News @ M-Media

Tag: LaLiga

  • ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမားစာရင်းတွင် ရော်နယ်ဒို ထိပ်ဆုံး၌ရှိ

    ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမားစာရင်းတွင် ရော်နယ်ဒို ထိပ်ဆုံး၌ရှိ

    မတ် ၆၊ ၂၀၁၅
    M-Media

    rnd 3

    – ဘောလုံးလောက၏ အချမ်းသာဆုံး ဘောလုံးသမားစာရင်းကို Goal.com မှ ထုတ်ပြန်ခဲ့ရာ ရီးယဲလ်မက်ဒရစ်အသင်း၏ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုက ထိပ်ဆုံးတွင် ရပ်တည်နေသည်ဟု သိရသည်။

    စပွန်ဆာမှရရှိသည့် ၀င်ငွေ၊ လုပ်ခနှင့် ဘောနပ်စ်စုစုပေါင်း ပိုင်ဆိုင်မှု ပေါင် ၁၅၂.၃ သန်းဖြင့် ထိပ်ဆုံး၌ ရပ်တည်နေခြင်းဖြစ်ပြီး ဒုတိယနေရာမှ မက်ဆီနှင့် ၇ သန်း ပိုများနေသည်။ ရော်နယ်ဒိုမှာ ပြီးခဲ့သည့်နှစ် စာရင်းတွင်လည်း ထိပ်ဆုံး၌ ရှိနေခဲ့ပြီး ၁၂ လအတွင်း ၎င်း၏ ၀င်ငွေမှာ ပေါင် ၁၀ သန်းနီးပါး မြင့်တက်လာခဲ့ခြင်းဖြစ်ကာ ရီးယဲလ်နှင့် ချန်ပီယံလိဂ်၊ ကလပ်အသင်းများ ကမ္ဘာ့ဖလားတို့ ရရှိခဲ့မှုအတွက် ဘောနပ်စ်များက ၎င်း၏ ၀င်ငွေကို မြင့်တက်စေခြင်းလည်း ဖြစ်သည်။

    ဘာစီလိုနာတိုက်စစ်မှူးနေးမာမှာ ပေါင် ၉၇.၉ သန်းဖြင့် တတိယနေရာတွင်ရှိနေပြီး ပီအက်စ်ဂျီတိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်က ၇၆.၁ သန်းဖြင့် စတုတ္ထနေရာတွင် ရှိနေသည်။ Goal မှထုတ်ပြန်ခဲ့သည့် ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမားများထဲမှ ထိပ်ဆုံး ၁၀ဦးစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

    ၁။ ခရစ္စတီယာနို ရော်နယ်ဒို                                  ပေါင် ၁၅၂.၃ သန်း
    ၂။ လီယွန်နယ် မက်ဆီ                                         ပေါင် ၁၄၅ သန်း
    ၃။ နေးမာ                                                             ပေါင် ၉၇.၉ သန်း
    ၄။ အီဗရာဟီမိုဗစ်                                                ပေါင် ၇၆.၁ သန်း
    ၅။ ၀ိန်းရူနီ                                                            ပေါင် ၇၄.၆ သန်း
    ၆။ ကာကာ                                                          ပေါင် ၆၉.၆ သန်း
    ၇။ ဆင်မြူယဲလ် အီတူး                                         ပေါင် ၆၃.၁ သန်း
    ၈။ ရာအူလ်း                                                        ပေါင် ၆၁.၆ သန်း
    ၉။ ရော်နယ်ဒင်ဟို                                              ပေါင် ၆၀.၂ သန်း
    ၁၀။ လမ်းပတ်                                                    ပေါင် ၅၈ သန်း

    Ref: Goal.com

  • ရော်နယ်ဒိုကောင်းသော်လည်း မက်ဆီကပိုကောင်းသည်ဟု ဟင်နရီဆို

    ရော်နယ်ဒိုကောင်းသော်လည်း မက်ဆီကပိုကောင်းသည်ဟု ဟင်နရီဆို

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၅
    M-Media

    messi 1

    – ရီးယဲလ်တွင် ခြေစွမ်းကောင်းများ ပြသနေသော ရော်နယ်ဒိုမှာ စွမ်းဆောင်ရည်မြင့် ကစားသမားတစ်ယောက် ဖြစ်သော်လည်း မက်ဆီကသာ ပိုကောင်းသည့် ကစားသမားဖြစ်သည်ဟု ဘာစီလိုနာ တိုက်စစ်မှူးဟောင်း ဟင်နရီက ပြောကြားလိုက်သည်။

    ဇန်န၀ါရီလက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကို တတိယအကြိမ်မြောက် ရရှိခဲ့သည့် ရော်နယ်ဒိုမှာ ပြီးခဲ့သည့် ၂ နှစ်အတွင်း မက်ဆီ၏ ကျော်ကြားမှုကို မှေးမှိန်စေခဲ့သူလည်း ဖြစ်သည်။ သို့သော်လည်း ဟင်နရီကမူ မက်ဆီမှာ ပိုမိုကောင်းမွန်သည့် ကစားသမားဖြစ်ပြီး ၎င်းတို့ နှစ်ဦးစလုံး၏ ကစားပုံများကို ပရိတ်သတ်များက စောင့်ကြည့်သင့်သည်ဟု ဆိုသည်။

    “ကျွန်တော် လီယို (မက်ဆီ)နဲ့ တွဲကစားဖူးပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အဖြေက ဒါပါပဲ။ မြင့်မားတဲ့ခြေစွမ်းကို နှစ်များစွာ ထိန်းသိမ်းထားနိုင်တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုကို ကျွန်တော် တော်တော်လေး လေးစားပါတယ်။ တစ်ရာသီကောင်းတယ်၊ နောက်ပြီး လေးနှစ်လောက်နေမှ တစ်ခါပြန်ကောင်းတယ်။ ဒါမျိုးရှိပါတယ်။ ဒါပေမယ့် ရာသီဆက်တိုက် ဒီလိုအဆင့်မျိုးကို ထိန်းထားနိုင်တာကတော့ ထူးခြားချက်ပေါ့” ဟု ဟင်နရီက Fifa.com သို့ ပြောကြားခဲ့သည်။

    ထို့ပြင် ဟင်နရီက မိမိအနေဖြင့် မက်ဆီနှင့်အတူကစားကာ ရှုံးနိမ့်ခြင်း၊ အောင်မြင်ခြင်းများကို အတူတကွ ဖြတ်ကျော်ဖူးကြောင်း၊ ရော်နယ်ဒိုကိုလည်း လေးစားပါကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ပြီးခဲ့သည့်သီတင်းပတ်ကပင် မက်ဆီက ၂၀၁၄ ခုနှစ်တွင် ကြုံတွေ့ခဲ့ရသော ပြဿနာများမှာ မိမိ၏ ခြေစွမ်းအား ထိခိုက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref:goal.com

  • ယမန်နှစ် ချန်ပီယံလိဂ်ဖလားက မိမိ၏ အကြီးအကျယ်ဆုံး အချိန်များထဲမှ တစ်ခုဖြစ်သည်ဟု ရော်နယ်ဒိုဆို

    ယမန်နှစ် ချန်ပီယံလိဂ်ဖလားက မိမိ၏ အကြီးအကျယ်ဆုံး အချိန်များထဲမှ တစ်ခုဖြစ်သည်ဟု ရော်နယ်ဒိုဆို

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၅
    M-Media

    ronaldo

    – ယမန်နှစ်က ရီးယဲလ်အသင်းနှင့် ၁၀ ကြိမ်မြောက် ချန်ပီယံလိဂ်ဆွတ်ခူးခဲ့သည့်အချိန်မှာ မိမိ၏ ကစားသမားဘဝ
    သက်တမ်းတစ်လျှောက် အကြီးအကျယ်ဆုံး အချိန်များထဲမှ တစ်ခုဖြစ်သည်ဟု ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုက
    ပြောကြားလိုက်သည်။

    အချိန်ပိုအထိကစားပြီး ရီးယဲလ်က ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် အဆိုပါပွဲတွင် ရော်နယ်ဒိုမှာ ပင်နယ်တီမှတစ်ဆင့်
    တစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ထို့ပြင် ထိုပွဲမှာ ရော်နယ်ဒို ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ စတင်ခဲ့သည့် စပို့တင်းလစ္စဘွန်းအသင်း အခြေစိုက်ရာ လစ္စဘွန်းမြို့တွင် ကစားခဲ့ခြင်းကြောင့် ရော်နယ်ဒိုအတွက် အမှတ်တရလည်း ဖြစ်ခဲ့သည်။

    “လစ္စဘွန်းက အလင်းရောင်ကွင်းမှာ ချန်ပီယံလိဂ်ကို ရရှိခဲ့တာဟာ ကျွန်တော့်ရဲ့ ကစားသမားဘ၀မှာ အလှပဆုံးနဲ့ အရေးပါဆုံး
    အချိန်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်” ဟု The Game သတင်းစာနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ပေါ်တူဂီအားကစားသမိုင်း၏ ပြီးခဲ့သည့် နှစ် ၃၀ ဆယ်အတွင်း အကောင်ဆုံး အားကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်ဟုလည်း ၎င်းက ပြောကြားခဲ့ပြီး အဆိုပါဆုက မိမိအတွက် အလွန်ပင် အဓိပ္ပါယ်ရှိသည်ဟုလည်း ဆိုသည်။

    “အဲဒါဟာ ဂုဏ်ယူစရာပါပဲ။ ကျွန်တော်တို့နိုင်ငံဟာ လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်းမှာ လက်ဖျားခါလောက်တဲ့ ကစားသမားအချို့ကို
    မွေးထုတ်နိုင်ခဲ့ပါတယ်”

    Ref: goal.com

  • ၂၀၁၄ ပြဿနာများက မိမိ၏ ခြေစွမ်းကို ကျဆင်းစေခဲ့ကြောင်း မက်ဆီဝန်ခံ

    ၂၀၁၄ ပြဿနာများက မိမိ၏ ခြေစွမ်းကို ကျဆင်းစေခဲ့ကြောင်း မက်ဆီဝန်ခံ

    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၅
    M-Media

    messi

    – ၂၀၁၄ ခုနှစ်အတွင်း ကြုံတွေ့ခဲ့ရသည့် ပြဿနာများက မိမိ၏ ကွင်းတွင်း၊ ကွင်းပြင် စွမ်းဆောင်ရည်များအား ထိခိုက်စေခဲ့သည်ဟု ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီက ပြောကြားလိုက်သည်။

    အသက် ၂၇ နှစ်အရွယ် မက်ဆီမှာ ပြီးခဲ့သည့်နှစ် ဘောလုံးရာသီက ပြိုင်ပွဲအားလုံးတွင် ၄၆ ပွဲကစားပြီး ၄၁ ဂိုး သွင်းယူပေးနိုင်ခဲ့သော်လည်း ၎င်း၏ အထွတ်အထိပ်ခြေစွမ်းကို ရောက်ရှိခဲ့ခြင်းမရှိခဲ့ဘဲ ဘာစီလိုနာမှာလည်း ဖလားလက်မဲ့ဖြင့် ရာသီသိမ်းခဲ့သည်။

    မက်ဆီကမူ ဒဏ်ရာပြဿနာ၊ အခွန်ပြဿနာများက ပြီးခဲ့သည့်နှစ် ၎င်း၏ ခြေစွမ်းကို ထိခိုက်မှုများရှိခဲ့ကြောင်း ၀န်ခံခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် မိမိ၏ခြေစွမ်းအမှန်ကို ပြသရန် ဆန္ဒပြင်းပြနေကြာင်း ပြောကြားခဲ့သည်။

    “အမှန်ပြောရရင် ဒီနှစ်မှာ ကျွန်တော့်ရဲ့ အကောင်းဆုံးခြေစွမ်း အမြန်ဆုံးရဖို့ ကြိုးစားခဲ့ပါတယ်။ ခြေစွမ်းမပြနိုင်ခဲ့တဲ့ နှစ်က ရုန်းထွက်လာခဲ့ပြီဆိုတာ ကျွန်တော်သိပါတယ်။ အဲဒီနှစ်အတွင်း ကျွန်တော်ဟာ ကွင်းတွင်း၊ ကွင်းပြင် ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ဖြတ်သန်းခဲ့ရပါတယ်” ဟု မက်ဆီက အာဂျင်တီးနားသတင်းစာ Mundo Leo သို့ ပြောကြားခဲ့သည်။

    ထို့ပြင် ပြီးခဲ့သည့်နှစ်က ကျဆင်းခဲ့သည့် မိမိ၏ပုံရိပ်ကို ကောင်းမွန်အောင်ပြုလုပ်ရန်မှာ စိန်ခေါ်မှုတစ်ခုဖြစ်ပြီး၊ မိမိ၏ ရည်ရွယ်ချက်လည်းဖြစ်ကြောင်း ၎င်းက ထည်သွင်းပြောကြားခဲ့သည်။ လာမည့် သီတင်းပတ်တွင် မန်စီးတီးနှင့် ကစားရမည့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်ပွဲနှင့် ပတ်သက်၍လည်း မက်ဆီက ထည့်သွင်းပြောကြားခဲ့ပြီး မိမိတို့အသင်းအား မန်စီးတီးက အလွယ်တကူအနိုင်ရမည်မဟုတ်ဟု ဆိုသည်။

    Ref:goal.com

  • ဘာစီလိုနာအား အပြောင်းအရွှေ့ပိတ်ခြင်းမှာ အဓိပ္ပါယ်မရှိသည့်လုပ်ရပ်ဟု ကွင်းလယ်လူဟောင်းပြော

    ဘာစီလိုနာအား အပြောင်းအရွှေ့ပိတ်ခြင်းမှာ အဓိပ္ပါယ်မရှိသည့်လုပ်ရပ်ဟု ကွင်းလယ်လူဟောင်းပြော

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၅
    M-Media

    baca

    – ဘာစီလိုနာအသင်းအား အပြောင်းအရွှေ့ပိတ်ပင်ခြင်းမှာ နှစ်ပေါင်းများစွာ အတွင်း အဓိပ္ပါယ်မရှိဆုံး လုပ်ရပ်ဖြစ်ပြီး ဘာကာမှာ မည်သည့်အမှားမှ ပြုလုပ်ခြင်းမရှိခဲ့ဟု တောင်ပံကစားသမားဟောင်း ကားလက်စ် ရီဇက်ခ်ျက ပြောကြားခဲ့သည်။

    ဘာစီလိုနာမှာ အသက် ၁၈ နှစ်အောက် ကစားသမားများကို ခေါ်ယူရာတွင် ဖီဖာ၏စည်းမျဉ်းကို ချိုးဖောက်ကြောင်း တွေ့ရှိရ၍ အပြောင်းအရွှေ့ရာသီ ၂ ခု၌ ပါဝင်ခြင်းမပြုရန် ဖီဖာက ပြစ်ဒဏ်ချမှတ်ထားသည်။ သို့သော်လည်း ဘာစီလိုနာ၏ နည်းစနစ်ဆိုင်ရာ ကော်မတီသစ်တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည့် ရီဇက်ခ်ျကမူ ဖီဖာ၏ အဆိုပါ ပြစ်ဒဏ်နောက်ကွယ်က အကြောင်းအရင်းကို နားလည်ရန် ခက်ခဲသည်ဟု ပြောကြားခဲ့သည်။

    “တကယ်လို့များ ဥပဒေ အသေးစိတ်အချက်အလက်တွေနဲ့ မညီဘူးဆိုတာ လေ့လာတွေ့ရှိရရင်တော့ ကျွန်တော်ကြုံတွေ့ရတဲ့ နှစ်ပေါင်းများစွာအတွင်းမှာ ဒီဆုံးဖြတ်ချက်ဟာ အဓိပ္ပါယ်မရှိဆုံး ဆုံးဖြတ်ချက်ပါပဲ” ဟု ရီဇက်ခ်ျကဆိုသည်။

    ထို့ပြင် ဘာစီလိုနာ လူငယ်ဘောလုံးအကယ်ဒမီ La Masia ကိုလည်း ချီးကျူးခဲ့ပြီး အဆိုပါ အကယ်ဒမီတွင် လူငယ်ဘောလုံးသမားများအား မည်ကဲ့သို့ ကြည့်ရှုစောင့်ရှောက်ကာ ပညာသင်ကြားပေးသည်ကို လူများက သိရှိကြပြီး မိဘများကလည်း ထိုအကယ်ဒမီတွင် တက်ရောက်နေသည့် ၎င်းတို့၏ သားသမီးများအတွက် ဂုဏ်ယူကြမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ဘာစီလိုနာမှာ ယခုနှစ် ဇန်န၀ါရီလမှမစ၍ ၂၀၁၅-၁၆ ဘောလုံးရာသီအထိ ကစားသမား ရောင်းချမှု၊ ၀ယ်ယူမှုများကို လုပ်ကိုင်ခွင့်ရှိမည် မဟုတ်တော့ချေ။

    Ref: goal.com