်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal.com

  • ရှာကီးရားကိုကျော်ကာ Facebook အားပေးသူအများဆုံး ဖြစ်လာတဲ့ ရော်နယ်ဒို

    ရှာကီးရားကိုကျော်ကာ Facebook အားပေးသူအများဆုံး ဖြစ်လာတဲ့ ရော်နယ်ဒို

    မတ် ၁၅၊ ၂၀၁၅
    M-Media

    26A313FE00000578-2994765-image-a-3_1426344959736

    – ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ အောင်မြင်မှုတွေ ဆက်တိုက်ရပြီး နာမည်ကျော်လာတဲ့ ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုတစ်ယောက် အခုလည်း နောက်ထပ်အောင်မြင်မှုတစ်ခု ထပ်ရခဲ့ပြန်ပါတယ်။

    ဒါကတော့ ကမ္ဘာတစ်ဝှမ်း လူသန်းရာနဲ့ချီ သုံးစွဲနေတဲ့ Facebook မှာ ကိုလံဘီယာအဆိုတော် ရှာကီရားကို ကျော်ဖြတ်ပြီး အားပေးမှုအများဆုံး နာမည်ကြီးတစ်ယောက် ဖြစ်လာခဲ့တာပါပဲ။ အခုဆိုရင် ရော်နယ်ဒိုရဲ့ Facebook ပရိတ်သတ်ဟာ ၁၀၇ သန်းရှိလာခဲ့ပြီး ရှာကီးရားကို ၅၀၀၀ နီးပါး ဖြတ်ထားနိုင်ခဲ့ပါတယ်။

    အားကစားသမားတွေထဲမှာတော့ ရော်နယ်ဒိုရဲ့ အရေအတွက်ဟာ အတော်လေးများပြားပြီး အနီးစပ်ဆုံးဆိုလို့ အားပေးသူ ၇၈ သန်းရှိတဲ့ မက်ဆီတစ်ယောက်ပဲ ရှိပါတယ်။ ရော်နယ်ဒိုဟာ Facebook မှာတင် အားပေးမှုများတာ မဟုတ်ဘဲ Twitter မှာလည်း ၃၄ သန်းနဲ့ အားပေးသူအများဆုံး အားကစားသမားတစ်ယောက် ဖြစ်လာနေပါတယ်။ Twtter မှာ ရော်နယ်ဒိုနဲ့ အနီးစပ်ဆုံးကတော့ ဘရာဇီးလ်ကွင်းလယ်လူဟောင်း ကာကာပဲ ဖြစ်ပါတယ်။

    Facebook အားပေးသူအများဆုံး အားကစားသမား ၁၀ ယောက်ထဲမှာ ရော်နယ်ဒိုနဲ့ မက်ဆီပြီးရင် တတိယနေရာမှာ ချိတ်နေသူဟာ တစ်ချိန်က ဘောလုံးမင်းသားဖြစ်ခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်း ဒေးဗစ်ဘက်ခမ်းပါပဲ။ ဘာစီလိုနာတိုက်စစ်မှူး နေးမာကတော့ စတုတ္ထနေရာမှာ ရှိနေပြီး ထိပ်ဆုံး ၁၀ ယောက်မှာ ဘောလုံးသမားက ၈ ယောက်အထိ ရှိနေပါတယ်။

    Ref: Dailymail