News @ M-Media

Tag: malaysia

  • မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီ ပါတီသစ်ထောင်မည်

    မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီ ပါတီသစ်ထောင်မည်

    ဩဂုတ် ၇၊ ၂၀၂၀
    M-Media

    -မလေးရှားနိုင်ငံရဲ့ သက်တော်ရှည်ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဟာ ပါတီသစ်တည်ထောင်ကြောင်း ဩဂုတ်လ ၇ ရက်နေ့ ညနေပိုင်းမှာ ကြေငြာဖို့ရှိတယ်လို့ မလေးရှား ပြည်တွင်းမီဒီယာတစ်ချို့က ဖော်ပြကြပါတယ်။

    လက်ရှိဝန်ကြီးချုပ် မုဟ်ယစ်ဒင် ယာစင်က မဟာသီနဲ့ အခြား ပါတီဝင် ၅ ဦးကို Bersatu ပါတီကနေ မေလမှာ ထုတ်ပယ်ခဲ့ပါတယ်။

    ဒါဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့အတွက် ဆုံးဖြတ်ပေးဖို့ မဟာသီနဲ့အဖွဲ့က ကွာလာလမ်ပူ တရားရုံးမှာ လျှောက်ထားခဲ့ပေမယ့် လက်မခံတဲ့အတွက် ပါတီသစ်ထောင်ဖို့ ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

    ပါတီသစ်တည်ထောင်မှုနဲ့ပတ်သက်ပြီး ကွာလာလမ်ပူ ဆင်ခြေဖုံးက ဟိုတယ်တစ်ခုမှာ ဒီကနေ့ သတင်းစာရှင်းပွဲလုပ်ဖို့လည်း မဟာသီက စီစဉ်ထားပါတယ်။

    ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲမှာ မဟာသီရဲ့ Bersatu ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ Pakatan Harapan (PH) ဟာ နာဂျစ်အစိုးရကို ဖြုတ်ချခဲ့ပြီးတဲ့နောက် မဟာသီဟာ တစ်ကျော့ပြန် ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

    ဒါပေမယ့် ညွန့်ပေါင်းအစိုးရအတွင်း အကွဲအပြဲတွေ ဖြစ်လာခဲ့ပြီး ဖေဖော်ဝါရီလမှာ မုဟ်ယစ်ဒင်ဦးဆောင်တဲ့ Bersatu ပါတီ PH အဖွဲ့ကနေ နှုတ်ထွက်ခဲ့တာကြောင့် မဟာသီအစိုးရလည်း ပြိုလဲခဲ့ရပါတယ်။

    ဘုရင်ရဲ့ကြားဝင်စေ့စပ်မှုနဲ့အတူ မုဟ်ယစ်ဒင်ယာစင်က ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး မဟာသီက ဒီကိစ္စကို ကျေနပ်မှုမရှိဘဲ တောက်လျှောက်ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Malaysia Kini

  • ကိုဗစ် ပြန်လည်ထူထောင်ရေးကာလသို့ ဝင်ရောက်လာပြီဟု မလေးရှား ကြေငြာ

    ကိုဗစ် ပြန်လည်ထူထောင်ရေးကာလသို့ ဝင်ရောက်လာပြီဟု မလေးရှား ကြေငြာ

    ဇွန် ၇၊ ၂၀၂၀
    M-Media

    မလေးရှားဝန်ကြီးချုပ် မုဟ်ယစ်ဒင်ယာစင်

    -Covid-19 ကပ်ရောဂါမှာ မလေးရှားက ပြန်လည်ထူထောင်ရေးကာလကို ရောက်ရှိနေပြီး လှုပ်ရှားသွားလာမှု ကန့်သတ်ကာလ(MCO) ကို ဩဂုတ်လ ၃၁ ရက်နေ့အထိ သက်တမ်းတိုးလိုက်တယ်လို့ ဝန်ကြီးချုပ် မုဟ်ယစ်ဒင် ယာစင်က ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။

    ကိုဗစ်ပြန့်နှံ့မှုကို ထိန်းချုပ်ဖို့အတွက် မလေးရှားဟာ မေလ ၁၄ ရက်နေ့မှာ MCO ကို စတင်ခဲ့တာပါ။

    ဒီကနေ့ ရုပ်သံကတစ်ဆင့်ပြောကြားတဲ့မိန့်ခွန်းမှာ မုဟ်ယစ်ဒင်က ကူးစက်မှုတွေ သိသိသာသာ ကျဆင်းသွားပြီး အခု ထပ်တိုးကာလဟာ MCO လုံး၀ ရုပ်သိမ်းဖို့ရည်ရွယ်တဲ့အဆင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “မလေးရှားဟာ ကပ်ရောဂါပြန့်နှံ့မှုကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပါပြီ။ အခုအချိန်ဟာ ပြန်လည်ထူထောင်ရေးကာလကို ဝင်ရောက်လာပြီဖြစ်ပါတယ်”

    ဇွန်လ ၁၀ ရက်နေ့ကနေ ဩဂုတ်လ ၃၁ ရက်နေ့အထိ ကြာမြင့်မယ့် ပြန်လည်ထူထောင်ရေး MCO ကာလမှာ လူမှုရေး၊ ပညာရေးနဲ့ ဘာသာရေးကိစ္စတွေ၊ အငယ်စားစီးပွားရေးလုပ်ငန်းတွေ အားလုံးနီးပါးကို ပြန်လည်လုပ်ဆောင်ခွင့် ပေးမှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းကြီးတွေကိုတော့ တစ်ဖြည်းဖြည်း ခွင့်ပြုမှာ ဖြစ်ပါတယ်။

    ဒီကာလအတွင်း ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ရှိပေမယ့် ဒီကိစ္စအတွက် ပညာရေးဝန်ကြီးဌာနက သီးခြားထုတ်ပြန်မယ်လို့လည်း မုဟ်ယစ်ဒင်က ဆိုပါတယ်။

    အထူးMCO လုပ်ဆောင်ထားတဲ့ ဒေသတွေကလွဲလို့ ပြည်နယ်တွေကိုလည်း ဖြတ်ကျော်သွားလာခွင့်ပြုမှာ ဖြစ်ပါတယ်။ ဒါပေမယ့် နယ်စပ်တွေကိုတော့ ပိတ်ထားအုံးမှာပါ။ နိုင်ငံသားတွေ ပြည်ပသွားလာခွင့်၊ ပြန်လည်ဝင်ရောက်ခွင့်ကိုပေးမှာဖြစ်ပေမယ့် ဝင်ရောက်လာသူတွေဟာ ၁၄ ရက် နေအိမ်မှာ သီးခြားနေထိုင်ရမှာ ဖြစ်ပါတယ်။

    လူအများကြီး ထိတွေ့ပါဝင်ရတဲ့ အားကစားတွေ၊ အားကစားပြိုင်ပွဲကျင်းပခွင့်တွေနဲ့ အများပြည်သူရေကူးကန်တွေမှာ ရေကူးခွင့်တွေကိုတော့ ဆက်လက် ပိတ်ပင်ထားမှာ ဖြစ်ပါတယ်။ အရက်ဆိုင်တွေ၊ ညကလပ်တွေဖွင့်လှစ်ခွင့် လူအများကြီးပါ၀င်တဲ့အခမ်းနားတွေ ကျင်းပခွင့်ကိုလည်း ခွင့်ပြုမှာ မဟုတ်ပါဘူး။

    လူအများနဲ့ ခပ်ခွာခွာနေထိုင်နေမှု၊ အပြင်ထွက်ရင် နှာခေါင်းစည်းဝတ်ဆင်မှု၊ လက်ဆေးမှုတွေကိုတော့ မဖြစ်မနေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

    ဩဂုတ်လ ၃၁ ရက်နေ့နောက်ပိုင်းကနေ Covid-19 အတွက် ကာကွယ်ဆေးရတဲ့အထိ ပုံမှန်အတိုင်းဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ မလေးရှားဝန်ကြီးချုပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Covid-19 ကူးစက်မှု မြင့်တက်နေတဲ့ နေရာမှာတော့ လှုပ်ရှားသွားလာမှုကို ဆန့်လက်ကန့်သတ်ထားမှာ ဖြစ်ပါတယ်။

    မလေးရှားမှာ Covid-19 ကူးစက်သူအရေအတွက်ဟာ စုစုပေါင်း ၈၃၀၃ ဦး ရှိခဲ့ပြီး သေဆုံးသူက ၁၁၇ ဦး ရှိပါတယ်။ ကူးစက်သူအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းက သက်သာပျောက်ကင်းသွားပြီ​ ဖြစ်ပါတယ်။

    Ref : CNA

  • မလေးရှားဝန်ကြီးချုပ်ဟောင်း ကိုယ်တိုင်တည်ထောင်သည့်ပါတီမှ ထုတ်ပယ်ခံရ

    မလေးရှားဝန်ကြီးချုပ်ဟောင်း ကိုယ်တိုင်တည်ထောင်သည့်ပါတီမှ ထုတ်ပယ်ခံရ

    မေ ၂၉၊ ၂၀၂၀
    M-Media

    -မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်ဟာ သူတည်ထောင်ထားတဲ့ ပါတီ Bersatu ကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။

    အသက် ၉၄ နှစ်အရွယ် မဟာသီ၊ သားဖြစ်သူ မူရ်ကစ်ဇ် မဟာသီနဲ့ အခြား ပါတီအကြီးတန်းအဖွဲ့ဝင် ၃ ဦးတို့ ထုတ်ပယ်ခံလိုက်ရတာပါ။ မတ်လ ၁၈ ရက်နေ့က နေ့တစ်ဝက်ကျင်းပခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ အတိုက်အခံပါတီတွေနဲ့အတူ ထိုင်ခဲ့တဲ့အတွက် ဒီလိုထုတ်ပယ်တာလို့ ပါတီက သူတို့ကို ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။

    Bersatu ပါတီဟာ မဟာသီကိုယ်တိုင်တည်ထောင်ခဲ့တာဖြစ်ပြီး ညွန့်ပေါင်းအစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ်နေရာကနေ မဟာသီနှုတ်ထွက်ပြီး ပါတီဒုတိယခေါင်းဆောင် မုဟ်ယစ်ဒင် ယာစင် ဝန်ကြီးချုပ် ဖြစ်လာခဲ့တဲ့ ဖေဖော်ဝါရီလနောက်ပိုင်း ပါတီအတွင်း ၂ ဖွဲ့ကွဲခဲ့တာ ဖြစ်ပါတယ်။

    မဟာသီနဲ့ ထုတ်ပယ်ခံရသူ ၄ ဦးတို့က ထုတ်ပြန်တဲ့ကြေငြာချက်မှာ ပါတီဥက္ကဌ မုဟ်ယစ်ဒင်ဟာ ပါတီတွင်းရွေးကောက်ပွဲတွေနဲ့ တိုင်းပြည်သမိုင်းတစ်လျှောက် အလှုပ်ခတ်ဆုံးဖြစ်နေတဲ့ ဝန်ကြီးချုပ်နေရာအတွက် ကြောက်ရွံ့နေတာကြောင့် သူတို့ကို ထုတ်ပယ်တာလို့ ပြောကြားခဲ့ပါတယ်။

    အာဏာငမ်းငမ်းတက်သူတွေက Bersatu ပါတီကို အသုံးမချနိုင်ရေး ဒီကိစ္စကို ဥပဒေကြောင်းအရ ရင်ဆိုင်သွားမယ်လို့လည်း ကြေငြာချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ထုတ်ပယ်ခံရသူ ၅ ဦးကို ပေးပို့တဲ့စာမှာ လက်မှတ်ရေးထိုးထားသူဟာ ပါတီမှာ ရာထူးနိမ့်သူတစ်ယောက်ဖြစ်ပြီး သူတို့ကို ထုတ်ပယ်နိုင်တဲ့ပါဝါ မရှိဘူးလို့လည်း မဟာသီက ဆိုပါတယ်။

    ဘုရင်က မုဟ်ယစ်ဒင်ယာစင်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မှုနဲ့ပတ်သက်ပြီး မဟာသီယာမိုဟာမက်ဟာ အရင်ကတည်းက ကျေနပ်မှုမရှိပါဘူး။ လွှတ်တော်ထဲက အမတ်အများစုဟာ သူ့ကိုသာ ဆက်လက်ထောက်ခံနေတာလို့ သူက ပြောကြားခဲ့ပြီး လက်ရှိဝန်ကြီးချုပ်ကို အယုံအကြည်မရှိအဆို တင်သွင်းဖို့ကိုလည်း အမတ်တွေကို တိုက်တွန်းထားပါတယ်။

    Ref: Aljazeera

  • မလေးရှားတွင် Covid-19 ကူးစက်မှုအရေအတွက် ပြန်လည်မြင့်တက်လာ

    မလေးရှားတွင် Covid-19 ကူးစက်မှုအရေအတွက် ပြန်လည်မြင့်တက်လာ

    မေ ၂၅၊ ၂၀၂၀
    M-Media

    -မလေးရှားနိုင်ငံမှာ ဒီကနေ့ Covid-19 ထပ်မံကူးစက်မှုအရေအတွက်ဟာ ၁၇၂ ဦး ရှိခဲ့ပြီး သီတင်းပတ်အနည်းငယ်အတွင်း ပထမဆုံးအကြိမ် ကူးစက်မှု ရာကျော်ရှိလာတာဖြစ်ပါတယ်။

    အဲဒီအထဲမှာ ကူးစက်မှု ၅ ခုဟာ နိုင်ငံရပ်ခြားက ကူးစက်လာတာဖြစ်ပြီး၊ ၁၆၇ ဦးကတော့ ပြည်တွင်းကူးစက်မှုပါ။ ကူးစက်သူတွေထဲမှာ နိုင်ငံခြားသား ၁၅၉ ဦးပါဝင်ပြီး၊ ၁၁၂ ဦးက တရားမဝင်နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်းက ဖြစ်ပါတယ်။ ကူးစက်သူတွေထဲမှာ မြန်မာနိုင်ငံသား အနည်းဆုံး ၄၀ နီးပါးလောက် ပါဝင်ပါတယ်။

    မလေးရှားနိုင်ငံသားတွေအတွင်း ကူးစက်မှုကတော့ ၈ ခု ရှိပါတယ်။ ဒီကနေ့မှာ ကိုဗစ်ကြောင့် သေဆုံးမှု မရှိပါဘူး။

    ဒါ့ကြောင့် စုစုပေါင်း မလေးရှားမှာ Covid-19 ကူးစက်သူအရေအတွက်ဟာ ​၇၄၁၇ ဦးရှိလာပြီး သေဆုံးသူက ၁၁၅ ဦး ဖြစ်ပါတယ်။ ပြန်လည်ကောင်းမွန်သူအရေအတွက်က စုစုပေါင်း ၅၉၇၉ ဦးနဲ့ ၈၀.၆ ရာခိုင်နှုန်း ဖြစ်ပါတယ်။

    ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နူရ်ဟီရှမ် အဘ်ဒူလာက တရားမဝင်နိုင်ငံခြားသား ထိန်းသိန်းရေးစခန်း ၃ ခုမှာ အခြေအနေကို ထိန်းချုပ်ထားနိုင်ပြီး ပိုးသတ်တာ၊ ကျန်းမာရေးအသိပညာပေးတာအပါအဝင် ကာကွယ်ရေး၊ ထိန်းချုပ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်ထားကြောင်း ဒီအတွက် ​ပြည်သူလူထုအနေနဲ့ စိုးရိမ်ပူပန်ဖို့ မလိုကြောင်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    Ref: CNA

  • မလေးရှားတွင် တရားမ၀င်နိုင်ငံခြားသားများ ဖမ်းဆီးမှု တိုးမြှင့်လုပ်ဆောင်လာ

    မလေးရှားတွင် တရားမ၀င်နိုင်ငံခြားသားများ ဖမ်းဆီးမှု တိုးမြှင့်လုပ်ဆောင်လာ

    မေ ၁၃၊ ၂၀၂၀
    M-Media

    တရားမဝင် နိုင်ငံခြားသားများ ဖမ်းဆီးမှု မြင်ကွင်း

    -Covid-19 ထိန်းချုပ်ရေးကာလအတွင်း မလေးရှားအစိုးရဟာ တရားမဝင် နိုင်ငံခြားသား ဖမ်းဆီးမှုကို နိုင်ငံတစ်ဝှမ်း တိုးမြှင့်လုပ်ဆောင်လာခဲ့ပြီး၊ ဖမ်းဆီးထားသူတွေကို ပြစ်ဒဏ်ချမှတ်ကာ မူရင်းနိုင်ငံတွေ ပြန်ပို့သွားဖို့ စီစဉ်နေပါတယ်။

    ​တနင်္လာနေ့က မြို့တော်ကွာလာလမ်ပူဆင်ခြေဖုံး လက်ကားစျေးရှိတဲ့ ရပ်ကွက်မှာ မလေးရှား​ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနဲ့ ရဲတပ်ဖွဲ့တို့ပေါင်းကာ ဝင်ရောက်စီးနင်းခဲ့ပြီး လူပေါင်း ၇၅၅၁ ဦးကို စစ်ဆေးခဲ့ပါတယ်။

    စစ်ဆေးမှုအတွင်း ၁၃၆၈ ဦးကို ဖမ်းဆီးခဲ့ပြီး အဲဒီအထဲမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် မြန်မာနိုင်ငံသား ၇၉၀ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၄၈၀ ဦး ပါဝင်တယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒါတွတ် ခိုင်ရူလ် ဒီဇိုင်မီက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

    “စစ်ဆေးခဲ့တဲ့ နိုင်ငံခြားသားတွေ၊ ဖမ်းဆီးခဲ့တဲ့ တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေမှာ Covid-19 မရှိဘူးဆိုတာ စစ်ဆေး အတည်ပြုပြီးပါပြီ။ သက်သေခံအထောက်အထားမရှိတာ၊ ဗီဇာရက်လွန်နေထိုင်တာ၊ ပါမစ်နဲ့ နေထိုင်ခွင့် အတုလုပ်ထားတာ၊ အခြား လူဝင်မှုအက်ဥပဒေ ချိုးဖောက်ထားတာတွေကို တွေ့ရပါတယ်”

    ကျူးလွန်သူတွေကို ထိုင်သင့်တဲ့ပြစ်ဒဏ် ချမှတ်ကာ ပြစ်ဒဏ်စေ့ရင် မူရင်းနိုင်ငံဆီ ပြန်လည်ပို့ဆောင်သွားမှာဖြစ်ပြီး၊ မလေးရှားနိုင်ငံကို ပြန်လာလို့မရတဲ့ အမည်ပျက်စာရင်းထဲ ထည့်သွားမယ်လို့လည်း ဒီဇိုင်မီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မလေးရှား လူဝင်မှုကြီးကြပ်ရေးနဲ့ ရဲတပ်ဖွဲ့ဟာ မေလ အစောပိုင်းကလည်း နိုင်ငံတစ်ဝှမ်း တရားမဝင်နေထိုင်နေတဲ့ နိုင်ငံခြားသားတွေ ဖမ်းဆီးမှု အများအပြား ပြုလုပ်ခဲ့ပါတယ်။

    Ref: The Star