News @ M-Media
Tag: malaysia
  • မလေးရှားမှ အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ပေးသူ ကုလ၏ ဂုဏ်ပြုဆု ရရှိ
    မလေးရှားမှ အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ပေးသူ ကုလ၏ ဂုဏ်ပြုဆု ရရှိ
    အောကတိုဘာ ၂၄၊ ၂၀၁၉
    M-Media
    ဇိုင်နာ အန်ဝါရ် (လယ်)
    -ကုလရဲ့ 2030 Agenda for Sustainable Development ရည်မှန်းချက်ပါ သတ်မှတ်ချက်တွေကို ပြည့်မီအောင်ဆောင်ရွက်နိုင်မှုဆုကို မလေးရှားနိုင်ငံက အမျိုးသမီး စွမ်းဆောင်ရည်မြှင့်တင်ရေးအဖွဲ့ Sisters in Islam ကို ပူးတွဲတည်ထောင်သူ ဇိုင်နာ အန်ဝါရ်က ရရှိသွားခဲ့ပါတယ်။
    အဲဒီဆုကို လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို ကုလက နှစ်စဉ် ပေးအပ်ချီးမြှင့်တာပါ။ ဇိုင်နာရဲ့ ကျား၊ မ တန်းတူညီရေး၊ အမျိုးသမီးတွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးရေး အရေးပါတဲ့ ဆောင်ရွက်ချက်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဒီလို ရွေးချယ်ချီးမြှင့်တာလို့ ကုလက ပြောကြားခဲ့ပါတယ်။
    ဇိုင်နာဟာ SIS နဲ့ Musawah ဆိုတဲ့ အဖွဲ့နှစ်ခုကိုလည်း တည်ထောင်ထားပြီး အစ္စလာမ်ဘာသာဝင် အမျိုးသမီးတွေ၊ အစ္စလာမ့်အသိုင်းအဝိုင်းမှာ နေထိုင်ကြတဲ့ အမျိုးသမီးတွေရဲ့ အခြေအနေကို မြှင့်တင်ပေးနေသူလည်း ဖြစ်ပါတယ်။
    Musawah ဟာ အစ္စလာမ်ဘာသာဝင် မိသားစုတွေမှာ တရားမျှတရေးနဲ့ တန်းတူညီမျှရေး ရရှိအောင် အသိပညာပေးနေတဲ့ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။
    ဇိုင်နာကို ပြည်တွင်းမှာ ဝေဖန်ရှုတ်ချမှုတစ်ချို့ ရှိနေပြီးဆီလန်ဂေါပြည်နယ် ဖသ်ဝါဓမ္မသတ်ကော်မတီက သူမရဲ့ SIS အဖွဲ့အစည်းဟာ လမ်းမှားတဲ့အဖွဲ့ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီကိစ္စကို ဖြေရှင်းဖို့ SIS က တရားရုံးချုပ်ကို လျှောက်ထားခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။
    မလေးရှားနိုင်ငံသားတွေဖြစ်ကြတဲ့ အလီရှာ စီထရီဒါနဲ့ ပက်ထရစ်ရှာ ရှီးတို့လည်း ကုလရဲ့ ဂုဏ်ပြုဆုကို ရရှိခဲ့ပြီး ဖယ်ကျဉ်ခံထားရတဲ့ ကလေးငယ်တွေကို ပညာသင်ကြားခွင့်ရရှိအောင် ကြိုးပမ်းဆောင်ရွက်မှုတွေအတွက် အသိအမှတ်ပြု ခံရတာ ဖြစ်ပါတယ်။
    အခြား မလေးရှားနိုင်ငံသားတစ်ဦးဖြစ်တဲ့ ဇက်ကရီ အဘ်ဒူလ် ဟာမစ်ဟာ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်မှု၊ ဂေဟစနစ်ညီညွတ်ရေး ဆောင်ရွက်မှုတွေအတွက် ကုလရဲ့ ဂုဏ်ပြုဆုကို ရရှိခဲ့ပါတယ်။ ဇက်ကရီဟာ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတစ်ဦးလည်း ဖြစ်ပါတယ်။
    Ref: Malaysia Kini
  • နှလုံးရောဂါအား AI သုံးဖော်ထုတ်သည့်စနစ်တစ်ခုကို မလေးရှားပညာရှင် ၂ ဦး တီထွင်
    နှလုံးရောဂါအား AI သုံးဖော်ထုတ်သည့်စနစ်တစ်ခုကို မလေးရှားပညာရှင် ၂ ဦး တီထွင်
    အောက်တိုဘာ ၁၉၊ ၂၀၁၉
    M-Media
    -နှလုံးရောဂါကို အစောပိုင်းအခြေအနေတွေထဲကနေ စမ်းသပ်ဖော်ထုတ်နိုင်မယ့် AI အသုံးပြု နည်းလမ်းတစ်ခုကို မလေးရှားနိုင်ငံသား ၂ ဦးက တီထွင်ဖော်ထုတ်လိုက်ပါတယ်။
    ဆာရာဝပ်ပြည်နယ်က ပရော်ဖက်ဆာ ပက်ထရစ် သန်နဲ့ ဒေါက်တာ ဘရိုင်ယန် လို တို့ဖြစ်ပြီး နှလုံးရောဂါရှာဖွေရာမှာ အသုံးပြုတဲ့ stress echocardiogram နည်းလမ်းမှာ နှလုံးရဲ့ မူမမှန်မှုကို ဖော်ထုတ်ဖို့အတွက် ဉာဏ်ရည်တု (AI) နည်းပညာကို အသုံးပြုခဲ့တာပါ။
    ဒေါက်တာ ဘရိုင်ယန် လို
    “stress echocardiogram ဆိုတာ နှလုံးခုန်တာကို စမ်းသပ်ဖို့အတွက် လူနာကို လေ့ကျင့်ခန်း လုပ်ခိုင်းရတာမျိုးပါ။ ဘာ့ကြောင့်လည်းဆိုတာ နှလုံးရောဂါ လက္ခဏာအချို့ဟာ ပုံမှန်အနေအထားမှာ မတွေ့ရပါဘူး” လို့ ပရော်ဖက်ဆာ သန်က ပြောကြားခဲ့ပါတယ်။
    သူဟာ ဆာရာဝပ်ပြည်နယ် Swinburne နည်းပညာတက္ကသိုလ် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဌာနရဲ့ အကြီးအကဲလည်း ဖြစ်ပါတယ်။
    stress echocardiogram စမ်းသပ်မှုဟာ ဗီဒီယိုဖိုင်နဲ့ ထွက်ရှိလာပြီး အဲဒီနောက် နှလုံးရဲ့ မူမမှန်မှုတွေကို AI၊ Machine learning နည်းပညာတွေကို အသုံးပြုပြီး ဖော်ထုတ်တာလို့လည်း ပရော်ဖက်ဆာက ထည့်သွင်း ပြောကြားခဲ့ပါတယ်။
    ပရော်ဖက်ဆာ ပက်ထရစ် သန်
    ဒီစနစ်ကြောင့် နှလုံးရောဂါကို အစောကြီးကတည်းက သိရှိကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
    “မူမမှန်တာကို တွေ့လိုက်တာနဲ့ လူနာမှာ နှလုံးရောဂါရှိနေတယ်လို့ ပြောလို့မရပါဘူး။ အနာဂတ်မှာ ဖြစ်လာနိုင်တာမျိုးပါ။ နှလုံးဖောက်တာမျိုး ဒါမှမဟုတ် နှလုံးရောဂါ ဖြစ်လာတော့မယ်ဆိုတာကို စောစောစီးစီး ကြိုသိတဲ့အတွက် ကြိုတင်ကုသမှုတွေ လုပ်လို့ရပါတယ်” လို့ ပရော်ဖက်ဆာသန်က ပြောကြားခဲ့ပါတယ်။
    ဥရောပနှလုံးရောဂါဆိုင်ရာအဖွဲ့ European Society of Cardiology ရဲ့ ဖိတ်ခေါ်မှုကြောင့် ပရော်ဖက်ဆာ သန်နဲ့ ဒေါက်တာလိုတို့ဟာ အောက်တိုဘာ ၅-၆ ရက်က အက်စတိုးနီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Digital Summit မှာ သူတို့ရဲ့ ရှာဖွေဖော်ထုတ်မှုကို သွားရောက် ရှင်းပြခဲ့ပါတယ်။
    ဒီလေ့လာဖော်ထုတ်မှုတစ်ခုလုံးကို အခြားကနေ နည်းပညာလွှဲပြောင်းမှုတွေမပါဘဲ ဆာရာဝပ်မှာတင် လုပ်ဆောင်ခဲ့တာကြောင့် ဒါဟာ ‘ဖောက်ထွက်မှုတစ်ခု’ ဖြစ်တယ်လို့ ပရော်ဖက်ဆာသန်က ပြောပါတယ်။
    “ဘောနီယိုက တောကြီးမျက်မဲထဲကနေ ကမ္ဘာ့အဆင့် နည်းပညာတစ်ခုကို ဖန်တီးနိုင်ကြောင်း ကျ‌ေန်တော်တို့ ပြသလိုက်တာပါ”
    Ref: The Star
  • မွတ်စလင်အမျိုးသမီး ခရီးသွားများ အကြိုက်ဆုံးနိုင်ငံအဖြစ် မလေးရှား ရပ်တည်
    မွတ်စလင်အမျိုးသမီး ခရီးသွားများ အကြိုက်ဆုံးနိုင်ငံအဖြစ် မလေးရှား ရပ်တည်
    အောက်တိုဘာ ၁၇၊ ၂၀၁၉
    M-Media
    -မွတ်စလင်အမျိုးသမီး ခရီးသွားတွေ အနှစ်သက်ဆုံးနဲ့ အဆင်ပြေဆုံး နိုင်ငံများစာရင်းကို ဒီကနေ့ ထုတ်ပြန်ခဲ့ရာမှာ မလေးရှားနိုင်ငံက ထိပ်ဆုံးမှာ ရှိနေပါတယ်။
    အဲဒီစာရင်းကို Mastercard နဲ့ ဟာလာလ် ခရီးသွားအာဏာပိုင်အဖွဲ့ CrescentRating တို့က ပူးပေါင်းထုတ်ပြန်ခဲ့တာပါ။
    မလေးရှားနိုင်ငံကို မွတ်စလင်အမျိုးသမီးခရီးသွားတွေ နှစ်သက်ရတဲ့ အကြောင်းအရင်းတွေထဲမှာ ဟာလာလ်အစားအသောက် ရရှိတာ၊ အမျိုးသမီးသီးသန့် ဝတ်ပြုခန်းတွေ ထားပေးထားတာ၊ အမျိုးသမီးသီးသန့် spa တွေရှိတာ၊ ရေကူးကန်တွေ၊ ကမ်းခြေတွေ၊ အလှပြင်ခန်းတွေရှိတာ၊ အများပြည်သူတွေနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ ဟီဂျဘ်ခေါင်းဆောင်းပုဝါကို လွတ်လွတ်လပ်လပ် ဝတ်ဆင်ခွင့်ရတာတွေ ပါဝင်တယ်ပါတယ်။
    အရှေ့တောင်အာရှက အများစုအပါအဝင် မွတ်စလင်အမျိုးသမီး ၃၃၀၀ လောက်ကို မေးမြန်းကာ ထုတ်ပြန်တဲ့ ဒီအဆင့်သတ်မှတ်ချက်ဟာ မွတ်စလင်အမျိုးသမီး ခရီးသွားတွေနဲ့ပတ်သက်ပြီး ပထမဆုံး ထုတ်ပြန်မှုလည်း ဖြစ်ပါတယ်။
    မလေးရှားနိုင်ငံမှာ အစ္စလာမ့်အမွေအနှစ်ဆိုင်ရာ လေ့လာမှုအစီအစဉ်တွေ ထားပေးတာ၊ ရမ်ဇာန်ဥပုသ်လရောက်ရင် ဟိုတယ်တွေက မနက် အရုဏ်တက်ထမင်းနဲ့ ညနေ့ ဝါဖြေပွဲတွေ စီစဉ်‌ပေးတာ၊ ဘုရားဝတ်ပြုဖို့အတွက် အလွယ်တကူ ကိုလက်သန့်စင်နိုင်တဲ့ ရေချိုးခန်းတွေရှိနေတာတွေကလည်း မွတ်စလင်အမျိုးသမီးခရီးသွားတွေကို ဆွဲဆောင်နေတဲ့ အချက်တွေ ဖြစ်ပါတယ်။
    မလေးရှားနောက်မှာ ယူအေအီး၊ တူရကီ၊ အင်ဒိုနီးရှားနဲ့ ဂျပန်တို့က အစဉ်လိုက် ရှိနေပါတယ်။
    ဝင်ငွေမြင့်တက်လာတာ၊ ကောင်းမွန်တဲ့ပညာရေး ရရှိလာတာတွေကြောင့် ကမ္ဘာ့ခရီးသွားကဏ္ဍမှာ မွတ်စလင်အမျိုးသမီး ခရီးသွားအရေအတွက်ဟာ အလျင်အမြန် တိုးတက်လာတယ်လို့ Mastercard နဲ့ CrescentRating တို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
    မွတ်စလင်အမျိုးသမီးတွေဟာ တစ်နှစ်ကို ၂ ကြိမ်ကနေ၊ ၃ ကြိမ်အထိ အလည်အပတ်ခရီး သွားတတ်ကြပြီး မွတ်စလင်ခရီးသွား စုစုပေါင်း ပမာဏရဲ့ ထက်ဝက်နီးပါးလောက်ရှိနေတယ်လို့ ဆိုပါတယ်။
    ပြီးခဲ့တဲ့နှစ်က မွတ်စလင်အမျိုးသမီး ခရီးသွားပေါင်း ၆၅ သန်းလောက် ရှိခဲ့ရာမှာ ၃၀ ရာခိုင်နှုန်းက တစ်ကိုယ်တော်ခရီသွားတွေ ဖြစ်ပါတယ်။ ထက်ဝက်ကျော်လောက်ဟာ နေထိုင်စားသောက်ရေး၊ ခရီးသွားလာရေးအတွက် ဆိုရှယ်မီဒီယာတွေကို အသုံးပြုကြပြီး ၆၅ ရာခိုင်နှုန်းက ခရီးသွားအေးဂျင့်တွေရဲ့ ခရီးစဉ်တွေကို ရွေးချယ်ခဲ့ကြပါတယ်။
    Ref: Business Insider
  • တိုင်းပြည်ကိုသွေးခွဲကာ အမျိုးဘာသာသူရဲကောင်းဖြစ်အောင် မလုပ်သင့်ဟု အန်ဝါရ် အီဘရာဟင်ပြော
    တိုင်းပြည်ကိုသွေးခွဲကာ အမျိုးဘာသာသူရဲကောင်းဖြစ်အောင် မလုပ်သင့်ဟု အန်ဝါရ် အီဘရာဟင်ပြော
    အောက်တိုဘာ ၁၂၊ ၂၀၁၉
    M-Media
    -မလေးလူမျိုးတွေကြားထဲမှာ သူရဲကောင်းဖြစ်အောင် လုပ်တာမျိုးက ကိစ္စမရှိပေမယ့် တိုင်းပြည်အတွင်း လူမျိုးရေးသွေးကွဲအောင် လုပ်ဆောင်လို့ မရဘူးလို့ မလေးရှား ထိပ်တန်းနိုင်ငံရေးသမား အန်ဝါရ် အီဘရာဟင်က ပြောကြားလိုက်ပါတယ်။
    အရင်က အတိုက်အခံခေါင်းဆောင်ဖြစ်ခဲ့တဲ့ အန်ဝါရ်ဟာ လက်ရှိဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်နေရာကို ဆက်ခံမယ့်သူအဖြစ် ရေပန်းစားနေသူလည်း ဖြစ်ပါတယ်။
    “တိုင်းပြည်တစ်ခုမှာ မတူကွဲပြားမှုကို အသုံးချကာ ကောင်းအောင်လုပ်လို့ရတယ်။ သွေးကွဲအောင်လုပ်ပြီး အခြေအနေတင်းမာအောင်လည်း လုပ်လို့ရပါတယ်။ မလေးလူမျိုးတွေရဲ့ သူရဲကောင်းဖြစ်အောင်လုပ်ဖို့ ကျွန်တော့်အတွက် လွယ်ပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်တော်သိတယ်။ ဒါမျိုး လုပ်ရင် သွေးကွဲမှုတွေ၊ မလိုမုန်းထားမှုတွေ ဖြစ်လာမယ်။ ဒါဟာ တိုင်းပြည်ကို သစ္စာဖောက်တာပါ” လို့ အောက်တိုဘာ ၁၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
    အောက်တိုဘာ ၆ ရက်နေ့က Malay Dignity Congress ကျင်းပပြီး ရက်နည်းငယ်အကြာမှာ
    အန်ဝါရ်အီဘရာဟင်ရဲ့ ဒီမှတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ Malay Dignity Congress မှာ မလေးခေါင်းဆောင်အချို့က နိုင်ငံအတွင်း မလေးလူမျိုးတွေရဲ့ အခွင့်အရေးကို၊ ထိန်းသိမ်းကာကွယ်ရေး၊ မလေးလူမျိုးအများစု ကိုးကွယ်တဲ့ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ပေးရေး၊ အစိုးရ ထိပ်တန်းနေရာတွေမှာ မလေးလူမျိုးတွေကိုသာ ခန့်အပ်ရေး တောင်းဆိုခဲ့ကြပါတယ်။
    အဲဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့ မလေးဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က မလေးလူမျိုးတွေ အနေနဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားချင်တယ်ဆိုရင် ကိုယ်တိုင်အလုပ်လုပ်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    အန်ဝါရ် အီဘရာဟင်က Malay Dignity Congress တက်ရောက်ဖို့ ဖိတ်ကြားမှုဟာ နောက်ကျတဲ့အတွက် မသွားခဲ့ဘူးလို့ ဆိုပါတယ်။
    နိုင်ငံ့ခေါင်းဆောင်ဆိုတာ မလေးလူမျိုးတစ်မျိုးတည်းအတွက်မဟုတ်ဘဲ နိုင်ငံအတွင်းမှာ ရှိနေတဲ့လူမျိုးအားလုံးရဲ့ ဒုက္ခသုက္ခတွေကို ဦးဆောင်ဖြေရှင်းပေးရမယ်လို့လည်း အန်ဝါရ်က ကြာသာပတေးနေ့ ဆွေးနွေးပွဲမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
    “မလေးတွေအတွက်ပဲ လုပ်ပေးမယ်ဆိုတာမျိုး မရဘူး။ တရုတ်တွေ၊ ကုလားတွေအတွက်လည်းလုပ်ပေးရမယ်။ ဒါမျိုးစိတ်ဓာတ် ကျွန်တော်တို့မှာ ရှိလားဆိုတာ ဆန်းစစ်ပါ။ ဒီတိုင်းပြည်မှာ လူများစုက မလေးဖြစ်တယ်။ ဒါပေမယ့် လူနည်းစုဖြစ်တဲ့ ကုလားတွေ၊ တရုတ်တွေ ဆင်းရဲနေရင်လည်း သူတို့ကို ဖေးမဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ကျွန်တော်တို့လူမျိုးရဲ့ လူသားဆန်မှုတွေ ဘယ်ရောက်သွားလဲ”
    လူတစ်ယောက်ရဲ့ ကြီးကျယ်မှုဆိုတာ တရားမျှတမှုအတွက် ဘယ်လောက် တိုက်ပွဲဝင်လဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး၊ လူတွေကို ကြောက်ရွံ့အောင် လုပ်တာမျိုး မဟုတ်ဘူးလို့လည်း အန်ဝါရ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။
    ပြီးခဲ့တဲ့နှစ်ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ် နာဂျစ်ရာဇတ်ဦးဆောင်တဲ့ အစိုးရ ပြုတ်ကျသွားပြီးနောက်ပိုင်း မလေးရှားနိုင်ငံမှာ လူများစုဖြစ်တဲ့ မလေးလူမျိုးတွေရဲ့ အခွင့်အရေး ဦးစားပေးရေး အခြေခံတဲ့ နိုင်ငံရေးလှုပ်ရှားမှု ရေစီးကြောင်းပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
    Ref: Malaysiakini
  • အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်လိုလျှင် အလုပ်လုပ်ကြဖို့ မလေးလူမျိုးများကို မဟာသီ တိုက်တွန်း
    အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်လိုလျှင် အလုပ်လုပ်ကြဖို့ မလေးလူမျိုးများကို မဟာသီ တိုက်တွန်း
    အောက်တိုဘာ ၇၊ ၂၀၁၉
    M-Media
    -မိမိတို့ မလေးလူမျိုးတွေရဲ့ ဂုဏ်သိက္ခာကို ကိုယ်တိုင် ကြိုးစားမြှင့်တင်ရမှာဖြစ်ပြီး တစ်ခြားလူတွေက မြှင့်တင်ပေးဖို့ မျှော်လင့်တာမျိုးကို ရပ်တန့်ရမယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
    မလေးလူမျိုးတွေရဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြှင့်တင်ရေး ရည်ရွယ်တဲ့ ညီလာခံတစ်ခုကို Malay Dignity Congress ခေါင်းစဉ်နဲ့ အောက်တိုဘာ ၆ ရက်နေ့က မြို့တော် ကွာလာလမ်ပူမှာ ကျင်းပပြုလုပ်ခဲ့ပြီး မဟာသီအပါအ၀င် မလေးခေါင်းဆောင်တွေ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။
    “ကိုယ့်ရဲ့ ဂုဏ်သိက္ခာ ပြန်လည်မြင့်မားရေးအတွက် အခြားသူတွေဆီက တောင်းဆိုတာမျိုး မလုပ်ပါနဲ့။ မလေးလူမျိုးတွေရဲ့ ဂုဏ်တက်အောင် လုပ်ဆောင်ရမှာက ကျွန်တော်တို့ မလေးတွေကိုယ်တိုင်ပဲ ဖြစ်ပါတယ်”
    တိုင်းပြည်အတွင်းက နယ်ပယ်အသီးသီးမှာ မလေးလူမျိုးတွေ ပါဝင်ခွင့်ရအောင်ပဲ အစိုးရက လုပ်ပေးနိုင်မှာဖြစ်ပြီး၊ ဒီလိုပါဝင်ဖို့ နောက်တွန့်နေမယ်၊ အခွင့်အလမ်းတွေကို အကောင်းဖက်က အသုံးမပြုဘဲနေမယ်ဆိုရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူးလို့လည်း မဟာသီက သတိပေးခဲ့ပါတယ်။
    “မလေးလူမျိုးတွေရဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်တက်ရေးက ကျွန်တော်တို့ မလေးတွေရဲ့ လုပ်ရည်ကိုင်ရည်အပေါ်မှာ မူတည်နေပါတယ်။ တိုင်းပြည်ကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲနိုင်မယ်။ အခွင့်အလမ်းတိုင်းကို အောင်မြင်အောင် အသုံးချနိုင်မယ်။ အလုပ်ကောင်းကောင်းလုပ်မယ်၊ အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေ ထုတ်လုပ်နိုင်မယ်ဆိုရင် ဘယ်သူကမှ ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာကို ယူဆောင်သွားလို့ မရပါဘူး”
    Malay Dignity Congress ညီလာခံကို မလေးရှားနိုင်ငံရေး၊ ပညာရေး အသိုင်းအဝိုင်းနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက လူတွေအပါအ၀င် လူပေါင်း ထောင်ချီ တက်ရောက်ခဲ့ပါတယ်။
    Ref: CNA