News @ M-Media

Tag: malaysia

  • ကာကွယ်ဆေးသွားထိုးလျှင် အဖမ်းခံရမည်ကို မလေးရှားရှိ အထောက်အထားမဲ့ နိုင်ငံခြားသားများ စိုးရိမ်နေ

    ကာကွယ်ဆေးသွားထိုးလျှင် အဖမ်းခံရမည်ကို မလေးရှားရှိ အထောက်အထားမဲ့ နိုင်ငံခြားသားများ စိုးရိမ်နေ

    ဩဂုတ် ၆၊ ၂၀၂၁
    M-Media

    Peoples queueing for the walk-in vaccination at the IDCC PPV in Shah Alam yesterday. — IZZRAFIQ ALIAS/The Star

    -နိုင်ငံအတွင်းရှိနေတဲ့ အထောက်အထားမဲ့ နိုင်ငံခြားသားတွေ၊ တရားမဝင်အလုပ်သမားတွေ၊ ဒုက္ခသည်တွေ ကာကွယ်ဆေးထိုးဖို့ မလေးရှားအစိုးရက ဖိတ်ခေါ်ထားပေမယ့် ဆေးသွားထိုးတဲ့အချိန် အဖမ်းခံရမှာကို နိုင်ငံခြားသားတွေက ကြောက်ရွံ့နေကြပါတယ်။

    မလေးရှားမှာ အထောက်အထားမဲ့ နိုင်ငံခြားသား ၂ သန်းကနေ ၄ သန်းလောက်ရှိတယ်လို့ နိုင်ငံတကာ ပြောင်းရွှေ့အခြေချသူများအဖွဲ့ (IOM) က ထုတ်ပြန်ထားပါတယ်။ ၂၀၂၁ ခုနှစ် ဇွန်လအထိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအဖွဲ့ UNHCR ရဲ့ မလေးရှားရုံးခွဲမှာ မှတ်ပုံတင်ထားတဲ့ ဒုက္ခသည်အရေအတွက်က ၁ သိန်း ၈ သောင်းလောက် ရှိနေပါတယ်။

    တစ်နိုင်ငံလုံး ကိုဗစ်ခံနိုင်ရည်စွမ်း ရရှိဖို့ မလေးရှားက လုပ်ဆောင်နေရာမှာ ဒုက္ခသည်တွေ၊ အထောက်အထားမဲ့ နိုင်ငံခြားသားတွေပါ ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းအားပေးတာတွေ ရှိလာပြီး ဇူလိုင်လနှောင်းပိုင်းကစလို့ အလွယ်တကူ ဝင်ထိုးလို့ရမယ့် walk-in စင်တာတွေပါ ဖန်တီးပေးလာပါတယ်။

    ဒါပေမယ့် ကိုဗစ်ကပ်ရောဂါစတင်ပြီးနောက်ပိုင်း နိုင်ငံခြားသားတွေနဲ့ ဒုက္ခသည်တွေအပေါ် ​ပြစ်တင်ပြောဆိုတာ၊ ဖမ်းဆီးထိန်းသိမ်းမှု တိုးမြှင့်ဆောင်ရွက်လာတာတွေ ရှိတာကြောင့် အထောက်အထားမဲ့ နိုင်ငံခြားသားတွေက ကာကွယ်ဆေးသွားထိုးဖို့ တွန့်ဆုတ်နေကြပါတယ်။

    ကွာလာလမ်ပူမှာနေထိုင်တဲ့ ရိုဟင်ဂျာအမျိုးသား မိုဟာမက် ဇူဘိုင်းက ဩဂုတ်လအစောပိုင်းမှာ ကာကွယ်ဆေးထိုးဖို့ စာရင်းပေးထားပေမယ့် ဇနီးဖြစ်သူက ဒုက္ခသည်အဖြစ် တရားဝင်အထောက်အထား မရသေးတာကြောင့် နိုင်ငံခြားသားတွေအတွက် ဖွင့်လှစ်ထားတဲ့ walk-in ကာကွယ်ဆေးစင်တာမှာ သွားထိုပေးရမလား မဆုံးဖြတ်တတ်အောင် ဖြစ်နေတယ်လို့ ပြောပါတယ်။ ဖမ်းဆီးခံရမှာကိုလည်း သူက ကြောက်ရွံ့နေပါတယ်။

    “ကျွန်တော့်ဇနီးကို ကာကွယ်ဆေးထိုးဖို့ ခေါ်သွားရင် လမ်းမှာ ရဲက တားပြီး စစ်နိုင်တယ်။ သွားတဲ့လမ်းမှာ၊ ကာကွယ်ဆေးစင်တာမှာ အထောက်အထားမဲ့သူတွေကို မဖမ်းဘူးလို့ အစိုးရက အာမခံမှသာ ကျွန်တော့်ဇနီးကို ခေါ်သွားလို့ရမှာပါ ”

    ကာကွယ်ဆေးစထိုးတဲ့ ဖေဖော်ဝါရီလကတည်းက နိုင်ငံအတွင်းနေထိုင်တဲ့ သန်းနဲ့ချီတဲ့ အထောက်အထားမဲ့ နိုင်ငံခြားသားတွေနဲ့ ယုံကြည်မှုတည်ဆောင်ဖို့ မလေးရှားအစိုးရက ကြိုးစားခဲ့ပေမယ့် ဇွန်လအတွင်း ဖမ်းဆီးမှုတွေပြုလုပ်ခဲ့တဲ့အတွက် ယုံကြည်မှုတွေ ပျက်ပြားသွားခဲ့ပါတယ်။

    ကိုဗစ်ကပ်ရောဂါစတင်တဲ့အချိန်တုန်းကလည်း စမ်းသပ်ရေးနဲ့ ကုသရေးတို့မှာ နေထိုင်ခွင့်အထောက်အထားနဲ့ ပတ်သက်ပြီး စစ်ဆေးမှာမဟုတ်ဘူးလို့ မလေးရှားအစိုးရက ကြေငြာခဲ့ပေမယ့် နောက်ပိုင်းမှာ ဖမ်းဆီးမှုတွေ လုပ်ခဲ့ပါတယ်။

    ချော့တစ်လှည့်ခြောက်တစ်ခါ

    အရင်က ကာကွယ်ရေးဝန်ကြီးဖြစ်ခဲ့ပြီး လက်ရှိ ဒုတိယဝန်ကြီးချုပ်ဖြစ်နေတဲ့ အစ္စမာအီလ် ဆာဘရီ ယာကွဘ်က ကိုဗစ်စမ်းသပ်မှု၊ ကုသမှုတွေလုပ်တဲ့အခါ တရားမဝင် နေထိုင်နေသူတွေကို အရေးယူတာမျိုး မလုပ်သင့်ဘူးလို့ ကိုဗစ်ကပ်ရောဂါ စတဲ့ ၂၀၂၀ ခုနှစ် မတ်လမှာ ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဆာဘရီကိုယ်တိုင်က လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ကာလ ကုန်သွားပြီလို့ပြောခဲ့ကာ ကိုဗစ်လော့ဒေါင်းကာလမှာ အထောက်အထားမဲ့ နိုင်ငံခြားသားတွေ နေထိုင်တဲ့ အဆောက်အဦးတွေ အလုပ်လုပ်တဲ့ နေရာတွေကို အာဏာပိုင်တွေက စီးနင်းဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    သိပ္ပံဆိုင်ရာဝန်ကြီးဖြစ်ပြီး ကာကွယ်ဆေးထိုးပေးရေးလုပ်ငန်းကို တာဝန်ယူဆောင်ရွက်နေတဲ့ ခိုင်ရီ ဂျမာလွတ်ဒင်က ကာကွယ်ဆေးထိုးပေးရေးမှာ နေထိုင်ခွင့် အထောက်အထား ရှိ၊ မရှိကိစ္စက အဟန့်အတားမဖြစ်သင့်ဘူးလို့ ကာကွယ်ဆေးထိုးတဲ့အစီအစဉ် စတင်တဲ့အချိန်မှာ ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် တစ်ချို့ အစိုးရတာဝန်ရှိသူတွေက အထောက်အထားမရှိသူတွေကို သတိပေးပြောဆိုတာတွေလည်း ရှိပါတယ်။

    ပြည်ထဲရေးဝန်ကြီး ဟမ်ဇာ ဇိုင်နွတ်ဒင်က မလေးရှားနိုင်ငံသားတွေကို ကာကွယ်ဖို့အတွက် အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးထိန်းသိမ်းထားသင့်ပြီး ဒါဟာ သူတို့ကို ကူညီရာလည်းရောက်တယ်လို့ မေလနှောင်းပိုင်းမှာ ပြောကြားခဲ့ပါတယ်။

    မလေးရှားဟာ တရားမဝင်အလုပ်သမားတွေ၊ နေထိုင်ခွင့်အထောက်အထားမရှိတဲ့သူတွေ ဖမ်းဆီးတာကို ဆက်လက်လုပ်ဆောင်နေပြီး ဇွန်လအတွင်းမှာပဲ UN ကဒ် ကိုင်ဆောင်ထားသူအပါအဝင် လူပေါင်း ၅၀၀ ကျော်လောက် ဖမ်းဆီးခံခဲ့ရပါတယ်။

    ဖမ်းဆီးထားတဲ့သူတွေကို ထားဖို့အတွက် ယာယီထိန်းသိမ်းရေးစင်တာတွေကိုလည်း မလေးရှားအစိုးရက ဆက်လက်ဆောက်လုပ်နေပါတယ်။

    ကုလသမဂ္ဂ ဒုက္ခသည်ကဒ်(UN ကဒ်) ကိုင်ဆောင်ထားတဲ့ ကချင်အမျိုးသမီး မနော်နော်က ဇူလိုင်လအတွင်း ဘူကစ်ဂျာလီအားကစားကွင်းမှာ ကာကွယ်ဆေးသွားထိုးတဲ့အချိန် မနှစ်မြို့ဖွယ်ရာ အခြေအနေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

    မနော်နော်တစ်ယောက် ကာကွယ်ဆေးအတွက် သဘောတူကြောင်း ဖောင်ဖြည့်နေတဲ့အချိန် မလေးရှား ပြည်သူ့စစ် စေတနာ့ဝန်ထမ်းအဖွဲ့ RELA က အဖွဲ့ဝင်တစ်ယောက် အနားကပ်လာပြီး မေးမြန်းစစ်ဆေးတာကို ခံခဲ့ရပါတယ်။ RELA အဖွဲ့ဟာ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ကဖြစ်ပြီး တရားမဝင် နိုင်ငံခြားသားတွေကို ကိုင်တွယ်ရာမှာ ပါဝင်တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်တွေကို လိုက်နာစေရေး ကြပ်မတ်ဖို့အတွက် ဒီအဖွဲ့ကို ကာကွယ်ဆေးစင်တာတွေမှာ ချထားတာပါ။

    “(RELA အဖွဲ့သားတစ်ဦးက) လူအုပ်ကြားထဲမှာ ကျွန်မကို အော်ကျယ်ကျယ်နဲ့ပြောတယ်။ ရာဇဝတ်သားတစ်ယောက်လို၊ ဆက်ဆံတယ် လူအုပ်ကြားထဲမှာ အရှက်ခွဲတယ်လို့ ကျွန်မ ခံစားရပါတယ်။ ကျွန်မရဲ့ UN ကဒ်ကို သူနားမလည်ဘူး။ နိုင်ငံကူးလက်မှတ်မရှိဘဲ ငါတို့နိုင်ငံထဲကို ဘယ်လိုဝင်လာလဲ – လို့ သူက မလေးလို မေးပါတယ်”

    အဲဒီနောက် RELA အဖွဲ့ အရာရှိတစ်ဦးက မနော်နော်ရဲ့ အထောက်အထားတွေကို စစ်ဆေးပြီးနောက် သီးခြားအခန်းတစ်ခုထဲ ခေါ်သွားကာ ရဲအရာရှိတွေက ထပ်မံ စစ်ဆေးပြီး အဲဒီနောက်မှာမှ ကာကွယ်ဆေးထိုးခွင့် ရခဲ့ပါတယ်။

    လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ စစ်ကြောရေးစခန်းထဲကို ရောက်သွားသလို ခံစားရတယ်လို့ မနော်နော်က သူ့အတွေ့အကြုံကို ဖွင့်ဟပါတယ်။

    “အဖမ်းများခံရမလားဆိုပြီး တော်တော်လေး စိုးရိမ်ခဲ့ရပါတယ်။ UN က အထောက်အထားရှိနေတာတောင်မှ ကျွန်မကို သူတို့ စစ်လားဆေးလားလုပ်တယ်။ အထောက်အထားမရှိတဲ့သူတွေ ဘယ်လိုလုပ် ကာကွယ်ဆေး သွားထိုးရဲမလဲ”

    Ref: Aljazeera

  • ဒုက္ခသည်များကို ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် မလေးရှားစီစဉ်

    ဒုက္ခသည်များကို ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် မလေးရှားစီစဉ်

    ဇွန် ၂၁၊ ၂၀၂၁
    M-Media

    ကိုဗစ်ကာကွယ်ဆေးစီမံကိန်းရဲ့ ညှိနှိုင်းဆွေးနွေးရေးဆိုင်ရာဝန်ကြီး ခိုင်ရီ ဂျမာလွတ်ဒင်

    -နိုင်ငံအတွင်းက ဒုက္ခသည်လူ့အဖွဲ့အစည်းတွေကို တစ်ကြိမ်သာထိုးရတဲ့ CanSino ကိုဗစ်ကာကွယ်ဆေး ထိုးပေးမယ်လို့ မလေးရှားက ပြောကြားလိုက်ပါတယ်။

    CanSino ကာကွယ်ဆေးကို ဇူလိုင်လနှောင်းပိုင်းမှာ ဖြန့်ဖြူးပေးနိုင်အောင် မလေးရှားအစိုးရက စီစဉ်နေတာ ဖြစ်ပါတယ်။

    မလေးရှား ကိုဗစ်ကာကွယ်ဆေးစီမံကိန်းရဲ့ ညှိနှိုင်းဆွေးနွေးရေးဆိုင်ရာဝန်ကြီး ခိုင်ရီ ဂျမာလွတ်ဒင်က ဒုက္ခသည်လူ့အဖွဲ့အစည်းတွေအနေနဲ့ လွယ်လွယ်ကူကူ ထိုးနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    “သူတို့နဲ့ ဆက်သွယ်ဆောင်ရွက်ရတာ ခက်ခဲတာကြောင့် တစ်ကြိမ်တည်းထိုးရတဲ့ ကာကွယ်ဆေးက ဒုက္ခသည်လူ့အဖွဲ့အစည်းတွေအတွက် ပိုမို လွယ်ကူစေမှာပါ”

    နေထိုင်ခွင့် စာရွက်စာတမ်းမရှိတာကြောင့် ကိုဗစ်ကာကွယ်ဆေး လာမထိုးတာမျိုး အဖြစ်ခံလို့မရဘူးလို့လည်း ခိုင်ရီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “စာရွက်စာတမ်း ရှိလား၊ မရှိဘူးလားဆိုတဲ့ကိစ္စက နောက်ပိုင်း ဖြေရှင်းလို့ရတယ်ဗျ။ ကာကွယ်ဆေးထိုးဖို့က ပိုပြီးအရေးကြီးပါတယ်”

    မလေးရှားဟာ နိုင်ငံခြားသားတွေအပါအဝင် တစ်နိုင်ငံလုံးမှာရှိနေတဲ့သူတွေ ကာကွယ်ဆေးထိုးပေးရေးစီမံကိန်းကို ဖေဖော်ဝါရီလမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

    ချင်း၊ ကရင်နဲ့ ရိုဟင်ဂျာတို့အပါအဝင် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်အဆက်ဆက် ဖိနှိပ်ညှင်းပမ်းမှုကြောင့် ထွက်ပြေးလာရတဲ့ ဒုက္ခသည်အများအပြား မလေးရှားမှာ ရှိနေပါတယ်။

    Ref: The Star

  • တစ်ကျော့ပြန် ကိုဗစ်ကြောင့် မလေးရှားတွင် တစ်နိုင်ငံလုံး လော့ဒေါင်းချမည်

    တစ်ကျော့ပြန် ကိုဗစ်ကြောင့် မလေးရှားတွင် တစ်နိုင်ငံလုံး လော့ဒေါင်းချမည်

    မေ ၃၀၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကူးစက်မှု ပြန်လည် မြင့်တက်လာတဲ့ မလေးရှားမှာ ဇွန်လ ၁ ရက်နေ့ကစပြီး တစ်နိုင်ငံလုံးကို လော့ဒေါင်းချသွားမှာ ဖြစ်ပါတယ်။

    ၂ ပတ်တာကြာမြင့်မယ့် အဲဒီ လော့ဒေါင်းမှာ ကျန်းမာရေး၊ နည်းပညာနဲ့ မီဒီယာ၊ အစားအသောက်နဲ့ ကုန်ထုတ်လုပ်ငန်းအချို့ အပါအဝင် မရှိမဖြစ် လုပ်ငန်း ၁၇ ခုက လွဲလို့ ကျန်တဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံး ပိတ်ထားရမှာဖြစ်ပါတယ်။ လုပ်ကိုင်ခွင့်ရတဲ့ လုပ်ငန်းတွေကလည်း လုပ်သားအင်အားရဲ့ ၆၀ ရာခိုင်နှုန်းကိုသာ လုပ်ငန်းခွင်မှာ အသုံးပြုရမှာပါ။

    မလေးရှာ းလုံခြုံရေးနဲ့ ကာကွယ်ရေးဝန်ကြီး အစ္စမာအီလ် ဆာဘရီ ယာကွတ်က လုပ်သားအင်အား ၆၀ ရာခိုင်နှုန်းထက် ကျော်လွန်လုပ်ကိုင်သူတွေကို အရေးယူသွားမယ်လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    အိမ်မှာ မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူဖို့နဲ့ ကျန်းမာရေးဝန်ဆောင်မှုရယူဖို့အတွက် တစ်အိမ်ကို နှစ်ဦးသာ ထွက်ခွင့်ရမှာ ဖြစ်ပါတယ်။ ပြည်နယ်ကျော်နဲ့ ခရိုင်ကျော်သွားလာမှုတွေကို ပိတ်ပင်ထားပြီး၊ လမ်းပိတ်စစ်ဆေးမှုကိုလည်း တိုးမြှင့်ပြုမယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

    မလေးရှားမှာ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကစလို့ ကိုဗစ်ကူးစက်မှု မြင့်တက်လာပြီး အခုတစ်ပတ်မှာ တစ်နေ့ကို ကူးစက်သူ ၉ ထောင်ကျော်အထိ ရှိတာလာဖြစ်ပါတယ်။ ကူးစက်မှုနဲ့အတူ သေဆုံးမှုလည်း သိသိသာသာ မြင့်တက်လာပါတယ်။

    အခု လော့ဒေါင်း ပထမအဆင့်ဟာ ၂ ပတ် ကြာမြင့်မှာဖြစ်ပြီး အခုထက်ပိုပြီး လျှော့ပေါ့ပေးမယ့် ဒုတိယအဆင့်က ၄ ပတ်၊ အဲဒီနောက်၊ လော့ဒေါင်း တတိယအဆင့်အဖြစ် လှုပ်ရှားသွားလာမှု ကန့်သတ်မိန့် MCO စသဖြင့် အဆင့်ဆင့်လုပ်ဖို့ မလေးရှားက စီစဉ်ထားတာ ဖြစ်ပါတယ်။

    ကာကွယ်ဆေးတိုးမြှင့်မယ်

    မလေးရှားမှာ နိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေ အားလုံးကို ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးပေးနေတာပါ။

    နည်းပညာနှင့် ထီထွင်ကြံဆရေးဆိုင်ရာ ဝန်ကြီး ခိုင်ရီ ဂျမာလွတ်ဒင်က ကာကွယ်ဆေးထိုးမှုလုပ်ငန်းကို အရှိန်မြှင့်ဖို့အတွက် ကာကွယ်ဆေးစင်တာတွေကို နိုင်ငံတစ်ဝှမ်း တိုးမြှင့် ဖွင့်လှစ်သွားမယ်လို့ ဒီကနေ့မနက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

    မလေးရှားဟာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရေး သီးသန့်စင်တာတွေ ဖွင့်လှစ်ထားရှိပြီး နောက်ပိုင်း ဆေးရုံ၊ ဆေးခန်းတွေမှာပါ ထိုးပေးနိုင်အောင် စီစဉ်နေပါတယ်။

    Ref: CNA

  • မလေးရှားတွင် တစ်နိုင်ငံလုံး လှုပ်ရှားသွားလာမှုကန့်သတ်မိန့် ထုတ်ပြန်

    မလေးရှားတွင် တစ်နိုင်ငံလုံး လှုပ်ရှားသွားလာမှုကန့်သတ်မိန့် ထုတ်ပြန်

    မေ ၁၀၊ ၂၀၂၁
    M-Media

    မလေးရှားဝန်ကြီးချုပ် မုဟ်ယစ်ဒင် ယာစင်

    -ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းကို ထိန်းနိုင်ဖို့အတွက် မလေးရှားက တစ်နိုင်ငံလုံးကို လှုပ်ရှားသွားလာမှုကန့်သတ်မိန့် (MCO) ကို မေလ ၁၂ ရက်နေ့ကနေ ဇွန်လ ၇ ရက်နေ့အထိ ထုတ်ပြန်လိုက်ပါတယ်။

    လူကြီးသူမတွေကို သွားရောက် စလာမ်ပေး ဂါရ၀ပြုတာ၊ သုသာန်ကိုသွားကာ ကွယ်လွန်သွားသူတွေအတွက် ဆုတောင်းအမျှပေးဝေတာတွေအပါအဝင် အီဒွလ်ဖိသီရ် ဝါကျွတ်အီးဒ်နေ့ လှုပ်ရှားမှုအားလုံးကိုလည်း ပိတ်ပင်လိုက်ပါတယ်။ ဝါကျွတ်အီးဒ်နေ့ဟာ အခုတစ်ပတ် ကြာသာပတေးနေ့မှာ ကျရောက်မှာပါ။

    မလေးရှားဝန်ကြီးချုပ် မုဟ်ယစ်ဒင် ယာစင်က ခပ်ခွာခွာနေထိုင်ဖို့ ခက်ခဲတဲ့ လူစုလူဝေးတွေ၊ အခမ်းအနားတွေက ကိုဗစ်ပြန့်နှံ့မှု အဓိကအကြောင်းအရင်းဖြစ်နေတဲ့အတွက် တစ်နိုင်ငံလုံး တင်းကြပ်တဲ့ MCO အမိန့် ထုတ်ပြန်လိုက်တာလို့ ဒီကနေ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မလေးရှားဟာ ပြီးခဲ့တဲ့တစ်ပတ်က ပြည်နယ်အချို့မှာသာ လှုပ်ရှားသွားလာမှု တင်းတင်းကြပ်ကြပ် ကန့်သတ်တဲ့ MCO အမိန့် ထုတ်ထားတာပါ။

    MCO မှာ ဘယ်လို လူစုလူဝေးမှ လုပ်ခွင့်မရှိဘဲ ကျောင်းတွေလည်း ပိတ်ထားရမှာဖြစ်ပါတယ်။ ကားတွေဟာ ယာဉ်မောင်းအပါအဝင် လူ ၃ ဦးသာ စီးနင်းနိုင်မှာဖြစ်ပြီး စားသောက်ဆိုင်တွေမှာ ထိုင်စားမှုကိုလည်း ခွင့်မပြုပါဘူး။

    မလေးရှားဟာ တစ်နိုင်ငံလုံး ခရိုင်ကျော်သွားလာမှု၊ ပြည်နယ်ကျော် သွားလာမှုကိုလည်း ပိတ်ပင်ထားပါတယ်။

    Ref: CNA

  • မလေးရှားတစ်နိုင်ငံလုံး ပြည်နယ်ကျော်၊ ခရိုင်ကျော် သွားလာ၍ မရတော့

    မလေးရှားတစ်နိုင်ငံလုံး ပြည်နယ်ကျော်၊ ခရိုင်ကျော် သွားလာ၍ မရတော့

    မေ ၉၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကူးစက်မှု မြင့်တက်လာတဲ့ မလေးရှားမှာ ပြည်နယ်ကျော်သွားလာမှု၊ ခရိုင်ကျော်သွားလာမှုကို တနင်္လာနေ့ကစတင်ပြီး အစိုးရက ပိတ်ပင်လိုက်ပါတယ်။

    ဒီပိတ်ပင်မှုဟာ ဇွန်လ ၆ ရက်နေ့အထိ ၄ ပတ်တာ ကြာမြင့်မှာဖြစ်ပြီး ပြည်နယ်ကျော်၊ ခရိုင်ကျော် သွားလာလိုတယ်ဆိုရင် ရဲတပ်ဖွဲ့ရဲ့ ခွင့်ပြုချက်ကို ရယူရမှာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ကိုဗစ်ကူးစက်မှု သိသိသာသာ မြင့်တက်လာတာကြောင့် မလေးရှားအစိုးရဟာ ကွာလာလမ်ပူ ပြည်ထောင်စုနယ်မြေအပါအဝင် ပြည်နယ်အချို့ကို လှုပ်ရှားသွားမှု ကန့်သတ်တဲ့ MCO အမိန့် ထုတ်ပြန်ထားပါတယ်။

    တစ်ချို့ဒေသတွေမှာတော့ သိပ်မတင်းကြပ်တဲ့ CMCO အမိန့်ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ပြည်နယ်ကျော်၊ ခရိုင်ကျော် သွားလာမှု ပိတ်ပင်တာကို တစ်နိုင်ငံလုံးအတွက် ထုတ်ပြန်တာပါ။

    MCO ထုတ်ပြန်ထားတဲ့ ဒေသတွေမှာ လူစုလူဝေးပြုလုပ်ခွင့် ပိတ်ပင်ထားပြီး၊ ကျောင်းတွေ၊ ​ဖျော်ဖြေရေးနေရာတွေ၊ စျေးတစ်ချို့နဲ့ ကုန်တိုက်တစ်ချို့ ပိတ်ထားရပါတယ်။ လာမယ့်တစ်ပတ်ကျရောက်မယ့် အီဒွလ်ဖိသီရ် ဝါကျွတ်အီးဒ်ကိုလည်း ကျင်းပခွင့် မပေးပါဘူး။

    CMCO ထုတ်ထားတဲ့ ဒေသတွေမှာတော့ ဝါကျွတ်အီးဒ် ပထမ ၃ ရက်ကို ကျင်းပခွင့်ပြုထားပြီး လူ ၂၀ ကနေ အများဆုံး ၂၅ ယောက်အထိသာ စုခွင့်ရမှာ ဖြစ်ပါတယ်။

    မလေးရှားမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နေ့စဉ် ကိုဗစ်ကူးစက်မှုအရေအတွက်ဟာ ၃ ထောင်ကျော် ရှိနေပြီး သေဆုံးမှုတွေလည်း ရှိနေပါတယ်။

    Ref: CNA