News @ M-Media

Tag: malaysia

  • နိုင်ငံခြားသားများကို ရဲများက ရှောင်တခင် စစ်ဆေးခွင့် မရှိဟု မလေးရှားချုပ်ပြော

    နိုင်ငံခြားသားများကို ရဲများက ရှောင်တခင် စစ်ဆေးခွင့် မရှိဟု မလေးရှားချုပ်ပြော

    မေ ၇၊ ၂၀၂၁
    M-Media

    မလေးရှားရဲချုပ် အဘ်ဒူလာ စာနီ

    -ဥပဒေအရေ ရဲတပ်ဖွဲ့ဝင်တွေဟာ နိုင်ငံခြားသားတွေကို ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ ရှောင်တခင် စစ်ဆေးတာမျိုး လုပ်ခွင့်မရှိဘူးလို့ မလေးရှားရဲတပ်ဖွဲ့ အကြီးအကဲ အက်ရဲလ် စာနီ အဘ်ဒူလာ စာနီက ပြောကြားလိုက်ပါတယ်။

    အင်္ဂါနေ့က ရဲချုပ်ဖြစ်လာတဲ့ အဘ်ဒူလာ စာနီဟာ ဒီကနေ့မှာ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့တာပါ။

    အာဏာအလွဲသုံးစားလုပ်ကာ နိုင်ငံခြားသားတွေအပေါ် အနိုင်ကျင့်တဲ့ ရဲတစ်ချို့ ရှိခဲ့ပြီး ဒါတွေကို တားဆီးသွားမယ်လို့ သူက ဆိုပါတယ်။

    “ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ နိုင်ငံခြားသားတွေကို ရှောင်တခင်စစ်ဆေးတဲ့ လုပ်ရပ်မျိုးကို ချက်ခြင်း ရပ်တန့်ဖို့ ကျွန်တော် အမိန့်ညွှန်ကြားချက် ထုတ်သွားမှာပါ။ လ၀ကက တုံးထုထားတဲ့ နိုင်ငံကူးလက်မှတ် ဒါမှမဟုတ် စာရွက်စာတမ်းက အတုလား၊ အစစ်လား စစ်ဆေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးတား၊ ရမန်နှစ်ပတ် ချုပ်ရက်ယူတာမျိုးကို ရဲတွေက သူတို့ သဘောနဲ့သူတို့ လုပ်ခွင့် မရှိပါဘူး”

    ဒီအမူအကျင့်တွေဟာ ရဲတွေ အာဏာအလွဲသုံးစားလုပ်လို့ရတဲ့ ကိစ္စတွေထဲက တစ်ခုဖြစ်တယ်လို့လည်း မလေးရှားရဲချုပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မလေးရှားရဲတပ်ဖွဲ့ကို ​ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်တဲ့ အဖွဲ့မျိုး၊ လူထုကို ဝန်ဆောင်မှုပေးတဲ့အဖွဲ့မျိုး ဖြစ်အောင် အာရုံစိုက် လုပ်ဆောင်သွားမယ်လို့လည်း အဘ်ဒူလာ စာနီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref : CNA

  • မြန်မာနိုင်ငံသားများ ဒုတိယအသုတ် ပြန်ပို့မည့်အစီအစဥ်ကို မလေးရှား ဆိုင်းငံ့

    မြန်မာနိုင်ငံသားများ ဒုတိယအသုတ် ပြန်ပို့မည့်အစီအစဥ်ကို မလေးရှား ဆိုင်းငံ့

    မတ် ၂၅၊ ၂၀၂၁
    M-Media

    -နေထိုင်ခွင့် အထောက်အထားမရှိတာကြောင့် ထိန်းသိန်းထားတဲ့ မြန်မာနိုင်ငံသားတွေ ဒုတိယအသုတ်အဖြစ် ပြန်ပို့မယ့်အစီအစဥ်ကို ရွှေ့ဆိုင်းလိုက်ပြီး မြန်မာ့အရေး အာဆီယံ ထိပ်သီးအစည်းအ၀ေးပြီးမှသာ ပြန်စဥ်းစားမယ်လို့ မလေးရှားအစိုးရ အသိုင်းအ၀ိုင်းက ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ဖေဖော်၀ါရီလက မြန်မာနိုင်ငံသား ၁၀၈၆ ဦးကို ပြန်ပို့မှုအတွက် မလေးရှားကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ၀ေဖန်ခဲ့ပါတယ်။ ပြန်ပို့တဲ့အထဲမှာ အရင် မြန်မာစစ်တပ်ရဲ့ ဖိနှိပ်ညှင်းပမ်းမှုကြောင့် ထွက်ပြေးလာရသူတွေပါ၀င်ပြီး ပြန်ရောက်တဲ့အခါမှာ ထပ်မံဖိနှိပ်ခံရမှာကို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက စိုးရိမ်ခဲ့ကြတာပါ။

    မလေးရှားဟာ ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံသားတွေကို ဒုတိယအသုတ် ပြန်ပို့ဖို့ စီစဥ်ထားပေမယ့် မနေ့က အစိုးရအဖွဲ့ အစည်းအ၀ေးမှာ ဒီအစီအစဥ်ကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဒီကိစ္စကို သိရှိသူတွေက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ကိစ္စ အာဆီယံ ထိပ်သီးခေါင်းဆောင်တွေ အထူးအစည်းအ၀ေးကျင်းပပြီးနောက်ပိုင်းမှသာ လူတွေပြန်ပို့မယ့်ကိစ္စကို စဥ်းစားဖို့ မလေးရှားအစိုးရက ဆုံးဖြတ်ခဲ့ပါတယ်။

    အာဏာသိမ်းစစ်ကောင်စီဟာ ဒီလအတွင်းမှာ နောက်ထပ် စစ်ရေယာဥ် ၃ စီး လွှတ်ပေးမယ်လို့ မလေးရှားကို ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။

    မြန်မာကိစ္စအတွက် အာဆီယံ ထိပ်သီးအစည်းအ၀ေးကျင်းပကာ ဆွေးနွေးဖို့ အင်ဒိုနီးရှားသမ္မတ ဂျိုကို၀ီဒိုဒိုက ပြီးခဲ့တဲ့တစ်ပတ်မှာ ဆော်သြခဲ့ပြီး မေလးရှား ၀န်ကြီးချုပ်ကလည်း ဒါကို ထောက်ခံတယ်လို့ ပြောကြားထားပါတယ်။

    Ref: Reuters

  • ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်ပေးရန် မလေးရှား တောင်းဆို

    ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်ပေးရန် မလေးရှား တောင်းဆို

    မတ် ၂၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်​အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ မလေးရှားက အာဆီယံအစည်းအဝေးမှာ တောင်းဆိုလိုက်ပြီး၊ ခေါင်းဆောင်တွေ ရင်ကြားစေ့ရေးမှာ ပံ့ပိုးကူးညီသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်းအဝေးကို ဒီကနေ့ နေ့လည်ပိုင်းက ကျင်းပပြုလုပ်ခဲ့တာပါ။

    မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဟီရှာမွတ်ဒင် ဟူစိန်က မြန်မာပြည်သူတွေရဲ့ဆန္ဒကို အလေးထားဖို့ အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။

    “မြန်မာပြည်သူတွေရဲ့ ဆန္ဒ၊ မျှော်လင့်ချက်တွေနဲ့ ကိုက်ညီတဲ့ နည်းလမ်းနဲ့ နိုင်ငံရေးပြဿနာကို ကြိုးစားဖြေရှင်းဖို့ အရေးကြီးပါတယ်။ ပြည်သူတွေ နောက်ဆက်တွဲဆိုးကျိုး မကြုံတွေ့အောင် ရှောင်ရှားနိုင်ငံရေး မြန်မာခေါင်းဆောင်တွေအကြား သဘောထားမတိုက်ဆိုင်မှုတွေကို ရင်ကြားစေ့ပေးတဲ့ ဘယ်လိုကြိုးပမ်းမှုမျိုးကိုမဆို မလေးရှားက ပံ့ပိုးကူညီပေးသွားမှာပါ”

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးခေါင်းဆောင်တွေကို ခြွင်းချက်မရှိ ချက်ခြင်းလွှတ်ပေးဖို့၊ ပါဝင်ပတ်သက်သူတွေအားလုံးအကြားမှာ ဆွေးနွေးညှိနှိုင်းမှုတွေ ဆောင်ရွက်ဖို့လည်း မလေးရှားက တောင်းဆိုခဲ့ပါတယ်။

    Ref: Free Malaysia Today

  • တရားရုံးက တားသော်လည်း မြန်မာနိုင်ငံသား တစ်ထောင်ကျော်ကို မလေးရှား ပြန်ပို့

    တရားရုံးက တားသော်လည်း မြန်မာနိုင်ငံသား တစ်ထောင်ကျော်ကို မလေးရှား ပြန်ပို့

    ဖေဖော်ဝါရီ ၂၃၊ ၂၀၂၁
    M-Media

    -ထိန်းသိမ်းရေးစခန်းတွေမှာရှိနေတဲ့ မြန်မာနိုင်ငံသား ၁၀၈၆ ဦးကို ပြန်လည်ပို့ဆောင်လိုက်တယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဒီကနေ့မှာ ပြောကြားလိုက်ပြီး ပြန်ပို့တဲ့သူတွေထဲမှာ ရိုဟင်ဂျာနဲ့ တစ်ခြား ခိုလှုံခွင့်တောင်းခံထားသူတွေ မပါဘူးလို့ ဆိုပါတယ်။

    ထိန်းသိမ်းရေးစခန်းတွေမှာရှိနေတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၂၀၀ ကို အာဏာသိမ်းစစ်ကောင်စီက လွှတ်လိုက်တဲ့ သင်္ဘော ၃ စီးနဲ့ ပြန်ဖို့ မလေးရှားက စီစဉ်ထားတာပါ။

    ဒီလူတွေထဲမှာ ရိုဟင်ဂျာတွေလို ဖိနှိပ်မှုကြောင့် ထွက်ပြေးလာရသူတွေ ပါဝင်နိုင်ပြီး သူတို့တွေဟာ မြန်မာနိုင်ငံကိုပြန်ရင် အန္တရာယ်ရှိနိုင်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်ကူညီရေးအဖွဲ့ UNHCR က ထောက်ပြခဲ့ပါတယ်။

    နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုက ဒီအစဉ်ကို ပြန်လည်သုံးသပ်ဖို့ မလေးရှားတရားရုံးချုပ်ကို လျှောက်ထားခဲ့ပြီး၊ တရားရုံးချုပ်ကလည်း ပြန်ပို့မယ့်အစီအစဉ်ကို ဆိုင်းငံ့ထားဖို့ ဒီနေ့မနက်ပိုင်းမှာ ဆုံးဖြတ်ခဲ့ပါတယ်။

    ဒါပေမယ့် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက မြန်မာနိုင်ငံသား ၁၀၈၆ ဦးကို ပြန်ပို့ခဲ့ကြောင့် ညနေပိုင်းမှာ ကြေငြာချက် ထုတ်ခဲ့ပါတယ်။

    လ၀က ညွှန်ကြားရေးမှူးချုပ် ဒါတွတ် ခိုင်ရွလ် ဇိုင်မီ ဒါဝုဒ်က ဌာနဟာ မလေးရှား ရေတပ်၊ နိုင်ငံလုံးဆိုင်ရာ လုပ်ငန်းအဖွဲ့ NTF၊ မြန်မာသံရုံးတို့နဲ့ ပူးပေါင်းကာ ဒီအစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း၊ ပြန်ပို့လိုက်တဲ့သူတွေအားလုံးဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    “မြန်မာနိုင်ငံကို ပြန်ပို့လိုက်တဲ့ ဖမ်းဆီးခံထားရသူတွေဟာ အထောက်အထားမဲ့ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေဖြစ်ပြီး ရိုဟင်ဂျာနဲ့ အခြား ခိုလှုံခွင့် တောင်းခံထားသူတွေ မပါဝင်ပါဘူး။ ဒီလူတွေဟာ ဖိအားပေးမှုကြောင့်မဟုတ်ဘဲ မိမိသဘောဆန္ဒအလျောက် အိမ်ပြန်ဖို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်”

    အထောက်အထားမဲ့သူတွေ မူရင်းနိုင်ငံကို ပြန်ပို့တာဟာ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး ၂၀၂၀ ခုနှစ်က ကိုဗစ်ကြောင့် နယ်စပ်တွေပိတ်ထားတဲ့အတွက် ပြန်ပို့မှု နည်းပါးခဲ့တယ်လို့ ခိုင်ရွလ်ဇိုင်မီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မြန်မာနိုင်ငံသားတွေ ပြန်ပို့မယ့်အစီအစဉ်ကို ရပ်ဆိုင်းထားဖို့ တရားရုံးက ညွှန်ကြားချက်ကိစ္စကို ဒီကနေ့ လ၀ကရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်း မရှိပါဘူး။

    အာဏာသိမ်းစစ်ကောင်စီက စေလွှတ်လိုက်တဲ့ သင်္ဘော ၃ စီးဟာ ဒီကနေ့မှာ မလေးရှားကနေ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

    Ref: Malay Mail

  • ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသား ၁၂၀၀ ကို မလေးရှားက ပြန်ပို့မည်

    ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသား ၁၂၀၀ ကို မလေးရှားက ပြန်ပို့မည်

    ဖေဖော်ဝါရီ ၁၂၊ ၂၀၂၁
    M-Media

    -နေထိုင်အလုပ်လုပ်ခွင့် အထောက်အထားမရှိတာကြောင့် ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၁၂၀၀ ကို သင်္ဘောတွေနဲ့ ပြန်လည်ပို့ဆောင်ပေးသွားမယ်လို့ မလေးရှားနိုင်ငံက မနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    အာဏာသိမ်းစစ်ကောင်စီက စစ်သင်္ဘော ၃ စီး လွှတ်ပေးမယ်လို့ ကွာလာလမ်ပူမှာရှိနေတဲ့ မြန်မာသံရုံးကနေတစ်ဆင့် မလေးရှားအစိုးရကို ပြီးခဲ့တဲ့တစ်ပတ်မှာ အသိပေးခဲ့တာပါ။ လ၀က စခန်းတွေမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၁၂၀၀ ကို မလေးရှားက ပြန်ပို့မှာ ဖြစ်ပါတယ်။

    မြန်မာဖက်က စစ်သင်္ဘောတွေဟာ ဖေဖော်ဝါရီ ၂၁ ရက်နေ့ မလေးရှားနိုင်ငံကိုရောက်ကာ ၂၃ ရက်နေ့မှာ ပြန်လည်ထွက်ခွာဖို့ စီစဉ်ထားပါတယ်။

    မလေးရှား လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ခိုင်ရွလ် ဇိုင်မီ ဒါဝူးဒ်နဲ့ ကွာလာလမ်ပူမြို့ မြန်မာသံရုံးက အလုပ်သမားရေးရာ တာဝန်ရှိသူ ဦးဝင်းမင်းစိုးတို့က ဒီသတင်းကို အတည်ပြုခဲ့ပါတယ်။

    Ref: Starit Times