News @ M-Media

Tag: malaysia

  • နိုင်ငံတကာခရီးသွားများကို မလေးရှားက မကြာခင် ၀င်ခွင့်ပေးမည်

    နိုင်ငံတကာခရီးသွားများကို မလေးရှားက မကြာခင် ၀င်ခွင့်ပေးမည်

    မတ် ၇၊ ၂၀၂

    M-Media

    – နိုင်ငံတကာ ခရီးသွားတွေ ၀င်ရောက်လာနိုင်မယ့် ၀င်ပေါက်အားလုံးကို မကြာခင် ဖွင့်ပေးဖို့ရှိတယ်လို့ မလေးရှား ခရီးသွားလာရေးနှင့် ယဥ်ကျေးမှု၀န်ကြီး ဒါတွတ်ဆရီ နန်ဆီ ရွှတ်ကရီက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။ 

    ကိုဗစ်အလွန် စီးပွားရေး ပြန်လည်ဦးမော့လာအောင် ဆောင်ရွက်ဖို့ မလေးရှားက ပြင်ဆင်နေရာမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ထိစပ်နေတဲ့ ကုန်လမ်းကြောင်းအပါအ၀င် ၀င်ပေါက်အားလုံးကို ဖွင့်ပေးဖို့လည်း ပါ၀င်တယ်လို့ ရွှတ်ကရီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    ဖွင့်ပေးမယ့်ရက်အတိအကျကို မလေးရှား၀န်ကြီးချုပ် အစ္စမာအီလ် ဆာဘရီက မကြာခင် ကြေငြာဖို့ ရှိနေပါတယ်။

    “ခရီးသွားလာရေးနဲ့ ယဥ်ကျေးမှု၀န်ကြီးဌာနဟာ ဒီအတွက် ကောင်းကောင်းပြင်ဆင်ထားပြီး နိုင်ငံခြားသားခရီးသွားတွေကို ပြန်လည်ကြိုဆိုဖို့အတွက်လည်း အမြဲတမ်း အဆင်သင့်ဖြစ်အောင် လုပ်ထားပါတယ်” လို့ ခရီးသွားလာရေးကဏ္ဍ လုပ်ငန်းရှင်တွေနဲ့ ဒီကနေ့တွေ့ဆုံမှုမှာ ၀န်ကြီး နန်ဆီ ရွှတ်ကရီက ပြောကြားခဲ့ပါတယ်။ 

    နိုင်ငံရဲ့ နယ်စပ်တွေကို မကြာခင်ဖွင့်ပေးတော့မယ်ဆိုတာကို ၀န်ကြီးချုပ် ဆာဘရီကလည်း စနေနေ့မှာ အတည်ပြုပြောဆိုခဲ့ပါတယ်။ 

    မေလမှာကျရောက်မယ့် အစ္စလာမ်ဘာသာ၀င်တွေရဲ့ အီဒွလ်ဖိသီရ် ၀ါကျွတ်အီးဒ်ပွဲတော်မှာ ၀ေးကွာနေတဲ့ မိသားစု၀င်တွေ ပြန်လည်ဆုံစည်းနိုင်အောင် ရည်ရွယ်တယ်လို့လည်း ၀န်ကြီးချုပ်က ဆိုပါတယ်။ 

    Ref: The Star 

  • တရားမဝင်ဝင်လာရန် ကူညီလျှင် အရေးယူမည်ဟု မလေးရှားရဲတပ်ဖွဲ့ သတိပေး

    တရားမဝင်ဝင်လာရန် ကူညီလျှင် အရေးယူမည်ဟု မလေးရှားရဲတပ်ဖွဲ့ သတိပေး

    ဖေဖော်ဝါရီ ၃၊ ၂၀၂၂
    M-Media

    -ထိုင်းနဲ့ကပ်နေတဲ့ ကလန်တန်းပြည်နယ်မှာ နိုင်ငံခြားသားတွေ အောက်လမ်းကဝင်လာဖို့ ကူညီရင် အရေးယူမယ်လို့ မလေးရှား ရဲတပ်ဖွဲ့ရဲ့ ပြည်တွင်းလုံခြုံရေးဆိုင်ရာ တာဝန်ရှိသူ ဒါတွန် ဟာဇာနီ ဂါဇာလီက ဒေသခံတွေကို သတိပေးလိုက်ပါတယ်။

    ထိုင်း-မလေးရှား နယ်စပ်ကိုဖြတ်ကာ မြန်မာနိုင်ငံက တရားမဝင်ဝင်ရောက်လာသူတွေနဲ့ ပတ်သက်ပြီး မနေ့က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ဂါဇာလီက ဒီလိုမှတ်ချက်ပေးလိုက်တာ ဖြစ်ပါတယ်။

    အောက်လမ်းကဝင်လာသူတွေကို ကူညီတဲ့ ဘယ်ဒေသခံကိုမဆို လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေ၊ မှောင်ခိုဥပဒေ၊ ပြည်သူ့လုံခြုံရေး ဥပဒေ​တွေနဲ့ တရားစွဲဆို အရေးယူသွားမှာ ဖြစ်ကြောင်း၊ တရားမဝင် ဝင်လာသူတွေနဲ့ ဒီကိစ္စမှာ ကူညီပေးသူတွေကို ထိထိရောက်ရောက် အပြစ်ပေးနိုင်ရေး လွှတ်တော်အမတ်တွေနဲ့လည်း ဆွေးနွေးဖို့ရှိကြောင်း သူက ဆိုပါတယ်။

    “လူကုန်ကူးမှုတွေဖြစ်နေတာ ဒေသခံတွေထဲက ကူညီပေးနေသူတွေ ရှိလို့ပါ။ ဒါဟာ ကလန်တန်းပြည်နယ်တစ်ခုတည်းမှာ ဖြစ်နေတဲ့ကိစ္စ မဟုတ်ပါဘူး”

    ပြီးခဲ့တဲ့နှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံသားတွေဟာ အိမ်နီးချင်းနိုင်ငံတွေကို တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်မှု မြင့်တက်လာပြီး ထိုင်းနိုင်ငံကတော့ မြန်မာနိုင်ငံက ဝင်ရောက်လာသူတွေကို အကြီးအကျယ် ဖမ်းဆီးနေပါတယ်။

    Ref: The Star

  • အိုမီခရွန်ရန်ကြောင့် အွမ္မရာဘုရားဖူးခရီးစဉ်ကို မလေးရှားက ခွင့်မပြုတော့

    ဇန်နဝါရီ ၂၊ ၂၀၂၂
    M-Media

    -ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်(Omicron) ကူးစက်မှုကို တားဆီးနိုင်ဖို့အတွက် ဇန်နဝါရီ ၈ ရက်နောက်ပိုင်း ဆော်ဒီအာရေဗျနိုင်ငံဆီ အွမ္မရာဘုရားဖူးခရီးသွားရောက်မှုကို မလေးရှားက ပိတ်ပင်လိုက်ပါတယ်။

    ဒီဇင်ဘာ ၃၁ ရက်နေ့အထိ မလေးရှားမှာ အိုမီခရွန်ကူးစက်မှု ၆၄ ခု ရှိခဲ့ပြီး အဲဒီအထဲက ၃၂ ခုဟာ အွမ္မရာသွားသူတွေနဲ့ စက်ဆပ်နေတာပါ။ အွမ္မရာပြန်လာသူကနေ လူအများအပြား ကိုဗစ်ကူးစက်မှုကလည်း ၉ နေရာလောက် ရှိနေပါတယ်။

    မလေးရှား ကျန်းမာရေးဝန်ကြီး ခိုင်ရီ ဂျမာလွတ်ဒင်က အွမ္မရာပြန်လာသူတွေဟာ နေအိမ်ကွာရန်တင်းစည်းမျဉ်း ချိုးဖောက်တာတွေ ရှိနေတယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    “အွမ္မရာပြုပြီး ပြန်လာတဲ့သူတွေဟာ နေအိမ်မှာ ၇ ရက် ကွာရန်တင်းဝင်ရတယ်။ ဒါပေမယ့် ကွာရန်တင်းစည်းမျဉ်း ချိုးဖောက်တာတွေ ရှိ​ပြီး ကိုဗစ်ကူးတဲ့ အွမ္မရာဘုရားဖူးတွေကနေတစ်ဆင့် မိသားစုတွေကိုပါ ကူးစက်သွားပါတယ်”

    အဲဒီကနေ ဘုရားဖူးသူတွေကို လာရောက်တွေ့ဆုံကြတဲ့ ဆေမျိုးတွေ၊ ပတ်ဝန်းကျင်ကလူတွေပါ ကူးစက်သွားတယ်လို့လည်း ဂျမာလွတ်ဒင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အွမ္မရာဘုရားဖူးခရီးစဉ်အတွက် လေယာလက်မှတ်ဘိုကင်လုပ်မှုကိုလည်း မလေးရှားက ပိတ်ပင်လိုက်ပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့ကနေ ၇ ရက်နေ့အကြား သွားမယ့်လူတွေကို ခွင့်ပြုပေမယ့် ပြန်လာရင် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့နေရာမှာ ကွာရန်တင်းဝင်ရမယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

    Ref: CNA

  • မလေးရှားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်

    မလေးရှားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်

    ဒီဇင်ဘာ ၁၉၊ ၂၀၂၁
    M-Media


    -မလေးရှားနိုင်ငံမှာ အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး ပြည်နယ် ၆ ခုမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားပြီး လူသောင်းချီ အိုးအိမ်စွန့်ခွာကာ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရပါတယ်။

    သောကြာနေ့ကနေ စနေနေ့ညပိုင်းအထိ မိုးဆက်တိုက် ရွာနေတာကြောင့် လူဦးရေသိပ်သည်းတဲ့ ဆီလန်ဂေါပြည်နယ်၊ ကလန်တန်း၊ သရန်ဂါနူး၊ ပါဟန်း၊ နီဂရီ ဆမ်ဘီလန်နဲ့ မလာကာ ပြည်နယ်တွေမှာ နေအိမ်ထဲအထိ ရေတွေဝင်တာ၊ ကားလမ်းတွေ၊ အဝေးပြေးလမ်း ရေလျှံတာတွေ ဖြစ်ခဲ့ပြီး လူတွေ၊ ကားတွေ ပိတ်မိနေတာတွေလည်း ရှိနေပါတယ်။

    ရေကြီးမှုဒဏ်ကို အဆိုးဆုံးခံစားရတဲ့ဒေသက ဆိပ်ကမ်းမြို့ဖြစ်တဲ့ ကလန်းဗာလီဖြစ်ပါတယ်။ နိုင်ငံတစ်ဝှမ်း လူပေါင်း ၁၁၀၀၀ ကျော်လောက် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရပါတယ်။

    မလေးရှား ဇလဗေဒဌာနက လာမယ့်ရက်ပိုင်းအတွင်း ပြည်နယ်တစ်ချို့မှာ တနင်္ဂနွေနေ့အထိ မိုးဆက်လက်ရွာသွန်းဖို့ရှိနေပြီး သတိနဲ့နေကြဖို့ ထုတ်ပြန်ထားပါတယ်။

    မလေးရှားမှာ အောက်တိုဘာလကနေ မတ်လအထိကြာမြင့်တဲ့ မိုးရာသီအတွင်း အထူးသဖြင့် နိုင်ငံအရှေ့ပိုင်းမှာ ရေကြီးရေလျှံမှု ပုံမှန်လိုဖြစ်ပွားလေ့ရှိပေမယ့် အခုရက်ပိုင်း နိုင်ငံအလယ်ပိုင်းက ပြည်နယ်တွေမှာ မိုးရွာသွန်းမှုက စံချိန်တင်ရွာသွန်းမှု ဖြစ်ပါတယ်။

    Ref: CNA

  • နှစ်ကုန်နောက်ဆုံးထား၍ နယ်စပ်များပြန်ဖွင့်ရန် မလေးရှား လျာထား

    နှစ်ကုန်နောက်ဆုံးထား၍ နယ်စပ်များပြန်ဖွင့်ရန် မလေးရှား လျာထား

    နိုဝင်ဘာ ၁၁၊ ၂၀၂၁
    M-Media

    -နိုင်ငံရဲ့ ခရီးသွားလုပ်ငန်း အရှိန်ပြန်ရလာစေရေးအတွက် နိုင်ငံခြားသားခရီးသွားတွေကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ထက် နောက်မကျစေဘဲ တိုင်းပြည်ထဲဝင်ခွင့်ပေးဖို့ မလေးရှား နိုင်ငံတော် ပြန်လည်ထူထောင်ရေးကောင်စီ (NRC) က အစိုးရကို အကြံပြုလိုက်ပါတယ်။

    ကိုဗစ်ကူးစက်မှု မြင့်တက်တာကို ထိန်းနိုင်ဖို့အတွက် မလေးရှားဟာ နယ်စပ်တွေကို ပြီးခဲ့တဲ့နှစ်ကတည်းက ပိတ်ခဲ့တာပါ။

    လက်ရှိမှာတော့ တိုင်းပြည်အတွင်းက အရွယ်ရောက်ပြီးသူ ၉၅ ရာခိုင်နှုန်းကျော်ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးထားပြီး၊ ရောဂါပြန့်နှံ့မှုကိုလည်း အကောင်းဆုံး ထိန်းချုပ်ထားနိုင်တာကြောင့် ကိုဗစ်ကန့်သတ်မှု အများစုကို ဖယ်ရှားလိုက်ပြီး ပြည်တွင်းခရီးသွားလုပ်ငန်းလည်း ပြန်လည် လည်ပတ်နေပြီဖြစ်ပါတယ်။

    ဝန်ကြီးချုပ်ဟောင်းဖြစ်ပြီး လက်ရှိ NRC ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ မုဟ်ယစ်ဒင် ယာစင်က မလေးရှားဟာ နယ်စပ်တွေ ပြန်ဖွင့်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    “တိုင်းပြည်က ကာကွယ်ဆေးကောင်းကောင်းထိုးပေးနိုင်တဲ့ အခြေအနေကို တွက်ချက်ပြီးတဲ့နောက် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့လောက်ရောက်ရင် နိုင်ငံတကာ ခရီးသွားတွေအတွက် နယ်စပ်ဖွင့်ပေးသင့်ပြီလို့ NRC က ဆုံးဖြတ်ခဲ့ပါတယ်”

    နိုင်ငံခြားခရီးသွားတွေ မလာတာကြောင့် တိုင်းပြည်ရဲ့စီးပွားရေး အထူးသဖြင့် ခရီးသွားကဏ္ဍမှာ အလွန်အမင်း အထနှေးနေတာကို နိုင်ငံတော် ပြန်လည်ထူထောင်ရေးကောင်စီက သတိထားမိတယ်လို့လည်း မုဟ်ယစ်ဒင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    နယ်စပ်တွေပိတ်ထားတာကြောင့် မလေးရှားဟာ ခရီးသွားလုပ်ငန်းကဝင်ငွေ ရင်းဂစ် ဘီလီယံ ၉၀ လောက် ဆုံးရှုံးခဲ့ပါတယ်။

    နယ်စပ်တွေဖွင့်ပေးပေမယ့်လည်း ကိုဗစ်ကူးစက်မှုကို အကောင်းဆုံး ထိန်းချုပ်နိုင်တဲ့၊ ကာကွယ်ဆေးထိုးနှုန်း မြင့်မားတဲ့ နိုင်ငံတွေက ခရီးသွားတွေကိုသာ တိုင်းပြည်ထဲ ဝင်ရောက်ခွင့်ပြုမယ်လို့ မုဟ်ယစ်ဒင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: CNA