News @ M-Media

Tag: malaysia

  • ရိုဟာနာ ဂျူပရီ (သို့) မလေးရှားရေတပ်ရဲ့ ပထမဆုံး အမျိုးသမီးဗိုလ်ချုပ်ကြီး

    ရိုဟာနာ ဂျူပရီ (သို့) မလေးရှားရေတပ်ရဲ့ ပထမဆုံး အမျိုးသမီးဗိုလ်ချုပ်ကြီး

    ဒီဇင်ဘာ ၁၉၊ ၂၀၂၀
    M-Media

    -မလေးရှားရေတပ်က ဗိုလ်ကြီး ရိုဟာနာ ဂျူပရီဟာ မနေ့က ရေတပ်ဗိုလ်ချုပ်ကြီး(Admiral) အဖြစ် ခန့်အပ်ခံခဲ့ရပြီး မလေးရှားရေတပ်သမိုင်းမှာ ပထမဆုံး အမျိုးသမီးရေတပ်ဗိုလ်ချုပ်ကြီး ဖြစ်လာတာပါ။

    ရိုဟာနာဟာ ၂၀၁၇ ခုနှစ်က ဗိုလ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပြီး ဒါဟာလည်း မလေးရှားရေတပ်သမိုင်းမှာ အမျိုးသမီးတစ်ဦး ပထမဆုံး ဗိုလ်ကြီးအဖြစ် ခန့်အပ်ခံရတာ ဖြစ်ပါတယ်။

    ရေတပ်ရဲ့ ပထမဆုံး အမျိုးသမီး Admiral ဖြစ်ဖို့ဟာ သူရဲ့ ရည်မှန်းချက်ဖြစ်တယ်လို့ ရိုဟာနာက အဲဒီအချိန်တုန်းက ပြောကြားခဲ့ပါတယ်။

    မလေးရှားတော်ဝင်ရေတပ်သက်တမ်းဟာ ၈၆ နှစ်ရှိပြီ ဖြစ်ပါတယ်။

    “သူမဟာ တော်ဝင်ရေတပ်ရုံးချုပ်က စစ်ဖက်ပစ္စည်းဆိုင်ရာ ဒါရိုက်တာ၊ ဒုတိယစစ်ဦးစီးအရာရှိချုပ် (ထောက်ပို့) ရာထူးတွေကို ထမ်းဆောင်နေသူပါ။ အရင်က အမျိုးသားတွေကြီးစိုးတဲ့ ရေတပ်ဗိုလ်ချုပ်ကြီးများကော်မတီမှာ ပါဝင်နိုင်ဖို့အတွက် ဒီရာထူးတွေက သွယ်ဝိုက်ပြီး အထောက်အကူပြုခဲ့တာ ဖြစ်ပါတယ်” လို့ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တန်ဆရီ မိုဟာမက် ရီဇာ မိုဟာမက် ဆန်နီက ပြောကြားခဲ့ပါတယ်။

    အသက် ၅၇ နှစ်အရွယ် ကလေး ၄ ဦးရဲ့မိခင် ရိုဟာနာဟာ ရေတပ်မှာ အမှုထမ်းသက် ၃၆ နှစ်ရှိပြီ ဖြစ်ပါတယ်။

    ရိုဟာနာကို ဗိုလ်ချုပ်အကြီးအဆင့် တိုးမြှင့်ပေးလိုက်တာဟာ နှစ်ပေါင်း ၃၀ ကျော် တာဝန်ထမ်းဆောင်မှု၊ ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြုတာမျိုးအပြင်၊ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်နဲ့ ယုံကြည်စိတ်ချရမှုကို တော်ဝင်ရေတပ်က အသိအမှတ်ပြုတယ်ဆိုတာ ပြသတာဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ကြီး ရီဇာက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဗိုလ်ချုပ်ကြီး ရိုဟာနာက လူငယ်အမျိုးသမီးတွေ သူမရဲ့လမ်းကြောင်းမျိုး လျှောက်လှမ်းလာဖို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ရေတပ်မှာ အမျိုးသမီးတွေအတွက် နေရာရှိတယ်၊ သူ့တို့ရဲ့အရည်အချင်းကို ထိပ်ပိုင်းက အသိအမှတ်ပြုတယ်ဆိုတာကို ပြသတာလည်း ဖြစ်ပါတယ်။ ပေးအပ်လာတဲ့တာဝန်ကို ကျွန်မတို့အမျိုးသမီးတွေ ကျေပွန်အောင် ထမ်းဆောင်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်”

    တောင်ဝင်ရေတပ်မှာ ထူးချွန်ရင် ထူးချွန်သလောက် နေရာပေးပြီး မိမိကိုယ်တိုင်က ကြိုးစားအားထုတ်ဖို့ပဲ လိုအပ်တယ်လို့ ဗိုလ်ချုပ်ကြီး ရိုဟာနာက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    “စိန်ခေါ်မှုတွေကြုံလာရတိုင်း ကျွန်မ ဆင်ခြေတွေနဲ့ မသာယာနေပါဘူး။ အမှုထမ်းရင်း တစ်ဖက်ကလည်း ကျောင်းတက်ပြီး မာစတာဘွဲ့ရအောင် ယူခဲ့ပါတယ်။ စိတ်ပြင်းပြမှု၊ ဆုံးဖြတ်ချက်ပြတ်သားမှု၊ အသိပညာနဲ့ အတွေ့အကြုံကောင်းကောင်းသာရှိရင် ဣထိယတွေလည်း ထူးချွန်ပြောင်မြောက်နိုင်ပါတယ်”

    Ref: New Straits Times

  • လာမယ့်နှစ်အစပိုင်းတွင် မလေးရှားလူဦးရေ ၃၀ ရာခိုင်နှုန်းကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးမည်

    လာမယ့်နှစ်အစပိုင်းတွင် မလေးရှားလူဦးရေ ၃၀ ရာခိုင်နှုန်းကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးမည်

    နိုဝင်ဘာ ၂၈၊ ၂၀၂၀
    M-Media

    -လာမယ့်နှစ်မှာ နိုင်ငံအတွင်းက လူ ၉.၆ သန်းလောက်ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးနိုင်လိမ့်မယ်လို့ မလေးရှားဝန်ကြီးချုပ် မုဟ်ယစ်ဒင် ယာစင်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ဒါဟာ မလေးရှားလူဦးရေရဲ့ ၃၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဝန်ကြီးချုပ်က ကိုဗစ်ကာကွယ်ရေး ရရှိဖို့အတွက် အစိုးရဟာ သဘောတူညီချက် ၂ ခုကို လက်မှတ်ရေးထိုးထားတယ်လို့ သူဦးဆောင်တဲ့ Bersatu ပါတီရဲ့ နှစ်ပတ်လည်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။

    အမေရိကန် ဆေးဝါးကုမ္ပဏီ Pfizer၊ WHO က ဦးဆောင်ပြီး ကမ္ဘာတစ်ဝှမ်း ကာကွယ်ဆေးဖြန့်မယ့် COVAX အစီအစဉ် စတာတွေကနေ လာမယ့်နှစ် ပထမ ၃ လပတ်အတွင်း ကာကွယ်ဆေးရဖို့အတွက် မလေးရှားက သဘောတူညီချက် ရထားတာဖြစ်ပါတယ်။

    ဝန်ကြီးချုပ် မုဟ်ယစ်ဒင်က လက်ရှိ ဆောင်ရွက်နေတဲ့ ကာကွယ်ရေး အစီအမံတွေ၊ မကြာခင်ရမယ့် ကာကွယ်ဆေး ပေါင်းရင် ကိုဗစ်ကပ်ရောဂါကို ထိန်းချုပ်နိုင်မှာဖြစ်ကြောင်း၊ ကိုဗစ်အလွန် စီးပွားရေး ပြန်လည်ဦးမော့ရေး၊ ကာကွယ်ဆေး တန်းတူရရှိရေးအတွက် ဒေသတွင်းနိုင်ငံတွေ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ကာကွယ်ဆေးရတဲ့အခါ နိုင်ငံသားတွေကို အခမဲ့ထိုးပေးမှာဖြစ်ပြီး ကိုဗစ်တိုက်ဖျက်ရေး ရှေ့တန်းကနေ ဆောင်ရွက်သူတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ရောဂါအခံရှိသူတွေကို ဦးစားပေးသွားမယ်လို့လည်း ဝန်ကြီးချုပ်က ဆိုပါတယ်။

    မလေးရှားဟာ အခုနှစ်အလယ်ပိုင်းမှာ ကိုဗစ်ကူးစက်မှုကို သိသိသာသာ ထိန်းချုပ်နိုင်ခဲ့ပေမယ့် စက်တင်ဘာလမှာတော့ ၄ ဆအထိ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။

    Ref: CNA

  • မလေးရှားရှိ နိုင်ငံခြားသားအလုပ်သမားအားလုံး ကိုဗစ်စစ်ရမည်

    မလေးရှားရှိ နိုင်ငံခြားသားအလုပ်သမားအားလုံး ကိုဗစ်စစ်ရမည်

    နိုဝင်ဘာ ၂၆၊ ၂၀၂၀
    M-Media

    ကွာလာလမ်ပူမြို့ မြင်ကွင်း

    -နိုင်ငံခြားသားအလုပ်သမားတွေမှာ ကိုဗစ်တွေ့ရှိမှု များလာတာကြောင့် နိုင်ငံအတွင်းမှာရှိနေတဲ့ နိုင်ငံခြားအလုပ်သမား ၁.၇ သန်းစလုံး ကိုဗစ်စစ်ရမယ်လို့ မလေးရှားအစိုးရက ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    ဒီအမိန့်ဟာ နိုဝင်ဘာ ၂၆ ရက် (ဒီကနေ့) မှာ စတင်သက်ရောက်မှာပါ။ ပထမအသုတ်အဖြစ် ကွာလာလမ်ပူ၊ ဆီလန်ဂေါ၊ ပီနန်နဲ့ နီဂရီ ဆမ်ဘီလန်ဒေသက နိုင်ငံခြားအလုပ်သမား ၉ သိန်းကို စပြီး ကိုဗစ်စစ်မှာ ဖြစ်ပါတယ်။

    လုပ်ငန်းရှင်တွေက နိုင်ငံခြားအလုပ်သမားတွေအတွက် နေထိုင်စရာ စီစဉ်ပေးထားတဲ့ နေရာတွေကို အာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးဖို့ရှိနေပြီး ကိုဗစ်စည်းမျဉ်းစည်းကမ်းနဲ့မညီရင် ရင်းဂစ် ၅ သောင်းအထိ ဒဏ်ရိုက်မယ်လို့ မလေးရှား လုံခြုံရေးဆိုင်ရာဝန်ကြီး အစ္စမာအီလ် ဆာဘရီ ယာကွဘ်က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    ဒီစစ်ဆေးမှုကို ​ကိုဗစ်ကြောင့် အသွားအလာကန့်သတ်မှု (CMCO) အမိန့်ထုတ်ပြန်ထားတဲ့ ဒေသတွေမှာ ပြုလုပ်မှာပါ။

    “နိုင်ငံခြားသားအလုပ်သမားအားလုံးကို တို့ဖတ်နမူနာယူ စစ်ဆေးမယ်။ တကယ်လို့ နက်ဂတစ်ဖြစ်ရင် ကွာရန်တင်းဝင်ခိုင်းမယ်။ ပေါ့စတစ်ဖြစ်ရင်တော့ ဆေးရုံပို့ပါမယ်” လို့ ဆာဘရီ ယာကွဘ်က ပြောပါတယ်။

    လိုအပ်လာရင် နိုင်ငံခြားအလုပ်သမားတွေကို ၂ ပတ်တစ်ကြိမ် ပုံမှန်စစ်ဆေးတာမျိုးအထိ လုပ်ဆောင်ဖို့လည်း မလေးရှားအစိုးရက စီစဉ်ထားပါတယ်။

    Ref: The Star

  • မလေးရှား-စင်ကာပူ ရထားလိုင်းသစ်ကို စတင်ဆောက်လုပ်

    မလေးရှား-စင်ကာပူ ရထားလိုင်းသစ်ကို စတင်ဆောက်လုပ်

    နိုဝင်ဘာ ၂၂၊ ၂၀၂၀
    M-Media

    -မလေးရှားနိုင်ငံ ဂျိုဟိုးမြို့ကနေ စင်ကာပူနိုင်ငံကို တိုက်ရိုက်ပြေးဆွဲမယ့် အမြန်ရထားလိုင်းသစ်ကို ဒီကနေ့ မလေးရှားနိုင်ငံမှာ စတင် အုတ်မြစ်ချခဲ့ပါတယ်။

    ‘ဘူကစ်ချာဂါဘူတာ’ လို့ အမည်တွင်လာမယ့် နေရာမှာ ပြုလုပ်တဲ့ အုတ်မြစ်ချပွဲအခမ်းအနားကို ဂျိုဟိုးပြည်နယ်စော်ဘွားနဲ့ အိမ်ရှေ့မင်းသား၊ မလေးရှား ပို့ဆောင်ရေးဝန်ကြီး ဝီကာဆွန်၊ ဂျိုဟိုးပြည်နယ်ဝန်ကြီး ဟက်စနီ မိုဟာမက်နဲ့ မလေးရှားအစိုး တာဝန်ရှိသူတွေ အွန်လိုင်းကနေတစ်ဆင့် တက်ရောက်ခဲ့ကြပါတယ်။

    ရထားလိုင်းအတွက် လိုအပ်တဲ့အဆောက်အဦးတွေ ဆောက်လုပ်မှုဟာ ၄ နှစ်ကြာမြင့်မှာဖြစ်ပြီး၊ ရထားလမ်းနဲ့ ရထားတွဲတွေ တပ်ဆင်မှုကတော့ နောက်ထပ် ၂ နှစ် ကြာမြင့်မှာ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ ရထားလိုင်းကို ပထမဆုံးပြေးဆွဲဖို့ စီစဉ်ထားပြီး တစ်နာရီကို လူတစ်သောင်းလောက်အထိ ပို့ဆောင်နိုင်မှာ ဖြစ်ပါတယ်။

    စင်ကာပူဒေါ်လာ ၃.၂၄ ဘီလီယံ ကုန်ကျမယ့် ဒီရထားလိုင်းကို ၂၀၂၄ ခုနှစ်မှာ ​ပြီးဆုံးဖို့ မူလက လျာထားခဲ့ပေမယ့် မလေးရှားရဲ့ မေတ္တာရပ်ခံမှုကြောင့် ​ခေတ္တရပ်ဆိုင်းထားရကာ အခုမှ ပြန်လည် စတင်နိုင်တာပါ။

    ရထားလိုင်းဟာ ဂျိုးဟိုးမြို့ ဘူကစ်ချာဂါဘူတာကနေ စင်ကာပူက ဝုဒ်လန်းဘူတာကို ဆက်သွယ်မှာဖြစ်ပြီး ခရီးစဉ်အစကနေ အဆုံးအထိ ၅ မိနစ်သာ ကြာမြင့်မှာပါ။ လူများချိန်မှာ ရထားစောင့်ချိန် ၃ မိနစ်ခွဲ၊ လူနည်းချိန်မှာ ရထားစောင့်ချိန် ၆ မိနစ် ရှိမှာဖြစ်ကာ မနက် ၆ နာရီကနေ ည သန်းခေါင်ယံအထိ ပြေးဆွဲမှာ ဖြစ်ပါတယ်။

    လက်မှတ်စျေးနှုန်းကို လက်ရှိမှာ မသတ်မှရသေးဘဲ မလေးရှား-စင်ကာပူ နယ်စပ်ကို လက်ရှိ ကားနဲ့ဖြတ်သန်းရာမှာ ကုန်ကျတဲ့ နှုန်းထားကို စံယူသတ်မှတ်သွားဖို့ရှိတယ်လို့ မလေးရှားအစိုးရ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

    Ref: CNA

  • သာမန်ထက် ကူးစက်မှု ၁၀ ဆမြန်သည့် ပုံပြောင်းကိုဗစ်ဗိုင်းရပ်စ်ကို မလေးရှားတွင် တွေ့ရှိ

    သာမန်ထက် ကူးစက်မှု ၁၀ ဆမြန်သည့် ပုံပြောင်းကိုဗစ်ဗိုင်းရပ်စ်ကို မလေးရှားတွင် တွေ့ရှိ

    သြဂုတ် ၁၆၊ ၂၀၂၀
    M-Media

    -သာမန်ကိုဗစ် ဗိုင်းရပ်စ်ထက် ကူးစ်ဖို့ ၁၀ ဆ ပိုလွယ်ကူတဲ့ ပုံပြောင်း ကိုဗစ်ဗိုင်းရပ်စ်တစ်မျိုးကို တွေ့ရှိခဲ့တယ်လို့ မလေးရှား ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    ဒီပုံပြောင်း ကိုဗစ်ဗိုင်းရပ်စ်သစ်ကို D614G လို့ အမည်ပေးထားပြီး မလေးရှား ကျန်းမာရေး သုသေတနဌာနရဲ့ စစ်ဆေးမှုအရ ကူးစက်မှုဖြစ်နေတဲ့ နေရာနှစ်ခုက လူ ၄ ဦးမှာ တွေ့ခဲ့တာပါ။

    မလေးရှား ကျန်းမာရေး၀န်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နူရ်ဟီရှမ် အဘ်ဒူလာက ပြည်သူတွေအနေနဲ့ ပိုမိုသတိထားကြဖို့ လိုအပ်တယ်လို့ ပြေကြားခဲ့ပါတယ်။

    “ဒီနေရာတွေက ကူးစက်သူတွေဟာ အခြားသူတွေထံ ထပ်မံကူးစက်ဖို့ ၁၀ ဆ လွယ်ကူပါတယ်။ မြန်ဆန်တဲ့ ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်မှုကြောင့် အခုအချိန်အထိ ဒီ​ေနရာနှစ်ခုကို ထိန်းချုပ်ထားနိုင်ပါတယ်”

    D614G ပုံပြောင်း ကိုဗစ်ဗိုင်းရပ််စ်ကို သိပ္ပံပညာရှင်တွေက ၂၀၂၀ ခုနှစ် ဇူလိုင်လမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

    ပြည်သူလူထုအနေနဲ့ ကြိုတင်ကာကွယ်ရေး နည်းနာတွေကို လုပ်ဆောင်ဖို့၊ ခပ်ခွာခွာနေထိုင်ရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးစည်းမျဥ်းတွေကို လိုက်နာပြီး နှာခေါင်စည်းတွေ တပ်ကြဖို့လည်း ဒေါက်တာဟီရှမ်က တိုက်တွန်းခဲ့ပါတယ်။

    Ref: The Star