News @ M-Media

Tag: malaysia

  • မလေးရှားက ရွေ့လျားသွားလာမှု ကန့်သတ်မိန့်ကို ဇွန်လအထိ သက်တမ်းတိုး

    မလေးရှားက ရွေ့လျားသွားလာမှု ကန့်သတ်မိန့်ကို ဇွန်လအထိ သက်တမ်းတိုး

    မေ ၁၀၊ ၂၀၂၀
    M-Media

    -Covid-19 ပြန့်နှံ့မှု တားဆီးကာကွယ်ရေးအတွက် ရွေ့လျားသွားလာမှု ကန့်သတ်မိန့် (MCO) ကို မလေးရှားက နောက်ထပ် ၄ ပတ် သက်တမ်းတိုးလိုက်ပါတယ်။

    မတ်လ ၁၈ ရက်နေ့ကတည်းက စတင်ထုတ်ပြန်ခဲ့တဲ့ MCO ကို မလေးရှားက ၅ ကြိမ်အထိ သက်တမ်းတိုးလိုက်တာပါ။ လက်ရှိသက်တမ်းဟာ မေလ ၁၂ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

    မလေးရှားဝန်ကြီးချုပ် မုဟ်ယစ်ဒင် ယာစင်က ကိုဗစ်တိုက်ဖျက်ရေးမှာ တိုးတက်မှုအများအပြားကို မြင်တွေ့ရပေမယ့် ပြည့်ပြည့်၀၀ မအောင်မြင်သေးတာကြောင့် ​ကန့်သတ်ချက်တစ်ချို့ လျှော့ပေးထားတဲ့ ရွေ့လျားသွားလာမှု ကန့်သတ်မိန့်ကို ဇွန်လ ၉ ရက်နေ့အထိ နောက်ထပ် ၄ ပတ် သက်တမ်းတိုးလိုက်တယ်လို့ ဒီကနေ့ ရုပ်သံမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

    “ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် အစိုးရက လိုအပ်တာတွေ ဆက်လက်လုပ်ဆောင်တာကို ပြည်သူတွေက လိုလားတယ်ဆိုတာ သိရပါတယ်”

    တိုင်းပြည်ကို တံခါးပိတ်ပြီး ရွေ့လျားသွားလာမှု ကန့်သတ်မိန့် ထုတ်ပြန်ခဲ့တဲ့ မတ်လ ၁၈ ရက်နေ့နောက်ပိုင်း မလေးရှားမှာ ကိုဗစ်ကူးစက်မှုအရေအတွက် သိသိသာသာ ကျဆင်းခဲ့ပါတယ်။ မေလ ၉ ရက်နေ့အထိ ကူးစက်သူအရေအတွက် ၆၅၈၉ ဦးရှိကာ သေဆုံးသူ ၁၀၈ ဦး ရှိပါတယ်။ ကူးစက်သူတွေရဲ့ ၇၅ ရာခိုင်နှုန်းဟာ ပြန်လည် သက်သာသွားပြီ ဖြစ်ပါတယ်။

    မလေးရှားဟာ မေလ ၄ ရက်နေ့ကစလို့ MCO ကန့်သတ်မှုတစ်ချို့ကို လျှော့ပေးခဲ့ပြီး စီးပွားရေးလုပ်ငန်း အားလုံးနီးပါးကို ပြန်ဖွင့်ခွင့်ပေးခဲ့ကာ သက်တမ်းတိုးတဲ့ နောက်ထပ် ၄ ပတ်မှာလည်း ဒီအတိုင်းပဲ ဆက်လက်ကျင့်သုံးမှာ ဖြစ်ပါတယ်။

    Ref: The Star

  • ကိုဗစ်အလွန် မလေးရှားတွင် စီးပွားရေးလုပ်ငန်းအများစု ပြန်ဖွင့်ခွင့်ရ

    ကိုဗစ်အလွန် မလေးရှားတွင် စီးပွားရေးလုပ်ငန်းအများစု ပြန်ဖွင့်ခွင့်ရ

    မေ ၂၊ ၂၀၂၀
    M-Media

    -မေလ ၄ ရက်နေ့ကစပြီး စီးပွားရေးလုပ်ငန်းအများစုကို ပြန်လည်လုပ်ကိုင်ခွင့် ပေးတော့မယ်လို့ မလေးရှားဝန်ကြီးချုပ် မုဟ်ယစ်ဒင် ယာစင်က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    Covid-19 ပြန့်နှံ့မှုကြောင့် မလေးရှားဟာ မတ်လ ၁၈ ရက်နေ့ကစလို့ တိုင်းပြည်ကို တံခါးပိတ်ခဲ့ပြီး နိုင်ငံအတွင်း ရွေ့လျားသွားလာမှု ကန့်သတ်မိန့် ထုတ်ပြန်ခဲ့တာပါ။ အဲဒီနောက်​ ဒီအမိန့်ကို ၄ ကြိမ်အထိ သက်တမ်းတိုးခဲ့ပြီး မေလ ၁၂ ရက်နေ့မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

    မနေ့က ရုပ်သံကထုတ်လွှင့်တဲ့မိန့်ခွန်းမှာ ဝန်ကြီးချုပ် မုဟ်ယစ်ဒင်က မေလ ၄ ရက်နေ့က စတင်ပြီး စီးပွားရေးလုပ်ငန်းအများစုကို ပြန်ခွင့်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အကြံပြုချက်၊ ကောက်ယူရရှိတဲ့ အချက်အလက်တွေ၊ ကမ္ဘာကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေကို အခြေခံပြီး စီးပွားရေးလုပ်ငန်းတွေကို သတိကြီးကြီးထား ပြန်လည်ဖွင့်ခွင့်ပေးဖို့ အစိုးရက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ တင်းကြပ်တဲ့ ကျန်းမာရေးဆိုင်ရာ စံနှုန်းတွေကိုတော့ လိုက်နာရပါမယ်”

    လူအများကြီး စုဝေးရတဲ့ လုပ်ငန်းတွေ၊ အခမ်းအနားတွေ၊ အားကစားပြိုင်ပွဲတွေကို ဆက်လက်ပိတ်ထားမှာ ဖြစ်ပါတယ်။ ဘာသာရေးအခမ်းအနားတွေကို လုပ်ခွင့်ပေးမှာ မဟုတ်သေးဘဲ၊ ရမ်ဇာန်ဥပုသ်လအကုန် ဝါကျွတ်အီးဒ်ပွဲတော်အတွက် ပြည်သူတွေ နေရပ်ပြန်တာကိုလည်း ခွင့်ပြေမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ ပြည်နယ်ကျော်ပြီး ခရီးသွားလာမှုကိုလည်း မလေးရှားက ဆက်လက်ပိတ်ထားမှာ ဖြစ်ပါတယ်။

    မနေ့ကအထိ မလေးရှားနိုင်ငံမှာ Covid-19 ကူးစက်သူအရေအတွက် ၆၀၀၂ ဦး ရှိခဲ့ပြီး ၆၉.၅ ရာခိုင်နှုန်းဖြစ်တဲ့ ၄၁၇၁ ဦးက ​ပြန်လည်သက်သာသွားပြီ ဖြစ်ပါတယ်။​ ကူးစက်မှုနှုန်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ သိသိသာသာ ကျဆင်းသွားပြီး ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဟီရှမ် အဘ်ဒူလာက မိမိတို့ဟာ အကြီးအကျယ် ပြန့်နှံ့မှုကာလကို ကျော်လွန်ကာ ပြန်လည်ထူထောင်တဲ့ကာလကို ရောက်ရှိနေပြီလို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

    တိုင်းပြည်ကို တံခါးပိတ်ပြီး ရွေ့လျားသွားလာမှုကန့်သတ်တဲ့ ကာလအတွင်း နိုင်ငံဟာ တစ်ရက်ကို ရင်းဂစ် ၂.၄ ဘီလီယံ ဆုံးရှုံးပြီး စုစုပေါင်း ၆၃ ဘီလီယံ ဆုံးရှုံးထားတယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

    ခွင့်ပြုမယ့်လုပ်ငန်းတွေနဲ့ ဆက်လက်ပိတ်ပင်ထားမယ့် လုပ်ငန်းတွေ၊ လှုပ်ရှားမှုတွေကို National Security Council ဝဘ်ဆိုက်မှာ သွားရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

    Ref: CNA

  • ကိုဗစ်ကူးစက်မှု သိသိသာသာ ကျဆင်းသော်လည်း စစ်ပွဲမပြီးသေးဟု မလေးရှားပြော

    ကိုဗစ်ကူးစက်မှု သိသိသာသာ ကျဆင်းသော်လည်း စစ်ပွဲမပြီးသေးဟု မလေးရှားပြော

    ဧပြီ ၂၀၊ ၂၀၂၀
    M-Media

    -မလေးရှားနိုင်ငံမှာ Covid-19 ကူးစက်သူအရေအတွက်ဟာ ဒီကနေ့မှာ ၃၆ ဦးသာ ရှိတော့ပြီး ရွေ့လျားသွားလာမှု ကန့်သတ်မိန် ထုတ်ပြန်ခဲ့တဲ့ မတ်လ အလယ်ပိုင်းကစလို့ တစ်ရက်တာ အနိမ့်ဆုံး ကူးစက်မှုလည်း ဖြစ်ပါတယ်။

    ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် နူရ် ဟီရှမ် အဘ်ဒူလာက လာမယ့်တစ်ပတ်အတွင်း ကူးစက်မှုဟာ ၁၀ ယောက်အောက်သာ ရှိမယ်လို့ မျှော်လင့်ကြောင်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    “ဒီစစ်ပွဲကို ကျွန်တော်တို့ မနိုင်သေးပါဘူး။ ကူးစက်မှုနှုန်း ကျဆင်းသွားပေမယ့် ဒီအောင်မြင်မှုကိုကြည့်ပြီး ပေါ့ပေါ့ဆဆ မတွေးကြဖို့ မလေးရှားပြည်သူတွေကို မေတ္တာရပ်ခံပါတယ်။ ကျွန်တော်တို့ တိုက်ပွဲကို ဆက်တိုက်ရမှာဖြစ်ပြီး မပြီးဆုံးသေးပါဘူး။ ဒါ့ကြောင့် ရွေ့လျားသွားလာမှုအမိန့်ကို ဆက်လက်လိုက်နာခြင်းအားဖြင့် ကူးစက်မှု မတိုးအောင် ကူညီပေးကြပါ”

    ဒီကနေ့မှာ သေဆုံးမှုလည်း မရှိတော့ပဲ တစ်လကျော်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

    မလေးရှားမှာ စုစုပေါင်း ကူးစက်သူ ၅၄၂၅ ဦး ရှီပြီး ပြန်လည်ကောင်းမွန်သူကတော့ ဒီကနေ့အထိ ၃၂၉၅ ဦး ရှိနေပါတယ်။ သေဆုံးသူကတော့ ၈၉ ဦး ရှိနေပါတယ်။

    Ref: CNA

  • မလေးရှားတွင် ကိုဗစ်ကူးစက်မှု သိသိသာသာ ကျဆင်း

    မလေးရှားတွင် ကိုဗစ်ကူးစက်မှု သိသိသာသာ ကျဆင်း

    ဧပြီ ၁၈၊ ၂၀၂၀
    M-Media

    မလေးရှားကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ နူရဟီရှမ် အဘ်ဒူလာ

    -မလေးရှားနိုင်ငံမှာ မနေ့က Covid-19 ကူးစက်သူအရေအတွက် ၅၄ ဦးရှိပြီး ကူးစက်မှု ၂ လနီးပါးကာလအတွင်းအတွင်း တစ်နေ့တာကူးစက်မှု အနည်းဆုံး ပမာဏလည်း ဖြစ်ပါတယ်။

    စုစုပေါင်း ကူးစက်သူအရေအတွက်ဟာ ၅၃၀၅ ဦး ဖြစ်လာပါတယ်။ မနေ့က သေဆုံးမှု ၂ ခု ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၈၈ ဦးရှိကာ ၁.၆၆ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ပြန်လည်ကောင်းမွန်သူအရေအတွက် ၃၀၀၀ နီးပါး ရှိနေပါတယ်။

    နိုင်ငံအရှေ့ပိုင်းက ဆာဘားပြည်နယ်က ဆေးရုံ ၃ ခုမှာ ကျန်းမာရေးဝန်ထမ်း ၃၀ လောက် ဗိုင်းရပ်စ်ကူးစက်နေတာကို ထပ်တွေ့ခဲ့ရပါတယ်။

    ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ နူရ် ဟီရှမ် အဘ်ဒူလာက ကူးစက်မှု သိသိသာသာ ကျဆင်းသွားပေမယ့် ပြည်သူလူထုအနေနဲ့ သတိမလွတ်ကြဖို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းခဲ့ပါတယ်။

    မလေးရှားဟာ မတ်လ အလယ်ပိုင်းကတည်းက တိုင်းပြည်ကို တံခါးပိတ်ကာ​ ဧပြီလ ၂၈ ရက်နေ့အထိ ရွေ့လျားသွားလာမှုကန့်သတ်မိန့် ထုတ်ပြန်ထားပါတယ်။

    ဒေါက်တာ နူရ်ဟီရှမ်က ဒီကန့်သတ်မိန့်ကို ထပ်တိုးမလား၊ ရပ်ဆိုင်းရမလားဆိုတဲ့ကိစ္စဟာ သိပ္ပံဆိုင်ရာ သုံးသပ်ချက်နဲ့ လက်တွေ့အချက်အလက်တွေပေါ်မှာ မူတည်နေပြီး ကူးစက်မှုအန္တရာယ်ကို လျော့ချနိုင်ဖို့အတွက် တစ်ချို့ကန့်သတ်မှုတွေကို ဆက်လက်ဆောင်ရွက်ရနိုင်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: The Star

  • နိုင်ငံခြားသား အလုပ်သမားများကြားတွင် Covid-19 အကြီးအကျယ်ကူးစက်မှု မရှိသေးဟု မလေးရှားပြော

    နိုင်ငံခြားသား အလုပ်သမားများကြားတွင် Covid-19 အကြီးအကျယ်ကူးစက်မှု မရှိသေးဟု မလေးရှားပြော

    ဧပြီ ၁၇၊ ၂၀၂၀
    M-Media

    -နိုင်ငံခြားသား အလုပ်သမားတွေကြားထဲမှာ Covid-19 အကြီးအကျယ် ကူးစက်ပြန့်နှံ့မှု လက်ရှိအချိန်အထိ မရှိသေးပေမယ့်​ ဆက်လက်စောင့် ကြည့်နေတယ်လို့ မလေးရှားက ပြောကြားလိုက်ပါတယ်။

    စင်ကာပူနိုင်ငံက နိုင်ငံခြားသားအလုပ်သမားတွေရဲ့ အဆောင်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လူရာနဲ့ချီ ကူးစက်နေတာကို တွေ့ရပြီးတဲ့နောက် နိုင်ခြားသားအလုပ်သမား အများအပြားရှိရာ မလေးရှားမှာလည်း ဒီလို ကူးစက်မှုတွေ ရှိလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာတာပါ။

    မနေ့က သတင်းစာရှင်းလင်းပွဲမှာ မလေးရှားကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ နူရ်ဟီရှမ် အဘ်ဒူလာက နိုင်ငံခြားသား အလုပ်သမားတွေ နေထိုင်တဲ့ ဒေသတွေကို ဆက်လက် စောင့်ကြည့်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ခရိုင် ကျန်းမာရေးတာဝန်ရှိသူတွေကနေတစ်ဆင့် စောင့်ကြည့်နေတယ်။ လက်ရှိအချိန်အထိ အက​ြီးအကျယ် ကူးစက်တာမျိုး မတွေ့ရသေးပါဘူး။ ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်သွားမှာပါ”

    တစ်ချို့ နိုင်ငံခြားသားတွေဟာ ဆေးစစ်ဖို့ မလာကြဘူးဆိုတာ မိမိတို့ သိရှိထားပြီး ဒီအတွက် UNHCR အပါအဝင် NGO အဖွဲ့တွေနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့လည်း ညွှန်ကြားရေးမှူးက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ဧပြီလ ၁၆ ရက်နေ့အထိ မလေးရှားနိုင်ငံမှာ Covid-19 ကူးစက်သူ ၅၁၈၂ ဦး ရှိနေပြီး အရှေ့တောင်အာရှနိုင်ငံတွေမှာ ပိုးတွေ့သူ အမြင့်ဆုံးပါ။ သေဆုံးသူကတော့ ၁.၆ ရာခိုင်နှုန်းရှိပြီး ပြန်ကောင်းသူက ၅၃.၄ ရာခိုင်နှုန်း ရှိပါတယ်။

    ဒေါက်တာ နူရ် ဟီရှမ်က လူပေါင်း ၉ သောင်းကျော်ကို စစ်​ဆေးနိုင်ခဲ့ပြီး ပိုးတွေ့သူအရေအတွက်က ၅.၄ ရာခိုင်နှုန်းသာ ရှိတယ်လို့ ဆိုပါတယ်။

    Ref: CNA