News @ M-Media

Tag: malaysia

  • မလေးရှားတွင် Covid-19 ကန့်သတ်မိန့်ကို ဖောက်ဖျက်သည့် မြန်မာ ၆၀ ကျော် ဖမ်းဆီးခံရ

    မလေးရှားတွင် Covid-19 ကန့်သတ်မိန့်ကို ဖောက်ဖျက်သည့် မြန်မာ ၆၀ ကျော် ဖမ်းဆီးခံရ

    ဧပြီ ၁၄၊ ၂၀၂၀
    M-Media

    -ရွေ့လျားသွားလာမှုကန့်သတ်မိန့်ကို ဖောက်ဖျက်ပြီး လူစုလူဝေးနဲ့ သင်္ကြန်ပွဲကျင်းပတဲ့ မြန်မာနိုင်ငံသား ၆၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ မလေးရှား ​သတင်းဌာနတွေက ဒီကနေ့မှာ ဖော်ပြပါတယ်။

    Covid-19 ပြန့်နှံ့ကူးစက်မှုကြောင့် မလေးရှားဟာ တိုင်းပြည်ကို မတ်လ အလယ်ပိုင်းလောက်ကတည်းက တံခါးပိတ်ထားပြီး ပြည်သူတွေ လှုပ်ရှားသွားလာမှု၊ လူစုလူဝေး လုပ်ဆောင်မှုတွေကို တင်းတင်းကြပ်ကြပ် တားမြစ်ကန့်သတ်ထားတာပါ။

    မြို့တော် ကွာလာလမ်ပူမြို့ ဆင်ခြေဖုံး ဆီပန်းမြို့က စက်ရုံတစ်ခုရဲ့ အလုပ်သမားအဆောင်မှာ မြန်မာနိုင်ငံသားတွေဟာ သင်္ကြန်အကြိုနေ့က ရေသဘင်ပွဲတော် ကျင်းပခဲ့ကြပြီး မိနစ် ၃၀ ကြာမြင့်တဲ့ ဗီဒီယိုတစ်ခုလည်း ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ခဲ့ပါတယ်။

    ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲ ဝမ် ကမာရွလ် အဇ်ရန် ဝမ် ယူဆွဖ်က စက်ရုံ စီမံခန့်ခွဲရေးအဖွဲ့ရဲ့ အကူအညီပေးမှုနဲ့အတူ ဧပြီလ ၁၃ ရက်နေ့ နေ့လည် ၂ နာရီလောက်မှာ သံသယရှိသူ ၆၂ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    အဲဒီအထဲက ၂ ဦးဟာ သင်္ကြန်ပွဲတော် ကျင်းပပုံတွေကို ဖုန်းနဲ့ ဗီဒီယိုရိုက်ကူးပြီး Facebook စာမျက်နှာမှာ လွှင့်တင်ခဲ့တယ်လို့ ဝန်ခံခဲ့ကာ အချို့တွေကလည်း ပွဲတော်မှာ ပါဝင်ခဲ့တယ်လို့ ဝန်ခံကြောင်း၊ စစ်ဆေးမေးမြန်းပြီး နောက်ထပ်ပါဝင်သူတွေကို ရှာဖွေဖမ်းဆီးဖို့ လုပ်ဆောင်နေကြောင်း ဝမ် ယူဆွဖ်က ဆိုပါတယ်။

    အခု ဖမ်းဆီးထားတဲ့ မြန်မာ ၆၀ ကျော်ကိစ္စကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၆၉၊ ၅၀၅ (ဂ)၊ ကူးစက်ရောဂါ တားဆီးနှိမ်နှင်းရေးဆိုင်ရာ အက်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေတွေနဲ့ စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။

    သင်္ကြန်ပွဲကျင်းပတဲ့ ဗီဒီယို အွန်လိုင်းမှာ ပြန့်နှံ့သွားပ​ြီးတဲ့နောက် မလေးရှားနိုင်ငံသားတွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။

    Ref: Malay Mail

  • ရမ်ဇန်ဥပုသ်လတွင် လူစုလူဝေးဖြင့်ဝတ်ပြုမှုကို မလေးရှား ပြည်နယ်တစ်ခု တားမြစ်

    ရမ်ဇန်ဥပုသ်လတွင် လူစုလူဝေးဖြင့်ဝတ်ပြုမှုကို မလေးရှား ပြည်နယ်တစ်ခု တားမြစ်

    ဧပြီ ၁၃၊ ၂၀၂၀
    M-Media

    မလေးရှားဗလီတစ်ခုတွင် ဝတ်ပြုဆုတောင်းမှု

    -ဗလီအပါအဝင် အစ္စလာမ့်သာသနိကအဆောက်အဦးတွေမှာ လူစုလူဝေးနဲ့ ဝတ်ပြုဆုတောင်းမှုတွေ၊ ဘာသာရေးအခမ်းအနားတွေ ပိတ်ပင်ထားမှု မေလ ၃၁ ရက်နေ့အထိ သက်တမ်းတိုးတဲ့ အမိန့်တစ်ခုကို မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်စော်ဘွား ဆူလ်တန် ရှာရာဖူဒင် အီဒရစ်က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    မလေးရှားရဲ့ နိုင်ငံရေးစနစ်အရ အစ္စလာမ်ဘာသာရေးဆိုင်ရာ အခွင့်အာဏာကို ပြည်နယ်စော်ဘွားတွေထံ အပ်နှင်းထားတာပါ။ အခုအမိန့်ထုတ်လိုက်တဲ့ ဆီလန်ဂေါပြည်နယ်ဟာ မြို့တော်ကွာလာလမ်ပူတည်ရှိရာ လူနေထူထပ်တဲ့ ပြည်နယ်လည်း ဖြစ်ပါတယ်။

    အခုအမိန့်ကြောင့် ဧပြီလနှောင်းပိုင်းမှာ စတင်ကျရောက်မယ့် အစ္စလာမ်ဘာသာဝင်တွေရဲ့ တစ်လတာ ရမ်ဇာန်ဥပုသ်လမှာ လူစုလူဝေးနဲ့လုပ်တဲံ ဝတ်ပြုဆုတောင်းမှုတွေ ဘာသာရေးအခမ်းအနားတွေလည်း ကျင်းပခွင့် ရတော့မှာ မဟုတ်ပါဘူး။

    စော်ဘွားရဲ့ အတွင်းရေးမှူး ဒါတွတ် မိုဟာမက် မူနီရ် ဘာနီကနေတစ်ဆင့် ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒီလို တားမြစ်ရတာဟာ ဆီလန်ဂေါပြည်သူတွေကို Covid-19 ရန်ကနေ ကာကွယ်ဖို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    လူစုလူဝေးနဲ့မလုပ်ဖို့ တားမြစ်ထားတဲ့ ဘာသာရေးအခမ်းအနားတွေထဲမှာ သောကြာနေ့ ဝတ်ပြုမှု၊ တရားဒေသနာဟောကြားမှုတွေ၊ ဘာသာရေးသင်ခန်းစာ ပို့ချမှုတွေအပြင် ရမ်ဇာန်ဥပုသ်လမှာ သီးသန့်ဝတ်ပြုရတဲ့ သာရာဝီ ဝတ်ပြုမှုလည်း ပါဝင်ပါတယ်။

    သာရာဝီဝတ်ပြုမှုကိုတော့ မိမိတို့အိမ်တွေမှာသာ ဝတ်ပြုကျဖို့ ဆူလ်တန် အီဒရစ်ရဲ့ အမိန့်မှာ တိုက်တွန်းထားပါတယ်။

    “အိမ်မှာနေတာ၊ တစ်ကိုယ်သန့်ရှင်းမှုကိုအလေးထားတာ၊ လူစုလူဝေး မလုပ်တာတွေလို ကပ်ရာဂေါကျော်လွှာရေး အစီအမံတွေကို နိုင်ငံသားတိုင်းက သေသေချာချာ လိုက်နာရပါမယ်”

    Covid-19 ပြန့်နှံ့မှုကို ထိန်းသိမ်းဖို့အတွက် မလေးရှားဟာ မတ်လ အလယ်ပိုင်းကစလို့ နိုင်ငံကို တံခါးပိတ်ကာ ရွေ့လျားသွားလာမှု ကန့်သတ်မိန့် ထုတ်ပြန်ထားပြီး ဧပြီလ ၂၈ ရက်နေ့အထိ ဖြစ်ပါတယ်။

    ဆူလန်ရဲ့ အတွင်းရေးမျူး ဒါတွတ် မူနီရ် ဘာနီက သောကြာနေ့ စုဝေးဝတ်ပြုမှုကို အခြားနေ့တွေလို ပုံမှန်ဝတ်ပြုနေတဲ့ ဇူဟိုရ် မွန်းလွဲဝတ်ပြုမှုနဲ့ အစားထိုးမှာဖြစ်ပြီး ဗိုင်းရပ်စ်ပြန့်နှံ့မှုကို စောစောစီးစီး ထိန်းသိမ်းနိုင်ရင် အမိန့်သစ်တစ်ခု ထပ်ထုတ်ပြန်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ကျန်းမာရေးဝန်ကြီးဌာနနဲ့ အစိုးရက ထုတ်ပြန်တဲ့ အမိန့်တွေ၊ လမ်းညွှန်ချက်တွေကို ပြည်သူအားလုံးက လိုက်နာဖို့လိုအပ်လိုပြီး၊ အွန်လိုင်းမှာ ပြန့်နှံ့နေတဲ့ သတင်းမှားတွေကို မယုံကြဖို့လည်း ဆူလ်တန် အီဒရစ်က တိုက်တွန်းခဲ့ပါတယ်။

    ရမ်ဇာန်ဥပုသ်လမှာ မလေးရှားနိုင်ငံတစ်ဝှမ်း ဖွင့်လှစ်လေ့ရှိ ရမ်ဇာန်ညစျေးတွေကို မဖွင့်လှစ်ဖို့ အစိုးရက ပြည်သူတွေကို ညွှန်ကြားထားပါတယ်။

    Ref: The Star

  • မလေးရှားက ရွေ့လျားသွားလာမှု ကန့်သတ်မိန့်ကို ဧပြီလ ၂၈ ရက်နေ့အထိ သက်တမ်းတိုး

    မလေးရှားက ရွေ့လျားသွားလာမှု ကန့်သတ်မိန့်ကို ဧပြီလ ၂၈ ရက်နေ့အထိ သက်တမ်းတိုး

    ဧပြီ ၁၀၊ ၂၀၂၀
    M-Media

    ဧပြီလ ၈ ရက်နေ့ မြို့တော် ကွာလာလမ်ပူ မြင်ကွင်း

    -တစ်နိုင်ငံလုံး ရွေ့လျားသွားလာမှု ကန့်သတ်မှုကို ဧပြီလ ၂၈ ရက်နေ့အထိ နောက်ထပ် ၂ ပတ် ထပ်မံ သက်တမ်းတိုးလိုက်တယ်လို့ မလေးရှားဝန်ကြီးချုပ် မုဟ်ယစ်ဒင် ယာစင်က ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။

    မလေးရှားဟာ မတ်လ အလယ်ပိုင်းကတည်းက နိုင်ငံကို တံခါးပိတ်ကာ ရွေ့လျားသွားလာမှု ကန့်သတ်မိန့် ထုတ်ပြန်ထားတာဖြစ်ပြီး မတ်လ နှောင်းပိုင်းက တစ်ကြိမ်၊ အခုတစ်ကြိမ် ၂ ကြိမ်တိုင်တိုင် ၂ ပတ်စီ သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။

    ဝန်ကြီးချုပ် မုဟ်ယစ်ဒင်က တစ်ချို့နိုင်ငံတွေမှာ ဒီကန့်သတ်မိန့် အဆုံးသတ်ပြီးတဲ့နောက် ရောဂါ ပြန်လည်ကူးစက်တာတွေ ရှိနေတဲ့အတွက် စောစောစီးစီး မရုပ်သိမ်းဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ တိုက်တွန်းချက်အရ ဧပြီလ ၂၈ ရက်နေ့အထိ သက်တမ်းတိုးလိုက်တာ ဖြစ်တယ်လို့ ရုပ်သံမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

    “ဒီအခြေအ​နေအတွက် လအနည်းငယ်လောက် ကျွန်တော်တို့ ပြင်ဆင်ရမယ်။ ဒီကပ်ရောဂါကြီးကို ရာနှုန်းပြည့် ကျော်လွှားနိုင်ပြီဆိုတာ သေချာတဲ့အထိ ကန့်သတ်မှု ဆက်ရှိနိုင်ပါတယ်”

    ရွေ့လျားသွားလာမှု ကန့်သတ်မိန့်ကြောင့် ရောဂါကူးစက်မှု ကျဆင်းတာကို တွေ့ရပြီး WHO ရဲ့ ပျမ်းမျှတွက်ချက်မှု ၁၀ ရာခိုင်နှုန်းရဲ့အောက် ၇ ရာခိုင်နှုန်းသာ ရှိတယ်လို့လည်း မုဟ်ယစ်ဒင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ သေဆုံးမှုအတွက် WHO ရဲ့ ပျမ်းမျှတွက်ချက်မှုက ၅.၈ ရာခိုင်နှုန်းဖြစ်ပြီး မလေးရှားမှာ သေဆုံးမှုဦးရေက ၁.၆ ရာခိုင်နှုန်းသာ ရှိပါတယ်။

    မလေးရှားမှာ ဧပြီလ ၉ ရက်နေ့အထိ ကူးစက်သူအရေအတွက် ၄၀၀၀ ကျော် သေဆုံးသူ ၆၀ ကျော် ရှိနေပါတယ်။

    Ref: CNA

  • အာဆီယံဒေသတွင် ကိုဗစ်ကူးစက်မှု၊ သေဆုံးမှု မြင့်တက်နေဆဲ

    အာဆီယံဒေသတွင် ကိုဗစ်ကူးစက်မှု၊ သေဆုံးမှု မြင့်တက်နေဆဲ

    ဧပြီ ၇၊ ၂၀၂၀
    M-Media

    (ဓာတ်ပုံ – ဂျကာတာမြို့တွင် အမျိုးသမီးတစ်ဦး ပိုးသတ်ခန်းမှ ထွက်လာစဉ်)

    မလေးရှားတွင် ဗိုင်းရပ်စ်အများအပြားကူးစက်သည့် နေရာ ၂ ခု ထပ်ပေါ်လာ

    လူစုလူဝေးလုပ်မှုကြောင့် ဆာရာဝပ်ပြည်နယ် ကူချင်းမြို့နဲ့ ဆီလန်ဂေါပြည်နယ် ဘန်ဒါဘာရူဘန်ဂီမြို့တို့မှာ ဗိုင်းရပ်စ်ဆက်တိုက်ကူးစက်တဲ့ နေရာ ၂ ခု ထပ်ဖြစ်လာတယ်လို့ မလေးရှားက မနေ့မှာ ကြေငြာခဲ့ပါတယ်။ ​

    ကူချင်းမြို့မှာ ခရစ်ယာန်ဘုရားကျောင်းက ဝတ်ပြုဆုတောင်းတဲ့ လူစုလူဝေးကြောင့်ဖြစ်ပြီး၊ ဘန်ဒါဘာရူး ဘန်ဂီမှာတော့ မင်္ဂလာဧည့်ခံပွဲကြောင့် ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ထပ်မံကူးစက်သူအရေအတွက် ၁၇၀ ရှိခဲ့ပြီး တစ်ဦး သေဆုံးခဲ့တဲ့အတွက် မလေးရှားမှာ စုစုပေါင်း သေဆုံးသူ ၆၃ ဦး၊ ကူးစက်သူ ၃၉၆၃ ဦး ရှိလာတာပါ။ ပြန်လည်ကောင်းမွန်သူ အရေအတွက်ကတော့ ၁၃၂၁ ဦး ရှိပါတယ်။

    သွားလာမှု ကန့်သတ်မိန့်ကို ဖိလစ်ပိုင်က ဧပြီလကုန်အထိ သက်တမ်းတိုး

    လူနေထူထပ်ရာ လူဇွန်ကျွန်းမှာ တံခါးပိတ်ထားမှု၊ လှုပ်ရှားသွားလာမှု ကန့်သတ်မိန့် ထုတ်ပြန်ထားမှုကို ဖိလစ်ပိုင်က ဧပြီလ ၃၀ ရက်နေ့အထိ သက်တမ်းတိုးလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၁ လလောက် အရင်ကတည်းက မြို့တော် မနီလာမှာ သွားလာမှုကန့်သတ်မိန့်ကို ဖိလစ်ပိုင်က ထုတ်ပြန်ထားတာပါ။

    ထိုင်းနိုင်ငံတွင် ကူးစက်သူ ထပ်မံမြင့်တက်

    ထိုင်းနိုင်ငံမှာ ဒီကနေ့ ထပ်မံကူးစက်သူ အရေအတွက် ၃၈ ဦးရှိခဲ့ပြီး သေဆုံးသူ ၁ ဦး ရှိပါတယ်။ ဒါ့ကြောင့် စုစုပေါင်း သေဆုံးသူ ၂၇ ဦးနဲ့၊ ကူးစက်သူ ၂၂၅၈ ဦး ရှိလာတာပါ။ အဲဒီအထဲမှာ ပြန်လည်ကောင်းမွန်သူက ၈၂၄ ဦး ရှိပါတယ်။ ထိုင်းနိုင်ငံဟာ လက်ရှိမှာ အရေးပေါ်အခြေအနေ ကြေငြာထားပြီး မြို့တော်ဘန်ကောက်အပါအဝင် ဒေသတစ်ချို့မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

    အာဆီယံတွင် အင်ဒိုနီးရှားက ကိုဗစ်ကြောင့်သေဆုံးသူ အများဆုံးနိုင်ငံ ဖြစ်လာ

    အင်ဒိုနီးရှားနိုင်ငံမှာတော့ ကိုဗစ်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၀၉ ဦးအထိ ရှိလာပြီး အာဆီယံမှာ သေဆုံးမှုအများဆုံးနိုင်ငံ ဖြစ်လာပါတယ်။

    ကူးစက်မှုကတော့ ၂၄၉၁ ဦး ရှိနေတာပါ။ ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး ဖြစ်နေတဲ့ လူနေထူထပ်ရာ မြို့တော်ဂျကာတာ အစိုးရက သွားလာလှုပ်ရှားမှု ပိုမိုကန့်သတ်နိုင်မယ့် အခွင့်အာဏာ တောင်းခံမှုကို ဗဟိုအစိုးရက ဒီကနေ့မှာ ခွင့်ပြုခဲ့ပါတယ်။

    ရောဂါနဲ့ပတ်သက်ပြီး လူနာတွေက​ လိမ်လည်ပြောဆိုတာ၊ ဆေးဝါးနဲ့ အကာအကွယ် မပြည့်စုံမှုတာတွေကြောင့် အင်ဒိုနီးရှားမှာ ဆရာဝန်တွေအပါအဝင် ကျန်းမာရေးဝန်ထမ်း သေဆုံးမှုဟာ ၂၄ ဦးအထိ ရှိလာခဲ့ပါတယ်။

    Ref: CNA

  • COVID-19 နဲ့ အရှေ့တောင်အာရှ နောက်ဆုံးအခြေအနေ

    COVID-19 နဲ့ အရှေ့တောင်အာရှ နောက်ဆုံးအခြေအနေ

    မတ် ၂၅၊ ၂၀၂၀
    M-Media

    ဓာတ်ပုံ- ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ အရေးပေါ်အခြေအနကြေငြာနေစဉ်

    ထိုင်းနိုင်ငံက အရေးပေါ်အခြေအနေကြေငြာ

    – ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူ ၁၀၇ ဦး ကူးစက်ခဲ့တဲ့ ထိုင်းနိုင်ငံကတော့ ဒီကနေ့မှာ အရေးပေါ်အခြေအနေ ကြေငြာလိုက်ပါတယ်။ ဒီနေ့ည သန်းခေါင်ယံအချိန်မှာ စတင်သက်ရောက်မှာဖြစ်ပြီး ဧပြီလ ၃၀ ရက်နေ့အထိ ကြာမြင့်မှာပါ။

    ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတွေအားလုံးကို ပိတ်ပစ်လိုက်ပြီး၊ ကုန်ပစ္စည်းပို့တာ၊ သံတမန်ကိစ္စနဲ့လာတာ၊ ပါမစ်နဲ့ အလုပ်လာလုပ်တဲ့ နိုင်ငံခြားသားတွေကလွဲလို ကျန်တဲ့လူတွေ ဝင်ခွင့်မပြု တော့ပါဘူး။ ဘန်ကောက်အပါအဝင် ရောဂါပြန့်နှံ့နိုင်ခြေရှိတဲ့ ဒေသတစ်ချို့မှာ ဖျော်ဖြေရေးနေရာတွေ ပိတ်ရတော့မှာ ဖြစ်ပါတယ်။

    အစားအသောက်တွေ၊ ဆေးဝါးတွေ အများအပြား သိုလှောင်ထားသူတွကို အရေးယယူသွားမယ်လို့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ရုပ်သံမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ခရီးဝေးတွေမသွားဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့ပြီး၊ သွားမယ်ဆိုရင် သက်ဆိုင်ရာမှာ ကျန်းမာရေးစစ်ဆေးကာ အချက်အလက်အသေးစိတ် တင်ပြရမှာဖြစ်ပါတယ်။

    ထိုင်းနိုင်ငံမှာ ကူးစက်သူအရေအတွက် ၉၃၄ ဦးရှိပြီး၊ သေဆုံးသူ ၄ ဦး ရှိပါတယ်။ ပြန်ကောင်းသူ အရေအတွက်ကတော့ ၇၀ ရှိနေပါတယ်။

    မလေးရှားက နိုင်ငံတံခါးပိတ်မှုကာလကို နောက်ထပ် ၂ ပတ် သက်တမ်းတို

    – ရောဂါကူးစက်မှုတွေ ဆက်လက်ရှိနေတာကြောင့် မလေးရှားနိုင်ငံက တစ်နိုင်ငံလုံး တံခါးပိတ်ထားမှု ရက်ကို ဧပြီလ ၁၄ ရက်နေ့အထိ ထပ်မံသက်တမ်းတိုးလိုက်ပါတယ်။

    လက်ရှိ တံခါးပိတ်ထားမှုဟာ မတ်လ ၃၁ ရက်နေ့ဆို ကုန်ဆုံးမှာပါ။ ဝန်ကြီးချုပ် မုဟ်ယစ်ဒင်ယာစင်က အခြေအနေတွေ ဆိုးနေတာကြောင့် ပြည်သူတွေ လှုပ်ရှားသွားလာမှုကို ကန့်သတ်ပြီး နိုင်ငံကို တံခါးပိတ်ထားတာကသာ ထိန်းသိမ်းနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်း၊ ပြည်သူလူထု စိုးရိမ်ပူပန်မှုမဖြစ်အောင် သက်တမ်းတိုးမယ့်ကိစ္စကို ကြိုတင်ကြေငြာတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ကျန်းမာရေးဝန်ကြီးဌာန၊ နိုင်ငံတော်လုံခြုံရေးကောင်စီနဲ့ ဝန်​ကြီးချုပ်တို့ အစည်းအဝေးလုပ်ပြီးနောက်ပိုင်း ဒီဆုံးဖြတ်ချက် ထွက်လာတာ ဖြစ်ပါတယ်။

    မလေးရှားမှာ မတ်လ ၂၅ ရက်နေ့အထိ သေဆုံးသူ ၁၉ ဦး၊ ကူးစက်သူ ၁၇၉၆ ဦး ရှိနေပါတယ်။ အဲဒီအထဲမှာ ၁၉၉ ဦးက ပြန်ကောင်းသွားပြီဖြစ်ပါတယ်။

    အင်ဒိုနီးရှားတွင် အမှန်တကယ်ကူးစက်သူပမာဏ ပိုမိုများပြားနိုင်

    – အင်ဒိုနီးရှားမှာ မနေ့က ကူးစက်သူအရေအတွက် ၁၀၅ ဦး၊ သေဆုံးသူ ၃ ဦး ရှိခဲ့ပါတယ်။ ဒါ့ကြောင့် စုစုပေါင်း ကူးစက်သူအရေအတွက် ၇၉၀ နဲ့ သေဆုံးသူ ၅၈ ဦး ရှိလာတာပါ။

    ပြန်ကောင်းသွားသူက ၃၁ ဦး ရှိပါတယ်။ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ အင်ဒိုနီးရှားမှာ စမ်းသပ်မှုပမာဏ နည်းတာကြောင့် အမှန်တကယ်ကူးစက်သူအရေအတွက် များပြားလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

    လန်ဒန်အခြေစိုက် ကူးစက်ရောဂါ လေ့လာမှုအဖွဲ့ Centre for Mathematical Modelling of Infectious Diseases က ကူးစက်မှုရဲ့ ၂ ရာခိုင်နှုန်းလောက်ကိုသာ အစိုးရက သိရှိရတာဖြစ်တယ်လို့ တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒီတွက်ချက်မှုသာ မှန်ကန်ရင် အင်ဒိုနီးရှားမှာ ကူးစက်သူ အရေအတွက် ၃၅၀၀၀ လောက် ရှိနေမှာ ဖြစ်ပါတယ်။

    အစိုးရကတော့ ဗိုင်းရပ်စ်အန္တရာယ်ဟာ ထင်သလောက် မဆိုးရွားဘူးလို့ ပြောကြားထားပါတယ်။

    ဗီယက်နမ်တွင် လူစုလူဝေးမလုပ်ရန် တားမြစ်

    ဗီယက်နမ်ကတော့ မြို့တော်ဟနွိုင်းမှာ ဖျော်ဖြေရေးနေရာတွေအားလုံး ယာယီပိတ်ထားဖို့နဲ့ ဘာသာရေးနေရာတွေမှာ လူစုလူဝေးမလုပ်ဖို့ ဒီကနေ့မှာ တားမြစ်လိုက်ပါတယ်။

    ဒုတိယမြို့တော် ဟိုချီမင်းမှာလည်း လူ ၃၀ ထက်ကျော်ပြီး ထိုင်လို့ရတဲ့ စားသောက်ဆိုင်တွေအားလုံးကို ပိတ်ဖို့ အင်္ဂါနေ့မှာ အမိန့်ထုတ်ခဲ့ပါတယ်။

    ဗီယက်နမ်မှာ ကူးစက်သူအရေအတွက် ၁၀၀ ကျော်ရှိပြီး အများစုက နိုင်ငံခြားကနေ ကူးစက်လာကြသူတွေဖြစ်ပါတယ်။ ဝန်ကြီးချုပ် Nguyen Xuan Phuc က နောက်ထပ် ၂ ပတ်လောက်ဟာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် အဆုံးအဖြတ်ပေးမယ့်ကာလ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

    Ref: CNA, The Star

    #mmInternationalNews